(၅)
တစ်ခုခုတော့မှားနေပြီဆိုတာ ဝေငြိမ်းရိပ်မိလိုက်ပါသည်။ ညီမလေးကျောင်းကပြန်လာပြီး ခင်သူ ဇာ့ရက္ကန်းစင်နားမှာ စကားသွားပြောတာအတော်ကြာနေပြီ။ ပုံမှန်ပြောနေကျပုံစံမဟုတ်။ အရင်ဆိုသဲတွေ ကိုယ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကျီစားလို့။ အခုတော့ တိုးတိုးတိုးတိုးနဲ့ တစ်ယောက်တစ်ခွန်း စကားများနေပုံရသည်။ ဝေငြိမ်းရက်ဖောက်သွားယူပြီး ပြန်လာတာတောင်မပြီးကြသေး။ ရက်ဖောက် စက်က ပျက်နေတာနဲ့စောင့်ယူရတာ ဆယ့်ငါးမိနစ်လောက်တောင်ကြာသည်။
ညီမလေးကျောင်းကပြန်လာပြီး သူဇာ့အနားစကားလာပြောတာကို “လှပသော ညနေခင်း” ဆို ပြီး သူဇာကနာမည်ပေးဖူးသည်။
“မသိရင် ကိုရီးယားကားနာမည်ပေါ့ဟယ်၊ ငါတို့နှစ်ယောက်ရဲ့လှပသောညနေခင်းပေါ့၊ မိုးမြင့် ကျောင်းကပြန်လာရင် ငါ့မှာပျော်လို့” တဲ့။
ဒါပေမယ့် အဲဒီနေ့ကတော့ လှပသောညနေခင်းမဟုတ်ခဲ့ပါ။
ရက်ကန်းစင်ရဲ့ တိုင်ချည်(ချား) အပြီး ဖောက်ချည်အတွက် ရက်ဖောက်သီးတွေကို သက်ဆိုင် ရာ အလုပ်သမားတွေက စက်နဲ့လုပ်ပေးထားသည်။ အဲဒါကိုယူပြီး ဝေငြိမ်းတို့ကခတ်ရတာဖြစ်သည်။
ဝါချည်နဲ့ခတ်တဲ့ ရက္ကန်းတွေမှာတော့ ဗိုင်းငင်တာပေါ့လေ။ ဗိုင်းငင်တဲ့စက်ကလေးထဲကို ဝါဂွမ်း တွေနဲ့ ဗိုင်းငင်ရင်းသီချင်းတအေးအေးဆိုနိုင်သည်။ ဗိုင်းငင်ပြီးရတဲ့ချည်လုံးလေးတွေကို လွန်းထဲထည့်ပြီး ခတ်ရတာပေါ့။ ဂုန်နီရက္ကန်းမှာတော့ အဲဒီလိုလုပ်မနေတော့။
ဂုန်နီချည်တွေကို ပုံသွင်းစက်ထဲအလိုက်သင့်ထည့်ထား အင်ဂျင်နှိုးလိုက်တာနဲ့ ရက်ဖောက်သီး တွေ ထွက်လာသည်။ အဲဒါကို အလုပ်သမားလေးတွေကဖြတ်ယူလိုက်၊ ဂုန်နီချည်ပြန်ထည့်လိုက် လုပ် တာဖြစ်သည်။ ခေတ်စနစ်ပြောင်းလာတာနဲ့အမျှ လက်လုပ်ကနေစက်လုပ်အသွင် ပြောင်းသွားတာပင်။ စက်မောင်းပြီးထွက်လာတဲ့ ရက်ဖောက်သီးတွေကို မိမိတို့ရဲ့ရက္ကန်းစင်တွေအတွက် ကိုယ်တိုင်သွားယူရ တဲ့အခါရှိသလို စက်မောင်းသမားတွေ လာထည့်ပေးတဲ့အခါလည်းရှိသည်။ အဘဦးစံတင်တို့ မောင်းရင် တော့ ထွက်လာတဲ့ရက်ဖောက်တွေကို ရက္ကန်းစင်တိုင်း အညီအမျှလိုက်ထည့်ပေးတတ်သည်။
