(၂၃)
သူနဲ့ရင်းနှီးမှု ပိုလာလေ၊ သူ့ဆီကပြသနာကို မျှဝေခံစားရလာလေနဲ့ ချာလပတ်လည်ရမ်းရတော့ သည်။ သူက မိုးမြင့်ကို ‘အဲဒါကြောင့် မင်းကိုအားကိုးရတာ’ ဆိုတာမျိုးပြောလာရင် စတေးပေးခဲ့ရသော ပင်ပန်းဆင်းရဲမှုတွေအကုန် ကွယ်ပျောက်ကုန်သည်။ သူစိတ်တိုလို့ ‘မင်း ငါ့ဘေးကနေထွက်သွားတော့’ လို့ဆိုလာရင်တော့ ငိုကြီးချက်မနဲ့ ညဘက်တောင်အိပ်မပျော်တော့။ ညချမ်းမောင်နဲ့ ပတ်သက်ရင် အဲလောက်ထိ စိတ်ဓာတ်နူးညံ့ပျော့ပျောင်းခဲ့တာပါ။
သူ့ရဲ့သိသိသာသာပြောင်းလဲလာမှုတွေထဲက တစ်ခုကတော့တွေ့ကြုံရတဲ့အခက်အခဲကို မိုးမြင့် ဆီပြောပြလာတာပဲ ဖြစ်သည်။
‘ငါ ဖိနပ်ဝယ်ရတော့မယ်’ ဆိုတာမျိုးကအစပေါ့။ အဲဒီတော့ သူ့အပူကမိုးမြင့်အပူဖြစ်လာသည်။ သူ ဖိနပ်၊အကျႌ အဝတ်အစားတွေဝယ်ဖို့ပိုက်ဆံမလောက်ရင် မိုးမြင့်ကတစ်ဝက်စိုက်ပေးရသည်။ သူက ဘိုင် ပြတ်နေတာကများပေမယ့် လိုချင်တာကမရိုးနိုင်အောင်များလေ၏။
ပစ္စည်းကောင်းကြိုက်တတ်တာက နှစ်ယောက်မရှိ။ ဖိနပ်ဝယ်ရင်တောင် သုံးသောင်းနီးပါး လောက်၊ အကျႌဆိုရင် သောင်းကျော်ကအနည်းဆုံး။ ဘရန့်ဒန့်တွေကိုလည်း ခုံမင်တတ်၏။ တစ်ဖက်က လည်း ရည်းစားကခပ်ပွေပွေဖြစ်ချင်သည်။ သူဇာသွားတုန်းက မျက်နှာမကောင်းဖြစ်နေပေမယ့် သိပ်မ ကြာပါဘူး၊ ဗီဇကပြန်ထလာတာပါပဲ။ သူ့ဝသီက ခပ်ရှုပ်ရှုပ်ဖြစ်ချင်နေတာကို ဖျောက်ဖျက်လို့ရမယ်မ ထင်။ မိုးမြင့်ကတော့ တတ်နိုင်သလောက်တားပါသည်။ ညချမ်းမောင်ရဲ့ အားအကိုးဆုံး၊ အယုံကြည်ရ ဆုံး လူအဖြစ်နေပြီး လိုချင်တာကိုသိမ်းသွင်းရမည်။
ကျောင်းတက်တုန်းက မုန့်ဖိုးလက်ဖြန့်သုံးတတ်ခဲ့ပေမယ့် အကြွေးဆိုလို့ တစ်ပြားမှမရှိခဲ့တဲ့ မိုးမြင့်ဟာ သူ့ကြောင့် အကြွေးဝိုင်းဝိုင်းလည်ဖြစ်ခဲ့ပြီ။ ‘နောက်ပိုးမ’ ဆိုပြီး ရစရာမရှိအောင် အပြောခံရတဲ့ သူလည်း ဖြစ်မှန်းမသိဖြစ်ခဲ့ပြီ။
