မုန်တိုင်းခြွေသော လက်တစ်စုံ အပိုင်း (၈)

(၈)

လူတစ်ယောက်ကို ချစ်ဖို့အတွက် တွေဝေမှု၊ စဉ်းစားမှုတွေနဲ့ အခိုင်အမာ မဆုံးဖြတ်နိုင်ဘဲရှိရာမှ ဝေငြိမ်းရဲ့ အပြောတွေကြောင့် ပိုပြီးတွေဝေသွားမိလေသည်။ သူဇာ သူ့ကိုချစ်ပါသည်။ မြင်မြင်ချင်းကို စချစ်ခဲ့တာပါ။ ဒါပေမယ့် စဉ်းစားမှုတွေ ရောက်ရောက်လာတာကြောင့် ချက်ချင်းကြီး အဖြေမပေးနိုုင်ဘဲ ရှိလေ၏။

“ကောင်မလေးက မဆိုးဘူးဟဲ့..။ လှတယ်”

သူဇာတို့က မိသားစုများသည်။ စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီအလုပ်လုပ်ကြတာမို့ စီးပွားရေးက အရမ်းအကြပ်ကြီးမဟုတ်။ ဒါပေမဲ့ သူမ ရန်ကုန်တက်လာသည်။ “ယော” မှာနေလို့ ဘာ မှထူးလာမှာမဟုတ်။ ရန်ကုန်မှာတော့ မျက်စိပွင့် နားပွင့်မဟုတ်လား။

ရန်ကုန်မှာ ဝေငြိမ်းတို့နဲ့ ခင်ကြသည်။ ဆွေမျိုးရင်းချာလို ဖြစ်လာသည်။ အဲ့ဒီတော့ ဘာအ ကြောင်းပဲဖြစ်ဖြစ် တိုင်ပင်ဖော်တိုင်ပင်ဖက် ဖြစ်လာသည်။ ဝေငြိမ်းက သူမနဲ့ပတ်သက်တဲ့အကြောင်း တွေကို သိသမျှ ကြားသမျှပြောပြတတ်၏။ ညချမ်းမောင်နဲ့ ကောင်မလေးတစ်ယောက်ကို တွဲရက်တွေ့ လာတယ်ဆိုတော့ သူမတော်တော် တုန်လှုပ်သွားမိလေသည်။

“တော်တော်လှလားဟင်”

“အင်း… လှတယ်”

လှမှာပေါ့။ ရန်ကုန်မှာနေပြီဆိုတော့ ရန်ကုန်အထာနဲ့ ပြင်တတ်ဆင်တတ်ကြတာပဲလေ။ သူဇာ တို့သာ ရက္ကန်းရုံထဲက မထွက်နိုင်လို့ နေတိုင်းပါးကွက်ကျားနဲ့ အကျင်္ ီနွမ်း၊ ထမီနွမ်းနဲ့ ဖြစ်နေရတာ မဟုတ်လား။

သြော်… ညချမ်းမောင်တို့များ လုပ်ရက်လိုက်တာလို့ တွေးမိပြီး စိတ်ထဲသိမ်ငယ်မိသွားလေ သည်။သူကလည်း ချော၊ ကောင်မလေးကလည်း လှနဲ့။ တော်တော်လိုက်ဖက်မှာပါ။

“နင် စိတ်မကောင်းဖြစ်သွားလား သူဇာ”

“အေး.. တော်တော်တော့ အံ့သြသွားတယ်”

“ငါတို့တွေက တောကဆိုတော့ သူပြောသမျှ အဟုတ်ကြီးမှတ်တာပေါ့ဟာ။ ရန်ကုန်သားတွေ များ ကြောက်ဖို့ကောင်းတယ်။ ဒါပေမဲ့လည်း မပြတ်နိုင်တာက ခက်တယ်။ သြော်… ညချမ်းမောင်မှာ ဘာဆေးတွေများရှိပါလဲ”

စလာကတည်းက ညချမ်းမောင်ရဲ့ပုံစံဟာ အဲ့လိုပွေမယ့်၊ ရှုပ်မယ့်ပုံစံဆိုတာတော့ ရိပ်မိသည်။

“ငါ ဘာလုပ်ရမလဲ ဝေငြိမ်းရယ်..”

