မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၂)

(၂၂)

အသားဖြူဖြူဖွေးဖွေး ကလေးငယ်တစ်ဦးကို ပခုံးပေါ်တင်ချီလာသည့်သူ မိုးမြင့်ကိုမြင်လိုက်ရ တော့ သရဲ၊ တစ္ဆေကိုမြင်လိုက်ရသလို မျက်လုံးမျက်ဆန်ပြူးသွားသည်။ သူ့အနောက်မှာတော့ ခပ်ပိန် ပိန်၊ အသား လတ်လတ် အမျိုးသမီးငယ်တစ်ဦး။ ရုပ်ရည်ခပ်သန့်သန့်ပေမယ့် စိတ်ထောင်းကိုယ်ကြေ ရုပ်ပေါက်နေ၏။

“မင်း၊ မင်းဘယ်လိုလုပ်ရောက်နေတာလဲ”

ပျာပျာသလဲမေးသည်။

“လမ်းကြုံတာနဲ့ …..”

အဲလောက်သာပြောပြီး စကားကိုရပ်ထားလိုက်သည်။ သူက အမျိုးသမီးထံကလေးကိုပေးသည်။ မပေးခင်မှာတစ်ချက်နမ်းလိုက်၏။ ဦးလေးကြီးကတော့ နောက်ဖေးကိုဝင်သွားပြီ။ သူက  သူ့လက်ထဲက ပိုက်ဆံတစ်ချို့ကို အမျိုးသမီးရဲ့လက်ထဲထည့်ပေးလိုက်သည်။

“ငါသွားမယ်၊ ခဏခဏဖုန်းမဆက်နဲ့ ငါ့ဆီ”

သူတို့နှစ်ယောက်ရဲ့လှုပ်ရှားမှုမှန်သမျှကို မိုးမြင့်မျက်စိဒေါက်ထောက်ကြည့်နေမိသည်။

“နင့်ဆီကိုကိစ္စမရှိဘဲနဲ့ ဘယ်တုန်းကဖုန်းဆက်ဖူးလို့လဲ၊ အခုဟာက နင်မွေးထားတဲ့သားသမီး ကိစ္စ၊ ကျန်းမာရေးကိစ္စကြောင့်ဆက်ရတာပါ၊ အားအားယားယား မဆက်ဘူးစိတ်ချ၊ အေး … နင်သာ အချိန်မှန် ငွေပို့”

“ရသမျှပိုက်ဆံပို့နေတာပဲလေ၊ ဒီမှာလူလည်း ဖြူကာပြာကာကျတော့မယ်”

“ဒါကတော့ နင်လုပ်ခဲ့တဲ့ရလဒ်တွေပဲလေ”

“အေး ဟုတ်တယ်၊ ငါလုပ်ခဲ့တဲ့ရလဒ်၊ ငါ နောင်တအရဆုံးအဖြစ်အပျက်ပဲ၊ ဘဝမှာအချိန်တစ် စိတ်တစ်ဒေသကို ဖျက်ပစ်လိုက်လို့ရမယ်ဆိုရင် နင်နဲ့တွေ့ခဲ့တဲ့အဖြစ်အပျက်ကို အရင်ဆုံးဖျက်ပစ်မှာသိ လား၊ အမှန်ဆို ငါရှောင်နေလို့ရတယ်၊ ငါတားခဲ့တဲ့ကြားထဲကနေပြီး ဒီကလေးကိုယူခဲ့တာလေ”

“နင် တော်တော်လူစိတ်မရှိတာပဲ၊ ငါ့ဘဝရဲ့အဖိုးတန်ဆုံးရတနာအဖြစ်လိုချင်ခဲ့လို့ ဒီကလေးကိုငါ မွေးခဲ့တာ၊ ဟုတ်တယ်၊ နင်တားတဲ့ကြားထဲကနေမွေးခဲ့တာ၊ နင်ရှောင်နေမယ်၊ မထောက်ပံ့ပေးနိုင်ဘူးဆို လည်းရတယ်လေ၊ မပေးနဲ့၊ မယူတော့ရုံပေါ့၊ ငါတို့သားအမိနင့်ရဲ့အထောက်အပံ့မပါဘဲနဲ့ ရှေ့ဆက်ဖို့ အသင့်ပဲ”

