(၂၅)
ညီမလေးရဲ့ အမူအရာတွေ ပုံမှန်မဟုတ်ဘူးဆိုတာ ဝေငြိမ်း သံသယဖြစ်မိရာမှ အဲ့ဒီနားကပ် ပျောက်တဲ့ကိစ္စကို စတင်သတိထားမိတာဖြစ်သည်။ ညချမ်းမောင်အပေါ် စေတနာထားတာ၊ သံယောဇဉ် ပိုတာတွေကို မပြောလိုပေမယ့် လူတစ်ယောက်လုံး ဖြူကာကျရမယ့် အကူအညီအပေးအကမ်းအထိ ရက်ရောလာတာတော့ တစ်ဆိတ်လွန်လာပြီထင်၏။
“နင့် နားကပ်ရော…”
ညီမလေးရဲ့ သေတ္တာကိုဖွင့်ရှာကြည့်တာနဲ့ တန်းသိလိုက်ရတာပါပဲ။ မိုးမြင့်ထက် အမူအရာတစ် မျိုးဖြစ်နေတယ်လို့ သံသယဝင်လာရင် မောင်နှမနှစ်ယောက်မှာရှိတဲ့ အဖိုးတန်ပစ္စည်း၊ ရှာဖွေစုဆောင်း ထားတဲ့ ဥစ္စာတွေကို တစ်ခုချင်းလိုက် စစ်ပေတော့။ ဖျောင်ထားတာ သေချာပြီလေ။
“ငါအသုံးလိုလို့ ခဏပေါင်ထားတယ်”
ဘုရား .. ဘုရား ..။ ပေါင်နှံရတဲ့အထိတောင် ဖြစ်သွားပြီလားလို့တွေးရင်း ဒေါသထွက်လာမိ သည်။
“ဘောက်ချာပြ”
သူ ဝေငြိမ်းကိုပတ်ဖို့ ကြိုးစားနေဆဲမှာပဲ လှိမ့်ပြောမိသည်။
“ဘောက်ချာပြလို့ နင့်ကိုငါပြောနေတယ်လေ။ နင်နဲ့ နင့်မိသားစုက အလုပ်မရှိအကိုင်မရှိ ငမွဲ ငပြာကျနေတယ်ဆိုတော့ ရှိတာတွေကို ပေါင်နှံစားသောက်နေရတဲ့အဖြစ်ပေါ့ ဟုတ်လား။ ပေး… ပေး ဘောက်ချာ”
မိုးမြင့်ထက်က ဝေငြိမ်းနဲ့ ပြဿနာဖြစ်လာရင် သူ့ဝသီအတိုင်း တစ်ခွန်းမကျန် ပြန်ပြောတတ် သည်။ အကြီးဆိုပြီး ဂါရဝတရားနဲ့ လျှော့ပေးတာမျိုး လုံးဝမရှိခဲ့။ အနည်းဆုံးတော့ ဝေငြိမ်းစိတ်မကောင်း ဖြစ်အောင် ပြောခဲ့တာချည်း။
“နင် ဘာလုပ်မလို့လဲ အဲဒီဘောက်ချာကို …”
“ရွေးပေးမယ်… ငါရွေးပေးမယ်”
“မလိုပါဘူး။ ငါ လိုလို့သုံးတာပဲ။ ငါ့ဘာသာ ရွေးမယ်”
“အေး ဟုတ်ပြီ။ ဒါဆို ပြရုံပဲပြ။ နင်တကယ်ပေါင်ထားတာ ဟုတ်၊ မဟုတ်သိချင်လို့။ ငါဘာမှ မလုပ်ဘူး”
ဝေ့လည်ကြောင်ပတ်ငြင်းဖို့ ပြင်နေပြန်သည်။
ကြည့်ပြီး ဒေါသတွေ တစ်ရစ်ချင်း တစ်ရစ်ချင်း တိုးလာမိ၏။
“နင် ညချမ်းမောင်ကို ပေးလိုက်တာမလား.. မိုးမြင့်ထက်”
“ဟာ… မပေးပါဘူး”
