(၁)
ခိုက်ခိုက်တုန်အောင်အေးလှသည့် ဒီဇင်ဘာဆောင်းမနက်ခင်းတစ်ခု၌ သားလေးအသက်တစ်နှစ်ပြည့် ပါသည်။
ပါးမို့မို့ဖောင်းဖောင်းလေးနှင့် သားလေးမျက်နှာကြည်လင်ရွှင်ပျနေမှုကို ကျွန်တော်ရော ချစ်ဇနီးစိမ်းရော ရူမဝ၊ ချစ်မဝပေ။
သားလေးရဲ့ မွေးနေ့ကို ခမ်းခမ်းနားနား မလုပ်ဖြစ်ပေမယ့် နေထိုင်ရာ သိမ်ကုန်းနားတစ်ဝိုက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ဆွမ်းချိုင့်တွေပို့၊ တောင်ပေါ်တစ်လျှောက်နီးစပ်ရာ ဘုရားစေတီပုထိုးတွေမှာ ဆီးမီးတွေလိုက်ထွန်းဖြစ်သည်။
ကျွန်တော်ရဲ့ တစ်ခုတည်းသောပိုင်ဆိုင်မှုဖြစ်တဲ့ ဝေဠု Medical Health Center ကိုလည်း ဒီနေ့တော့ ပိတ်ထားဖြစ်သည်။
သိမ်ကုန်း (၁) လမ်းမှာရှိတဲ့ ကျွန်တော်တို့ရဲ့ အိမ်ကို နေ့လယ်တစ်နာရီလောက်မှ ရောက်ဖြစ်ပါသည်။ မင်္ဂလာရှိသောနေ့မှာ စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ တစ်ခြား ရှုပ်ထွေးတဲ့ပြသနာတွေကို မတွေးမိသလို တွေးစရာလည်းမရှိခဲ့ပါချေ။
သို့သော် . . . ကျွန်တော်တို့ မိသားစု အိမ်ရောက်ရောက်ချင်းမှာပဲ အကြီးမားဆုံး ပြသနာက စတင်ခဲ့လေသည်။ လွန်ခဲ့သော နှစ်နှစ်နီးပါးခန့်က ပြသနာတည်ငြိမ်းအေးချမ်း၊ အသားကျနေပြီဖြစ်သော လက်ရှိအချိန်မှာ ဝင်ရောက်လာခဲ့သော ဒီပြသာနာ။ ကျွန်တော် . . . တကယ်ပဲ ဝဋ်ကြွေးတွေမကျေ သေးဘူးလား။ အိမ်တံခါးပွင့်လျက်သားတွေ့ပြီး အထဲမှာ စန္ဒာရတီးခပ်သံ တိုးတိုးလေးကြားရတော့ ကျွန်တော်ရော စိမ်းပါ အံ့အားသင့်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်။ တံခါးကို လုံံလုံခြုံခြုံပိတ်ထား ပါရက်နဲ့ ဘယ်သူကများ လော့ခ်ဖြုတ်ဝင်ပြီး စန္ဒာရားတီးနေပါသလဲ။ မတော်တဆ . . . သူ . . . ဟာ . . . ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။ သားလေးကို ချီပိုးထားသော လက်တွေတုန်ယင်သွားသည်။ ဇိုးဇိုးဇက်ဇက် နိုင်လှသည့်စိမ်းက ခပ်သုတ်သုတ်သွားပြီး တံခါးလက်ကိုင်ဘုဆွဲဖွင့် လိုက် တော့ မြင်ရသည့်မြင်ကွင်းကြောင့် ကျွန်တော်တို့ အကြောင်သား မှင်သက်မိရပြီ။