စိတ်ရှုပ်သွားမိသည်။

နဂိုကတည်းကမှ ညချမ်းမောင်နဲ့ ပတ်သက်လာရင် တွေးစရာမကုန်ပါဘူးဆိုမှ ထပ်ပြီးတွေးစရာ တွေ ဖြစ်လာ၏။

“ဟို… သူဇာ.. ငါက ပြောသင့်တယ်ထင်လို့ အရဲစွန့်ပြီး ပြောပြတာပါ။ နင်စဉ်းစားတဲ့အခါ အထောက်အပံ့တစ်ခုတလေများ ရမလားလို့၊ နင်စိတ်ပိုရှုပ်သွားရင်တော့ ငါတောင်းပန်ပါတယ်ဟာ”

“မဆိုင်ပါဘူး ဝေငြိမ်းရဲ့။ နင်သာသိရက်သားနဲ့ ငါ့ကိုမပြောဘဲနေရင် ငါစိတ်မကောင်းဖြစ်မှာ”

ညချမ်းမောင် ရောက်လာသည်မို့ ပြောနေသည့်စကားတွေကို တိတ်ခနဲ ရပ်ပစ်လိုက်ကြတာ ရက္ကန်းကိုသာ မဲပြီးခတ်နေသည်။

“သူဇာ”

သူ ရက္ကန်းစင်နား ရောက်လာပြီ။

ချားတစ်လုံးဆွဲပြီးလို့ ခဏနားတာပဲဖြစ်ဖြစ်၊ အလုပ်မရှိတော့ရင်ဖြစ်ဖြစ်၊ သူဇာ့ရက္ကန်းစင်နား ရောက်လာပြီး စကားပြောတတ်သည်။

“သူဇာ…”

“အင်း… ပြောလေ ညချမ်း”

သူဇာ့မျက်နှာ အမူအရာပျက်နေမည်မှန်း ကိုယ့်ကိုကိုယ်သိပါသည်။ ညချမ်းမောင်လည်း ရိပ်မိမှာ အမှန်။ သူဇာ ဟန်ဆောင်မကောင်းပါ။ တမင်တကာလည်း ဟန်ဆောင်ဖို့ စိတ်ကူးမရှိပါ။

“လာမယ့် တနင်္ဂနွေ အားလား”

“အဝတ်တွေလျှော်စရာရှိတယ်။ စျေးလည်း သွားရဦးမယ်”

“အဲဒါတွေက ခဏလေးနဲ့ ပြီးပါတယ်ကွာ… ဘုရား သွားကြမယ်လေ”

ရန်ကုန်သားပီပီ အဲ့လို ညုတုတုအသံလေးနဲ့ ပြောတတ်တာကိုက ညချမ်းမောင်ရဲ့ အားသာ ချက်များလား။ ဒါပေမဲ့… သူဇာ ဘာမှပြန်မပြောမိပါ။ မျက်နှာကြောတော့ တင်းနေမှာအမှန်။

“သူဇာ… ဘာဖြစ်နေတာလဲ”

“ . . . . ”

သူအကင်းပါးလွန်းပါသည်။ ဘေးနားက ဝေငြိမ်းကို ဆတ်ခနဲ လှည့်ကြည့်လိုက်၏။ ဝေငြိမ်း လည်း အမူအရာပျက်နေတော့ …။

“ဝေငြိမ်း… ခဏ …”

