(၉)
“ငါတို့တွေက အမျိုးမှမဟုတ်ကြတာ ဝေယံရယ်။ သွေးမတော် သားမစပ် လူတစ်ယောက်ကို ပုံမှန်ထက် သံယောဇဉ်ဖြစ်မိနေတာ သမာရိုးကျမဟုတ်လို့ပေါ့”
ဝေယံက သူဇာတို့ထက် ရာထူးမြင့်၊ ပညာတတ်တာမို့ တိုင်ပင်ဖြစ်သည်။ သူငယ်ချင်းအရင်း လိုလည်းဖြစ်နေသည်မို့ ယုံကြည်တာလည်းပါသည်။
“နိုင်ငံခြားသွားမယ့်ကိစ္စကို ညချမ်းမောင် ဘာပြောလဲ”
“သူ့ကို သေချာမပြောပြဖြစ်သေးပါဘူးဟယ်”
သူဇာ့ရင်ထဲမှာ ညချမ်းမောင်ကို သံယောဇဉ်ပိုနေမိတာကိုတော့ ဝန်ခံပြီးဖြစ်သည်။ ညချမ်းမောင် ကို ငါတကယ်ချစ်နေတာလို့တော့ ဝေယံရှေ့မှာ မပြောမိ။ သူရိပ်မိလောက်အောင်သာ။ ဝေငြိမ်းရှေ့ မှာလို အရမ်းကိုပွင့်ပွင့်လင်းလင်းပြောပြရင် သူဇာ့ကို အထင်သေးသွားမှာစိုးသည်။
“ရက္ကန်းရုံထဲမှာတော့ ညချမ်းနဲ့ နင့်အကြောင်း စိတ်ဝင်စားတဲ့သူများနေတယ်။ ဟိုတစ်နေ့က ပြဿနာတက်ကြတယ်ဆို”
“အင်း ဟုတ်တယ်။ ညချမ်းမောင်ရောက်လာမှ ငါနဲ့ပတ်သက်ပြီး လူတွေပြောစရာဖြစ်နေပြီလား မသိတော့ပါဘူး”
“သြော်… ဒီအသိုင်းအဝိုင်းက လူဆယ်ဂဏန်းပဲရှိတာ။ ဒီလိုပဲ လှည့်ပတ်ပြီးပြောနေကြတာပဲလေ ဟာ.. စိတ်ထဲမထားပါနဲ့”
ပြောပြီးပျောက်သွားတာမှန်ပေမယ့် လောလောဆယ်မှာတော့ စိတ်ရှုပ်ရတာအမှန်။ ညချမ်း မောင်ကို ရက္ကန်းရုံထဲက ရက္ကန်းသမလေးတွေ ဝိုင်းကြိုက်နေကြသတဲ့။ အဲ့ဒီအထဲမှာ သူဇာတို့က ရှေ့ဆုံး ကပါသတဲ့လေ။ အဘွားကြီးစျေးဆိုင်ကို သွားတုန်းက ကြားခဲ့ရတာ။
ညချမ်းကို သူဇာချစ်နေတာကို ဝန်ခံပါသည်။ ဒါပေမဲ့ မိန်းကလေးတန်မဲ့ ယောက်ျားလေးကို ချည်းကပ်တဲ့အထဲမှာတော့ လုံးဝမပါဝင်ပါ။ ညချမ်းကသာ သူဇာ့အနားကို ရောက်လာခဲ့တာဖြစ်သည်။ ညချမ်းမောင်ကို ဝိုင်းဝိုင်းလည်နေတဲ့အထဲမှာ ဝေငြိမ်းတို့မောင်နှမ နှစ်ယောက်လည်းပါသည်။ စင်နံပါတ် (၂၃) က မလင်းလည်းပါသည်။ အေးသန္တာတို့၊ မြမြဖူးတို့လည်း ပါသည်။ ညချမ်း ဘာလုပ်လုပ် ဂရုစိုက်တတ်ကြတာ တစ်ယောက်တစ်မျိုး မရိုးနိုင်အောင်ပင်။ အဝတ်လျှော်ပေး၊ ဟင်းပေးတာအပြင် နေ့ခင်းနေ့လည် အိပ်ချင်ပြေ မက်မန်းသီးသုပ်ကျွေးတဲ့သူနဲ့၊ တောပြန်ရင် အမှတ်တရလက်ဆောင်မုန့် တွေ၊ အသီးအနှံတွေ၊ ဒေသထွက်အစားအစာတွေ ဝယ်လာပေးတဲ့သူနဲ့။