“မေ အဂ္ဂ”
ဘုရား ဘုရား။ နှစ်နှစ်နီးပါးကွယ်ပျောက်ခဲ့ပြီး မျက်လှည့်ပြသလို ဘွားခနဲ ပေါ်လာပြီ။ ဒီအမျိုးသမီးဟာ ကောင်းသောလာခြင်းတော့ လုံးဝမဟုတ်နိုင်ပါ။
“ပြန်မြင်နေ အတိတ်ကဆုတောင်း ဟိုးအဝေးဆီ . . . ရည်ရွယ်ရာ ပြီးပြည့်စုံဖို့ မစောင့်သူရေ . . . မင်းအတွက်နဲ့ဆို ကိုယ့်အသည်း နောက်ဆုံးထိ . . . ခိုင်တည်ဆဲပါ . . . ချစ်ဦးသူရေ . . . မင်းကိုလွမ်း . . . လမ်းပြမယ့်ကြယ်လေး အလင်းမှန်ပြီ . . . အရင်က အတူတွဲလျှောက်ဖူးတဲ့လမ်းတွေ မှောင်နေပြီ . . . ”
စန္ဒရားကို ပိုင်ပိုင်နိုင်နိုင် တီးခတ်ပြီး သီချင်းကို စီးစီးပိုင်ပိုင်ဆိုနိုင်တာကို မှင်သက်စွာ ငေးမောမိသည်။ ဒါရွှေရည်ဖြိုးမောင်ရဲ့ ကိုယ့် အတွေးထဲမှာ သီချင်း သူအရမ်းကြိုက်ပါတယ်ဆိုတဲ့သီချင်းပေါ့။ ကျွန်တော်ကြောင်ငေးမိစဉ်မှာပဲ စိမ်းက စန္ဒရားရှိရာကို အပြေးတစ်ပိုင်းသွားပြီး အဲဒီ အမျိုးသမီးရဲ့ လက်တွေကို ရုန်းဖယ်တွန်းထုတ်ပစ်လိုက်လေသည်။ အဖြစ်အပျက်က ရုပ်ဆိုးအကျည်းတန်စွာ စတင်ခဲ့လေပြီ။
“ရှင်ထွက်သွား . . . ကျွန်မအိမ်ကနေ ခုချက်ချင်း ထွက်သွားစမ်း”
မေအဂ္ဂ ခေတ္တမျှစိမ်းကို စူးရဲရဲကြည့်သည်။ သာမန်မဟုတ်သောအကြည့်။
အခုချိန်ဆို ဒီအမျိုးသမီးရဲ့အသက်က ၂၇ ပြည့်လောက်ရော ပေါ့။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ၂၅ နှစ်။ ဟင် . . . ဒါဆို သူမရဲ့ စိတ်ဟာ သာမန်အခြေအနေမဟုတ် . . . ။ ဘုရား . . . ဘုရား။ သူမ စိမ်းကို ကြောက်မတ်ဖွယ်ရာပုံစံနဲ့ကြည့်ပြီး စိမ်းရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ တွန်းထုတ်ပစ်လိုက်လေသည်။
“ဟာ . . . စိမ်း၊ မေအဂ္ဂ . . . ခင်ဗျား”
စိမ်းက သူမကို တစ်စုံတစ်ရာ ပြန်လုပ်ဖို့အထိ ကျွန်တော်က သားလေးကိုချီရက်သား စိမ်းဆီပြေးသွားကာ လှမ်းတားလိုက်လေသည်။
“စိမ်း၊ မလုပ်နဲ့ သူအခုချိန်မှာ သာမန်လူမဟုတ်တော့ဘူး”
ခပ်တိုးတိုး ပြောတာကို သူမက ကြားဖြစ်အောင်ကြားလိုက်လေသည်။