ဝေငြိမ်းတို့ အခန်းထဲကို နှစ်ယောက်သား ထွက်သွားကြ၏။ ပြဿနာတော့ တက်တော့မယ်ဆို တာ ရိပ်မိသည်။ အခန်းထဲမှာ ဘာပြောကြမလဲဆိုတာ နားစွင့်နေမိသည်။ ရက္ကန်းခတ်သံ ဆူညံလွန်းရင် တော့ မကြားရပါ။ ဝေငြိမ်းတို့ အခန်းရှေ့တည့်တည့်မှာ သူဇာ၊ ဝေငြိမ်း၊ အန်တီအပျိုကြီးတို့ရဲ့ ရက္ကန်း စင်တွေရှိပါသည်။ လောလောဆယ် အန်တီအပျိုကြီးတစ်စင်တည်းသာ ခတ်နေတာမို့ အခန်းထဲက စကားသံတချို့ကို ကြားရသည်။

သိပ်မသဲကွဲတာမို့ ရက္ကန်းစင်ပေါ်ကဆင်းပြီး အခန်းရှေ့မယောင်မလည်ရပ်ပြီး စကားသံတွေကို နားထောင်မိသည်။ ညချမ်းက ဝေငြိမ်းကို အနိုင်ကျင့်မှာကို သူဇာမလိုလားပါ။

အခန်းထဲမှာ သူတို့နှစ်ယောက် အပြန်အလှန်ပြောနေကြသည်။

“ဟုတ်တယ်… ငါမနေနိုင်လို့ ပြောလိုက်တယ်”

“မင်းကိုငါ အတန်တန် တားတဲ့ကြားထဲကလေ”

“သူဇာက ငါတို့နဲ့ ဆွေမျိုးရင်းချာတွေလို နေလာခဲ့တာ ညချမ်း။ ဒီကိစ္စကို ငါသိရက်သားနဲ့ မပြော ဘဲမနေနိုင်ဘူး”

“မင်း ငါ့ကို ချောက်ချတာပေါ့”

“မဟုတ်ဘူး ညချမ်း။ အဲ့လို မဟုတ်ဘူး။ နင့်ကိုငါ ဘယ်လောက်ထိ သံယောဇဉ်ရှိလဲဆိုတာ နင် အသိဆုံးပါ။ နင်ထိခိုက်နစ်နာစေမယ့် ကိစ္စမျိုး ငါတွေးတောင် မတွေးမိပါဘူးဟယ်..။ အခုဟာက သူဇာ့ အတွက်”

“ဘာထူးလဲ.. အဲဒါ ငါ့ကိုချောက်ချတာပဲပေါ့။ ဝေငြိမ်း.. မင်းဟာလေ အခြောက်လို့ မပြောရဘူး။ စကားကို လှည့်ပတ်ပြောချင်တယ်”

“ညချမ်း… နင်နော်.. သူများတကာရဲ့ အားနည်းချက်…”

“တော်.. ကဲ .. အခုဘာလုပ်မှာလဲ..။ ဘာလုပ်ပေးမလဲ။ ငါနဲ့ သူဇာတို့ကြားမှာ ပြဿနာတက် တော့မယ်”

“အဲဒါတော့ နင့်အပိုင်းပဲ”

“ဘာ”

“ဟုတ်တယ်လေ ညချမ်းရယ်… နင်ပြတ်ပြတ်သားသား ရှိဖို့လိုတာပေါ့။ နင် သူဇာ့ကို အပျော် ကြံတာဆိုရင်တော့ နောက်ဆုတ်လိုက်၊ ဒါမှမဟုတ် ဟိုကောင်မလေးကို အပျော်ဆိုရင်တော့ ဟိုကောင် မလေးကို ဖြတ်လိုက်… ဒါပဲ ရှိတာပဲ”

“တောက်… တော်တော် အာချောင်တဲ့ကောင် … ကဲကွာ”