တစ်ခြားအလုပ်သမားကောင်လေးတွေကတော့ သူတို့ကြောင်နေတဲ့ကောင်မလေးတွေကိုသာ ထည့်ပေးတတ်၏။ ရက္ကန်းစင်အရေအတွက်များတာကြောင့် ရက်ဖောက်စက်က ထွက်သမျှမလောက် တတ်တာမျိုးတွေ ရှိတတ်သည်။ အဲဒီအခါမျိုးတွေမှာတော့ စောင့်ယူရတာပေါ့။ သူတို့စကားများတဲ့နေ့က လည်း အဲလိုစောင့်ယူပြီး ပြန်လာချိန်တွေ့တာပင်။ ပထမ ဝေငြိမ်းရက်ဖောက်သွားမယူခင်တုန်းကတော့ တိုးတိုး တိုးတိုးစကားပြောနေတာလို့ပဲထင်တာ။
ရက္ကန်းစင်ပေါ်တက်ပြီး ရက်ဖောက်သုံးလေးလုံးကုန်အောင် ခတ်ကြည့်သေးသည်။ သူတို့နှစ် ယောက်ပုံစံက သိပ်မဟန်တော့။
“ညီမလေးရေ …”
အခန်းထဲခေါ်လာခဲ့သည်။ ရက္ကန်းစင်နဲ့ နေတဲ့အဆောင်ကနီးနီးလေး။ အဆောင်ခန်းထဲရောက် တော့ တံခါးကိုအသာပိတ်ပြီးမေးမိသည်။
“ဘာဖြစ်တာလဲ”
ညီမလေး မျက်နှာစူပုပ်နေသည်။
ညချမ်းအကြောင်းပြောရင်း စကားများတာမှန်းတော့ ရိပ်မိ၏။ သူတို့စကားပြောသံတစ်စွန်းတစ်စ ကို ကြားပြီးဖြစ်သည်။ ဘာတဲ့… “နင် ငါပြောတဲ့စကားကို နားထောင်ရမယ်” ဆိုတာတွေရော .. “ငါ စိတ်ညစ်လာပြီ” ဆိုတာတွေရော..။
အခုကျတော့ ညီမလေးက ဘာမှမပြော။
“နင်တို့ ဘာဖြစ်ကြတာလဲလို့”
ထပ်မေးတော့ ညီမလေးက စိတ်တိုသည်။
“နင့်ကိစ္စမဟုတ်ဘူး ကိုကြီး.. သိပ်မစပ်စုနဲ့”
“ဟဲ့.. ငါက နင်နဲ့ မောင်နှမလေ..။ ငါ့ကို ပေးမသိရင် နင်ဘယ်သူ့ကို ပေးသိချင်တာလဲ။ ပြောစမ်း.. နင်တို့ ညချမ်းမောင်အကြောင်းပြောပြီး စကားများနေကြတာမလား.. ငါသိတယ်”
“အေး.. သိရင် ဘာကိစ္စမေးနေသေးတာလဲ”
“အပြည့်အစုံ သိချင်လို့ပေါ့ဟဲ့”
“အေးဟေ့… အေး အေး.. သူဇာက ညချမ်းမောင်ကို အဖြေပေးတော့မယ့်အကြောင်း ငါ့ကိုပြော တာ။ တိုင်ပင်တာ။ အဲ.. တိုင်ပင်တာတော့ မဟုတ်ဘူး။ အသိပေးတာ။ အဲဒါကို ငါကတားတော့ ကွိုင် တက်တာ.. ရှင်းပြီလား…”
သူဇာ့စိတ်က နှလုံးသားရေးရာဖက် အလေးသာသွားတာကိုး…။ ဒီလိုပါပဲ။ မိန်းမသားတွေဟာ အချစ်နဲ့ပတ်သက်လာရင် အရာအားလုံးကို မျက်ကွယ်ပြုချင်ကြတာပါပဲလား…။
“နင်က ဘာကိစ္စတားတာလဲ”
မေးသာ မေးလိုက်ရသည်။ ညီမလေးဘာကြောင့် တားတယ်ဆိုတာကို ဝေငြိမ်းကောင်းကောင်း သိတာပေါ့။ ကိုယ့်ညီမကို..။ ရာနှုန်းပြည့် ချစ်သူမဟုတ်သေးတာကို သိတော့ ရဦးမလားလို့ ကဖျက်က ယက်လုပ်တာ။
“သူဇာ့ကို နှမြောလို့ပေါ့”
“မဟုတ်သေးပါဘူးဟယ်… နင်တို့ဟာက..”
