မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၂၇)

(၂၇)

“အခင်းဖြစ်တဲ့နေ့က လွန်းနဲ့ကတ်ကြေးကို ခင်ဗျားရဲ့ ရက္ကန်းစင်ပေါ်မှာ ထားခဲ့တယ် မဟုတ် လား”

“ထားခဲ့တာမဟုတ်ပါဘူး။ မေ့ကျန်ခဲ့တာပါ”

ရှေ့နေနဲ့ပဲ တိုင်ပင်ထားတာလား။ ဖြေဆိုမှု ကျွမ်းကျင်တာလားတော့ မသိ။ အဲဒီအဖြေကို ကျွန်တော် ချီးကျူးမိလိုက်သည်။ မျက်စိဖုံးတဲ့အထိ ရှည်နေသော ဆံပင်တွေကို သပ်တင်လျှက် တရားလို ရှေ့နေ၏ မေးခွန်းများကို အသင့်အနေအထားဖြင့် ဖြေဆိုနေသည့် ဝေငြိမ်းထက်။

သူ့မျက်ဝန်းတွေမှာ နာကျဉ်မှုတွေအပြည့်။ အရင်တုန်းက ရှိတတ်တဲ့ ကြောက်ရွံ့မှုတွေကိုတော့ မတွေ့ရတော့ပါ။ သူဘာမှ ကြောက်တော့မယ့်ပုံမဟုတ်။ လူတစ်ယောက်သေစေလောက်တဲ့အထိ အဖြစ် အပျက်တွေဖြစ်ခဲ့ပြီ မဟုတ်လား။ ဝေငြိမ်းလို နူးနူးညံ့ညံ့ပုံစံနဲ့ တရားခွင်နဲ့ မလိုက်ဖက်တာကတော့ အသေအချာပင်။

“ထားခဲ့တာပဲဖြစ်ဖြစ်၊ မေ့ကျန်ခဲ့တာပဲဖြစ်ဖြစ် လွန်းနဲ့ ကတ်ကြေးဟာ ရက္ကန်းစင်ပေါ်မှာ အဆင် သင့်ရှိနေခဲ့တယ်။ ဟုတ်တယ်နော်”

ဝေငြိမ်း ခေါင်းညိတ်ပါသည်။

“ခေါင်းညိတ်တာကို ရုံးတော်က မှတ်တမ်းတင်လို့မရပါဘူး။ ဟုတ်ရင်ဟုတ်တယ်။ မဟုတ်ရင် မဟုတ်ဘူး ဖြေပါ”

“ဟုတ်ပါတယ်”

“ညချမ်းမောင်ကို အဲ့ဒီနေရာကို (အခင်းဖြစ်တဲ့နေရာ) ရောက်အောင် ခင်ဗျားက စ ခေါ်ခဲ့တာ နော်”

“ဟုတ်ပါတယ်။ အဲဒါက ပြောစရာရှိရင် ဒီလိုပဲခေါ်နေကျဆိုတော့…”

“မေးတာကိုပဲ ဖြေပါ”

“ဟုတ်ပါတယ်”

“အဲလိုခေါ်ပြီး ခင်ဗျားတို့ ဘာတွေပြောဖြစ်ကြလဲ”

“ညီမလေးနဲ့ မပတ်သက်ဖို့အကြောင်း အဓိကပြောတာပါ”

“သြော…. အဲဒီအကြောင်းကို ညကြီးမိုးချုပ်ပြောဖို့လိုသလား။ နေ့ခင်းဖက်လို့ ပြောလို့ရော မရ နိုင်ဘူးလား”

“နေ့ခင်းဖက်က ပတ်ဝန်းကျင်မြင်မှာစိုးလို့ အဲဒီအချိန်ကို ရွေးလိုက်တာပါ”

“ခင်ဗျားတို့ ပြောဖြစ်တဲ့စကားတွေ မှတ်မိသလောက်ပြောပြပါ”