“ဒီမှာက နည်းနည်းဆို များများပြောတတ်ကြတော့လည်း ခက်တယ်”
“ဝေယံတို့ဆီကို သတင်းတွေစုံစုံလင်လင် ရောက်လာတယ်ပေါ့”
“အေးဟာ… နင်သိတဲ့အတိုင်းပဲလေ။ ငါတို့တွေ အတူတူလုပ်လာကြတာ နှစ်ချို့နေပြီ။ တစ်ခုခု ဆို အကြီးကြီးတွေလုပ်ပြီး တိုင်လားတန်းလားနဲ့ ရောက်လာပြီ။ အလုပ်ရှင်တွေမသိအောင် ဖုံးရဖိရတာ လည်း အမော။ အခု ညချမ်းမောင်ရောက်လာတော့ နှာခေါင်းကိစ္စတွေ တော်တော်ကြားရတယ်။ ဝေငြိမ်းထက်တို့အကြောင်းပေါ့”
ဝေငြိမ်းကိုတော့ သူဇာခင်ပါသည်။
တကယ့်ဆွေမျိုးရင်းချာလို ခင်တာပါ။ ဘယ်လိုကိစ္စတွေပဲဖြစ်နေဖြစ်နေ ဝေငြိမ်းက သူဇာ့ရဲ့ ဆိုး တိုင်ပင်၊ ကောင်းတိုင်ပင်။ ရက္ကန်းရုံတစ်ခုလုံးက ဝေငြိမ်းကို အခြောက်ဆိုပြီး နှိမ်ချင်ကြပေမယ့် သူဇာတို့ ဝေယံတို့က ဘယ်တော့မှ မနှိမ်ခဲ့ပါ။ ပုံမှန်အတိုင်းသာ နေခဲ့သည်ပင်။
“ငါ ဘာလုပ်သင့်သလဲ ဝေယံ”
အကြံဉာဏ်တစ်ခုတလေများ ရလိုဇောနဲ့ တောင်းမိသည်။
“ငါ့အနေနဲ့ပြောရမယ်ဆိုရင်တော့ နင်ဘာလုပ်သင့်တယ်ဆိုတာထက် ဘာလုပ်ချင်လဲဆိုတာကို ဦးစားပေးလိုက်ဟာ။ နောင်တတော့ မရစေနဲ့” တဲ့…။
သူဇာဘာလုပ်ချင်လဲ စဉ်းစားမိသည်။
အိမ်အခြေအနေပြေလည်အောင် နိုင်ငံခြားကိုထွက်ဖို့ကိစ္စ ခပ်မြန်မြန်ပဲစီစဉ်လိုက်ရတော့မလား။ ညချမ်းကြောင့် နည်းနည်းဆိုင်းချင်နေနေတာလေ။ ဒါမှမဟုတ် မသွားတော့ရင် ကောင်းမလား။ ဘာ လုပ်ရမှန်းမသိတော့ပါဘူး။ တွေဝေမြဲပင်။
နောက်ဆုံး… နိုင်ငံခြားထွက်ဖို့ကိစ္စနဲ့ပတ်သက်ပြီး စီစဉ်ပေးမယ့်အဒေါ်တစ်ယောက်ဆီကို ဖုန်း ဆက်မိသည်။ အခြေအနေကို လေ့လာတဲ့သဘောသာ။
“နင်က အရေးတကြီး သွားချင်နေပြီလား”
“မဟုတ်ဘူး အဒေါ်။ အခြေအနေလေးသိရအောင် ဆက်လိုက်တာပါ”