“ဟုတ်တယ် ကိုကြီး.. ငါသူဇာ့ကို ညချမ်းမောင်နဲ့ ချစ်သူမဖြစ်စေချင်ဘူး..။ သူဇာ နိုင်ငံခြားမှာ အလုပ်သွားလုပ်မလို့ စီစဉ်နေတာ.. ရည်ရွယ်ချက်အပျက်မခံစေချင်ဘူး”
“အဲဒါနဲ့ ညချမ်းကိုအဖြေပေးတာနဲ့ ဘာဆိုင်လဲ”
သိသိကြီးနဲ့ မေးပြီးရင်းဆက်မေးမိသည်။ ညီမလေးကလည်း အဲ့တော့မှ အရှိန်ကောင်းရလာကာ ဖြေကောင်းကောင်းနဲ့ ဖြေသည်။
“ညချမ်းမောင်ကို အဖြေပေးတော့မယ့်အကြောင်း သူကငါ့ကိုလာတိုင်ပင်တယ်။ အဲဒီတော့ ငါက နင်သူနဲ့ ချစ်သူမဖြစ်သင့်ဘူး။ မပေးရဘူးလို့ တားတယ်။ ငါတွက်တာက ညချမ်းက အသုံးအဖြုန်းကြီး တယ်လေ… သူဇာတို့က ပိုက်ဆံကို ခြစ်ကုပ်ရှာနေတဲ့သူတွေဆိုတော့ မလိုက်ဖက်ဘူးပေါ့။ နာစရာရှိ သူဇာ့ကို မနာစေချင်ဘူး… နောက်ပြီး မိသားစုစားဝတ်နေရေးအတွက် နိုင်ငံခြားသွားပြီး အလုပ်လုပ်ဖို့ စီစဉ်နေတဲ့အချိန်မှာ ညချမ်းနဲ့ သံယောဇဉ်တွယ်ပြီး အစီအစဉ်ပျက်သွားမှာကိုလည်း စိုးရိမ်တယ်။ အဲဒါ တွေကြောင့် ငါက တားတာ…”
ဆင်ခြေကတော့ ဟုတ်နေတာ..။ ညချမ်းကို သူဇာ့လက်ထဲမထည့်ပေးချင်လို့.. မျှော်လင့်နေတာ တွေ လက်လွှတ်လိုက်ရမှာစိုးလို့ဆိုတာ ဝေငြိမ်းသိတာပေါ့။ ညီအစ်မချင်း.. အဲလေ.. မောင်နှမချင်းဟာ ကို…။
“အင်း.. အဲဒီတော့”
“အဲဒီလိုပြောတော့ သူဇာက နင်ကစိုးရိမ်နေတာပါ။ ချစ်သူတွေဆိုတာ အပြန်အလှန်နားလည်မှု ရှိလာမှာပေါ့တဲ့..။ ငါကလည်း ငါပြောတဲ့စကားကိုပဲ နားထောင်ရမယ်.. အဖြေမပေးရဘူးတားတယ်..။ သူကလည်း ငါ့ကိုမတားစေချင်ဘူး”
ညီမလေး ဘယ်လောက်ထိအောင် တားနိုင်မှာလဲ… နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေနေတာကို ဘယ်လိုလုပ်တားလို့ရမှာလဲ။
“နောက်ဆုံး သူဇာက ဘာပြောလဲသိလား.. သူနိုင်ငံခြားသွားအလုပ်လုပ်မယ့်ကိစ္စကို ညချမ်း တားခဲ့မယ်ဆိုရင် လုံးဝမသွားဘူးတဲ့လေ.. ငါကလည်း နင်သူ့ကို အဖြေပေးရဲရင်ပေးကြည့် … ငါနဲ့ နင် အပြတ်ပဲလို့ ခြိမ်းခြောက်လိုက်တယ်”
အဲဒီတော့ သူဇာက “စိတ်ညစ်လာပြီ” ဆိုတာကို ပြောနေမှာ..။ မလွယ်ပါဘူး.. မိုးမြင့်ထက်တစ် ယောက်ကတော့ .. လိုချင်တာကို ဇွတ်လုပ်ချင်တော့တာပဲ။ တစ်ဦးတည်းသော ညီမလေးလည်းဖြစ်၊ ကိုယ့်ထက်လည်း ပညာတတ်တော့ အလိုလိုက်ထားရတာ.. ဝေငြိမ်းလည်း ဘာမှမပြောသာတော့။