“ကျွန်တော်က သူတောင်းထားတဲ့ ပိုက်ဆံကို ပေးမယ့်အကြောင်း၊ ညီမလေးကိုတော့ ထပ်ပြီး မပတ်သက်ဖို့ တောင်းပန်တဲ့အကြောင်း သူ့ကိုတောင်းပန်တာပါ။ အဲဒီမှာ သူက ဒေါသထွက်ပြီး ကျွန်တော့်ကို စ ထိုးတယ်”

ကျွန်တော်ဆိုတဲ့ အသုံးအနှုန်းကို ဝေငြိမ်းထက် သုံးခဲ့ပါသည်။ အခုတော့လည်း ရဲရင့်ပြတ်သား တဲ့ ယောက်ျားတစ်ယောက်ကို တရားခွင်ကို ရင်ဆိုင်နေတဲ့ ဝေငြိမ်းထက်အတွက် စိတ်မကောင်းဖြစ်မိ သည်။

“သူ စ မထိုးခင်မှာ ဒေါသထွက်စေတဲ့ စကားပြောမိသေးလား။ ပြေပြေလည်လည် တောင်းပန် နေတဲ့ကြားထဲက ထိုးတာလား”

“သူဒေါသထွက်စေတဲ့ စကားတစ်ခွန်း ပြောမိလိုက်လို့ပါ”

“ဘာစကားလည်း အဲဒါ…”

“ဟို …”

“ညချမ်းမောင်ဟာ အရင်တုန်းက လူသတ်ဖူးတဲ့အကြောင်းလား”

“မဟုတ်ပါဘူး”

“ဓါးပြတိုက်ဖူးတဲ့အကြောင်းလား”

“မဟုတ်ပါဘူး”

“ဥပဒေနဲ့ မလွတ်ကင်းတဲ့ အပြစ်တစ်ခုခု ကျူးလွန်ဖူးတဲ့အကြောင်းလား”

“မဟုတ်ပါဘူး”

“အဲဒါဆို ဘာအကြောင်းလဲ”

“မင်းဟာ မိမဆုံးမ၊ ဖမဆုံးမ သားသမီးအစစ်ပဲ။ ရိုင်းစိုင်းပြီး လူတစ်ဖက်သားအပေါ် အကြင်နာ တရားမရှိဘူးလို့ ပြောလိုက်တာပါ”

“အဲလို ပြောလိုက်လို့ သူက စ ထိုးတာပေါ့”

“ဟုတ်ကဲ့”

“ဘာဆက်ဖြစ်လဲ ဆက်ပြောပြပါ”

“နင်လွန်လာပြီနော်။ ငါသည်းမခံနိုင်တော့ဘူး။ ငါ့ကို ရိုက်တာ ချက်ချင်းရပ်လိုက်ဆိုပြီး ပြောပါ တယ်။ သူက မရပ်ဘူးကွာ။ လုပ်တယ် ဘာဖြစ်လဲဆိုပြီး ကျွန်တော့်ဆံပင်ကို ဆောင့်ဆွဲခေါ်ပြီး ရက္ကန်း စင်တိုင်ဆီ နဖူးနဲ့ ပြေးဆောင့်ပါတယ်”

နားထောင်နေတဲ့သူတွေ စိတ်ဝင်စားမှု အမြင့်တက်ဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်တော် ဆက်နားမထောင်ချင်တော့။ ရုံးတော်ကို ဦးညွှတ်လိုက်ပြီး ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ထွက်လာခဲ့သည်။

ဘုရား၊ ဘုရား …။ အေးမြတဲ့အရိပ်အာဝါသ လုပ်ငန်းခွင်တစ်ခုလို့ ကျွန်တော်တို့အားလုံး ယူဆ ထားကြတဲ့ မြန်မာ့လက်ရာ ရက္ကန်းရုံကလေးထဲမှာပဲ ဒီလိုအဖြစ်အပျက်မျိုး တကယ်ဖြစ်ခဲ့တာပါလား။ အိမ်နဲ့ခြံကို သူများကိုအပ်ပြီး အမရပူရကနေ ရန်ကုန်တက်လာကာ ရိုးရိုးသားသား လုပ်ကိုင်စား သောက်နေကြတဲ့ မောင်နှမနှစ်ယောက်အပေါ် ဒီလို ကံကြမ္မာဆိုး ရောက်လာခဲ့တာပါလား။