ဘယ်သူတွေဘာပြောပြော ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မိုးမြင့်သူ့ကိုချစ်သည်။ တစ်ခုလပ်မက လို့ ဘာကြီးပဲဖြစ်နေဖြစ်နေပေါ့။ မိုးမြင့်ကြည်ဖူးတဲ့ အိန္ဒိယရုပ်ရှင်ကားတစ်ကားမှာ ဇာတ်ဆောင်အမျိုး သမီးရဲ့ စကားတစ်ခွန်းကို အရမ်းသဘောကျလှသည်။
‘အချစ်နဲ့ပတ်သက်ရင် အရာရာတိုင်းဟာ တရားမျှတသွားတာပါပဲ’ တဲ့လေ။ သူ့ဆီကချစ်တယ် ဆိုတဲ့ စကားကြားချင်ပေမယ့် မမျှော်လင့်ရဲပါ။ သူကလည်း ပြောမှာမဟုတ်ဘူးဆိုတာ မိုးမြင့်ကြိုသိနေ သလိုပင်။ ‘ချစ်တယ်’ ဆိုတာကိုမကြားရဘဲ ရည်းစားလိုလို၊ ဘာလိုလိုဘဝရောက်တာကိုပဲ ကျေနပ်နေ မိ၏။ သံယောဇဉ်တွေ တဖြည်းဖြည်းခိုင်မာလာပြီးနောက်ပိုင်း ပတ်ဝန်းကျင်က မိုးမြင့်တို့ကိုချစ်သူတွေ အဖြစ်မြင်လာကြမည်။ ဒါဆိုပွဲပြီးပြီပေါ့။
တကယ်လည်း အဲဒီအခြေအနေကိုရောက်မှန်းမသိရောက်လာခဲ့တာပင်။ သူက ‘ဟိုဟာလေး လိုချင်တယ်၊ ဒီဟာလေး လိုချင်တယ်’ လို့ တိုးညှင်းညှင်းလေးပြောလိုက်တာနဲ့တင် မိုးမြင့်မှာပျာယာ ခတ်လို့ လုပ်ပေးချင်လှတာတစ်ပိုင်းသေအဖြစ် ဖြစ်ရသည်ချည်း။ သူ့လိုအင်ကိုဖြည့်ဆည်းပေးရဖို့ ဘာပဲပေးဆပ်ရ ပေးဆပ်ရဆိုပြီး ဆုံးဖြတ်ထားသည်။
တစ်နေ့တော့ အကြပ်ရိုက်စေမည့်ပြဿနာတစ်ခုကြုံရလေသည်။ မိုးမြင့်အဖို့တော့ ပြဿနာ မဟုတ်ပေမယ့် ကိုကြီးနဲ့သူနဲ့အတွက်ကတော့ ပြသနာတစ်ရပ်ဖြစ်လာခဲ့သည်။ သူ့ကိုချစ်လှတဲ့၊ သံ ယောဇဉ်ရှိလှတဲ့ ကိုကြီးစိတ်ထဲမှာမေတ္တာပျက်စေမယ့် အဖြစ်အပျက်အစပေါ့။ အစကတော့ မိုးမြင့် သူ့အပေါ် သံယောဇဉ်ရှိသလို ကိုကြီးလည်းသံယောဇဉ်ရှိသည်။ စတွေ့ခါစတုန်းကဆိုရင် ကိုကြီးက တောင် ပိုပါလိမ့်မည်။ ဒါပေမဲ့ အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ သူတို့အခြေအနေက နည်းနည်း တင်းမာလာခဲ့လေ၏။
“အစတုန်းကတော့ မယူချင်ခဲ့ဘူးဆိုပေမယ့် မွေးလာတော့လည်း သံယောဇဉ်ဖြစ်လာတာပါပဲ လေ၊ မတွေ့ရတာ မတွေ့ရတာတစ်ပိုင်းပေါ့၊ သူ့အတွက် တစ်လကိုသုံးသောင်းထောက်ပံ့တယ်ဆိုပေမယ့် တာဝန်မကျေသလိုခံစားရတယ်”
ကလေးနဲ့ပတ်သက်ပြီး သူရင်ဖွင့်တာကိုနားထောင်ရာကနေ အစပြုခဲ့တာပင်။