“အေး၊ မပို့ဘူးကွာ”

“ရတယ်၊ မပို့နဲ့”

သူတို့ရဲ့အခြေအနေတင်းမာလာတော့ နောက်ဖေးမှာနေနေတဲ့ ဦးလေးကြီးထွက်လာပြီး ပြော တော့၏။ မိုးမြင့်ကတော့ ပွဲကြည့်ပရိသတ်ပေါ့။

“မင်းတို့ မတော်ကြသေးဘူးလားဟင်၊ ငါအရင်လို တားနေရဦးမှာလား”

“ဦးလေးတူမပြောနေတာကိုက မဟုတ်တာ”

“အဲဒီအတွက်တောင်းပန်ပါတယ် ညချမ်းမောင်ရယ်၊ ဦးလေးတို့လည်း အဆင်မပြေလွန်းလို့ မင်းဆီဖုန်းဆက်ရတာပါ၊ ကွာရှင်းပြတ်စဲတုန်းက ကလေးစားစရိတ်လစဉ်ထောက်ပံ့မယ်လို့ မင်းပြောခဲ့ တာပဲလေ”

“ကျုပ်အခုလတိုင်းပို့နေ၊ ပေးနေတာပဲဗျ”

“အေးပါ၊ ဦးလေးတို့က ဘာပြောနေလို့လဲ”

“ဦးလေးတူမပြောနေတာ မကြားဘူးလား၊ ကျုပ်ပို့တဲ့ငွေနဲ့လည်း မျို့ဆို့နေသေးတယ်၊ ကျုပ်ကို လည်း အာခံပြောတယ်”

“ဟဲ့ လူကြားကောင်းအောင်ပြောမနေနဲ့၊ နင်ပို့တဲ့ ပိုက်ဆံတစ်လသုံးလေးသောင်းက ကလေးစား စရိတ်တောင်မကာမိဘူး၊ နင် အသုံးအဖြုန်းကြီးလို့ ပိုက်ဆံကုန်နေတာ ငါတို့ကိုလာပတ်ရမ်းမနေနဲ့”

“အဲဒီ သုံးလေးသောင်းကိုပဲ မှန်မှန်ပို့ဖို့မျှော်နေတာမှလား”

“ဟုတ်တယ်၊ ငါ့သားအတွက် ပိုလျှံနေဖို့၊ ဖူလုံနေဖို့ သုံးထောင်ဆိုလည်း ငါမျှော်နေမှာပဲ၊ နင် ပို့ချင် လည်းရတယ်၊ မပို့ချင်လည်းရတယ်၊ ဘာမှမပြောတော့ဘူး၊ နင်ပြန်တော့ ညချမ်းမောင်”

“အေး ပြန်မယ်ကွာ”

သူက မိုးမြင့်လက်ကိုဆတ်ခနဲဆွဲကိုင်ကာ အိမ်ရှေ့ဆီကို်သုတ်ခြေတင်တော့သည်။ သူဆွဲခေါ်ရာ နောက်ကိုယက်ကန်ယက်ကန်နဲ့ပါလာ၏။ ဆုပ်ကိုင်ထားတဲ့သူ့ရဲ့လက်တွေက တင်းမာလိုက်တာ။ ဒေါသ ကြောင့်လားမသိ၊ သူချွေးတွေပြန်နေသည်။ အကြည့်တွေကလည်း ပြင်းလိုက်တာ။

ကားဂိတ်နားကိုရောက်တော့ ဆွဲကိုင်ထားတဲ့သူ့လက်တွေဖြုတ်လိုက်ပြီး မိုးမြင့်ကိုဒေါနဲ့မောနဲ့ မေးပါသည်။

“ကဲ … ရှင်းစမ်း၊ ငါ့နောက်က ဘာလို့လိုက်လာတာလဲ”

“ညချမ်းအိမ်ကို သိချင်လို့ပေါ့”

အဆူခံရတော့မယ့် ကလေးတစ်ယောက်က သူ့ကိုဆူမယ့်လူကို ဖြေရှင်းချက်ပေးသလိုမျိုး ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပြန်ပြောမိသည်။

