(၇)
မိုးခြိမ်းသံကြီးတစ်ချက်ကြောင့် ကျွန်တော် လန့်သွားသည်။ ဒီမိုးနဲ့တော့ ညဘက်အိပ်ပျော်နေရင် တောင် ခဏခဏလန့်နိုးတော့မှာပဲ။
“ဟော”
အဲ့ဒီ မိုးခြိမ်းသံကြောင့် ထင်သည်။ အိပ်ပျော်နေသော ဝေငြိမ်းထက်လည်း လန့်နိုးလာသည်။
“မိုးခြိမ်းလို့ လန့်နိုးတာလား”
သူခေါင်းခါသည်။ မျက်လုံးနှစ်ဖက်ကို ပွတ်သပ်ပြီး ကောက်ခနဲ ထထိုင်လိုက်၏။ စိတ်တွေ နည်း နည်းတော့ တည်ငြိမ်သွားပြီ ထင်ပါရဲ့။ ကျွန်တော်မေးသင့်ပြီ။
“မင်း ပြောလို့ရပြီလား… ဘာဖြစ်လာတာလဲ ဆိုတာကို ”
သူ ခေါင်းငြိမ့်သည်။
တော်ပါသေးရဲ့။ စိတ်တွေ ပြန်တည်ငြိမ်သွားပြီပေါ့။ ကျွန်တော် သူပြောလာမယ့်စကားသံကို အာရုံစိုက် နားထောင်နေမိသည်။ ဒါပေမယ့် တော်ရုံနဲ့ထွက်မလာပါ။ တစ်စုံတစ်ခုကို တွေးတောနေပုံရ သည်။ အတန်ကြာတော့ …
“ငါ… လူသတ်လာတယ်”
“ဟင်”
ကျွန်တော် မှင်သက်သွားမိသည်။
ဒီစကားမျိုး ဒီလိုလူတစ်ယောက်ဆီက ထွက်လာဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နားကြား များ မှားတာလား။ သူကျွန်တော့်ကိို တည့်တည့်ကြည့်ပြီး ပြောလိုက်တာ။ ကျွန်တော်လည်း သူ့ကို ခဏ တာမျှ ကြောင်ကြည့်မိသည်။
“မင်း… မင်း ဘာပြောလိုက်တာလဲ”
သေချာအောင် ထပ်မေးမိသည်။
ဝေငြိမ်းထက်က ဘယ်လိုလုပ်လူသတ်နိုင်မှာလဲ..။ ကျွတ်တွယ်တာတောင် သေမလောက် ကြောက်တဲ့သူ။ အိမ်မြှောင်အမြီှးပြတ်နေတာကို မြင်တာတောင် လန့်ဖျပ်နေတတ်သူလေ…။
“ဟုတ်တယ်.. ငါလူသတ်လာတာ။ ညချမ်းမောင်ကို သတ်လာတာ”
သေချာပြီ..။ နားကြားမှားတာမဟုတ်တော့။ ကျွန်တော်တုန်လှုပ်သွားမိသည်။ လူသတ်တရားခံ တစ်ယောက် ကျွန်တော့်ရှေ့တည့်တည့်မှာ။ သူတကယ်သာ ညချမ်းမောင်ကို သတ်တယ်ဆိုရင်ပေါ့လေ။
တစ်ခုသော မိုးတွင်းတုန်းက ဝေငြိမ်းထက်ရဲ့ ခြေထောက်ကို ကျွတ်တွယ်တာကို သတိရမိ သည်။ မိုးရာသီဆို ရက္ကန်းရုံထဲမှာ ဗွက်တွေထတတ်သည်။ အဲ့ဒီ ဗွက်တွေ၊ ရေတွေထဲကို ကျွတ်တွေက ပါလာတတ်သည်။