ရက္ကန်းပြန်ခတ်ဖို့တံခါးသွားအဖွင့်မှာတော့ နောက်ထပ်ပြဿနာတစ်ခုအကြောင်းကို ပြောပြန် လေသည်။
“ကိုကြီး… တစ်လက်စတည်း နင့်ကိုပြောစရာရှိတယ်”
“အေး”
သိပ်အရေးမကြီးဘူးလို့ ထင်ထားပေမယ့်…
“ငါ ကျောင်းထွက်မလို့”
“ဘာ”
ဝေငြိမ်း ထူပူသွားမိသည်။
“အဝေးသင်ပြောင်းမယ်လို့ပြောတာ”
“ဘုရား.. ဘုရား.. မိုးမြင့်.. နင်ဘာပြောတယ်”
“အဝေးသင်ပြောင်းတာပဲလေ၊ ဘာမှပညာရေးထိခိုက်တာမှမဟုတ်၊ ဒီဘွဲ့ပဲရမှာပဲ”
“နင်ဘာလို့ အဲလိုတွေးရတာလဲဟင် ညီမလေး”
ဝေငြိမ်းမှာတော့ သူ့ကိုပညာတတ်ကြီးဖြစ်စေချင်လွန်းလို့ အပင်ပန်းအဆင်းရဲတွေခံလိုက်ရတာ။ ကိုယ်အငတ်ခံပြီး ကျောင်းထားခဲ့ရတာ။ တကယ်ဆို မောင်နှမနှစ်ယောက်တက်ညီလက်ညီအလုပ်လုပ် ရင်း အရင်းအနှီးစု၊ ကိုယ်ပိုင်စျေးရောင်းလို့ရတာပဲ။ ညီမလေးကိုငဲ့ပြီး အမရပူရကနေ ရန်ကုန်ကိုတက်ပြီး အလုပ်လာလုပ်ကျောင်းထားပေးရတာ။ တော်တော်ကြီးစိတ်မကောင်းဖြစ်သွားမိသည်။
“ကိုကြီး … နင်သိပ်မစိုးရိမ်နဲ့ အဝေးသင်နဲ့ငါအခုတက်နေတဲ့ Day နဲ့ကအတူတူပဲ၊ ငါတက်နေ တာက ကျောင်းမှာစာနေ့တိုင်းသင်တယ်၊ အဝေးသင်ကျတော့ ကျောင်းကိုနေ့တိုင်းသွားစရာမလိုဘူး၊ အိမ်မှာစာကျက်ပြီး ဖြေရမှာ၊ စာမေးပွဲနီးတဲ့အခါကျမှ ကျောင်းခဏတက်ပြီးစာမေးပွဲဖြေရမှာ၊ ငါအခုရ မယ့်ဘွဲ့နဲ့ အဝေးသင်တက်ပြီးရမယ့်ဘွဲ့ကအတူတူပဲ၊ အဝေးသင်ဆိုတာ နေ့တိုင်းကျောင်းမတက်နိုင်ဘဲ စီးပွားရှာချင်တဲ့သူတွေအတွက် သီးသန့်လုပ်ပေးထားတာ၊ ငါအဝေးသင်ယူပြီး အလုပ်လုပ်တော့နင် လည်း အထောက်အကူရတာပေါ့”
အန်တီအပျိုကြီးပြောတာ ခဏခဏကြားရသည်။ သူ့တူတစ်ယောက်တောင် အဝေးသင်ယူပြီး စီးပွားရေးလုပ်တာ ကိုယ်ပိုင်လုပ်ငန်းတွေဘာတွေနဲ့တဲ့။ ဘာတဲ့။ ပညာရေးဝေးသည်မရှိတဲ့။
“အခုမှ ဘာလို့တွေးမိတာလဲ”
“အရင်ကတော့ နေ့တိုင်းတက္ကသိုလ်တက်တဲ့ဘဝကို လိိုချင်လို့ပေါ့ဟ၊ ဘယ်သူမဆိုအဲဒီဘဝကို မက်မောကြတာပဲလေ၊ ငါတော့ အခုချိန်မှာနားလည်သွားလို့ မတက်ချင်တော့တာ၊ ငါ့အခြေအနေနဲ့က အဝေးသင်ပဲသင့်တော်တယ်”