“ကလေးနဲ့ ညချမ်းနဲ့က လက်ပွန်းတတီးမရှိဘူးလားဟင်၊ ညချမ်းသွားသွားတွေ့တဲ့အခါ သူ့သွေး သားမှန်း သိတဲ့ပုံပေါက်လား”
“အဖေမှန်းတော့ သိမှာပါ ထင်တာပဲ”
“ကလေးနဲ့အတူတူ ဘယ်လောက်အထိနေဖူးလဲဟင်”
ကလေးငါးလကျော်ကတည်းက ကွဲတာလို့ ဦးလေးကြီးပြောတာကို သိထားပေမယ့် သူပြောတာ ကို နားထောင်ချင်သည်။ သူစကားပြောတာ နားထောင်ချင်လွန်းလို့တောင် ဘီယာတိုက်ပြီးမြူဆွယ်ခဲ့ သေးတာပဲလေ။ အခုအသာတကြည် ပြောလာတဲ့အခါ သိချင်တာမှန်သမျှမေးဖို့ စဉ်းစားထားသည်။ သူ့ဖက်ကလည်း တစ်စုံတစ်ရာသော အကျိုးကိုလိုချင်လို့ဒီလိုအစပျိုးခဲ့တာမှန်း မိုးမြင့်နောက်မှ သဘော ပေါက်ခဲ့မိလေသည်။
“ဆယ်ရက်ပြည့်အောင်တောင် ဆက်တိုက်မနေဖူးပါဘူး၊ မိန်းမနဲ့ရောပဲ၊ ငါက အိမ်ကပ်တဲ့ကောင် မဟုတ်ဘူး၊ အရင်ကတည်းက နယ်တကာလှည့်ပြီးအလုပ်လုပ်နေတာလေ၊ သုံးလေးရက် ရောက်လာ လိုက် ပြန်ထွက်လိုက်ပေါ့”
“မိန်းမနဲ့ ကလေးနဲ့တော့ ကံဆိုးတာပဲ”
သူ့ကို စလိုက်မိသည်။
“အင်းလေ၊ အဲဒါကြောင့်ပြောတာ၊ သားလေးအပေါ်တာဝန်မကျေသလို ခံစားရတယ်လို့၊ ဖခင် တစ်ယောက်ရဲ့ အမှတ်တရအဖြစ်နဲ့ ကလေးကို တစ်ခုခုလုပ်ပေးချင်နေတယ်ကွာ”
“ဘယ်လို ညချမ်း”
“လာမယ့်အပတ်ထဲမှာ သားလေးရဲ့တစ်နှစ်နဲ့ငါးလပြည့်မွေးနေ့ရှိတယ်၊ အဲဒီနေ့အမီ တန်ဖိုးကြီး ပစ္စည်းလေးတစ်ခုလောက် လုပ်ပေးချင်တယ်”
“ဘယ်လိုပစ္စည်းမျိုးလဲ”
“အင်း … စဉ်းစားနေတာ”
“လမ်းလျှောက်တဲ့လှည်းလေးဝယ်ပေးလိုက်ပါလား၊ သုံးလေးသောင်းလောက်ဆို ကောင်း ကောင်းရတယ်၊ အဲလောက်ကတော့ ညချမ်းလည်းတတ်နိုင်မှာပါ၊ ကျွန်တော်လည်းရှာပေးမှာပေါ့”
“ဟင့်အင်း၊ ငါပေးချင်တာက ရွှေထည်ပစ္စည်းတစ်ခုခု”
“ရွှေ … ဟုတ်လား”
စိတ်ထဲမှာတော့ ဘုရားတလိုက်မိသည်။ တန်ဖိုးကြီးလွန်းရင် ဘယ်ကရှာပေးရမလဲဆိုတာကို စဉ်းစားရင်း ရင်ထိတ်မိတာပင်။
“ဟန်းချိန်းလေးပဲဖြစ်ဖြစ်၊ ဆွဲကြိုးလေးပဲဖြစ်ဖြစ်ပေါ့”
“အင်း၊ ဘယ်လောက်တန်လောက် ….”
“သုံးသိန်းလောက်အများဆုံးပေါ့”
“သုံးသိန်း ..”
