(၂၆)
“ညီမလေးနဲ့ နင့်ရဲ့အခြေအနေက ဘယ်အထိရောက်နေပြီလဲ”
ညီမရင်းရဲ့အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့အပူက ညချမ်းမောင်နဲ့ ထပ်တိုက်ရင်ဆိုင်ဖို့အထိ တွန်းအားဖြစ်လာခဲ့သည်။ ဝေငြိမ်း သူ့ကို အပြတ်ပြောဖို့ စဉ်းစားထား၏။
သူညဘက် ချားဆွဲနေတဲ့အချိန် သွားပြောခြင်းပင်။ တစ်နေ့တာ အလုပ်ကုန်ဆုံးလို့ နောက်တစ် နေ့တာလုပ်ရမည့်အလုပ်အတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ ဂုန်နီချည်မျှင်လုံးတွေကိုစီပြီး ချားလုံးထဲစု စည်းလိပ်ထည့်တာကြောင့် ချည်မျှင်လုံးတွေက တစ်လုံးပြီးတစ်လုံး ကုန်သွားတတ်သည်။ အဲ့ဒီကုန်သွား တဲ့နေရာမှာ အစားထိုးပြီး အဆင်သင့်စီထားတာ၊ တစ်နေ့တာထွက်လာတဲ့အမှိုက် (ချည်မျှင်) တွေကို လှည်းကျင်းသိမ်းဆည်းတာတွေကို သူက ညဖက်မှအေးအေးလူလူ လုပ်တတ်၏။ တခြား ချားသမား တွေကတော့ ရေမချိုးခင်၊ ညစာမစားခင်လုပ်တတ်ကြတာကြောင့် သူလုပ်တဲ့အချိန်ဆိုရင် လူရှင်းနေပြီ။ ရက္ကန်းသမားတွေကျတော့လည်း တစ်နေကုန် တစ်ကိုယ်လုံးလှုပ်ပြီး အလုပ်လုပ်ကြတာမို့ ထမင်းစား သောက်ပြီး စကားနည်းနည်းပါးပါးပြောကြ၊ အိပ်တဲ့သူ အိပ်၊ တီဗီနားရောက်တဲ့သူရောက်နဲ့ သူ့နေရာနဲ့ သူ တိတ်ဆိတ်လို့နေ၏။
“ဘာကိုပြောတာလဲ”
ဝေငြိမ်းက သူနဲ့စကားပြောဖို့ အားတင်းလာခဲ့ရပေမယ့် သူကတော့ အေးအေးလူလူပင်။
ချည်လုံးပြတ်တာတွေကို ဆက်သင့်တာဆက်။ အရှုပ်တွေပါလာရင် ဖြတ်သင့်တာဖြတ်နဲ့ မီးရောင်အောက်မှာ အာရုံတစိုက်လုပ်နေ၏။ ဝေငြိမ်းစကားသွားပြောတာတောင် အလုပ်မပြတ်။ ဂုန်နီ ချည်လုံး ကုန်သွားလို့ပေါ်လာတဲ့ ပလတ်စတစ်အူတိုင်တွေကိုတောင် ခြင်းထဲကို ဝှစ်ခနဲပစ်ထည့်လိုက် သေးသည်။
“နင်နဲ့ မိုးမြင့်ထက်နဲ့ တစ်ပူးပူးတစ်တွဲတွဲဖြစ်နေတာ အားလုံးသိနေကြပြီ။ ရိုးရိုးတန်းတန်းပဲဖြစ် ဖြစ် မရိုးမရှင်းပဲဖြစ်ဖြစ် ပြတ်ပြတ်သားသား သိချင်လို့မေးတာ။ မိုးမြင့်ထက်ရဲ့ အစ်ကိုတစ်ယောက်အနေ နဲ့မေးတာ”
သူနဲ့စကားပြောတာကို မိုးမြင့်ထက်မသိအောင် ရက္ကန်းရုံနားက အဖွားကြီးစျေးဆိုင်မှာ လပေးအ ကြွေးတွေ သွားရှင်းခိုင်းထားသည်။ အဖွားကြီးက တလှုပ်လှုပ်နဲ့ အကြွေးတွက်တာ တော်ရုံနဲ့ပြီးမှာမ ဟုတ်။ အနည်းဆုံး နာရီဝက်တော့ ကြာမှာ။ ဒီအတောအတွင်း သူနဲ့ စကားကြောပြတ်အောင်လုပ်ရ မည်။
