မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၄)

(၂၄)

ညချမ်းမောင်နဲ့ ဆွေမျိုးနီးစပ်တော်တဲ့သူ ဦးလေးကြီးတစ်ယောက်ရောက်လာပြီး ရက္ကန်းရုုံက လူ တွေ ပြောစကားနားထောင်၊ စဉ်းစားပြီး တရားလိုပြုလုပ်ကာ စတင်တရားစွဲတော့သည်။ ညချမ်းမှာ ဆွေမျိုးမရှိဘူး။ တစ်ကောင်ကြွက်လို့ပဲ ထင်ထားကြတာ။ ဦးလေးကြီးက တစ်ဦးတည်းသော ဆွေမျိုးလို့ ကျွန်တော့်ကို တချို့က ပြောပြပါသည်။

စွဲတဲ့ပုဒ်မက (၃၀၇) တဲ့လေ။ ရက္ကန်းရုံကထွက်ခွါခဲ့ပြီမို့ သူတို့ရဲ့အမှုအခြေအနေ၊ နှစ်ဖက်အဖြစ် အပျက်အစုံကို ကျွန်တော်မသိပါ။ ဒီအဖြစ်အပျက်မှာ ဘေးကနေကြည့်ရတဲ့လူတစ်ယောက်သာ ဖြစ်ခဲ့ သည်။ ဝေငြိမ်းထက်အပေါ် သနားတဲ့စိတ်နဲ့ ကျွန်တော်အတတ်န်ိုင်ဆုံးအလုပ်တစ်ခု လုပ်ခဲ့ပါသည်။ အ ဆက်အသွယ်တချို့ရှာကြံပြီး အကောင်းဆုံးခုခံချေပနိုင်မယ့် ရှေ့နေကို လုပ်နိုင်သလောက်ရှာဖွေပေးခဲ့ ပါသည်။

စိတ်ထဲမှာ သေချာတာတစ်ခုက ပုဒ်မ (၃၀၇) ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါ။ “လူသတ်မှုကို ကျူး လွန်ရန်အားထုတ်ခြင်း” တဲ့။ သေချာတာပေါ့။ ဝေငြိမ်းထက်လို လူတစ်ယောက်က ညချမ်းမောင်ကို သတ်ဖို့ကြံရွယ်တာဖြစ်မှ မဖြစ်နိုင်တာ။ ပုဒ်မ (၃၀၇) ဆိုတာကို ရာဇသတ်ကြီးမှာ ရှာကြည့်တော့ အခုလို ရေးထားတာတွေ့ရသည်။

လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း

၃၀၇ ။  ။ ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကိုဖြစ်စေခဲ့သော် လူသတ်မှုမြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့်လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှုတစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့ သော် လူသတ်မှုမြောက်နိုင်မည့်) ပတ်ဝန်းကျင်ကြောင်းခြင်းရာဖြင့်လည်းကောင်း မည်သူမဆိုပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သောသူအား နာကျင်စေလျှင် ထိုသူကို တစ်သက်တကျွန်းဒဏ်ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။

ဟင့်အင်း။ ပုဒ်မ ၃၀၇ ကိုတော့ သူကျူးလွန်မှာမဟုတ်။ လူသတ်မှုချင်းတူပေမယ့် ပြစ်ဒဏ်ချင်း တူပေမယ့် ဂုဏ်သိက္ခာအရ သက်သာစေမယ့်အဖြစ်မျိုးရောက်စေမယ့် အမှုတစ်ခုနဲ့ ခုခံကာကွယ်ပေးဖို့ ရှေ့နေနဲ့ တိုင်ပင်ကြည့်သည်။ ပုဒ်မ ၃၀၄ ကို သွားတွေ့၏။ လူသတ်မှုမမြောက်သည့် ရာဇဝတ်ပြစ်ဒဏ် ထိုက်သော လူသေမှုအတွက် ပြစ်ဒဏ်တဲ့။

ခုခံကာကွယ်ဖို့အတွက် တရားခံနဲ့ ရှေ့နေတို့တွေ့ဆုံပြီး အဖြစ်မှန်အကြောင်းစုံကို ပြောပြသိရှိဖို့ လိုပါသည်။ အမှန်တကယ်လည်း ပုဒ်မ ၃၀၄ ကိုသာ ကျူးလွန်မယ်လို့ ကျွန်တာ်ယူဆသည်။ ဝေငြိမ်းက ညချမ်းမောင်ကို ဘယ်လောက်ပဲ မုန်းမုန်း ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှာမှမဟုတ်တာ။