“အင်း … ဒါတောင် အခုရွှေစျေးနဲ့တစ်မတ်သားတောင် သာသာလေးပဲရမယ်၊ ငါးမူးသားမပြည့် လောက်ဘူး”
ရွှေစျေးဘယ်လောက်လဲ မိုးမြင့်မသိပါ။ သူကဝယ်ပေးဖို့ တွက်ချက်ပြီးမှ မိုးမြင့်ကိုတိုင်ပင်တာ နေမှာပေါ့။ တိုင်ပင်တယ်ဆိုတာကလည်း ငွေရေးကြေးရေးအခက်အခဲကြောင့်ဆိုတာ သေချာလှသည်။ ညချမ်းမောင်အကြောင်းကို မိုးမြင့်သိတာပေါ့။
“အဲဒါဝယ်ဖို့ညချမ်းလက်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဟင်”
“သုံးသောင်း”
“ဟင် အများကြီးလိုတာပေါ့”
“အင်း၊ မန်နေဂျာဆီကချေးဖို့တော့ ပြောတော့ပြောထားတယ်၊ ဒါပေမဲ့ သူတို့အလွန်ဆုံးပေး ရင် ငါးသောင်းပေါ့၊ တွက်ကြည့်လိုက်ရင် တစ်သိန်းတောင်မပြည့်သေးဘူး၊ အဲဒါကြောင့်ညစ်နေတာ”
“အဲလောက်ပိုက်ဆံကတော့ မိုးမြင့်မှာလည်း အလွယ်တကူရှာပေးရမှာ အဆင်မပြေလောက်ဘူး ညချမ်းရယ်၊ ရှာစရာကလည်း တခြားနေရာမတွေ့ …”
“ဟာ …”
သူ ငြိုငြင်သွားသည်။
“မင်းကိုစိုက်ခိုင်းနေတာ မဟုတ်ပါဘူး၊ မင်းဆီက ငါတောင်းနေလို့လား”
“မဟုတ်ဘူးလေ၊ ညချမ်းအခက်အခဲကြုံတော့ ကျွန်တော်လည်း ကူညီချင် … ”
“တော်တော့ မိုးမြင့်၊ ငါမင်းကိုပြောပြတဲ့စကားလုံးတိုင်းက လိုချင်တပ်မက်စိတ်နဲ့ပြောပြတာမ ဟုတ်ဘူး၊ ဘော်ဒါတစ်ယောက်အနေနဲ့ ခင်လို့ပြောပြတာတွေလည်းပါတယ်၊ အခုဟာက ငါစိတ်မ ကောင်းဖြစ်နေတာကို မင်းကိုရင်ဖွင့်တဲ့သဘော”
မိုးမြင့်သူ့ကိုပြန်ချော့ဖို့ပြင်ရသည်။
“ကျွန်တော်သိတယ်၊ အဲလိုအထင်မလွဲနဲ့လေကွာ၊ ကျွန်တော့်စိတ်ထဲမှာ ဆုံးဖြတ်ထားတာက ညချမ်းနဲ့ပတ်သက်လာသမျှကိစ္စအားလုံးဟာ ကျွန်တော့်ကိစ္စပဲ၊ အဲတော့ ညချမ်းအပူဟာ ကျွန်တော့် အပူပဲပေါ့”
မိုးမြင့်ရဲ့စကားက သူ့စိတ်ထဲမှာခဏတာပျော်ဝင်သွားသလား မပြောတတ်။ ခဏတာမျှ တိတ် ဆိတ်သွားမိသည်။ မိုးမြင့်လည်း သူ့ကိုဘယ်လိုကူညီရမလဲဆိုတဲ့အတွေးပဲခေါင်းထဲဝင်လာသည်။
“ကဲ … အဲဒါဆို အခုပြသနာမင်းဖြေရှင်းပေးနိုင်လို့လား” တဲ့။ မိုးမြင့်တွေဝေရပြန်ပြီ။
“အင်း … အဲဒါကတော့ … ”
“မင်း မဖြေရှင်းပေးနိုင်ပါဘူး၊ ထားလိုက်တော့ …”
သူလှည့်ထွက်သွားသည်။