ရက်ဖောက်သီးထည့်သော ပုံးလေးနဲ့ ရက်ဖောက်သွားယူပြီး ကော့တော့ကော့တော့နဲ့ ပြန်လာ တဲ့ ဝေငြိမ်းရဲ့ခြေထောက်မှာ ကျွတ်တွယ်လာသည်။ အဲဒါကို အန်တီအပျိုကြီးက မြင်ပြီး လှမ်းပြောလိုက် တာဖြစ်သည်။
“ဝေငြိမ်း … နင့်ခြေထောက်မှာ ကျွတ်ကြီး” လည်းဆိုရော ဝေငြိမ်းတစ်ယောက် ရက်ဖောက်ပုံး ကို ဝုန်းခနဲလွှတ်ချပြီး ထခုန်ပါလေရော။ ပါးစပ်ကလည်း အမယ်လေး၊ အဘလေး တလို့။ ခုန်ဆွခုန်ဆွ ဖြစ်နေတာကိုလည်း မရပ်။ အားလုံးက ဝိုင်းရယ်ကြသည်။ ခဏကြာတော့ သူဇာက ကတ်ကြေးနဲ့ခွာ ပေးဖို့ရောက်သွားသည်။
“ဟဲ့ … ခုန်နေတာကို ရပ်လေ။ ငါဘယ်လိုလုပ်ခွာမှာလဲ”
ပြောလည်းမရ ခုန်ဆဲ။
ကျွတ်ရှိတဲ့နေရာကို ကတ်ကြေးသွားနဲ့ချိန်ပြီး သူ့ခြေထောက်ကို ဆတ်ခနဲလှမ်းဆွဲကာ ခွါချလိုက် တော့မျ ကျွတ်က ကွာကျလာသည်။ အဲဒီတော့မှ ဝေငြိမ်းထက်တစ်ယောက် ဖင်ထိုင်ရက်သား ကျလာ တော့သည်။ သွေးစို့နေသေည့် သူ့ခြေထောက်ကို ကြည့်ပြီး မူးတယ်၊ မူးတယ်လုပ်နေသေးတော့ ယပ် တွေဘာတွေ ဝိုင်းခတ်ပေးရ၏။ ရှူဆေးတွေ ဘာတွေပေးရသည်။
အဲဒီအချိန်ကစပြီး အာဂသတ္တိခဲဆိုပြီး နာမည်တွင်သွားသည်။ အကောင်ပလောင်တွေဆိုရင် လည်း သူမကြောက်တာ ဘာမှမရှိ။ အားလုံးကြောက်တတ်သည်။ အဲလိုလူက လူသတ်တယ်ဆိုတာ ဟုတ်ပါ့မလား။
“ဟား .. ဟား .. ဟား .. ဟား..”
ကျွန်တော် ဟက်ဟက်ပက်ပက် ထရယ်လိုက်တော့ သူကြောင်ကာ ကြည့်နေသည်။ အားရ အောင် ရယ်လိုက်သည်။ ယုံတစ်ဝက်၊ မယုံတစ်ဝက် အတွေးတွေနဲ့။ စိတ်ရှုပ်တဲ့အတွေးတွေနဲ့။
“မင်း တော်တော်နောက်တဲ့ကောင်ပဲ”
သူကျွန်တော့်ကို အတန်ကြာစိုက်ကြည့်ပြီးမှ
“ညီမလေး… ညီမလေးကို ဂရုစိုက်ပေးပါ ဝေယံ”
“ဟင်”
“ငါမရှိတဲ့နောက်ပိုင်း စောင့်ရှောက်ပေးပါ”
အုပ်ထိန်းသူ အစ်ကိုတစ်ယောက်၏ မေတ္တာစကားကို ကျွန်တော် ပြက်ရယ်မပြုတော့ပါ။ သူ့စ ကားကို အပြည့်အဝယုံကြည်သွားဟန်ဖြင့် ငြိမ်သက်မိသည်။
“ညီမလေး တစ်ယောက်တည်း ရုန်းကန်ကျန်ခဲ့မှာ ငါစိတ်မချဘူး။ အဲဒီ တစ်ခုကလွဲရင် ငါ ဘာမှ မကြောက်ဘူး”
“ . . . .”
“ငါ သေမှာလည်း မကြောက်ဘူး”
“ . . . .”
“ထောင်ကျပြီး အပြစ်ခံယူရမှာလည်း မကြောက်ဘူး”
“ . . . .”