“အစ်ကိုတစ်ယောက်အနေနဲ့ ဟုတ်လား”
သူက ဝေငြိမ်းကို ရိသဲ့သဲ့လှောင်သည်။
“ညချမ်း၊ နင်ငါ့ကို အဲ့လောက်ထိလည်း မလှောင်ပါနဲ့။ ငါ့ပုံစံက ဘယ်လိုပဲဖြစ်နေဖြစ်နေ မိုးမြင့် ထက်ရဲ့ အစ်ကိုအဖြစ် မွေးဖွားလာခဲ့တာပဲ။ ဘဝပေးကုသိုလ်ကံကြောင့် ဖြစ်လာတဲ့အရာကို လူတန်းစား ခွဲခြားမှုတစ်ရပ်အနေနဲ့ ပြက်ရယ်မပြုပါနဲ့။ ငါက သူများကို ထိခိုက်နစ်နာအောင်လည်း လုပ်နေတာ မဟုတ်ဘူး။ ငါ့ဘဝ ငါကျောင်းနေတာ”
ဝေငြိမ်းထပ်ပြောချင်တာပေါ့။ “ငါ့ဘဝပေးအခြေအနေက သူများဆီကနေ ချူစားနေတဲ့လူ လောက် အောက်တန်းမကျပါဘူးလို့”။ ဒါပေမဲ့ သူ့ကို အဲလောက်အထိလည်း မပြောရက်ပြန်ပါ။
“ဟား .. ဟား .. ဟုတ်ပါပြီ … ဟုတ်ပါပြီ။ ဒါနဲ့ ခုနက ဘာမေးတာလဲ”
သူ့ရဲ့စကားအပြောအဆို၊ အမူအရာတွေဟာ ဝေငြိမ်းအတွက် ချစ်ရာကောင်းခဲ့ပေမယ့် အခုချိန် မှာတော့ အမြင်ကတ်စရာကောင်းလှသည်။
“မိုးမြင့်နဲ့ နင်နဲ့ ရည်းစားတွေဖြစ်နေကြပြီလား။ ဘယ်အခြေအနေအထိ ရောက်နေပြီလဲလို့မေး တာ”
“သြော်… ရိုးရိုးပါပဲ”
“မဖြစ်နိုင်ဘူး ညချမ်း၊ ငါ့ကို ပွင့်ပွင့်လင်းလင်းပြောပါ။ ဒီလောက် တပူးပူးဖြစ်နေတာ ရိုးရိုးသား သားဖြစ်မလား”
“သူငယ်ချင်းတွေပါလို့ မင်းကိုပြောနေတယ်လေ ဝေငြိမ်းထက်”
သူ့လေသံ အနည်းငယ် မာစပြုသည်။
သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့လာပြီးမှ ပြဿနာဖြစ်လာရင် ရင်ဆိုင်ဖို့အသင့်ပြင်ထားပြီးသား။
“သူငယ်ချင်းဆိုရင် အမြတ်တနိုးတန်ဖိုးထားတဲ့ ရွှေနားကပ်ကို ရက်ရက်ရောရော ပေးလောက် အောင်အထိ ရင်းနှီးတဲ့ သူငယ်ချင်းပေါ့ ဟုတ်လား”
“ဘာပြောတယ်”
သူလုပ်လက်စအလုပ်ကိုရပ်လိုက်ကာ ဝေငြိမ်းအနားကို ရောက်လာသည်။ အခြေအနေက တင်း မာလာခဲ့ပြီ။ အဲဒီလို တင်းမာမှလည်း ပြတ်ပြတ်သားသား ဖြေရှင်းနိုင်မယ်လို့ ဝေငြိမ်းတွက်ထား၏။
“ငါ ပွင့်ပွင့်လင်းလင်းပဲ သိချင်တာ”
“ငါ့ဖက်ကတော့ ရိုးရိုးပဲ။ မင်းညီမကိုသာ မေးကြည့်။ သူ့ဖက်က ဆန်းနေရင်တော့ ငါလည်း မသိဘူး”