သူတို့တွေရဲ့ တရားခွင်တိုင်းကိုတော့ ကျွန်တော့်သွားရောက် နားထောင်ဖြစ်ခဲ့သည်။ ရက္ကန်းရုံအ တွင်းမှာ အမှုဖြစ်သွားတာကြောင့် အမှုနဲ့ပတ်သက်တဲ့ သက်သေတွေဟာ ရက္ကန်းရုံထဲကလူတွေပဲ ဖြစ် သည်။ နယ်ဒေသမှာ မွေးဖွားကြီးပြင်းလာခဲ့သည့် အရိုးခံသက်သေဟာ တရားခွင်ကို အမှန်တရားဖြစ် အောင် ကူညီကြလိမ့်မည်ဆိုတာ ကျွန်တော်ရဲရဲကြီး ယုံကြည်သည်။ ကျမ်းသစ္စာကျိန်ဆိုတာမျိုးမှာ တောင် မျက်စိမျက်နှာပျက်နေကြလောက်အောင် တရားခွင်နဲ့ တစ်ခါမှအထိအတွေ့မရှိမှန်း သိသာလှ၏။

“နာမည်ပြောပါ”

“ဒေါ်လှရင်ပါ။ အပျိုကြီးလို့လည်း ခေါ်ကြတယ်”

“အသက်”

“၄၇ နှစ်”

“အဖေနာမည်”

“ဦးမြ”

ရှေ့နေ၏ ပဏာမမေးခွန်းတွေကို စိတ်လှုပ်ရားစွာနဲ့ဖြေဆိုနေသော အန်တီအပျိုကြီးမျက်နှာမှာ တဖြည်းဖြည်းဖြေဆိုရင်း တည်ငြိမ်လာသည်။

“အလုပ်အကိုင်”

“မြန်မာ့လက်ရာ ရက္ကန်းရုံမှာ ရက္ကန်းခတ်ပါတယ်”

“ကွယ်လွန်သွားတဲ့သူနဲ့ တရားခံကို သိပါသလား”

“ဟုတ်ကဲ့။ သိပါတယ်”

“ဘယ်လိုသိတာလဲ”

“အလုပ်တစ်ခုတည်းမှာ လုပ်ကြတာပါ”

“အခင်းဖြစ်တဲ့နေ့အကြောင်းကို ပြောရအောင်။ ညချမ်းမောင်သေဆုံးနေတာကို ဘယ်လိုစတွေ့ ခဲ့တာလဲ”

“သူတို့စကားများသံ တိတ်ဆိတ်သွားလို့ ထွက်ကြည့်ရာကနေ တွေ့လိုက်တာပါ”

“ဘယ်အချိန်လဲ”

“ည ၁၀ နာရီ ကျော်ပါပြီ”

“အဲဒီအချိန် မအိပ်သေးဘူးလား”

“တီဗီသိမ်းပြီးခါစ အိပ်ရာဝင်ဖို့ပြင်နေကြတဲ့အချိန်ပါ”

“ခင်ဗျားရဲ့အခန်းထဲကနေ သူတို့ကိုလှမ်းမြင်ရလား”

“အသေအချာကြည့်ရင်တော့ မြင်ရပါတယ်”

“အဲ့ဒါဆို ဘာလို့ထွက်ကြည့်လဲ”

“ဖျန်ဖြေဖို့ပါ”

“ဟုတ်ပြီ။ ထွက်ကြည့်ပြီး ဘာဆက်လုပ်လဲ”

“သူတို့ စကားများရာနေရာကို သွားပါတယ်”

“ဘယ်လောက်ဝေးလဲ”

“ရက္ကန်းစင်နှစ်စင်စာ သာသာလောက်ပဲဝေးပါတယ်”

“အဲ့ဒီတော့ ဘာတွေ့လဲ”

“ညချမ်းမောင်ကို မြေပြင်မှာ ပက်လက်လဲရက်အနေအထားမှာ တွေ့ပါတယ်။ ဗိုက်မှာ ဝေငြိမ်းရဲ့ ကတ်ကြေးစိုက်ထားတာ တန်းလန်းနဲ့”

“ဝေငြိမ်းရဲ့ ကတ်ကြေးမှန်း ဘယ်လိုလုပ်သိလဲ”

“ရက္ကန်းရုံမှာက တစ်ယောက်ကတ်ကြေးကို တစ်ယောက်က မှတ်မိနေကျပါ။ ဒီအတိုင်းလည်း ပစ်မထားဘူး။ ကတ်ကြေးနဲ့ လွန်းကိုရက္ကန်းခတ်ပြီးရင် အခန်းထဲသိမ်းထားတတ်ကြပါတယ်”

“ဝေငြိမ်းက အခန်းထဲမှာသိမ်းထားတဲ့ကတ်ကြေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ယူလာပြီး ညချမ်းမောင် ကို လုပ်ကြံတာပေါ့”