“အခြေအနေက မဆိုးလှဘူး။ နောက်တစ်လ၊ နှစ်လလောက်ဆိုရင် သေချာပြောလို့ရပြီ။ အခုက အလုပ်အခြေအနေကို စောင့်ကြည့်နေတာ။ အိမ်ဖော်အလုပ်ကတော့ မကောင်းဘူးလေ။ အနှိပ်စက်ခံရ တာ ဘာညာသတင်းတွေကြားနေရတော့ မကောင်းဘူးမှတ်လား။ အဲတော့ စက်ရုံဘက်ကို စောင့်နေ တာ”
“ဟုတ်ကဲ့”
“မောင်မောင်ခင်တို့ သွားတဲ့စက်ရုံမှာ ပြောထားတယ်တဲ့။ အဲ့ဒီကို ချိတ်မိတာသေချာပြီဆိုရင် ပတ်စ်ပို့စ်ဘာညာလုပ်ရတော့မယ်။ နောက်နှစ်ပတ်လောက်ဆိုရင်တောင် ညည်းဆီဖုန်းဆက်မလို့ပဲ”
ဖုန်းဆက်လိုက်တော့မှပဲ ပိုပြီးတွေဝေမိသွားရသည်။ သူဇာတကယ်ပဲ ညချမ်းအနားက ခွာနိုင်ရဲ့ လားဆိုတာ မတွေးတတ်တော့။ ဘယ်လိုပြဿနာ၊ ဘယ်လိုအကြောင်းတွေပဲရှိရှိ ညချမ်းအပေါ် ခင်တွယ်နေမိတာတော့ သေချာသည်။ ဝေငြိမ်းနဲ့ ပြဿနာတက်ပြီး နှစ်ရက်လောက်ပဲကြာပါသည်။ အခြေအနေက ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ ဟိုကောင်မလေးအကြောင်းကို မပြောဖြစ်ကြတော့။ ညချမ်းကို ဝေငြိမ်းက ဟင်းတွေချက်ပေးမြဲ၊ အဝတ်တွေ လျှော်ပေးမြဲ။
ရန်ဖြစ်ထားတယ်ဆိုတာ ဘယ်သူကယုံတော့မှာလဲ။ ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်သွားတော့လည်း စိတ်ချမ်းသာရပြန်သည်။ သူဇာ့ကိုလည်း သူလာချော့ပါသည်။ ခဏခဏလည်း လာ စ သည်။
“နတ်သားတွေတောင် တစ်းပါးကို နတ်သမီး တစ်ထောင်စီတွဲကြတာပဲ။ ကိုယ်က ကောင်မလေး တစ်ယောက်ကို ချစ်နေတဲ့အချိန်မှာ အခြားကောင်မလေးနဲ့ ခဏလေးပဲတွဲမိတာပါကွာ။ သူဇာ စိတ်မဆိုး ဘူးမဟုတ်လားဟင်”
ဘာပြန်ပြောရမှန်းမသိပါ။ စိတ်ဆိုးချင်ယောင်ဆောင်ပြီးတော့ စကားမပြောဘဲ နေလို့လည်းမရ။ ချားတစ်လုံးဆွဲပြီးတိုင်း တစ်ခါရောက်လာတတ်သည်။ သူဇာ့ရက္ကန်းစင်နားမှာ စကားတွေဖောင်ဖွဲ့ပြီး ပြောတတ်သည်။
“ကိုယ့်အလုပ် ကိုယ်သွားလုပ်ကွာ။ ဟိုမှာ ဝေယံတို့ ကြည့်နေတာမကောင်းဘူး။ အားလုံးက ပြောစရာဖြစ်နေမယ်”