“မောင်”
အရင်လို ခေါ်တုန်းပါပဲလား။
“ကျွန်မဟာ သာမန်လူပါပဲ။ မောင့်ရဲ့ မေပါပဲကွယ်။ ကျွန်မမရူးပါဘူး။ မရူးလို့တောင် ရန်ကုန်ကနေ မော်လမြိုင်ကို မောင့်ဆီကို လာနိုင် သေးတာပဲ။ ကျွန်မအဘွားဟာ အသက် ၂၇ နှစ်မှာ ရူးပြီးသေသွားခဲ့တယ်တဲ့။ ကျွန်မအဖေလည်း အသက် ၂၇ နှစ်မှာ ရူးသွားခဲ့တယ်။ ထို့အတူပဲ ကျွန်မရဲ့အစ်ကိုနဲ့ အစ်မတွေလည်း အသက် ၂၇ မှာ ရူးသွားတယ်။ အခုမေ့အသက် ၂၇ ပြည့်ပြီလေ။ ဒါပေမဲ့ ဘာမှမဖြစ်ဘူး။ ကျွန်မအကောင်း ချည်းရှိသေးတယ်မောင်ရဲ့။ မောင်ဟာ ဆရာဝန်တစ်ယောက်လေ။ မောင်တစ်ယောက်လုံးရှိတယ်။ မေကြောက်စရာမလိုဘူးဆို . . . မျိုးရိုးလိုက် တဲ့ရောဂါဆိုတာ မေ့အနာဂတ်မှာ လုံးဝမရှိစေရဘူးဆို . . . မောင်ဘာလို့ ကျွန်မကို သာမန်လူမဟုတ်ဘူးလို့ ပြောရတာလဲ”
ကျွန်တော်စိတ်ကိုလျှော့လိုက်သည်။ သက်ပြင်းသဲ့သဲ့ချလိုက်၏။ သားလေးကတော့ မျက်လုံးလေး ပေကလပ်ဖြင့် အရာအားလုံးကို အထးအဆန်းသဖွယ်ကြည့်နေသည်။
“အိုကေ မေ . . . ထားပါတော့။ ခင်ဗျားဒီကို ဘာရည်ရွယ်ချက်နဲ့လာသလဲ။ အေးချမ်းနေတဲ့ ကျွန်တော်တို့ မိသားစုဘဝထဲကို ဘာလာ လုပ်တာလဲ”
တစ်ဖက်က သားလေးကို ချီးပြီး တစ်ဖက်က စိမ်းကိုသိုင်းဖက်ထားမိသည်။ အရာအားလုံးဟာ တည်ငြိမ်နေပြီပဲကွာ။ ဝဋ်ကြွေးတွေကျေပါ တော့လား မေအဂ္ဂ။
“မောင် . . . မောင် ကျွန်မကို နောက်ဆုံးတွေ့တဲ့နေ့က ဘာပြောခဲ့လဲ။ ကျွန်မဘာပြောခဲ့သလဲ မှတ်မိလား” စကားလုံးတွေကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ နောက်ဆုံးတွေ့တဲ့နေ့ . . . အဲဒီနေ့ကတော့ ဘယ်လိုမှ မမေ့နိုင်စရာနေ့ပေါ့။ အဲဒီနေ့ ကိုတော့ အရိုးစွဲအောင် မှတ်မိနေသည်။ ကျွန်တော်နဲ့စိမ်း မင်္ဂလာဆောင်တဲ့နေ့။ “ချစ်ခြင်းတွေနဲ့ မျှော်လင့်ရင်း ပြန်လာခဲ့မယ်လို့ ပြောခဲ့တယ်လေ”
ဘုရား . . . ဘုရား။ တစ်ကယ်ပဲ အဲလိုပြောခဲ့သလား။ ဒါ . . . ဒါဆို သူမ ကျွန်တော်ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ မိသားစုဘဝကို ဝင်လာ တဲ့ ရည်ရွယ်ချက်ဟာ . . . ?