“ကန့်ကွက်ပါတယ်ခင်ဗျား”

တရားခံအကျိုးဆောင်ရှေ့နေ၏ မတ်တပ်ရပ်ကန့်ကွက်လိုက်တာကို မြင်လိုက်ရသည်။ တရား ခွင်ခုံတန်းလျားပေါ်မှာ စိတ်ဝင်တစား လာရောက်နားထောင်နေကြသူတွေအပြည့်။

“တရားလိုအကျိုးဆောင်ဟာ သူလိုချင်တဲ့အဖြေကို သက်သေဆီက မရ ရအောင် ညှစ်ထုတ် တာမျိုး…”

“ကန့်ကွက်ချက်ကို လက်ခံတယ်။ မေးခွန်းကို ပြင်မေးပါ”

တရားလိုရှေ့နေ၏ ဝမ်းနည်းပါတယ်ခင်ဗျာဆိုသည့် တောင်းပန်သံနှင့်အတူ မေးခွန်းကိုဆက် မေးပါသည်။

“ဝေငြိမ်းရဲ့ကတ်ကြေးကို ကွယ်လွန်သူရဲ့ဗိုက်မှာ စိုက်လျှက်တွေ့တယ်ဆိုတော့ ဝေငြိမ်းကို ရှာ မကြည့်ဘူးလား”

“ရှာပါတယ်။ ဒါပေမဲ့ အနီးအနားမှာ မတွေ့တော့ပါဘူး”

“အဲ့ဒီတော့ ခင်ဗျားဘာဆက်လုပ်လဲ”

“မိုးမြင့်ထက်နာမည်ကို အော်ခေါ်ပါတယ်။ ပြီးတော့ တခြားအခန်းတွေဆီကို လာကြပါဦးဆိုပြီး အသံပေးလှမ်းခေါ်ပါတယ်”

“လူတွေက ချက်ချင်းရောက်လာကြရောလား”

“ဟုတ်ကဲ့။ အားလုံးလိုလို ချက်ချင်းနီးပါးရောက်လာပြီး ညချမ်းမောင်ကိုခေါ်ကြည့်၊ ဟိုဖက်ခြံက ဆရာ၊ ဆရာမတို့ကို သွားနှိုးတာတို့လုပ်ပါတယ်”

“ညချမ်းမောင်ကို ခေါ်လို့ရသေးလား”

“မရတော့ပါဘူး။ သူ… သူသေနေပါပြီ”

“သူသေမှန်း ဘယ်လိုသေချာသွားတာလဲ”

“မျက်ဖြူလန်နေပါတယ်။ ဒဏ်ရာကလည်း ကတ်ကြေးဒဏ်ရာတစ်ချက်တည်း မဟုတ်ပါဘူး။ နှစ်ချက်သုံးချက်လောက်ဆင့်ထိုးထားတဲ့ပုံမျိုး၊ ခေါင်းမှာလည်း လွန်းနဲ့ရိုက်ခံထားရတဲ့ ဒဏ်ရာတွေတွေ့ ပါတယ်”

“လွန်းကိုရော တွေ့လား”

“ဟုတ်ကဲ့တွေ့ပါတယ်။ ညချမ်းမောင်ရဲ့ အလောင်းဘေးမှာပါ”

“ဘယ်သူ့ လွန်းလဲ ခင်ဗျားသိလား”

“ဟုတ်ကဲ့။ ဝေငြိမ်းရဲ့လွန်းပါ”

“တရားလိုဖက်က မေးစရာမရှိတော့ပါဘူး ခင်ဗျား”

ရှေ့နေ၏ ခေါင်းပေါင်းစ တစ်ဆတ်ဆတ်ခါလျှက် ရုံးတော်ကိုအရိုအသေပေးပြီး တရားခံရှေ့နေ ၏ ပြန်လှန်မေးမြန်းခြင်း စတင်လေသည်။

“ဝေငြိမ်းထက်နဲ့ ညချမ်းမောင်တို့ မကြာခဏစကားများကြတာကို တွေ့ဖူးပါသလား”

“ဟုတ်… တွေ့ပါတယ်”

“သွေးထွက်သံယိုဖြစ်တဲ့အထိ ပြင်းထန်တာရှိခဲ့လား”

“မရှိခဲ့ဖူးပါဘူး။ ဝေငြိမ်းက တော်တော်သည်းခံရှာပါတယ်”

“သည်းခံတယ်ဆိုတာ ဘယ်လိုမျိုးကိုပြောတာပါလဲ”

“ညချမ်းမောင်က သူ့ကိုရိုက်လားနှက်လား လုပ်တာတောင် ပြန်မလုပ်တာပါ”