“ဟုတ်တယ်။ ညီမလေးဖက်ကဆန်းနေတယ်။ အဲဒါ ရက္ကန်းရုံတစ်ရုံလုံးသိတယ်။ အားလုံးသိ တယ်။ ကာယကံရှင်ဖြစ်တဲ့ နင်ကပိုသိမှာပဲ။ အဲဒီလို ရင်းနှီးမှုမျိုးကို ငါ့ညီမလေးထံမှာ မရှိစေချင်ဘူး ညချမ်း။ အဲဒါကို ထိန်းပေးဖို့ နင့်ဖက်က တတ်နိုင်သလောက် ဆင်ခြင်ပေးဖို့တောင်းပန်ပါတယ်။ ငါတ ကယ်စိတ်ဆင်းရဲရလွန်းလို့ပါ။ နင်လုပ်ပေးနိုင်မှာပါ”
“ဟာ… တစ်ဖတ်သက်ဖြစ်နေတဲ့ကိစ္စကို ငါကဘာလို့ ထိန်းပေးရမှာလဲ။ ကိုယ့်လူ ကိုယ်ထိန်း လေကွာ”
“မရဘူး။ မိုးမြင့်ထက်က ဂိတ်ဆုံးနေပြီ”
“အဲဒါတော့ ငါလည်းမတတ်နိုင်ဘူးလေ။ ငါကဘာကိုလုပ်ပေးရမှာလဲ။ တစ်ခုတော့ရှိတယ်။ ငါက ယောက်ျားလေး။ ယောကျ်ားစစ်စစ်။ ရသမျှ အခွင့်အရေးကို လက်မလွှတ်ဘဲ ယူတတ်တယ်။ မင်းညီမ ဆီက ခခယယ တောင်းတောင်းပန်ပန် ရယူတာမျိုး ဘယ်အရာမှမရှိခဲ့ဘူး”
“ဒါပေမဲ့…”
“ငါပြောတာ နားထောင်ဦး။ သူ့မှာ ရွှေနားကပ်ရှိတာလည်း ငါမသိဘူး။ သူကျေနပ်လို့ သူပေး တာ။ ငါက သူအတင်းပေးလို့ယူတာ။ တခြား တခြားသောအရာတွေလည်း အဲ့ဒီအတိုင်းပဲ။ ငါဘယ် လောက်တောင်းတောင်း သူမပေးချင်ရင် မပေးလို့ရတာပဲ။ ပေါ်တင်ရှင်းလို့ရတယ်။ မင်းညီမကိုပါ ခေါ် ရှင်းလို့ရတယ်”
“အဲဒါတွေ ထားလိုက်တော့။ ဆက်မပြောချင်တော့ဘူး။ ငါဖြစ်စေချင်တာက နင်တို့နှစ်ယောက် အခုလို အခြေအနေကနေ ရှေ့ဆက်မတိုးဖို့ လက်ရှိအခြေအနေကို လျော့ရဲအောင်လုပ်ဖို့ …”
သူခေါင်းခါသည်။
“ငါတောင်းပန်ပါတယ် ညချမ်းရယ်။ ညီမလေး လွတ်မြောက်နိုင်မယ့် နည်းလမ်းရှာမတွေ့နိုင်လို့ နင့်ကိုလာပြောရတာပါ”
“ကျွတ်… အဓိပ္ပါယ်မရှိတာကွာ…။ ကဲ… ငါ မိုးမြင့်ထက်နဲ့ မင်းထင်သလိုချစ်သူတွေဖြစ်လာပါ ပြီတဲ့… မင်းတို့ဖက်က ဘာနစ်နာစရာရှိလဲ”
သိပ်ရှိတာပေါ့။ ညချမ်းက ဒီလောက် အသုံးအဖြုန်းကြီးတာ၊ အရာရာတိုင်းကို ပေါ့ပျက်ပျက် သဘောထားတာ၊ လူတစ်ဖက်သားရဲ့ခံစားချက်တွေကို ကိုယ်ချင်းစာနားလည်မပေးတာ… အဲဒါတွေက ဘယ်သူကလက်ခံကြည်ဖြူနိုင်စရာကောင်းလို့လဲ…။ သူ့ဘဝပေးကုသိုလ်ကံအကြောင်းလှနေလို့သာ ချစ်တဲ့သူ၊ ကြင်နာမယ့်သူ ပေါနေတာ။ အချိန်တန်ရင် ဒါတွေပျောက်ကွယ်သွားရင် ဇာတိရုပ်ကပေါ်လာ တော့မှာ။ ကံဆိုတာက အမြဲတမ်းမှ မကောင်းတတ်တာပဲ။ ဝေငြိမ်း သူ့ကိုနစ်နစ်နာနာ မပြောချင်ပေ မယ့် ညီမလေးအတွက်တွေးပြီး အရှိုက်ထိမယ့်စကားတစ်ခွန်း ပြောလိုက်မိသည်။