“အဲဒီတော့ အခုသိပြီမှလား၊ ငါ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုရော သိလာရပြီမလား၊ ငါဟာ တစ်ခုလပ်၊ ကလေးတစ်ယောက်အဖေဆိုတာကို သိပြီမလား၊ အဲလိုအတွင်းရေးတွေကို သိချင်လွန်းလို့ လိုက်စပ်စုနေတာမလား၊ ငါနဲ့ပတ်သက်သမျှတွေ ဘာထပ်သိချင်သေးလဲပြောလေ၊ ဖြေပေးမယ်၊ ပြီးရင် ရက္ကန်းရုံမှာ လျှောက်ဖွပေါ့၊ မင်းလိုချင်တာ ဒါပဲမလား … ဟင်”

သူတော်တော်စိတ်ဆိုးနေပုံရသည်။

ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တော့။ ပြောချင်တာစွတ်ပြောနေ၏။ ကားမှတ်တိုင်အနီးအနား က လူတစ်ချို့ကြည့်နေကြသည်။

“ကျွန်တော်က ခင်ဗျားနဲ့ပတ်သက်တဲ့ အရာရာတိုင်းကို ထပ်တူနားလည်ပေးချင်တဲ့သဘောနဲ့ သိချင်တာပါ၊ ဘယ်သူ့ကိုမှလည်း လျှောက်ပြောဖို့မဟုတ်ဘူး”

“မင်း ငါနဲ့့ပတ်သက်သမျှကိုလိုက်စပ်စုနေတာ ဘာသဘောလဲ ဟေ၊ ငါမသိစေချင်တဲ့ သဘော တူကြည်ဖြူမှုမရှိတဲ့အရာတွေကိုချည်း မင်းလုပ်ချင်နေတာလား၊ မင်းကိုငါနားမလည်တော့ဘူး မိုးမြင့် ထက်၊ ပြီးတော့ အရမ်းလည်းတင်းတယ်”

“ညချမ်း ကျွန်တော်ညချမ်းနဲ့ပတ်သက်သမျှကို သိချင်နေတာ၊ ဘာကြောင့်လဲဆိုတာ ညချမ်း သိပါတယ်”

“ကျွတ် … သေလိုက်ကွာ”

သူတစ်ဖက်ကိုလှည့်ပြီး ကားဂိတ်ဖက်ဆီကိုလျှောက်သွားသည်။ ပြီးတော့ ကားလာရာဖက်ကို ငုတ်တုတ်ထိုင်စောင့်နေလေသည်။ သူ့ဆီမှာအဲလိုလျှို့ဝှက်ချက်တွေရှိမယ်မှန်းမသိလို့ အခုလို သူ့ နောက်ကို လိုက်လာမိခဲ့တာပါ။

မိုးမြင့်အကြောက်ဆုံးက သူနာကျင်မှာကိုပါ။

အခု သူ့စိတ်ထဲမှာ မိုးမြင့်နဲ့ပတ်သက်ပြီး အနှောင့်အယှက်ဖြစ်ရပြီ။ မရည်ရွယ်ဘဲဖြစ်သွားတဲ့ ကိစ္စမို့ သူ့ကိုဘယ်လိုချော့ရပါ့မလဲ။

“ညချမ်း”

သူရှိရာကိုသွားပြီး သူ့ကိုခေါ်လိုက်မိသည်။

“ကျွန်တော် တောင်းပန်ပါတယ်”

သူ မတ်တပ်ရပ်လိုက်၏။

“ကျွန်တော့်ဆီမှာ ဘာသဘော၊ ဘာရည်ရွယ်ချက်မှမရှိပါဘူး၊ ညချမ်းနဲ့့ပတ်သက်ရင် အရာရာကို စိတ်ဝင်စားတာတစ်ခုပဲရှိတာပါကွာ၊ အခုကိစ္စကလုံးဝမထင်မှတ်ဘဲဖြစ်သွားတဲ့ကိစ္စပါ”

“ကျွတ် …”

သူစုတ်တစ်ချက်သပ်လိုက်ကာ အတန်ကြာငေးနေသည်။ တစ်စုံတစ်ခုကို စဉ်းစားနေပုံရ၏။ ခဏ ကြာတော့ မိုးမြင့်ကိုကြည့်သည်။

“အဲဒါဆို မင်းငါ့ကိုကတိပေး”

“အင်း”

“ဒီနေ့ မင်းတွေ့ရတဲ့အဖြစ်အပျက်ကို ဘယ်သူ့မှမပြောရဘူး”