“သြော်.. ဒါဆို ညချမ်းမောင်က စကားများတိုင်းလိုလို ဝေငြိမ်းကို ရိုက်တယ်ပေါ့”

“ဟုတ်ပါတယ်”

“အခင်းမဖြစ်ခင်အချိန်အထိ သူတို့စကားများတာကို ခင်ဗျားဘယ်နှစ်ခါလောက် တွေ့ဖူးပါသလဲ”

“သုံးလေးခါလောက် တွေ့ဖူးပါတယ်”

“အဲ့ဒီ သုံးလေးခါစလုံးမှာ ဝေငြိမ်းထက်မှာ ညချမ်းမောင်ရိုက်တာနှက်တာကို ပြန်ရိုက်တာမျိုး မတွေ့ဖူးဘူးလား”

“ဟုတ်။ မတွေ့ဖူးပါဘူး”

“ရက္ကန်းရုံမှာ ရက္ကန်းစင် ဘယ်နှစ်စင်လောက်ရှိလဲ”

“၄၀ လောက်ရှိပါတယ်”

“အဲဒီ စင် ၄၀ စလုံးက ရက္ကန်းသမတိုင်းဟာ သူတို့ရဲ့လွန်းနဲ့ကတ်ကြေးကို အလုပ်ပြီးရင် အခန်း ထဲသိမ်းထားတတ်ကြလား”

“ဟုတ်…တော်တော်များများက သိမ်းတတ်ကြပါတယ်”

“တော်တော်များများဆိုတော့ မသိမ်းတဲ့သူရော ရှိမှာပေါ့”

“ရှင်”

“ခင်ဗျားရော ရက္ကန်းခတ်လာတဲ့သက်တမ်းတစ်လျှောက် တစ်နေ့မှမပျက်ဘဲ လွန်းနဲ့ကတ်ကြေး ကို အခန်းထဲသိမ်းထားတတ်လား”

“မေ့ပြီးထားခဲ့တာမျိုးတို့၊ ဘယ်သူမှ မယူလောက်ဘူးလို့ထင်ပြီး တမင်ထားခဲ့တာမျိုးနေ့တွေ တော့ ရှိပါတယ်ရှင်”

“ခင်ဗျား ရက္ကန်းရုံမှာလုပ်တာ ဘယ်လောက်ကြာပြီလဲ”

“ငါးနှစ်ပြည့်တော့မှာပါ”

“အဲဒီကာလအတွင်းမှာ ဝေငြိမ်းထက်က လူတစ်ယောက်ကို ညှင်းပန်းနှိပ်စက်တာမျိုး၊ အနိုင် ကျင့်တာမျိုးတွေကို မျက်ဝါးထင်ထင်တွေ့ဖူးလား”

“မတွေ့ဖူးပါဘူး။ ဝေငြိမ်းက ရက်ရက်စက်စက်အလုပ်မျိုး ဘယ်တုန်းကမှ မလုပ်ဖူးပါဘူး။ မိန်းက လေးလိုပဲ နူးနူးညံ့ညံ့နေတာပါ”

အန်တီအပျိုကြီးရဲ့ ဝေငြိမ်းအပေါ် ကရုဏာသက်တဲ့မျက်နှာကို ကျွန်တော်လှမ်းမြင်ရသည်။ အင်းလေ… အလုပ်အတူတူ နှစ်ချီလုပ်လာပြီးမှ သံယောဇဉ်မရှိဘဲနေမလား။

ခင်ရာဆွေမျိုးတွေပေါ့။ မိဝေးဖဝေးတစ်နယ်စီကလာပြီး ရက္ကန်းရုံမှာဆုံကြ၊ တွေ့ကြနဲ့ တကယ့် သွေးသားရင်းချာလို ဖြစ်လာကြသည်။

“အဲ့ဒါကြောင့် ငါအပျိုကြီးလုပ်နေတာ” ဆိုပြီး အချစ်ရေးကိစ္စတစ်ခုခု အမှားအယွင်းဖြစ်လာရင် ကာကွယ်ပြောတတ်သည်။ အန်တီအပျိုကြီးရဲ့ ရက္ကန်းစင်က ဝေငြိမ်းစင်နဲ့ ကပ်လျှက်မို့ ဝေငြိမ်းရဲ့တိုင် ပင်ဖော်၊ တိုင်ပင်ဖက်၊ အတင်းပြောဖော်ပြောဖက်ထဲမှာ အန်တီအပျိုကြီးက ထိပ်ဆုံးကပါသည်။ ညချမ်း မောင်ရဲ့ အချူဇယားတွေကို ဝေငြိမ်းက အန်တီအပျိုကြီးကို အဓိကပြောဖြစ်လိမ့်မှာ အသေအချာပင်။

x x x x x x x x x x x