ညချမ်းမောင်အတွက်တော့ ဘာမှမပြောလိုခဲ့ပါ။ သူ့ထိုက်နဲ့ သူကံလိုပဲ ကျွန်တော်ယူဆသည်။ ညချမ်းဆိုတာက ကျွန်တော့်အဆက်အသွယ်နဲ့ ရက္ကန်းရုံကို ရောက်လာခဲ့တာ။ ရုံထဲကို မရောက်ခင်က တည်းက ညီအစ်ကိုလို ရင်းရင်းနှီးနှီးနေခဲ့ကြသည်။ ရုပ်ကလည်းဖြောင့်၊ အပြောကလည်း ကောင်းတော့ ကောင်မလေးတော်တော်များများက သူ့အနားကပ်ချင်ကြသည်။ ဒါကို သူက အထာနပ်နပ်နှင့် ကိုင် တွယ်သည်။ လာသမျှ အလွတ်မပေး။ ဘာလာလာဒေါင်းပြီးသား။ သူ့ရဲ့အကျင့်စရိုက် တော်တော်များ များကို သိလာခဲ့ပြီးနောက်ပိုင်းမှာတော့ သူနဲ့ ကျွန်တော်အလုပ်သဘောအရ ခင်ခင်မင်မင်ပဲရှိခဲ့တော့ သည်။

ဘာရယ်ကြောင့်မှမဟုတ်။ သူကလည်း သူ့ဖာသာ ခပ်တန်းတန်းဖြစ်နေပြီး ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ သူနဲ့ခပ်တန်းတန်းလောက်သာ နေခဲ့ရတော့သည်။ ကျွန်တော် ရက္ကန်းရုံက ထွက် ခွါလာပြီးနောက်ပိုင်းအထိ သူအဲဒီမှာ လုပ်ကျန်ခဲ့ရင်း အခုလို ပြဿနာတွေဖြစ်ခဲ့ရတာပင်။

မိုးမြင့်ထက်အကြောင်းကို တွေးလိုက်ရင်တော့ အားလုံးဒေါသထွက်စရာတွေချည်း။ ယောက်ျား တစ်ယောက်အပေါ် အဲ့ဒီလောက်အထိ ပေးဆပ်ချစ်ပြနိုင်တာ မမြင်ဖူး၊ မတွေ့ဖူးလောက်အောင်ပင်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ကဲ့ရဲ့၊ ကဲ့ရဲ့ မမှု။ အစွမ်းကုန်ချစ်ပြနိုင်သည်။ အစွမ်းကုန်ပေးဆပ်ပြနိုင် သည်။ အဲ့ဒါကြောင့်လည်း တစ်ဖက်လူက လိုတာထက်ပိုပြီး အခွင့်အရေးယူသွားတာပင်။

“သူ့အပေါ် ဘာပဲလုပ်ပေးရ လုပ်ပေးရ အဆင်သင့်ပဲ” လို့ ကျွန်တော့်ရှေ့မှာ လာညည်းဖူးသည်။

ကျွန်တော့် ရက္ကန်းရုံရဲ့အနေအထားအရ သူတို့ကို ကြီးကြပ်စီမံကွက်ကဲ သူတစ်ယောက်ဆိုပေ မယ့် အသက်မတိမ်းမယိမ်းတွေကြောင့် သူငယ်ချင်းတွေလို ပြောဆိုဆက်ဆံတတ်ကြသည်။ ဒီအဖြစ် အပျက်မှာ အဓိကပါဝင်တဲ့ သူတို့သုံးယောက်ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဆိုလည်း မမှား။ သူတို့ရင်ထဲမှာ ကျိတ်မနိုင် ခဲမရခံစားလာရင် ကျွန်တော့်ဆီကို လာရင်ဖွင့်တတ်ကြသည်။