ရိုက်သံ နှက်သံကြားလိုက်ရသည်။ အခြေအနေ မဟန်တော့ဘူးဆိုတာ သိလိုက်ပါပြီ။ သူဇာ အခန်းထဲဝင်လာခဲ့သည်။ အခန်းတံခါးက စေ့ရုံသာစေ့ထားတာမို့ တွန်းဖွင့်ရုံသာ။

ဝေငြိမ်းကို ဆွဲထိုးနေသော ညချမ်းမောင်ကို တွေ့ရသည်။ သူဇာ ညချမ်းမောင်ရဲ့ ကျောကုန်းကို လှမ်းပုတ်ပြီး တော်တော့လို့ပြောကာ တားလိုက်သည်။ သူဇာဝင်လာမှန်းလည်းသိရော ညချမ်းမောင်ရဲ့ အပြုအမူတွေ ချက်ချင်းရပ်သွား၏။

“ဘာဖြစ်တာလဲ.. ဘာဖြစ်တာလဲ”

ဆူညံသံကြားလိုက်ရတာကြောင့် အန်တီအပျိုကြီးပါ ဝင်လာသည်။ ဝေငြိမ်းက အခန်းနံရံထောင့် လေးတစ်ထောင့်မှာကပ်ကာ တစ်သိမ့်သိမ့်ရှိုက်ငိုနေလေသည်။

“ဘာလို့ ဝေငြိမ်းကို ရိုက်ရတာလဲ”

ညချမ်းမောင်ကို ရန်တွေ့မိသည်။ သူဇာ့ကြောင့် အပြစ်မဲ့တဲ့ ဝေငြိမ်းအရိုက်ခံရတာ။ အဲဒီအခိုက် မှာတော့ သူ့ကို စိတ်တိုသွားမိတာ အမှန်။ တကယ်ဆို ညချမ်း ဘာလုပ်လုပ် အပြစ်မမြင်ချင်ပါ။

“ကုလားဖန်ထိုးချင်လို့လေ”

အန်တီအပျိုကြီးကတော့ ငိုနေသည့် ဝေငြိမ်းအနားမှာ နှစ်သိမ့်ပေးနေသည်။ သူလည်း အခြေ အနေကို အနည်းအကျဉ်းတော့ ရိပ်မိလောက်ပြီပေါ့။

“ညချမ်း… ညချမ်း အဲ့လောက်ထိ အနိုင်မကျင့်သင့်ဘူး။ ဝေငြိမ်းက သူဇာ့အတွက် စေတနာနဲ့ ပြောပေးတာ။ သူ့အကျိုးအတွက် တစ်ခုမှမပါဘူး။ အခု ပြဿနာကို ညချမ်းပဲဖြေရှင်းပေးတော့…”

သူ့ကို စမ်းသပ်ကြည့်လိုက်ပါသည်။ ဘာဆက်လုပ်မလဲပေါ့။

သူဇာ့ကို သူတကယ်ချစ်တယ်ဆိုရင် ပြတ်ပြတ်သားသား ရှင်းနိုင်ရမှာပေါ့။ ဒီပြဿနာကနေ သူရှောင်လို့ရမည်မဟုတ်တော့။

“ကလေးတွေ နင်တို့နဲ့တော့ စိတ်ညစ်ပါတယ်။ အဲဒါကြောင့် ငါအပျိုကြီးပဲလုပ်တာ။ ကဲ ကဲ.. အခန်းထဲကထွက်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြတော့။ ကိုက်ရေများများမရရင် မန်နေဂျာတွေ ဆူလိမ့် မယ်”

အန်တီအပျိုကြီးက အခန်းထဲကနေ ထွက်ဖို့ပြင်သည်။

“အန်တီအပျိုကြီး.. ခဏ”