ဝေငြိမ်းလည်း တက္ကသိုလ်ကျောင်းသားဘဝကို အရမ်းမက်မောမိခဲ့တာပါ။ တောင်သမန်အင်းနား မှာ အကြော်ဝိုင်းကူရောင်းဖူးတုန်းက တက္ကသိုလ်ကျောင်းသားတွေ အုပ်စုလိုက်ဖွဲ့ပြီး အကြော်လာစားကြ တာ မှတ်မိသည်။ အဲ … အကြော်တင်မဟုတ်ဘူး။ သူတို့က ထန်းရည်လေးတောင်ပါသေး။ ထန်းရည် တောင်ရှာထားပေးရသေးသည်။
စကားတွေပြောလိုက်၊ ရယ်လိုက် မောလိုက်၊ စလိုက် နောက်လိုက် ပျော်စရာကောင်းလိုက်တာ။ တစ်ခါတစ်လေ အကြော်တဲထဲမှာ ချက်ထားတဲ့ဟင်းတွေကိုတောင် မွှေနှောက်ရှာဖွေစားသောက်သွား ကြပြီး တဲရှင်ကို စသွားတတ်ကြသေးသည်။ ကျောင်းဝတ်စုံဆင်တူလေးတွေနဲ့ သူတို့ကိုကြည့်ရတာ အရမ်းကျက်သရေရှိနေတော့တာပါပဲ။
“နင် ကျောင်းပြီးအောင်တက်လိုက်ပါတော့လား ညီမလေးရယ်၊ ဘယ်လောက်မှလည်း လို တော့တာမဟုတ်ဘဲနဲ့”
ကိုယ်မတက်လိုက်ရတဲ့ဘဝ ညီမလေးကိုတော့အပြည့်တက်စေချင်သည်။
“ဟင့်အင်း ငါဆုံးဖြတ်ချက်ချပြီးသွားပြီ၊ ဒုတိယနှစ်ဝက်စာမေးပွဲပြီးတာနဲ့ ငါအလုပ်လုပ်တော့ မယ်”
“နင် အဝေးသင်ပြောင်းတာငါ့ကြောင့်လားဟင်”
“မဆိုင်ပါဘူး၊ ငါ့ဟာငါ နင့်လုပ်စာတစ်သက်လုံးစားလာတာ လိပ်ပြာမသန့်တော့လို့ပါ၊ မောင်နှမ နှစ်ယောက် တက်ညီလက်ညီလုပ်ကြတာပေါ့”
မိုးမြင့်က တစ်ဇွတ်ထိုးလုပ်တတ်တာမို့ တားလို့မရတော့ဘူးဆိုတာ သိလိုက်ပါသည်။ ဘယ် တတ်နိုင်မလဲ။
“နေပါဦး … နင်က ဘာလုပ်တတ်လို့လဲ”
“ရက်ကန်းခတ်မယ်လေ၊ ဝေယံ့ကိုပြောပြီး ရက္ကန်းစင်တစ်စင်တောင်းမယ်၊ ပြီးတော့ သင် ခတ် ခတ်မယ်လေ”
ဒီတော့မှ ညီမလေးအကြံကိုရိပ်မိလိုက်ပြီ။
တွေးရင်း ရင်လေးမိသည်။
“နင်က ရက္ကန်းကောင်းကောင်းမခတ်တတ်ဘဲနဲ့”
“ညချမ်းကို သင်ခိုင်းမှာပေါ့၊ ညချမ်းမောင်တစ်ယောက်လုံးရှိနေတာပဲဟာ၊ စင်ဆောက်တာရော၊ ရက္ကန်းခတ်သင်တာရော သူ့ပဲခိုင်းမယ်၊ မဟုတ်ရင်လည်း နင်ကသူ့ကိုပေးကျွေးနေတာပဲကို၊ ပြောစရာ တောင်မလိုပါဘူး၊ ငါရက္ကန်းခတ်မယ်ဆိုရင် သူကကူညီမှာပါ”
အစတုန်းကတော့ ညီမလေးကို လုံးဝယောကျ်ားစိတ်ပေါက်နေတယ်လို့ ထင်ထားခဲ့တာ။ ညချမ်း မောင်နဲ့ တွေ့ပြီးနောက်ပိုင်းမှာတော့ မိုးမြင့်ထက်ရဲ့စိတ်တွေဟာ တကယ်လက်ဖျားခါလောက်ရလောက် အောင် ပြောင်းလဲလာခဲ့တာပင်။ ဝေငြိမ်းမှာတော့ ရင်ဘတ်ကိုလက်နဲ့ဖိကာအံသြရင်း။
× × × × × × × × × × × ×