“စိတ်ချ၊ အစကတည်းက စဉ်းစားထားပြီးသား၊ ကိုကြီးကိုတောင်ပြောပြဖို့ စိတ်ကူးမရှိဘူး”

“ငါနဲ့ပတ်သက်လို့ ငါ့အကြောင်းတွေကိုသိတာ ရက္ကန်းရုံမှာမင်းတစ်ယောက်ပဲရှိသေးတယ်၊ အဲဒီ တော့ ငါ့မှာအိမ်ထောင်ရှိခဲ့ဖူးတဲ့အကြောင်း၊ ကလေးတစ်ယောက်ရှိတဲ့အကြောင်း သတင်းအစအနတစ် ခုခု ထွက်လာလို့ရှိရင် မင်းကိုငါခွင့်လွှတ်မှာမဟုတ်ဘူးနော်၊ မင်းနဲ့ငါသေခန်းပြတ်ပဲ”

“အင်းပါ”

“ဟုတ်ပြီ၊ ကျေးဇူးတင်တယ်”

သူ့ရဲ့မာကျောကျော ကျေးဇူးတင်စကားကို ကြားလိုက်ရတဲ့အခါမှာတော့ အတိုင်းမသိဝမ်းသာမိ သွားလေသည်။ မိုးမြင့်အတွက်တော့ အဖိုးတန်ပဲလေ။ သူ့မျက်နှာက အခုနကလောက် သုန်မှုန်မနေ တော့။ သူလည်းစိတ်ကျေနပ်သွား၊ မိုးမြင့်လည်းပျော်သွားရပြီပေါ့။

စိတ်ဆိုးနေတုန်းက ပုံစံလေးကိုမြင်ယောင်ပြီး စမြုံ့ပြန်မိ၏။ နီရဲတွတ်နေတဲ့သူ့နှုတ်ခမ်းလေး မသိမသာစူနေတာ။ အဲဒီလိုကျတော့လည်း ညချမ်းက ကလေးတစ်ယောက်လို။ မိုးမြင့်မှာတော့ သူစိတ် ပြေဖို့အရေး ကျိတ်ဆုတောင်းလိုက်ရတာ။ ဆုတောင်းပြည့်သွားတာထင်ပါရဲ့။ မိုးမြင့်သူ့ကို ဒီလောက် သည်းသည်းလှုပ်ပြနေတာ၊သူ့ဆီကမေတ္တာကိုငတ်မွတ်နေတာ တစ်ချိိန်ကျရင်ရောင်ပြန်ဟပ်လာဖို့ကို လည်း အမျှော်လင့်ကြီးမျှော် လင့်မိတာပေါ့။

“တစ်ခုတော့ရှိတယ်၊ ငါ့ရဲ့အကြောင်းတွေကို မင်းသိသွားတဲ့အတွက် မင်းငါ့ကိုကြိုက်သလိုအ ထင်သေးလိုက်၊ ရတယ်၊ အပေါင်းအသင်းမလုပ်ချင်လည်း ပြသနာမရှိဘူး”

အဲဒီလိုစိတ်ကူးမျိုး မိုးမြင့်ဆီမှာလုံးဝမရှိပါ။

“မဟုတ်တာ၊ ကျွန်တော့်ဆီမှာ အဲဒီစိတ်ကူးလုံးဝမရှိဘူး”

သူယုံကြည်အောင်ပြောဖို့ ဦးနှောက်ထဲစကားလုံးတွေစုလိုက်၏။ မိုးမြင့်နဲ့့ပတ်သက်လာရင် သူအ ကြွင်းမဲ့ယုံကြည်ရမည်။ ညချမ်းမောင်နဲ့မိုးမြင့်ထက်ဟာ တစ်သားတည်းဖြစ်ချင်ခဲ့တာပါ။

“ညချမ်းအပေါ်ထားတဲ့ ကျွန်တော်ရဲ့သဘောထားဟာ ဒီနေ့အဖြစ်အပျက်တွေကိုသိရှိပြီးနောက် ပိုင်း ပိုပြီးတော့လေးနက်လာတယ်၊ ကျွန်တော်ညချမ်းကိုနားလည်တယ်၊ ကိုယ်ချင်းလည်းစာတယ်၊ အဲဒါ အမှန်တရားပါ”