သူဇာ လှမ်းတားလိုက်ပါသည်။

“ညချမ်း… အခု အန်တီအပျိုကြီးရှိနေတုန်း ပြတ်ပြတ်သားသားပြောပြပါ။ သူဇာ့ကို ဘယ်လို သဘောထားတာလဲ၊ ဘာကြောင့် ချည်းကပ်ခဲ့တာလဲ။ သူဇာတို့က တောကဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ တောသူမ အတုံးဆိုပြီး အပျော်သဘောနဲ့ ကျောရရုံတွဲဖို့ သူဇာ့ကို ချည်းကပ်ခဲ့တာ လား။ ဟုတ်ရင် ဟုတ်တယ်ဆိုပြီး ဝန်ခံလိုက်ပါ။ စိတ်မဆိုးပါဘူး”

လူကြီးတစ်ယောက်ရှိတုန်း ပြတ်ပြတ်သားသားရှင်းမှ ဖြစ်မည်။

သူဇာ့ရဲ့ပွင့်လင်းမှုကြောင့် အခန်းထဲမှာ ရှိနေတဲ့သူတွေ ပါးစပ်အဟောင်းသား ဖြစ်သွားကြ သည်။

ဒါပေမဲ့ ညချမ်းမောင်ဟာ မရမကရှောင်ထွက်သွားပါသည်။ သူဇာလိုချင်တဲ့ အဖြေကို မပြော ခဲ့ပါ။ သူဇာဖြစ်စေချင်တာက “ကိုယ်မင်းတစ်ယောက်တည်းကိုပဲ ချစ်တာ သူဇာ။ ကျောရရုံတွဲဖို့မဟုတ်ပါ ဘူး။ တကယ်မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ချင်တာပါ။ တခြားကောင်မလေးတွေနဲ့လည်း မတွဲတော့ပါဘူး” အဲ့လိုမျိုး ရုပ်ရှင်တွေထဲကလိုမျိုးပေါ့။

ဒါပေမဲ့…

“ကိုယ် အဲ့လိုနှမချင်း မစာနာတဲ့ အလုပ်မလုပ်ဘူး သူဇာ။ ကိုယ်မင်းကို ချစ်တယ်။ အဲဒါပဲ သိ တယ်ကွာ”

အဲ့လိုပြောပြီး ထွက်သွားပါသည်။

သူဇာလိုချင်တဲ့ အဖြေမပြည့်စုံပါ။ သူဇာမတို့ကတော့ သူ့စကားတစ်ခွန်းကို အကျေနပ်ကြီး ကျေ နပ်မိတာ ဝန်ခံပါသည်။ “သေချာတာကတော့ ကိုယ်မင်းကိုချစ်တယ်” တဲ့လေ။

“နင်တို့တွေဟယ်… ဘာတွေမှန်း မသိတော့ပါဘူး။ အလုပ်ပျက်တယ်”

အန်တီအပျိုကြီးကလည်း အပျိုကြီးပီပီ ရှက်ရှက်နဲ့ထွက်သွား၏။ ဝေငြိမ်းနဲ့ သူဇာပဲ ကျန်ခဲ့သည်။

“ဝေငြိမ်း”

သေချာပါသည်။ ခဏနေရင် ဝေငြိမ်းမျက်နှာ ဖူးယောင်လာမှာ။

“ငါ တောင်းပန်ပါတယ်”

“ရပါတယ် သူငယ်ချင်းရယ်”

သနားမိသွားသည်။ ညချမ်းမောင်အပေါ် တော်တော်အနွံတာခံရှာတာ။ ဝေငြိမ်းအပေါ်မှာတော့ ညချမ်းက ရက်စက်လှသည်။

“ငါ ညကျရင် ကြပ်ပူထိုးပေးမယ်နော်”

“အင်း”

“လာ… အလုပ်ဆက်လုပ်ကြစို့”

နားချိန်များရင် ကိုက်ရေများများမရဘဲ နေ့ထွက်ခလည်း နည်းမှာမို့ အခန်းထဲကထွက်လာခဲ့ကြ သည်။ ခါတိုင်းရနေကျ ကိုက်အရေအတွက်မရရင် မန်နေဂျာက ဆူဦးမှာ။

x x x x x x x x x x x x