“ငါ့ညီမလေးက အပျိုစင်လေး။ တစ်ခုလပ်ယောက်ျားတစ်ယောက်၊ ကလေးတစ်ယောက် အဖေ နဲ့ သဘောတူဖို့မှ မဖြစ်နိုင်တာ”
“ဘာ…”
သူ့ဝှက်ဖဲကို အဖော်ခံလိုက်ရလို့ သူ့မျက်နှာ ချက်ချင်းနီရဲလို့သွားလေသည်။ ဝုန်းဆိုထလာပြီး ဝေငြိမ်းအကျင်္ ီရင်ဘတ်ကို လာဆွဲ၏။ ဝေငြိမ်းနဲ့ သူအနီးကပ်ဆုံးအနေအထား ရောက်သွား၏။ သူ့မျက် လုံးတွေက ကြောက်စရာကောင်းလိုက်တာ။ တစ္ဆေ၊ သရဲတစ်ကောင်လို။ ဝေငြိမ်းကို သတ်တော့မယ့် မျက်နှာဖြစ်နေသည်။
“မင်း… ဒါ ဘယ်က သိလဲ”
“ဒီလိုပဲ”
“ပြော… ပြောစမ်းဟေ့ကောင်၊ မင်းကို ဘယ်သူပြောတာလဲ။ မိုးမြင့်ထက်”
“လူတစ်ယောက်ရဲ့နောက်ကြောင်းကို လွယ်လွယ်ကူကူနဲ့ ဖျောက်ဖျက်လို့မရဘူး ညချမ်း”
“အေး… အဲဒီအကြောင်း တခြားလူတွေ သိရဲ သိကြည့်။ မင်းတို့မောင်နှမကို အသေသတ်ပစ် မယ်… ရှင်းလား… ကဲကွာ… ကဲကွာ…”
သူကဘယ်ဖက်လက်က ဝေငြိမ်းရဲ့အကျင်္ ီရင်ဘတ်ကို တင်းတင်းဆွဲထားပြီး ညာဖက်လက်က တော့ ဝေငြိမ်းရဲ့မျက်နှာဆီကို လက်သီးပြင်းတွေနဲ့ ထိုးတော့သည်။
သူ့ရဲ့ လက်သီးပြင်းဒဏ်တွေကို ဝေငြိမ်း လူလှိမ့်ခံရသည်။ အဲဒီလို ရုန်းရင်းဆန်ခတ်ဖြစ်တော့မှ တီဗီကြည့်နေတဲ့လူတချို့မြင်သွားပြီး လာဆွဲကြသည်။ အားလုံးရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ကြ၏။
“လုပ်ကြပါဦးဟဲ့… လာဆွဲကြပါဦး”
သူ့ဒေါသကို တော်ရုံနဲ့ ဆွဲလို့မရကြ။
ဝေငြိမ်းမျက်နှာမှာ ကြယ်တွေ လတွေ အထပ်ထပ်ဖြာကျသွားပြီးမှ လူစုကွဲသွားလေသည်။ သူ့မျက်နှာမှာ ဝေငြိမ်းအပေါ် မုန်းတီးမှုတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရသလို ဝေငြိမ်းမျက်လုံးတွေထဲ မှာလည်း သူ့ကို နာကျဉ်းမှုတွေ မြင်မှာအသေအချာပင်။
“ကိုကြီးရယ်… နင်ဘာသွားပြောတာလဲ။ နင်နဲ့တော့ ငါစိတ်ညစ်ပါတယ်။ သွားပါပြီ။ ညချမ်း မောင် ငါ့အပေါ် စိတ်ခုသွားရင်တော့ နင်ပဲ”
အစ်ကိုတစ်ယောက်လုံး မျက်နှာဖူးယောင်နေတာတောင် ဂရုစိုက်ဖော်မရဘဲ ဖွန်ကြောင်ဖို့ အား သန်နေတဲ့ မိုးမြင့်ကိုတွေ့ရာနဲ့ ကောက်ပေါက်ချင်သွားမိသည်။