သူ သက်ပြင်းချ၏။

“မင်း ငါ့အပေါ်ဘယ်လောက်အတိုင်းအတာအထိနားလည်နိုင်မလဲ မိုးမြင့်ထက်ရယ်၊ ငါဆိုတဲ့ ကောင်ဟာ ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်းနဲ့ လောကကြီးကိုတည်ဆောက်နေတာပါ” တဲ့လေ။

ညချမ်းကိုချစ်မိတာဟာ ညချမ်းနဲ့ပတ်သက်လို့အရာရာကိုနားလည်ဖို့ဖြစ်လာတာပေါ့ ဆိုပြီး စိတ်ထဲကပြောမိသည်။

“ကျွန်တော်လေ … ခင်ဗျားနဲ့ပတ်သက်ရင် နားလည်မှုအရှိဆုံးလူတစ်ယောက်အဖြစ်နဲ့ ရှင် သန်ချင်တယ်”

သူ မိုးမြင့်ကိုအဓိပ္ပာယ်ပါပါနဲ့ကြည့်သည်။ အဲဒီအဓိပ္ပာယ်ကို မခန့်မှန်းတတ်ပါ။ သေချာတာက တော့ သူဟာမိုးမြင့်နဲ့့ပတ်သက်ရင် အတိုင်းအတာတစ်ခုအထိ နားလည်နေပြီဆိုတာပင်။

ခပ်ချောင်ချောင်ကားတစ်စီးမှတ်တိုင်မှာ ထိုးရပ်လာတော့သူကလိုက်မယ်ဆိုပြီး မိုးမြင့်လက်ဆွဲ ခေါ်ကာ ကားပေါ်တက်ကြသည်။ ကြည်နူးမှုလေးတစ်ခုကို ခံစားလိုက်ရမိ၏။ သူ့အပေါ်ချစ်တဲ့စိတ်တွေ တဖွားဖွားတိုးလာနေသလိုထင်မိသည်။

“ငါတို့ တူတူပြန်လို့မဖြစ်ဘူးထင်တယ်”

ရက္ကန်းရုံထဲကိုအတူတူဝင်ရင်တော့ မျက်စိစပါးမွှေးစူးစရာတွေဖြစ်လာမှာကို သူရိပ်မိဟန်။

“အင်း”

“ဒီလိုလုပ်၊ ရက္ကန်းရုံလမ်းထိပ်အထိတော့ တူတူပြန်ကြတာပေါ့၊ ထိပ်ရောက်တော့မှ ငါလက်ဖက် ရည်ဆိုင်မှာထိုင်နေခဲ့မယ်၊ မင်းအရင်ဝင်နှင့်ပေါ့”

ခေါင်းညိတ်လိုက်ပါသည်။

လမ်းတစ်လျှောက်လုံး ထွေထွေထူးထူးမပြောဖြစ်ကြတော့။ ထောက်ကြန့်ရောက်ခါနီးကျတော့ သူ ကအခုလိုရေရွတ်ခဲ့သည်။

“အင်း၊ ငါ့ကိုအလုပ်ထဲခေါ်လာတဲ့ဝေယံကတောင် ဒီကိစ္စကိုမသိဘဲနဲ့၊ အလုပ်ထဲကျမှသိတဲ့ မင်းကငါ့အကြောင်းကို မထင်မှတ်ဘဲသိသွာတယ်၊ တစ်ခါတစ်လေကျတော့လည်း လောကကြီးက ဆန်းကြယ်သား” တဲ့။

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေ့နောက်ပိုင်းမိုးမြင့်တို့ရဲ့ဆက်ဆံရေးဟာ အရင်ကထက်ပိုပြီးရင်းနှီးလာ သည်။ နွေးထွေးမှုရှိလာခဲ့သည်။ အထူးသဖြင့် သူ့ဘက်ကပေါ့။ သူမိုးမြင့်ကို စကားပြောဆက်ဆံပုံတွေ က အရင်လိုခပ်စိမ်းစိမ်းမဟုတ်တော့ဘဲ သာယာနာပျော်ဖွယ်ကောင်းလာသလို ခံစားရသည်။ မိုးမြင့် ကျေနပ်တဲ့ အတိုင်းအတာတစ်ခုကို ရောက်ရှိလာခဲ့တာပင်။

x x x x x x x x x