(၆)
ရုတ်တရက်မြင်လိုက်ရသောမြင်ကွင်းကြောင့် ဝေငြိမ်းမျက်လုံးပြူးသွားမိသည်။ ဘုရား ဘုရား။ ညချမ်းနဲ့ကောင်မလေးတစ်ယောက်။ ဝတ်ထားစားထားကြတာ လန်ပျံထွက်နေတာပဲ။
ဒီနေ့တနင်္ဂနွေပိတ်ရက်မို့ ထောက်ကြန့်စျေးမှာစျေးလာဝယ်ရင်း တွေ့တာဖြစ်သည်။ ပိတ်ရက်မှာ အချိန်ယူပြီး ငါးပိကြော်၊ ငါးခြောက်ကြော်လေးတွေလုပ်ထားတော့ အလုပ်ဆင်းတဲ့အချိန်သက်သာ သည်။ ပြီးတော့ သူ့အတွက်ကြက်ပေါင်လေးတစ်ချောင်းလောက် ဝယ်ကြော်ပေးချင်လို့ စျေးကိုထွက် လာခဲ့တာဖြစ်သည်။
“ယုံတောင်မယုံနိုင်ဘူး”
တစ်ကိုယ်တည်းရေရွတ်မိသည်။
သူတို့ကနှစ်ယောက်သားပျော်ပါးနေတာမို့ ဝေငြိမ်းကိုမမြင်။ လိုက်ချောင်းဦးမှပဲလို့တွေးပြီး သူတို့ ကိုမျက်စိဒေါက်ထောက်ကြည့်နေမိသည်။ နည်းနည်းတော့လှမ်းပါသည်။
ညချမ်းမောင်ဝတ်ထားတာများ တကယ်ပိုက်ဆံရှိသားသမီးတွေ ဝတ်ထားသလိုပါပဲ။ ဆံပင်က အခုခေတ်စားနေတဲ့ အီမိုလိုလိုဘေးတစ်ခြမ်းမကျတကျကို သေသပ်စွာပုံသွင်းထားသည်။ အကျႌ ဘောင်းဘီကတော့ ညီမလေးပြောသလို တကယ့်ဘရန့်ဒန့်ဖြစ်မှာပေါ့။ ခေါင်းဆောင်းပါတဲ့ လက်ရှည်အ ဖြူရောင်၊ ဘောင်းဘီအနက်၊ ဖိနပ်ကတော့ အဖြူနဲ့အနက်ရောထားတဲ့ရှူး။ အသားအရောင်ကလည်း ကောင်းတော ့ထင်းခနဲဖြစ်နေသည်။ ကိုင်ထားတဲ့ဟန်းဆက်ကလည်း နိုင်းနိုင်းကြေငြာတဲ့ဖုန်းပုံစံလိုမျိုး ပါးပါး၊ အပြားကြီးကြီး တော်တော်လှသည်။ နှစ်သိန်းတန်ထွက်ကတည်းက ဖုန်းကိုင်နိုင်တာတဲ့လေ။ ဝေငြိမ်းတို့များ တစ်ထောင့်ငါးရာတန်ဖုန်းတောင် ဟန်းဆက်မဝယ်နိုင်လို့ မကိုင်နိုင်ဘူး။ ထောက်ကြန့် စျေးလိုမျိုးနေရာမှာ သူ့ကိုတွေ့တော့ မင်းသားများထင်မှတ်ကြလားမသိ၊ လိုက်ကြည့်နေကြသည်။
ကောင်မလေးကလည်း တော်တော်လှသည်။ လှတာထက် သူနဲ့လိုက်ဖက်သည်။ ဆံပင်ရှည် ရှည်လေးနဲ့။ အသားဖြူဖြူ။ ဝတ်ထားတာကလည်း အခုခေတ်ပုံစံပါပဲ။ စကတ်တိုတို၊ လက်စကအကျႌ လေးနဲ့။ ကြည့်လို့ကောင်းသည်။
“ဟော …”