တကယ်တော့ ညချမ်းမောင်ရဲ့ ဝှက်ဖဲကို မိုးမြင့်ထက်ရဲ့ ဒိုင်ယာရီစာအုပ်ကနေတစ်ဆင့် ဝေငြိမ်း သိခဲ့ရတာဖြစ်သည်။ သူဇာနဲ့ ပေါင်းကတည်းက သူတို့နှစ်ယောက်အကျင့်ကို ဝေငြိမ်းသိပြီးသား။ ညီမ လေးရေးနေကျစာအုပ်ကို လှန်လှောဖတ်ကြည့်မိရာကနေ အံ့အားသင့်ခဲ့ရသည်။ ညချမ်းမောင်က ကလေးတစ်ယောက်အဖေတဲ့လေ။
ဒီအကြောင်းအရာတွေကို ဘယ်သူ့ကိုမှ မပြောဖို့ နှုတ်ပိတ်ထားတာတဲ့။ မိုးမြင့်သိသလိုပဲ ဝေငြိမ်း လည်း သိတာပေါ့။ ဒါပေမဲ့ ညချမ်းမောင်ကိုငဲ့ပြီး ရေငုံနှုတ်ပိတ်နေရတဲ့အဖြစ်။ ဝေငြိမ်းတို့မောင်နှမ နှစ်ယောက်စလုံးက ညချမ်းမောင်အတွက် တတ်နိုင်သလောက် ပေးဆပ်ခဲ့တာချည်းပါပဲ။
“ငါက နင့်အစ်ကိုပါဟဲ့။ ငါ့ကိုလည်း နည်းနည်းပါးပါး သနားပါဦးဟယ်”
အခန်းထဲမှာ ချောင်ကုပ်ပြီး ရှိုက်ငိုမိသည်။
အန်တီအပျိုကြီးနဲ့ တခြားသူငယ်ချင်းတွေက ကြပ်ပူထိုးပေးဖို့ ပြင်ပေးနေကြ၏။ ဝေငြိမ်းရဲ့ မျက် နှာတစ်ပြင်လုံး ခဏလေးအတွင်းမှာ ဖူးယောင်လာသည်။
“နင် ပြဿနာသွားရှာတာမလား … အရင်စပြီး …”
“ငါက နင့်အတွက် သွားပြောတာပါဟယ်”
“ဘာလဲ .. နားကပ် ကိစ္စလား”
“ငါ ပြန်မတောင်းပါဘူး။ မယုံရင် သူ့မေးကြည့်”
“ဘယ်လိုပဲဖြစ်ဖြစ် နင်စတဲ့ကိစ္စလေ။ ဟိုက အလကားသက်သက် ပြဿနာရှာတတ်တဲ့လူမှ မဟုတ်တာ။ နင့်ကြောင့် သူငါ့ကို ငြိုငြင်သွားရင်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ သွားပြီထင်ပါ တယ်”
“နင်ဟာ တော်တော်မွေးရကျိုးနပ်တဲ့ညီမပဲ။ ငါသေရင်တောင် ညချမ်းမောင်အနားမှာရှိရင် ငါ့ကို အသုဘလိုက်ပို့မယ့် မိန်းမမဟုတ်ဘူး။ ငါအရမ်းဝမ်းနည်းမိတယ် မိုးမြင့်ထက်ရယ်.. နင်ငါ့ကို အသေ သတ်လိုက်ပါတော့လား”
ရင်ဘတ်ကို လက်နဲ့တစ်ဘတ်ဘတ်ပုတ်ရင်း ငိုကြွေးမိသည်။ မောင်နှမကြားထဲ ဒီလိုပြဿနာမျိုး တွေ ညချမ်းမောင်ရောက်ပြီးမှ ဖြစ်လာတာပင်။
“တော်ပြီဟာ… ငါတော့ မသတ်ဘူး။ ကိုယ့်ဖာသာပဲ လဲသေလိုက်။ ပြောလိုက်ရင် မျက်ရည် စမ်းစမ်း စမ်းစမ်းနဲ့”
ထုံးစံအတိုင်း အခန်းတံခါးဖွင့်ကာ အပြင်ကိုထွက်သွားလေသည်။
x x x x x x x x x x x