“ချားက တစ်နေ့လေးငါးလုံးပဲ ဆွဲရတာလေကွာ။ ရက္ကန်းစင်ပြတ် (ကုန်) မှ ချားလုံးတင်ပေးရ တာ။ အေးဆေးပြီးတယ်။ ပြောစရာလည်း ဖြစ်ပါစေ မကြောက်ဘူး။ သူဇာ့ကို ညချမ်းမောင် ကြိုက်နေ တယ်ဆိုတာ အားလုံးသိတယ်”
အဲ့လို ဇွတ်နိုင်တဲ့သူ။
သူဇာတို့ခတ်တဲ့ရက္ကန်းစင်ရဲ့ ချားလုံးတစ်လုံးကို တစ်ပတ်နီးပါး ခတ်ရပါသည်။ ကိုက်ရေများများ ခတ်နိုင်တဲ့ သူက ချားလုံးမြန်မြန်ကုန် (ပြတ်) တာပေါ့။ ခတ်ရင်းခတ်ရင်း တဖြည်းဖြည်းပါးလွှာလာသော ချားလုံးကို စောင့်ကြည့်ပြီး ညချမ်းတို့က ဘယ်သူအရင် ကုန်မလဲတွက်ကာ ချားကြိုဆွဲပေးရသည်။
ရက္ကန်းစင်ရဲ့ချားလုံးအကုန်မှာ နှပ်ပိုးတံ (နှပ်ချောင်းများ၏ ရှေ့ချည်မျှင်များကြားထဲ ကန့်လန့် ဖြတ်ထည့်သွင်းထားသော သစ်သားချောင်းနှစ်ချောင်း) ကျော်ကျော်ကနေ ချည်တွေကိုဖြတ်၊ ချားလုံးအ ကုန် (ချည်ကုန်နေပြီဖြစ်သည့် ချားလုံး) ကို ဆွဲထုတ်ကာ အသစ်ချားလုံးကို ပြန်တင်ပေးရသည်။ အဲဒီ အသစ် ချားလုံးက ချည်မျှင်တွေနဲ့ ခုနကဖြတ်လိုက်တဲ့ (နှပ်ပိုးတံ ကျော်ကျော်အထိ ဖြတ်ထားသော) ရက္ကန်းစင်က ချည်မျှင်တွေနဲ့ဆက်ပြီး ရက္ကန်းစင်ပေါ်မှာ ချားလုံးအသစ်တင်ခတ်ရတာ ဖြစ်သည်။ အဲဒါကို တန်းဆက်တယ်လို့ ခေါ်တာပေါ့။
သူဇာတန်းပြတ်တဲ့အခိုက် သူအားတာနဲ့ကြုံရင် တန်းဝိုင်းဆက်ပေးသည်။ အဲဒီအချိန်ဆို သူက ဒိုင်ခံပြီး စကားတွေဖောင်ဖွဲ့ ပြောတတ်သည်။ သူဇာ မသိတဲ့ ရက္ကန်းပညာတချို့ကိုလည်း သင်ပေးပါ သည်။ များသောအားဖြင့် ချားဆွဲသမားတွေက ပညာပိုကျွမ်းကြသည်။ သူဇာတို့ကျတော့ ရက္ကန်းခတ်ရုံ လောက်သာ တတ်တာဖြစ်ပြီး စင်ပျက်ရင် မပြင်တတ်ပါ။ လက်တန်းနိမ့်နေတာကို ချည်လေးနဲ့ခုပြီး မြှင့် တာလောက်ပဲရသည်။
“ရက္ကန်းပညာဟာ အရမ်းနူးညံ့သိမ်မွေ့တယ်။ ခတ်တတ်ရုံနဲ့မရဘူး။ စိတ်ပိုင်းဆိုင်ရာနဲ့ပါ ဆက်စပ်နေတယ်။ ဥပမာ – စိတ်ရှုပ်တဲ့အချိန် ရက္ကန်းခတ်ရင် ဘယ်လောက်ပဲခတ်ခတ် ကိုယ်လိုချင်တဲ့ ကိုက်ရေမကျဘူး”
သူဇာတို့ အမှတ်တမဲ့ဖြစ်နေတဲ့အချက်တွေကို သူဇာ သတိထားပြောပြတတ်လေသည်။