“မငြင်းနဲ့။ နင့်ဆီက ရှိသမျှဟာကို အဲ့ဒီကောင်ကို ပိုးကြေးပန်းကြေးပေးနေတာ ငါမသိဘူးများ အောက်မေ့နေလား။ ဘာကျန်သေးလဲအခု။ အလုပ်လုပ်တာကလည်း ငါ့ဆီရောက်တာက နည်းနည်း၊ ကျန်တာအကုန် သူ့ဆီပဲရောက်နေတာ တော်ရုံတန်ရုံဆို ငါမပြောပါဘူး။ မသိချင်ယောင်ဆောင်နေပေး ခဲ့တာ။ အခုတော့ လွန်လာပြီ”
“ငါ့စိတ်နဲ့ ငါပဲ။ ကိုယ်ကြည်ဖြူလို့ပေးတာ။ ဘာဖြစ်လဲဟာ”
“နင့်ကိုယ်နင် ဘာဖြစ်နေပြီလဲဆိုတာ စဉ်းစားမိရဲ့လား။ ပတ်ဝန်းကျင်က ဘာတွေပြောနေလဲဆို တာရော သတိထားမိလား”
“ဂရုမစိုက်ဘူး”
“အေး.. နင်က မှိုင်းမိနေတာကိုး။ ဘယ်ဂရုစိုက်မလဲ။ နင်နဲ့ မောင်နှမတော်တဲ့ ငါကတော့ ဂရု စိုက်တယ်။ မဖြစ်သင့်တာ မဖြစ်အောင်လည်း တားရမှာပဲ။ ကဲ.. ဒီတော့ နင့်နားကပ်က တကယ်ပေါင် ထားတာလား၊ သူ့ကိုအပြတ်ပေးလိုက်တာလား ရှင်းရှင်းလင်းလင်းပြော။ မဟုတ်ရင် ငါသူ့ကို သွားမေး မှာနော်”
“မမေးနဲ့။ သူ့ကိုမေးစရာ မလိုဘူး။ ဟုတ်တယ်။ သူ့ကိုငါ အပြတ်ပေးလိုက်တာ။ အရေးတကြီး အသုံးလိုတယ်ဆိုလို့ ပေးလိုက်တာ။ သိပ်မကြာပါဘူး။ အဲဒီထက်ကောင်းတာကို သူပြန်လုပ်ပေးမှာတဲ့”
အံ့သြခြင်းကြီးစွာနဲ့ ဖင်ထိုင်လျက် ကျသွားမိသည်။
အဲဒီလောက် အနေအထားထိတောင် မှိုင်းမိနေပြီလား။ သွားပြီ။ ညီမလေးဘဝက အဖတ်ဆယ် လို့ ရပါတော့မလား။ ညချမ်းမောင်က ပြန်လုပ်ပေးမယ်တဲ့လား။ အဲဒါ လိမ်ပြောတာနေမှာ။ သူလား … တကယ်လုပ်ပေးမှာ။ ကိုယ့်ဟာနဲ့ကိုယ်တောင် အမြဲတမ်း တိုင်ပတ်နေတာ။
ပြန်ယူခိုင်းလို့လည်း ရတော့မှာမဟုတ်။ နှမြောလည်း နှမြောတာနဲ့ ငိုပဲငိုနေမိတော့သည်။
“အဲ့ဒီပစ္စည်းက ငါတို့မိသားစုရဲ့ အမှတ်တရပစ္စည်းဆိုတာ နင်သိရဲ့နဲ့ လုပ်ရက်တယ်။ ငါတစ် သက်လုံး ရုန်းကန်လာတာ ဘယ်အခြေအနေပဲရောက်ရောက် လက်နဲ့ထိခဲ့တာမဟုတ်ဘူး။ယောက်ျား တစ်ယောက်အပေါ် အဲလောက်ထိ စေတနာကောင်းဖို့ လိုသလား။ သွေးမတော် သားမစပ်တဲ့အပြင် သမီးရည်းစားလည်းမဟုတ်…”
“ကိုကြီး… တော်တော့ဟာ။ အဲဒီနားကပ်က ငါ့အပိုင်နားကပ်။ ငါ့ပစ္စည်း။ နင်နဲ့မဆိုင်ဘူး။ ငါ ကြိုက်တဲ့လူကို အလကားပေးတာ ဘာဖြစ်လဲ။ သူ့အရေးတကြီး အကူအညီလိုနေလို့။ သူ့သားလေးမွေး နေ့.. အဲ.. သူ့အစ်ကို ဆေးကုဖို့လိုနေလို့ ငါပေးလိုက်တာ”