ဒုက္ခပါပဲ။ သူ့လိုအင်ကိုမဖြည့်ပေးနိုင်ရင် မိုးမြင့်ဘယ်လိုမှစိတ်ကောင်းမှာမဟုတ်တော့။ သူ့ကျော ပြင်လေးကိုငေးကြည့်ပြီး ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရမလဲဆိုတာတွေးရင်း စိတ်မကောင်းဖြစ်မိ သည်။ အဲ … ဟုတ်ပြီ။ မိုးမြင့်တစ်စုံတစ်ခုကိုတွေးမိလိုက်၏။ ကိုကြီးနဲ့တော့ ပြဿနာနည်းနည်း တက်နိုင်သည်။ ဒါပေမဲ့ နောက်မှပါ။
“ညချမ်း”
သူလှည့်ကြည့်၏။
“ခဏလေး၊ ကျွန်တော်စဉ်းစားမိပြီ၊ ခဏ … အဲမှာပဲနေ၊ ချက်ချင်းပြန်လာခဲ့မယ်၊ စောင့်နေနော်”
အခန်းဆီကို ပြေးလာခဲ့သည်။
သေတ္တာကိုဖွင့်ပြီးသေချာထုတ်ပိုးထားသော အထုပ်လေးတစ်ထုပ်ကိုဖြည်လိုက်၏။ နားကပ် လေးတစ်စုံ။ အသစ်ကတည်းက သိမ်းထားတာမို့ အရောင်တလက်လက် တောက်ပတုန်းပဲရှိသေးသည်။ ကိုကြီး မမြင်အောင်လက်ထဲ ကျစ်ဆုပ်ကိုင်ကာ ညချမ်းရှေ့ကိုပြေးလာခဲ့၏။
“လာ”
သူ့ကို လူတွေမမြင်လောက်တဲ့ နေရာတစ်နေရာဆီကိုခေါ်လာပြီး လက်ထဲကို နားကပ်လေး ထည့်ပေးလိုက်၏။
“ဟင်.. ဘာလဲ.. အဲဒါ”
သူ့မျက်လုံးတွေ အရောင်တောက်သွားတာကိုတော့ တွေ့လိုက်ရသည်။
“နားကပ်လေ၊ ရွှေနားကပ်အစစ်ပါ ညချမ်းရဲ့”
“မင်းဘယ်က ရတာလဲ”
“ကျွန်တော့်ဟာ..။ ကျွန်တော့်ကိုယ်ပိုင် နားကပ်၊ မိဘတွေရှိကတည်းက ဆင်ပေးခဲ့တာ။ ကျွန်တော်က နားပေါက်လည်းမရှိ၊ ဝတ်ရတာလည်း ဝါသနာမပါတော့ ဒီအတိုင်းပဲ သိမ်းထားတာ”
“ဒါ… ဒါကို”
“ယူလေ၊ ညချမ်းကို ပေးတာပေါ့။ ဒါကို ရောင်းလိုက်ရင် ကလေးဟန်းချိန်းတစ်ခုစာတော့ ရမှာပဲ လေ”
“ဟာ… မယူချင်ဘူး။ အားနာတယ်”
“မဟုတ်တာ။ ကျွန်တော်တို့ကြားထဲမှာ ဒါတွေမလိုပါဘူးကွာ။ ညချမ်းအဆင်ပြေရင်ပဲ ကျေနပ်ပြီ။ ကျွန်တော်ကိုယ်ပိုင်ပစ္စည်းမို့ လိပ်ပြာသန့်သန့်ယူလို့ရတယ်။ ပြန်ပေးစရာမလိုပါဘူး ညချမ်း.. ယူပါ”
သူကျေနပ်သွားကာ မိုးမြင့်လက်ကို ဆုပ်ကိုင်လိုက်၏။
“ကျေးဇူးပဲကွာ။ ဒါကြောင့် မင်းကို အားကိုးနေရတာ”
သူ့ရဲ့ မကြာခဏ သုံးတတ်တဲ့စကားပေမယ့် ကျေနပ်ပျော်ရွှင်ရပါသည်။ အဲဒီ နားကပ်လေးက နှစ်ဖက်ပေါင်းရင် ငါးမူးသားလောက်တော့ ရှိတာပေါ့။ သူ့ဆီက ပိုက်ဆံလည်းစိုက်စရာမလို၊ မန်နေဂျာ တွေဆီကလည်း ချေးစရာမလိုတော့။ နဝလီဆိုင်တွေမှာ သွားရောင်းရတာတစ်ခုတော့ အလုပ်ရှုပ်မှာ ပေါ့။ နားကပ်အတွက် နည်းနည်းလေးနှမြောမိတာကလွဲရင် စိတ်ချမ်းသာရလေသည်။
x x x x x x x x x