“ဘာဖြစ်လို့”
“ရက္ကန်းစင်ဆိုတာက ချည်မျှင်ပေါင်းများစွာနဲ့ တည်ဆောက်ထားတာလေ။ စိတ်ကြည်ကြည် လင်လင် ရှင်းရှင်းလင်းလင်းရှိမှ ချည်မျှင်တွေလည်း ရှင်းနေတာပေါ့။ စိတ်ရှုပ်လာရင် ချည်တွေပါ ရှုပ်လာ ပြီး ရှင်းမရ၊ ပြုမရနဲ့ ခတ်လို့မကောင်းတော့ဘူး။ ချည်ရှုပ်တွေ ထလာရင် ရှင်းရတာမို့ စိတ်ရှင်းဖို့ လို တယ်လေ”
သူပြောတော့လည်း ဟုတ်သလိုလိုတော့ ရှိသား။ ခတ်နေရင်းကနေ ချည်တွေငြိပြီး ရှုပ်လာရင် ရှင်းရတာ စိတ်မရှည်တာမျိုးဖြစ်တတ်သည်။ အဲဒီအခါကျရင် စိတ်တွေပါ ရှုပ်လာပြီး ခတ်မရဘူးဖြစ်ရော။
“နောက် မိုးရွာရင် ရက္ကန်းတန်းက ခတ်ရတာလေးတယ်။ နေပူရင် ခတ်ရတာပေါ့ပေါ့ပါးပါးရှိ တယ်။ ဒါပေမယ့် ထွက်လာတဲ့အထည်တွေက အလေးချိန်လျော့ရော”
အဲဒါကိုတော့ သူဇာလည်း သိပါသည်။
မိုးလေးနည်းနည်းအေးသွားပြီဆိုရင် ရက္ကန်းစင်က လေးလာရော။ လက်ခတ်ကြီးကို တော်တော် ကြီးဆွဲပြီး ခတ်ယူရသည်။ ဒါပေမဲ့ ထွက်လာတဲ့အထည်တွေကတော့ လေးလေးပင်ပင်နဲ့ သတ်မှတ် အလေးချိန်ပြည့်သည်။ နေပူရင်တော့ ဘယ်လောက်ကြီးပဲ လက်ခတ်ကို အားစိုက်ဆွဲပြီးခတ်ခတ် အထည်တွေရဲ့ အလေးချိန်က မပြည့်ချင်။
“အဲ့လိုမျိုးတွေ မဖြစ်အောင် ကိုယ့်ရက္ကန်းစင်ကို ရာသီဥတုနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် ထား ရမှာပေါ့။ မိုးရွာရင် မိုးလုံးဝမပက်စေဖို့ နေပူရင် နေရောင်ခြည်မကျအောင်လို့ လုံလုံခြုံခြုံထားရမယ်”
ရက္ကန်းသမလေးတွေရဲ့ အသက်ဖြစ်တဲ့ ရက္ကန်းစင်ကို ရိုရိုသေသေ ယုယုယယထားဖို့လိုသည်။ မနက်ဆိုရင် အမေဒေါ်ရွှေဥကို ပန်းဆက်ကြရသည်။ ရက္ကန်းစင်ကို ရိုသေမှ ရက္ကန်းစင်ကလည်း ကိုယ့်ကို ကိုက်ရေများများ ထွက်အောင်လုပ်ပေးမည်။
“ညချမ်းက ရန်ကုန်သားဖြစ်ပြီးတော့ ရက္ကန်းပညာကို ဘာလို့ကျွမ်းကျင်ရတာလဲဟင်”
သူ ပြုံးပါသည်။
“ဘာလဲ။ ရန်ကုန်သားက ရက္ကန်းမခတ်တတ်ရဘူးလား”
“မဟုတ်ပါဘူး။ထူးဆန်းလို့ မေးကြည့်တာ”