“ဟဲ့… သူက အမြဲတမ်းလိုနေတဲ့သူလေ။ နင်က သူ့အမေမို့လို့လား။ ဒါမှမဟုတ် သူနဲ့ ဘာတော် လဲ…”
“ကိုကြီး … နင်မမိုက်ရိုင်းနဲ့နော်။ နင်ဘာပြောချင်လဲ ငါသိတယ်”
“အေး… သိရင်ပြီးရော။ နင်အဲလောက်ထိ ပေးကမ်းရက်ရောနေတာတွေကို ရပ်တန်းကရပ် တော့ မိုးမြင့်ထက်။ မဟုတ်ရင် ငါနဲ့ ညချမ်းမောင် ရန်သူဘဝကိုရောက်သွားရတော့မှာ”
“အေး… ငါသူ့ကို ချစ်နေသရွေ့ သူလိုအပ်တဲ့အကူအညီ ပေးနေဦးမှာပဲ”
“သူက နင့်ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် သဘောမထားဘူး။ အကူအညီလိုမှ ဆွဲသုံး တာ။ အသေးသုံးပစ္စည်းလို သဘောထားတာ နင်မရှက်ဘူးလား။ အရှက်တရားလုံးဝမရှိဘူးလား။ ရှက် တတ်မယ်ဆိုရင် နေရာမှာတင်လဲသေပစ်ဖို့ ကောင်းတယ်သိလား”
ဂရုဏာဒေါသတွေနဲ့ လှိမ့်ပြောနေမိသည်။
“ကိုကြီး… ငါ နင့်ညီမနော်.. အဲ့လောက်ထိ မပြောသင့်ဘူး”
“ပြောတယ်.. ပြောတယ်.. ဘာဖြစ်လဲ။ နင့်အတွက် ငါသိပ်ရင်နာတယ် သိလား။ အကူအညီလို ချင်ရင် မန်နေဂျာတွေရှိတာပဲ။ အလုပ်ကြီးတစ်ခုလုံးရှိတာပဲ။ သူတောင်းပေါ့။ ဘာလို့ အနိုင်ကျင့်လို့ရတဲ့ နင့်ဆီပဲ လာတောင်းရတာလဲ”
“အေး… သူ အဲ့လို အကူအညီတောင်းတာ၊ အရေးလုပ်ပြီး စကားလာပြောတာကိုက နင့်ညီမဖြစ် တဲ့ ငါက သာယာနေတာလေ .. ရှင်းလား”
“နင်… နင်.. လုံးဝမရှက်တော့ဘူးပဲ”
“အေး… ဟုတ်တယ်..။ သူနဲ့ပတ်သက်ရင် ငါ့မှာအရှက်မရှိဘူး။ ရှင်းတယ်နော်”
“နင့်ကို ရွာပြန်ပို့မယ် မိုးမြင့်ထက်။ ဒီမှာမနေနဲ့တော့ … ညချမ်းမောင်နဲ့ ဝေးတဲ့နေရာကို ပို့မယ်။ ငါလည်း မနေတော့ဘူး။ အမရပူရကို ပြန်မယ်။ အဲဒီအကောင် မမြင်ကွယ်ရာမှာပဲ လုပ်ကိုင်စားသောက် တော့မယ်”
“နင့်ဘာသာ ပြန်ချင်ပြန်၊ ငါမလိုက်ဘူး။ လိုက်ရင်လည်း ပြန်လာမှာပဲ။ တားဖို့တော့ မစဉ်းစားနဲ့။ မကြိုးစားနဲ့။ ညချမ်းမောင်ရှိရာအနားမှာပဲနေဖို့ ဆုံးဖြတ်ထားပြီးသား”
“နင်… နင်”
ဝေငြိမ်း သူ့ကိုရိုက်ဖို့လက်ရွယ်ပေမယ့် မရိုက်ဖြစ်လိုက်ပါ။ ထိုင်လျှက်အနေအထားမှ ထကာ အရှိန်ပြင်းပြင်းနဲ့ ပါးရိုက်ပစ်ဖို့ ဟန်ပြင်ခြင်းသာ။ မရိုက်ရက်။
“နင် ငါ့ကို ရိုက်ချင်တယ်မလား။ လာလေ… ရိုက်လေ…”