လက်ချင်းချိတ်သွားရာကနေ ညချမ်းကကောင်မလေးပခုံးကို ဖက်လိုက်သည်။ ကားလမ်းမကြီး ဘေးဆီကို ထွက်သွားကြ၏။ ဝေငြိမ်းလည်း သူတို့နောက်ကိုပုန်းလျှိုးကွယ်လျှိုးနဲ့ လိုက်တာပေါ့။ ညချမ်း မောင်တို့များ ဝတ်ကောင်းစားလှ၊ ကောင်မလေးလှလှနဲ့ ကောင်းစားနေတာ။ ကောင်မလေးကိုလည်း ယုယနေလိုက်တာ။ ဝေငြိမ်းကိုများ တစ်ခါမှအဲလိုမယုယဖူးပါဘူး။
ပိုက်ဆံမချေးခင်တုန်းကများ မွေးနေ့မှာ မုန့်ဝယ်ကျွေးချင်လို့ဆိုပဲ။ မွေးနေ့ကျော်ပြီး ဒီနေ့လောက် အထိ ဘာမှမလာဘူး။ ပြောဖို့အားနာနာနဲ့ပဲ အလိုက်တသိနေပေးရပါသည်။
“မင်္ဂလာ နှစ် 3D ရုပ်ရှင်ရုံကို သွားချင်လို့”
ရုတ်တရက် တက္ကစီတစ်စီးကို လှမ်းတားပြီး ပြောလိုက်တာကို ကြားဖြစ်အောင်ကြားလိုက်သည်။ လက်စသတ်တော့ စော်နဲ့ ရုပ်ရှင်သွားကြည့်မှာကိုး။ သူကားငှားတဲ့အသံကကျယ်တော့ ဝေငြိမ်းလိုပဲ လူတော်တော်များများလည်း ကြားပုံရပါသည်။
“ဟိုဘဲတော့ ကောင်မလေးကို ရုပ်ရှင်ရုံခေါ်သွားပြီ” ဆိုပြီး အတင်းတုတ်နေတာကိုလည်း မြင်ရ ကြားရသည်။ မင်္ဂလာ 3D ရုပ်ရှင်က မြေနီကုန်းမှာ။ မြေနီကုန်းနဲ့ ဒီနဲ့အနည်းဆုံး ခုနှစ်ထောင်၊ ရှစ် ထောင်လောက် ပေးရမှာ။ ဘုရား..။ ပိုက်ဆံတွေ နှမြောဖို့ကောင်းလိုက်တာ။ ရုပ်ရှင်ကလည်း စျေးကြီး မှာ။ အိုး… အနည်းဆုံး သောင်းကျော်ကုန်မှာပေါ့။
တက္ကစီက တဖြည်းဖြည်းဝေးသွားသည်။
ဝေငြိမ်းလည်း ကျန်တဲ့ ဝယ်စရာရှိတာဝယ်ပြီး ပြန်လာခဲ့၏။ အဆောင်ရောက်တော့ ချက်ရင်း၊ ပြုတ်ရင်း ညချမ်းမောင်အကြောင်း တွေးနေမိသည်။ ညီမလေးကတော့ ကျောင်းထွက်ဖို့၊ ရက္ကန်းခတ်ဖို့ တွေးနေသည်။ ညချမ်းမောင်နဲ့ နီးဖို့အရေး။ သူဇာကလည်း အဖြေပေးချင်လို့ ပြူတစ်ပြူတစ်ဖြစ်နေ၏။ ဟိုမှာတော့ ပျော်လို့ ပါးလို့၊ မိုးမမြင် လေမမြင်။
“ငါ ဘာလုပ်ရမလဲ”
သူ့အတွက် ဝယ်လာတဲ့ကြက်ပေါင်တုံးကို နနွင်း၊ ဆား၊ အချိုမှုန့်တွေနဲ့နယ်ရင်း စဉ်းစားမိသည်။ သူဇာ့ကိုပြောရင်ကောင်းမလား။ အဲ့ဒီလိုပြောလိုက်ရင် မနာလိုလို့ တမင်တကာလီဆယ်ပြောတာလို့ လည်း အထင်ခံရမှာစိုးသည်။ ကိုယ်ကအမှန်ကို ပြောတာပဲလေ။ သူထင်ချင်သလိုထင်ဆိုပြီး ဆုံးဖြတ် ချက်ချလိုက်ပြန်တော့လည်း ပြောထွက်ဖို့မလွယ်။
“ဘာပဲဖြစ်ဖြစ် ကာယကံရှင်ကို အရင်မေးလိုက်တာပဲ ကောင်းပါတယ်လေ”