မေအဂ္ဂနဲ့ နောက်ဆုံးတွေတဲ့နေ့ ။ အဲဒီနေ့ . . . ။
>>>>>
(၂)
ဒေါက်တာ ဝေဠဖြိုးနှင့် မစိမ်းလဲ့ရည်တို့၏ မင်္ဂလာဧည့်ခံပွဲ။ မော်လမြိုင်မြို့၏ အလယ်အလတ် လူတန်းစားထဲမှာတော့ အစည်ကားဆုံး ပွဲဟုပြောလို့ရသည်။ ခန်းမအပြည့်အလျှံ ဧည့်သည်တွေ။ တကယ်တော့ မေအဂ္ဂကို မဖိတ်ခဲ့ပါ။ သို့သော်လည်း သူမက လူအစည်ကားဆုံးအချိန် မှာ ရောက်လာပြီး ရုပ်ဆိုးအကျည်းတန်မှုကို တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့လေသည်။
“ပရိသတ်ကြီးရှင် . . . ကျွန်မဟာ ဝေဠဖြိုးရဲ့ ချစ်သူ မေအဂ္ဂပါ။ ဒီမင်္ဂလာဧည့်ခံပွဲကို ကျွန်မလု့းဝအသိအမှတ် မပြုနိုင်ပါဘူး”
မိုက်ခရိုးဖုန်းကြီးကိုင်ကာ စင်ပေါ်မှ ရုတ်တရက်အော်ချလိုက်၍ အားလုံး အံ့အားသင့်ကုန်ကြပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
“ထွက်သွားစမ်း . . . ဟေ့ သူ့ကို ခန်းမထဲကနေ ထွက်သွားခိုက်လိုက်”
နှစ်ဖက်မိဘတွေ သူမကို မောင်းထုတ်ကြသည်။ မေအဂ္ဂရဲ့ ပုံစံက သာမန်မဟုတ်တာကို အားလုံး သတိပြုမိသည်။ ရှုံးနိမ့်မှုတွေ . . . မျက် နှာပေါ်မှာ ထင်ကျန်နေတဲ့ ဒေါသ မောဟ တွေ . . . ။
“ကျွန်မက ဘာလိ့ထွက်သွားရမှာလဲ တကယ်ဆို . . . သတို့သမီးဟာ ကျွန်မပဲဖြစ်ရမှာ။ စိမ်းလဲ့ရည်နေရာမှာ ကျွန်မဖြစ်ရမှာ . . . မောင် . . . ပြောလိုက်လေ။ မောင်သိမ်ရက်စက်တာပဲ။ မောင် ကျွန်မကို လက်ထပ်ရမယ်လို့ ကျွန်မပြောထားရက်နဲ့။ ဟင့်အင်း . . . မရဘူး။ ဒီမင်္ဂလာပွဲကို ခုချက်ချင်းဖျက်ပေး။ မေအဂ္ဂကို ဒီလိုလာမကြောနဲ့ . . . ။ ရှင်.မင်္ဂလာပွဲ လုံးဝတရားမဝင်ဘူးနော် . . . မောင်”
သူမ၏ သွေးရူးသွေးတန်း အော်နေမှုတွေကို မသနားနိုင်တော့ပါ။ စိမ်းဘက်က ဆွေးမျိုးအသိုင်းအဝိုင်းတွေ ကျွန်တော်တို့အပေါ် ငြိုငြင် ယောင်ပြလာသည်။ မေအဂ္ဂဟာ အရူတစ်ယောက်လို မြင်မြင်သမျှတွေ လိုက်လံဖျက်စီးပစ်နေသည်။ စားပွဲတွေမှောက်လှန်။ ပန်းကန်တွေခွဲပစ်တာမို့ နောက်ဆုံး သူမကိို ၀ိုင်းချုပ်ပြီး နီးစပ်ရာရဲစခန်းကို ပို့လိုက်ကြသည်။ အားလုံးရဲ့ မျက်နှာ မသာမယာနဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပ၏။
“မောင် . . . ကျွန်မ ဘယ်ကိုပဲရောက်ရောက် ချစ်ခြင်းတွေနဲ့ မျှော်လင့်ရင်း မောင့်ဆီပြန်လာခဲ့မယ်” ကျွန်တော်စိမ်းကို သိုင်းဖက်ထားတော့ စိမ်းက ကျွန်တော့်လက်တွေကို ရုန်းသည်။ မေအဂ္ဂရဲ့ နောက်ဆုံးစကားဟာ လုပ်ရပ်တွေဟာ စိမ်းအတွက် တစ်သက်မမေ့နို်င်စရာအကြောင်း ဖြစ်ခဲ့လေပြီ။