“အေး… နင့်ကိုတော့ မရိုက်တော့ဘူး။ နင် ငမ်းငမ်းတက်နေတဲ့ ညချမ်းမောင်ကို သတ်ပြီး ထောင်ထဲဝင်မှာ…”
“တောက်…”
မိုးမြင့်ထက် အပြင်ကို ထွက်သွားသည်။
ဝေငြိမ်းတို့ မောင်နှမ စကားများနေတာကို ဘေးအခန်းတွေက မကြားဘဲနဲ့နေမှာမဟုတ်။ မိုးမြင့် ထက်ကတော့ တကယ်ပင် ဆေးမိနေပြီ။ မှိုင်းမိနေပြီ။ အစွန်းရောက်နေတာ တစ်ဖက်ချောက်ထဲ ပြုတ် ကျတော့မှာ အသေအချာပင်။ တားမရ၊ ဆီးမရ၊ ဘယ်လိုပြောပြော မရတော့။
ဝေငြိမ်း ယူကျုံးမရဖြစ်မိသည်။
ဒီမောင်နှမနှစ်ယောက်ပဲရှိတာ။ တစ်သက်လုံး ချစ်ချစ်ခင်ခင် အေးအေးဆေးဆေးနေလာခဲ့ပြီးမှ ဒီယောင်္ကျားတစ်ယောက်ကြောင့် စိတ်ဝမ်းကွဲရပြီ။ ညချမ်းမောင်ကို ဝေငြိမ်းလည်း သံယောဇဉ်ရှိ တာပေါ့။ စေတနာရှိတာပေါ့။ ဒါပေမယ့် ဝေငြိမ်းရဲ့စေတနာတွေဟာ မိုးမြင့်ထက်ရဲ့ အကြင်နာပိုမှုတွေ ကြောင့် တဖြည်းဖြည်းနဲ့ လျော့ကျလာသယောင်။
ဟုတ်တယ်…။ ဝေငြိမ်း သူ့ကို သံယောဇဉ်လျော့ကျသွားတာ သေချာပြီ။ မမုန်းမိအောင်တော့ ကြိုးစားရမည်။
“ဘာဖြစ်ကြတာလဲ ဝေငြိမ်းရယ်..”
အန်တီအပျိုကြီးက ဝေငြိမ်းတို့စကားများနေတာကို ကြားသွားလို့လားမသိ။ အခန်းထဲဝင်လာ သည်။ ဝေငြိမ်းက ချောင်လေးထဲမှာ ကုပ်ကုပ်ကလေး ထိုင်ငိုနေရာကနေ အန်တီအပျိုကြီးတို့ ဝမ်းနည်း ပက်လက်ပြောပြမိ၏။
“ရွာပြန်ရင် ကောင်းမလားမသိပါဘူး အန်တီအပျိုကြီးရယ်”
တစ်ခါမှ ဒီလောက်ထိ စိတ်မဆင်းရဲဖူးပါ။ အမရပူရမှာပဲ ဖြစ်သလိုရှာဖွေစားသောက်တော့ရင် ကောင်းမလား။ ရက္ကန်းခတ်ရင် ခတ်၊ မခတ်ရင် မန္တလေးမှာပဲ အလုပ်တစ်ခုခု ရှာလို့ရနိုင်သည်။
“မိုးမြင့်ထက်တစ်ယောက်တော့ ခက်ပါတယ်ဟယ်။ ပြောလို့ဆိုလို့ မရတော့ဘူး။ ဆရာတို့နဲ့ တိုင်ကြည့်ပါလား ဝေငြိမ်း”
အလုပ်ရှင်ဆိုတော့ အားလုံးက ရိုသေလေးစားကြရသည်။ ဝန်းထမ်းတွေအပေါ်မှာလည်း သမာ သမတ်ကျကျ ဆက်ဆံတတ်တာကြောင့် ဆရာတို့ပြောရင် ရကောင်း ရနိုင်သည်။ ဒါပေမဲ့ …
“ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပဲ ဖြစ်နေမလား အန်တီအပျိုကြီး။ နောက်ပြီးတော့ ဘယ် ကစပြီး ဘယ်လိုပြောရမလဲ မစဉ်းစားတတ်ဘူး”