ညချမ်းပြန်အလာကိုစောင့်မည်။ အမှန်အတိုင်း မေးမည်ပေါ့။ နောက်ဆုံးတော့ အဲဒီလိုပဲမေးဖို့ စဉ်းစားလိုက်တော့သည်။ ကြားထဲမှာ အချိန်တွေပိုနေသလို ခံစားရလို့ ချည်အရှုပ်အထွေး ထိုင်ရှင်းနေ လိုက်၏။ ညီမလေးကတော့ ထုံးစံအတိုင်း သူဇာနဲ့စကားသွားပြောသည်။ ချစ်လိုက်ကြတာလည်း သူတို့ နှစ်ယောက်။ သူဇာကတော့ ညီမလေးကို တကယ်ခင်ပါသည်။ မိုးမြင့်ကသာ အခုတလောစိတ်တွေ ဖောက်ချင်နေတာ။ အဲဒါကလည်း ညချမ်းမောင်ကြောင့်…။
ညရှစ်နာရီလောက်မှသာ သူပြန်ရောက်လာသည်။ အဲဒီအချိန်ဆို အားလုံးက တီဗီရှေ့ရောက်နေ ပြီ။
“ဝေငြိမ်း .. ငါထမင်းမစားရသေးဘူး။ ထမင်းတစ်နပ်လောက် ကျွေးပါလား”
ကြည့်… အဲ့လို အပြောကြောင့် ကျနေကြရတာ။ ထမင်းစားမယ်၊ ငါ့ကို ထမင်းလာခူးပေးလို့ ပြောတော့လည်း ဝေငြိမ်းတို့က လုပ်ပေးဖို့အသင့်။
“အေး.. အေး.. လာလေ”
သူ့အတွက် ထမင်းခူးပေးဖို့ထွက်လာတော့ ကျန်တဲ့သူတွေက ဝေငြိမ်းကို မဲ့ကြသည်။ ညီမလေး ကရော.. သူဇာရောအပါအဝင်ပေါ့။
အခန်းထဲရောက်တော့လည်း သူ့ကိုထမင်းခူးခပ်ပေးရင်း ပြောသင့် မပြောသင့်စဉ်းစားနေမိ သည်။ နောက်ဆုံး စားသောက်ပြီးမှ မေးတာအကောင်းဆုံးပါပဲလေလို့ တွေးမိ၏။
“ဟား… ကြက်ကြော်ပါလား”
သူက ကြက်ပေါင်ကြော်ကို ကြည့်ပြီး ပျော်သွားသည်။
“အေး.. အဲ့ဒါ မနက်ကစျေးသွားပြီး နင့်အတွက် သပ်သပ်လုပ်ထားတာ”
ညီမလေးတောင်မသိပါ။ များများစားစားလည်း မဝယ်နိုင်။ သူ့တစ်ယောက်တည်းအတွက် ရေ လွတ် ပေါင်တစ်ချောင်းတည်းပဲ ဝယ်ခဲ့တာဖြစ်သည်။ မိုးမြင့်တွေ့သွားမှာစိုးလို့ဆိုပြီး ကြော်စဉ်က အခန်း တံခါးပိတ်ထားခဲ့ရသေးသည်။
“အဲဒါတွေကြောင့် ချစ်နေရတာ”
သူက ဝေငြိမ်းရဲ့ပါးကို တစ်ချက်ဆွဲလိမ်လိုက်သည်။
“တော်ပါဟယ်”
အဲဒါတွေ..။ အဲဒါတွေကြောင့် သာယာနေရတာ။ အဲဒီပုံစံလေးတွေအောက်ကနေ မလွတ် မြောက်နိုင်တာ။
“ကဲ.. ရပြီ စားတော့”
ကြက်ကြော်ရယ်၊ သခွားသီးသုပ်၊ ငါးပိကြော်နဲ့ တို့စရာရယ်..။ ဒါလောက်က အကောင်းဆုံး ဟင်းပဲ။ ဝေငြိမ်းဆို သခွားသီးသုပ်နဲ့ပဲစားတာ။သူ့ဖို့ ဟင်းကောင်းထားထားပေးတာ။ ညီမလေးကိုတော့ စျေးပေါပေါနဲ့ရလာတဲ့ ကြက်ခြေထောက်နဲ့ တောင်ပံဟင်းချက်ပေးထားသည်။