ပါးစပ်အဟောင်းသားနဲ့ သူ့ကိုကြည့်နေမိသည်။
ဝေငြိမ်းထက်..။ ဒါပေမယ့် အရင်က ဝေငြိမ်းထက်မဟုတ်တော့။ ရဲရင့်ပြတ်သားမှုတွေ သူ့မျက် ဝန်းမှာ တွေ့နေရသည်။ အရင်ကလို နွဲ့နောင်းနေတဲ့ ဟန်ပန်အမူအရာတွေ မတွေ့ရတော့။ အစ်ကိုတစ် ယောက်ရဲ့ ညီမအပေါ် ချစ်စိတ်တွေ၊ စိတ်မချမှုတွေ တွေ့နေရသည်။
သူ့ရဲ့ ယောက်ျားပီသမှုကို ကျွန်တော် ပထမဦးဆုံး တွေ့လိုက်ရခြင်းဖြစ်သည်။ ဝေငြိမ်းထက်ဟာ တစ်သက်လုံး “ဂန်ဒူး” ဆိုပြီး အပြောခံခဲ့ရတာ။
“မင်း … သူ့ကို ဘယ်လိုကြောင့် …”
လောလောလတ်လတ် လူတစ်ယောက်သတ်ထားသော သူနှင့် စကားပြောရတာ ခပ်လန့်လန့် တော့ ခံစားမိသည်။ လူတစ်ယောက်သတ်ထားပြီးတဲ့လူတစ်ယောက်ဟာ နောက်ထပ်သတ်ဖို့ဝန်မလေး ဘူးတဲ့။ တွေးပြီး ကြောက်မိသွားသည်။
ဒါပေမဲ့ … သူနဲ့ ကျွန်တော် ရန်ငြိုးလည်းမရှိ။ လောလောလတ်လတ်လည်း သူ့ကို ကူညီထား တာပဲ။
“ငါ့လက်နဲ့ကို သတ်ခဲ့တာ”
နာကြည်းမှုတွေ အပြည့်။
မျက်ရည်တွေ လိမ့်ဆင်းသွားသည်။
“ငါ့ရက္ကန်းစင်က ချည်ဖြတ်တဲ့ကတ်ကြေးနဲ့ ထိုးသတ်ပစ်ခဲ့တာ”
ဘုရား… ဘုရား…။
“ပြီးတော့.. ငါ့လွန်းနဲ့ သူ့ခေါင်းတွေ ခန္ဓာတွေကို အချက်ပေါင်းများစွာ ရိုက်နှက်ပစ်ခဲ့တာ…”
သူ့လို လူတစ်ယောက်က အဲလောက်ရက်စက်ပါ့မလား။
ကျွန်တော်မေးတာက ဘယ်လိုကြောင့် သတ်ခဲ့တာလဲ မေးတာ။ သူဖြေတာက ကျွန်တော် မသိ ချင်တဲ့ သတ်တဲ့ပုံစံ။
ရက္ကန်းပညာသည် လက်ရာမြောက်သလောက် အနုစိပ်သလောက် ရက္ကန်းအတွက် အသုံးပြုရ တဲ့ပစ္စည်းတွေဟာ လူသတ်လက်နက်အဖြစ် အသုံးပြုနိုင်ခဲ့လေသလား။ စက္ကူတစ်ရွက်နဲ့တောင် လူ့အ သက်တစ်ချောင်းကို ရက်ရက်စက်စက်သတ်နိုင်သေးတာပဲ။
စက္ကူအသွားနဲ့ လူ့လည်ပင်းကို ဖြတ်သတ်တာ ကြားဖူးသည်။ ရက္ကန်းစင်မှာတော့ ကတ်ကြေး တွေ၊ လွန်းတွေနဲ့ လူသတ်ဖို့ လွယ်ကူသယောင်။ ဒါပေမယ့် အဲ့ဒီပစ္စည်းတွေက လူသတ်ဖို့မှမဟုတ်ဘဲ။ အရည်အသွေးကောင်းတဲ့ ရက္ကန်းထည်ဖြစ်ဖို့အတွက်သာ။
ဝေငြိမ်း ဘာကြောင့် ထမင်းကျွေးနေတဲ့ ပစ္စည်းတွေကို ထောင်ထဲဝင်စေမယ့် ပစ္စည်းတွေအဖြစ် သုံးခဲ့တာပါလဲ။
“ငါနောင်တရမယ်လို့ မင်းထင်လား”
သူ သွေးရူးသွေးတန်း ဖြစ်နေပြီ။
စိတ်တွေ မတည်မငြိမ်ဖြစ်နေပြီ။
“ဟင့်အင်း.. ငါ နောင်တမရဘူး”
ကျွန်တော် ဘာလုပ်ရမလဲ။
“မင်း စိတ်အေးအေးထား ဝေငြိမ်း”
ကြောက်ကြောက်နဲ့ ပြောမိသည်။
“သူဇာရော ရှိသေးလား”
ညချမ်းမောင်သေရင် ဝမ်းအနည်းဆုံးဖြစ်မယ့်သူတွေထဲမှာ သူဇာလည်း ပါသည်မဟုတ်လား။ ကျွန်တော် အာရုံပြောင်းမိသည်။
သူ ဘာမှန်ပြန်မဖြေ။
“ဟား ဟား .. ငါဝမ်းသာတယ်သိလား ထွန်းထွန်း။ ညချမ်းမောင်မရှိတာ ငါသိပ်ဝမ်းသာတာပဲ။ ငါ့ညီမလေးလည်း အဲဒီကောင်မရှိရင် ကောင်းတယ်။ သူဇာ့အတွက်လည်း ကောင်းတယ်”
x x x x x x x x x x x x