“ကိုယ်က အညာဖက်က ရက္ကန်းရုံတွေမှာ နှစ်အတော်ကြာကြာ အလုပ်လုပ်ဖူးတယ်လေ။ ဒီလို ဂုန်နီချည်မျှင်တွေတော့ မဟုတ်ဘူး။ ဝါချည်တွေနဲ့ပေါ့။ ပုဆိုးတို့ စောင်တို့ ခတ်တာလေ။ လွယ်အိတ် ရော ခတ်တဲ့ရုံမှာလည်း လုပ်ဖူးတယ်။ အခုလိုမျိုး ချားတန်းဘက်ကပဲလုပ်ဖူးတာ။ ရက္ကန်းတော့ ခတ် တတ်ထားရုံလောက်ပဲ။ ကိုယ်တိုင်တော့ မခတ်ဖူးပါဘူး။ မိန်းကလေးအလုပ်ထင်လို့”
“မဆိုင်ပါဘူးနော်။ ဝေငြိမ်းတို့တောင် ခတ်သေးတာပဲ”
“သူက ဂန်ဒူးလေ…”
“ဟင်… ညချမ်းနော်… ဝေငြိမ်းကို အဲလိုမပြောပါနဲ့။ သူ့ကုသိုလ်ကံ အကျိုးပေးကြောင့် အခုလို ဖြစ်နေတာပါ။ သူကလည်း အဲ့လိုဘယ်ဖြစ်ချင်ပါ့မလဲ။ ဂန်ဒူးလို့လဲ ဘယ်အခေါ်ခံချင်ပါ့မလဲ။ လူလူချင်း တန်းတူမြင်စမ်းပါ ညချမ်းရယ်..”
“စတာပါကွာ… ကိုယ်သဘောပေါက်ပါတယ်။ ဒီမှာလည်း ယောက်ျားလေးတွေ တချို့ခတ်နေကြ တာပဲလေ”
ဝေငြိမ်းနဲ့ပတ်သက်ပြီး နှိမ်သလိုပြောတာမျိုးကို သူဇာ လက်မခံခဲ့ပါ။ ဘာပဲဖြစ်ဖြစ် ဝေငြိမ်းနဲ့ သူဇာနဲ့က ဆွေမျိုးရင်းချာလိုမလား။
သူဇာတို့ သူ့အကြောင်းပြောနေတာကို ဝေငြိမ်းကလည်း သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပေး ခဲ့ပါသည်။ တကယ်ဆို သူဇာတို့နှစ်ယောက်က စင်နီးနီးလေးမလား။ သူဇာ့စင်က ပြောနေတာကို ဝေငြိမ်းက ရက္ကန်းခတ်နေရင်း အကုန်ကြားရသည်။
“မိုးမြင့်တောင် ရက္ကန်းခတ်မယ်လို့ ကြားတယ်”
“အင်း.. ဟုတ်တယ် ညချမ်း..။ ကျောင်းကို အဝေးသင်ပြောင်းမယ်တဲ့။ ကောင်းပါတယ်လေ။ အခုခတ်က ဘွဲ့ရပေမယ့် အဆက်အသွယ်ရှိမှ အလုပ်ကောင်းရတာမလား။ စောစောကျောင်းပြောင်းပြီး အလုပ်လုပ်တော့ သူတို့မောင်နှမ ပြေလည်တာပေါ့”
မိုးမြင့်ထက်ဖက်က နားလည်သယောင်ပြောလိုက်ပေမယ့် မိုးမြင့်ဘာကြောင့် ကျောင်းပြောင်းပြီး ရက္ကန်းခတ်မှာလည်းဆိုတာကို သူဇာ ကောင်းကောင်းနားလည်ပါသည်။ သူဇာနဲ့ မိုးမြင့်တို့ရဲ့ ဆက်ဆံ ရေးဟာလည်း အရင်လိုမနွေးထွေးတော့ပါ။
X X X X X X X X X X X X X X X