လူကြီးတစ်ယောက်ကို တိုင်တဲ့ပုံစံမျိုးလည်း ဖြစ်သွား၏။ အကြောင်းအရာတွေကို သူတို့ ကျွန် တော့်ကို ပြောမှ ရက္ကန်းရုံအထဲမှာ ဘာတွေဘယ်လိုဖြစ်နေတာ၊ ဘာတွေလိုနေတာကို သိသည်။ နောက် သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း အကြံဉာဏ်ပေးနိုင်မည်ပေါ့။ အဓိက ကတော့ မိုးမြင့်ထက်ပဲ အ များဆုံး ကျွန်တော့်ဆီကို လာတိုင်ပင်တတ်သည်။

သူဇာ့လက်ထဲက လုယူဖို့ ကြိုးစားနေတယ်လို့ ပတ်ဝန်းကျင်အပြောကို မခံနိုင်မရပ်နိုင်ဖြစ်ပြီး ကျွန်တော့်ကို လာတိုင်ဖူးသည်။ ညချမ်းမောင်ကို မစွန့်လွှတ်နိုင်တော့တဲ့အကြောင်းကိုလည်း ပြောပြ ဖူးသည်။

“ငါ ကိုရီးယားကားတွေ ကြည့်တာများလို့လား မသိပါဘူးဟယ်” ဆိုပြီးလည်း ညည်းဖူးသည်။

သူ့ကိုယ်သူ ဘာဖြစ်နေပြီလဲဆိုတာသိရက်နဲ့ ဆက်မိုက်နေတဲ့အဖြစ်။ ကြာလာတော့ ပတ်ဝန်း ကျင်က မိုးမြင့်ထက်ကို မျက်ကွယ်ပြုထားကြတော့သည်။ တားလို့ဆီးလို့မှ မရတော့တာ။ ညချမ်းမောင် နဲ့ ပတ်သက်သမျှအကြောင်းကို ခရေစေ့တွင်းကျ သိဖို့လိုက်လံကြိုးစားသည်။ ညချမ်းမောင်အနားမှာ အမြဲတစေ ကပ်ချင်နေသည်။ ဘယ်သူ ဘာပြောပြော ဂရုမစိုက်။

“နင် အတ္တအရမ်းကြီးတယ်” ဆိုပြီး ဝေဖန်တော့ သူမငြင်း။

“ဟုတ်တယ်… လူတိုင်း အတ္တတွေနဲ့ချည်းပဲ။ အဲဒီထဲမှာ ငါက ပိုတောင်ပိုနိုင်တယ်။ ဝဋ်ကြွေးပဲနေ မှာ” ဆိုပြီး ရယ်ရယ်မောမော ပြောပြ၏။

မိုးမြင့်ထက်ရဲ့ အတ္တဂယက်က အစ်ကိုဖြစ်သူထံကိုပါ ရိုက်ခတ်သည်။ နူးနူးညံ့ညံ့နဲ့ အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ ဝေငြိမ်းထက်ရဲ့ဘဝကိုပါ ရိုက်ခတ်သွားတော့၏။ ဟုတ်တယ်။ သူများတွေအ တွက်၊ ပတ်ဝန်းကျင်အမြင်မှာ ဝေငြိမ်းထက်က အခြောက်၊ မိန်းမလျာ။ ဒါပေမဲ့ မိုးမြင့်ထက်အတွက် တော့ ယောက်ျားကောင်းတစ်ယောက်၊ အစ်ကိုပီသသော အစ်ကိုတစ်ယောက်အဖြစ် နေလာခဲ့တယ် ဆိုတာ ကျွန်တော်တို့အားလုံး လက်ခံကြသည်။

ညီမအတွက် လူသတ်ရဲတဲ့သတ္တိရှိလောက်အောင် ဖြစ်သွားတဲ့သူကို ပတ်ဝန်းကျင်က ဂရုဏာ သက်ကြသည်။ ကျွန်တော် ကိုယ်တိုင်ကလည်း ပုဒ်မ ( ၃၀၄ ) အဖြစ်နဲ့ ဝေငြိမ်းရဲ့ ဂုဏ်သိက္ခာကို ဆယ်နိုင် အောင် ကြိုးစားခဲ့သည်။