သူမြိန်ရေယှက်ရေ စားသောက်နေတာကို ကြည့်ပြီး ဝေငြိမ်းပျော်မိတာတော့အမှန်။ သူဗိုက်ဆာ မှာပေါ့လေ။ ရုပ်ရှင်ကြည့်ရ၊ ရည်းစားကို ပြန်လိုက်ပို့ရနဲ့။ ပိုက်ဆံလည်း အတော်ကုန်မှာပေါ့။ စားပြီးတော့ မှ မေးချင်တာတွေ မေးဖို့ပြင်ရသည်။ မေးသင့်တယ်၊ မေးမှဖြစ်မယ်ဆိုပြီး အားတင်းထားတာ။
“ညချမ်း”
“အင်း”
“ငါ မေးစရာရှိလို့”
“မေး”
စားသောက်ပြီးတာနဲ့ တန်းပြန်ချင်ပုံရသည်။ မေးစရာရှိတာကိုတော့ မေးရမှာပဲလေ။
“ငါ့ကို စိတ်မဆိုးရဘူးနော်”
သူ မျက်မှောင်ကြုတ်သွားသည်။
စိတ်ဝင်စားသွားတာ ထင်ပါရဲ့…။
“ဘာကိစ္စမို့လို့လဲ”
“ဟို .. ငါက သိချင်ရုံသက်သက်ပါ”
“အေး… ပြော”
“မနက်က နင်နဲ့ ရုပ်ရှင်သွားကြည့်တဲ့ ကောင်မလေးက နင့်ရည်းစားလား”
“ဘာ”
သူတော်တော် အံ့သြသွားပုံရသည်။ အဲဒီလိုမေးမယ်လို့ ဘယ်ထင်ပါ့မလဲလေ။ ဝေငြိမ်းက အ တတ်သိထားတဲ့ပုံနဲ့ မေးတာကိုး။
“ဟေ့ကောင်… မင်းဘယ်လိုသိတာလဲ”
“ငါ ထောက်ကြန့်စျေးသွားတော့ တွေ့တာလေ။ နင်တို့နှစ်ယောက် တက္ကစီငှားသွားကြတာ။ ရန်ကုန်ထဲကို”
“အာ… သူငယ်ချင်းပါ”
ဒါမျိုး လာလိမ်လို့ကတော့ ဝေငြိမ်းတို့က ဘယ်ရမလဲ။
“ညချမ်း.. နင် ငါ့ကိုလာပတ်နေတယ်။ နင်တို့ နှစ်ယောက် လက်ချင်းချိတ်တာ၊ ပခုံးဖက်တာ၊ 3D ရုံကို ကားငှားတာ ငါအကုန်မြင်ရတယ်”
သူအခန်းအပြင်ဘက်ကို ချောင်းကြည့်သည်။
ပြီးတော့ ဟိုဟိုဒီဒီ မျက်လုံးကစားကြည့်ပြီး ဝေငြိမ်းလက်ကိုဆွဲပြီး ထောင့် (ဒေါင့်) လေးမှာ ထိုင်စေသည်။
“အဲဒီ ကိစ္စ ဘယ်သူ့ကိုပြောပြီးသွားပြီလဲ”
“ဟင့်အင်း.. မပြောရသေးဘူး”
“အေး.. ဘယ်သူ့မှ မပြောနဲ့”
“ဘာလို့လဲ.. ငါတောင် မနက်ဖြန်ကျရင် သူဇာ့ကိုပြောဖို့တွေးထားတယ်”
“ဟာ…ဟေ့ကောင် မင်းမညစ်ပတ်နဲ့။ ခင်သူဇာ့ကို ငါလိုက်နေတယ်ဆိုတာ မင်းတို့ရိပ်မိတယ် မလား။ သက်သက် မယုတ်မာနဲ့”
“အဲဒါဆို ငါမေးတာဖြေဦးလေ .. သူဘယ်သူလဲ”
“ဟုတ်တယ်.. အဲဒါ ငါ့စော်”
“ဟာ… အဲဒါဆို နင်သူဇာ့အချစ်ကို လိမ်လည်ပြီးယူဖို့ ကြိုးစားနေတာပေါ့။ ကောင်မလေးရှိရက်နဲ့ တောင် အခြားတစ်ယောက်ကို…”
“မင်းနဲ့ မဆိုင်ဘူး ဝေငြိမ်း… ငါက မပြောနဲ့ဆို မပြောနဲ့ပေါ့”