အခုချိန်မှာ စိတ်ဆင်းရဲတာပဲသိသည်။
တကယ်လို့ အိမ်ပြန်ရင်လည်း မိုးမြင့်ထက်က တကယ်ပဲ ရန်ကုန်ကိုပြန်မလာနိုင်ဘူးလို့ မပြော နိုင်ဘူး။ ဘိန်းစွဲနေတဲ့လူတစ်ယောက်လို ဘာမဆိုလုပ်မယ့်ပုံ။ ကျောင်းတက်နေတုန်းက အကောင်း သား။ အဝေးသင်တက်ပြီး ရက္ကန်းခတ်လိုက်တာကနေ အခုလို တားမနိုင်ဆီးမရအဖြစ်မျိုးကို ရောက်မှန်း မသိ ရောက်သွားရတာပင်။ ဘာလုပ်ရင်ကောင်းမလဲ။ စဉ်းစားမရတဲ့အဆုံး လှိမ့်ပဲ ငိုနေမိသည်။
“ငိုနေလို့မပြီးသေးဘူးလေ ဝေငြိမ်း”
“စိတ်ညစ်တာပဲ သိတယ်”
“အေးဟယ်… ငါလည်း ဘာလုပ်ပေးရမှန်းမသိတော့ပါဘူး။ ခင်သူဇာရှိတုန်းကတော့ နင်တို့တွေ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်နေကြတာ။ သူရှိရင် အခုလောက်ထိ ဖြစ်လာမယ်မထင်ဘူး”
သူဇာက မိုးမြင့်နဲ့ ညချမ်းတို့ရဲ့ အဓိကအဟန့်အတားမို့ အခုထိမဖြစ်လာနိုင်ဘူးလို့ တွက်ဆလို့ ရကောင်းရသည်။ ဒါပေမဲ့ ကိုယ့်ညီမအကြောင်းကို သိပြီးသား။ ကျောင်းထွက်ပြီး ညချမ်းမောင်အနား ကို ရောက်အောင်ကြိုးစားတာပဲကြည့်။
ရက္ကန်းစင်ကိုလည်း ညချမ်းမောင်နဲ့ပဲ ရအောင်ပြင်ခိုင်းသည်။ ခြေနင်းဝါးလုံးပြတ်တာ၊ လက်ဆွဲ ကြိုးပြတ်တာမျိုးတို့ အသေးအမွှားကိစ္စကိုတောင် မအားတဲ့ညချမ်းမောင်ကို မရမကခေါ်ပြင်ခိုင်းတဲ့ အကြော။ အစ်ကိုတစ်ယောက်လုံး ရက္ကန်းခတ်နေတာတောင် စင်လေးနည်းနည်းပါးပါး ကမောက်ကမ ဖြစ်လာရင် ညချမ်းမောင်ကိုပဲ ပြင်ခိုင်းတတ်တာကိုက ဘယ်လမ်းဘယ်ဆီသွားနေတယ်ဆိုတာ အားလုံး အသိ။
စင်က ခတ်လို့ကောင်းနေတာတောင် လွန်းပြေးတာမမှန်ဘူးလို့ အကြောင်းပြကာ ညချမ်းမောင် ကိုခေါ်ပြီး စကားခေါ်ပြောတတ်တာမျိုးတွေလည်းရှိတာ ဝေငြိမ်းကောင်းကောင်းသိတာပေါ့။
“ရွာတော့ မပြန်ပါနဲ့ဝေငြိမ်းရယ်… ဟိုမှာက ကိုယ့်အိမ်၊ ကိုယ့်ဝိုင်းအပိုင်ရှိပြီးသားပဲ။ ဒီက ပိုက်ဆံ နည်းနည်းပါးပါး စုမိဆောင်းမိမှ ပြန်စေချင်တယ်”
“ဟုတ်… ဒီဟာမ အကြောကို ဘယ်လိုပြင်ရမလဲဆိုတာသာ အရေးကြီးတာပါ”
“ညချမ်းမောင်နဲ့ စကားပြောကြည့်ရင်ကော…”
x x x x x x x x x x x x