တရားခွင်ထဲကို ကျွန်တော်ပြန်ဝင်လာတော့ ဝေငြိမ်းကို ပြန်လှန်စစ်မေးတာတွေ တစ်ပိုင်းတစ်စ ရောက်နေပြီ။

“ညချမ်းမောင်က ခင်ဗျားရဲ့ စကားလုံးတွေကြားမှာ မခံရပ်နိုင်ဖြစ်လို့ ထိုးတာအပြင် တခြား ရန်ငြိုး ရန်စ ရှိသေးလား”

“မရှိပါဘူး”

“ညချမ်းမောင် ငြိုငြင်စရာကိစ္စရပ်တစ်ခုခု ခင်ဗျားလုပ်ထားသလား”

“မလုပ်ထားပါဘူး”

“အဲဒါဆို ခင်ဗျားသူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖူးလား”

“ဟင့်အင်း”

“ခင်ဗျားရဲ့ ညီမ မိုးမြင့်ထက်နဲ့ ညချမ်းမောင် ဘယ်လိုပတ်သက်လဲ”

“ဟိုး… အဲဒါကတော့…”

“ချစ်သူတွေလား”

“မဟုတ်ပါဘူး”

“သူငယ်ချင်းမိတ်ဆွေ သက်သက်ပဲလား”

“ညီမလေးဖက်က သူ့ကိုကြိုက်နေတာပါ။ ကျွန်တော် တားမရလို့ ငြိမ်နေတာ”

“ခင်ဗျားရော… သဘောတူလား”

“မတူပါဘူး”

“အဲဒါဆို ညချမ်းမောင်ကို ခင်ဗျားမကျေမနပ်တော့ ဖြစ်မှာပေါ့”

တရားခံ၏ရှေ့နေ မေးမြန်းနေခြင်းပင်။ မေးခွန်းတချို့က တရားလိုဖက်ကို အသားပေးသယောင် ထင်ရပေမယ့် ဝေငြိမ်းရဲ့အဖြေတွေက အမှန်တရားဆီကို ဦးတည်ဖို့ကြောင်းပေးခြင်းလို့ ကျွန်တော်ထင် မိသည်။

“ညီမလေးနဲ့ မပတ်သက်ဖို့ တားချင်တာကလွဲရင် သူ့အပေါ် လက်ဖျားနဲ့တောင် ထိဖို့ မတွေးမိပါ ဘူး”

“မေးတာကိုပဲ ဖြေပါ။ ခင်ဗျား ညချမ်းမောင်အပေါ် မကျေမနပ်ဖြစ်မိလား”

“သူ့ကို သတ်ပစ်ရလောက်အောင်အထိတော့ မဖြစ်ပါဘူး”

“ဒါပေမဲ့ ခင်ဗျားသတ်တယ်လို့  စွပ်စွဲထားတယ်”

“တမင်သတ်တာမဟုတ်ပါဘူး”

“မတော်တဆ ဖြစ်သွားတာလား”

“ကျွန်တော့်ကို ကျွန်တော် ကာကွယ်ရင်းနဲ့ ဖြစ်သွားတာပါ”

“ဒဏ်ရာတွေက အချက်ပေါင်းများစွာနော်”

“သူ ကျွန်တော့်အပေါ် လုပ်တဲ့ဒဏ်ရာတွေက အဲ့ထက်များပါတယ်။ ကိုယ်ဒဏ်ရာအပြင် စိတ် ဒဏ်ရာတွေပါ ပေးခဲ့တာပါ”

“အဖြစ်အပျက်အစုံအလင်ကို ရုံးတော်သိအောင် ခင်ဗျားပြောပြပါ”

“ဟုတ်ကဲ့”

ဝေငြိမ်း မျက်လုံးအစုံမှာ ရစ်ဝဲနေသော မျက်ရည်တွေ လိမ့်ဆင်းလာ၏။

x x x x x x x x x