“ဒါပေမဲ့ ဒါက အဓိပ္ပါယ်မရှိဘူးလေ ညချမ်းရယ်.. သူဇာက နင့်ကိုအဖြေပေးလိုက်ပြီဆိုရင် သူ့အချစ်ကို ညာယူတာပဲပေါ့။ ဒါယောက်ျားဆန်တဲ့အလုပ် မဟုတ်ဘူး”
သူ့ကို အပြစ်တင်တာ ပထမဆုံးဖြစ်သည်။
ဝေငြိမ်းချစ်တဲ့သူတစ်ယောက်ကို အဲဒီလို ကိုယ်ကျင့်သိက္ခာဖောက်ပြားတာ မဖြစ်စေချင်ပါ။ သူဇာဆိုတာကလည်း ဆွေမျိုးရင်းချာလိုဖြစ်နေတော့ သူဇာ့ကို မနစ်နာစေချင်တာလည်းပါသည်။
သူပြန်ပြောတဲ့စကားတွေက ဝေငြိမ်းကို မရှုမလှစော်ကားတဲ့ စကားလုံးတွေပဲ ဖြစ်သည်။
“အေး.. ငါလုပ်တာယောက်ျား မဆန်ဘူး ဘာဖြစ်လဲ။ မင်းလို သောက်ခြောက် ဂန်ဒူး မဟုတ် ဘူးကွ။ ရသမျှ နွှာမှာပဲ”
“ဟာ … ညချမ်း၊ မင်း အဲ့လိုမျိုး…”
ဝေငြိမ်း ပါးစပ်အဟောင်းသားဖြစ်မိသည်။
“ငါက မင်းကို ငါ့ဆွေးမျိုးရင်းချာတစ်ယောက်လို သဘောထားပြီးပြောနေတာပါ။ မင်းအတွက်…”
“သွားစမ်းပါ ဂန်ဒူးရဲ့.. မင်းငါ့အတွက် ပြောနေတာဆိုရင် ငါဖောင်းတဲ့အခါပြော။ အခု ဘယ်နေ ရာမှားနေလို့လဲ။ ကောင်မလေးတွေနဲ့ အပျော်တွဲတယ်။ သူတို့ကိုယ်ကျင့်သိက္ခာကို မစော်ကားဘူး။ ငါ့အပေါ်လာနွယ်နေတဲ့ ကောင်မလေးတွေကိုပဲ ငါကတွဲတာ။ အဲဒါ ဘာဖြစ်လဲ…”
သူပြောတော့လည်း ဟုတ်သလိုလို။
“အေးပါဟယ်… ငါတောင်းပန်ပါတယ်”
သူနဲ့ ရန်မဖြစ်ချင်တော့…။ တော်ကြာ စကားမပြောဘဲနေမှဖြင့် ရင်ကျိုးရချည်ရဲ့…။ ဝေငြိမ်းပဲ အလျှော့ပေးလိုက်ပါသည်။ ဒါပေမယ့်… ဒီကိစ္စကို သူဇာ့ကို တိုးတိုးတိတ်တိတ်ပြောပြဖို့ ဆုံးဖြတ်လိုက် ၏။
“ထားတော့ .. အဲ့ဒီကိစ္စ ဘယ်သူမှမပြောနဲ့နော်”
သူ့ဘက်က အမှန်ဆိုရင် ဘာကိစ္စလိပ်ပြာမလုံစရာ အကြောင်းရှိလို့လဲ။ နှုတ်ပိတ်နေစရာမှမလို တာ။ ပြဿနာ ဆက်မဖြစ်ချင်တော့လို့ပေါ့..။ စိတ်ချ။ အဲ့ဒီကိစ္စ ခင်သူဇာ့ကို ပြောဖြစ်အောင် ပြောဦးမှာ လို့ ဆုံးဖြတ်လိုက်မိသည်။ ခင်သူဇာက သူ့ကိုလိုက်နွယ်တဲ့မိန်းကလေးမဟုတ်ဘဲ သူကသာ လိုက်နွယ် နေတာမလား။
ဝေငြိမ်းရင်ထဲမှာတော့ တေးထားလိုက်သည်။ ဒါပေမယ့် အပြင်မှာတော့ …
“အေး.. ငါမပြောဘူး စိတ်ချ”
အမူအရာကောင်းကောင်းနဲ့ ဟန်ဆောင်လိုက်သည်။
× × × × × × × × × × × ×