>>>>>
(၃)
“မေ . . . ဘာပဲဖြစ်ဖြစ် မင်းသွားပါတော့။ ခုချိိန်မှာ ငါ့ဘဝက အေးချမ်းနေပြီကွ။ တောင်းပန်ပါတယ် မေ။ မင်းပျောက်ကွယ် လက်စနဲ့ တစ်သက်လုံး ပျောက်ကွယ်သွားပါတော့လားကွာ”
မေသည် ကလေးချီရက်သားနဲ့ သူမကို စိတ်ပျက်ပျက်နဲ့ နှင်ထုတ်နေသည့် အမျိုးသားလေးကို ရယ်ချင်မိသွားသည်။ ခုချိန်မှာ သူ့ ဘဝက တည်ငြိမ်အေးချမ်းနေပြီ။ သားမယားနဲ့ လိုလေသေးမရှိ ပြည့်စုံနေပြီ။ နှစ်နှစ်လောက်ကြာပြီးမှ ပြန်ရောက်လာတဲ့မေ့ကို သူတို့တွေ တော်တော် အံ့အားသင့်မှာပေါ့။ ဒါပေမဲ့ . . . ရက်စက်လိုက်တာ မောင်ရယ်။ မောင်ရဲ့ ဆက်ဆံရေးက တင်းမာလွန်းလှပါတယ်။ မောင့်ကို မေဘယ်လောက်ချစ်သလဲ။ မောင့်ရဲ့ လက်ရှိဘဝစည်းစိမ်ဥစ္စာတွေကို ဘယ်သူဖန်တီးပေးခဲ့တာလဲ။
“မေအဂ္ဂ . .. ရှင်ဘာလိုချင်တာလဲ။ ကျွန်မတို့ မိသားစုကို ရှင်ဘာတွေများ အနှောင့်အယှက်ပေးဦးမလဲ။ ရှင့်ကြောင့် တစ်သက်မှာတစ်ခါ ဆောင်ရတဲ့ မင်္ဂလာပွဲကို ကောင်းကောင်းမွန်မွန်၊ စိတ်ချမ်းချမ်းသာသာနဲ့ မဆောင်ခဲ့ရတာ ကျွန်မတစ်ဘဝလုံး အမာရွတ်တစ်ခုလို ထင်ကျန်ခဲ့တယ် လေ။ ဒါနဲ့တင် ရှင်မကျေနပ်သေးဘူးလား . . .”
“ကိုယ်ဘာမှ မလိုချင်ပါဘူး စိမ်းလဲ့ရည်။ မင်းနဲ့ ပတ်သက်ရင် ဘာမှအပြ်စပြောစရာမရှိဘူး။ ဒါပေမဲ့ . . . ကိုယ်မောင့်ကို ချစ်တယ်။”
“အဓိပာယ်မရှိတာပဲ။ ဝေဠုဖြိုးဟာ ကျွန်မခင်ပွန်း။ ဟောဒီသားလေးရဲ့ ဖခင်တစ်ယောက်ဖြစ်နေပြီ။ ရှင် မြန်မာအမျိုးသမီးတစ်ယောက် ပီပီ ဒါမျိုးမပြောသင့်ဘူး။ အခုချိန်ထိ အတ္တတွေ အဆု့းမသတ်သေးဘူးလားမေအဂ္ဂ“
“ကိုယ် . . . ဝေဠုဖြိုးအပေါ် ဘယ်လောက်ထိ ချစ်ခဲ့သလဲဆိုတာ မင်းသိရင် မင်းဒီစကားပြောမှာ မဟုတ်ဘူး။ ထားပါ . . . ကိုယ့်ကို သွားစေချင်ရင် ကိုယ်သွားပါ့မယ်။ မောင့်ရဲ့ ရင်သွေးလေးကို ခဏပေးချီရင်ပေါ့”
သူတို့နှစ်ယောက်လုံး တွေဝေသွားကြသည်။ မေ့လို မိန်းမတစ်ယောက်က ဒီကလေးလေးကို မချီသင့်ဘူးလား။ မေ တစ်ခုခုလုပ်မှာ ကြောက်လို့လား။
“တကယ်လို့ မေဟာ လူနာတစ်ယောက်လို့ မောင်ကသတ်မှတ်ရင်လည်း မောင်ရဲ့ Medical Ethics တစ်ခုခုချို့ယွင်းအောင် မေမလုပ်ပါဘူးမောင်ရဲ့။ မောင့်သားလေးနဲ့ ယှဉ်ပြီး လူနာဖက်က ရက်တည်ရတဲ့အလုပ် မောင်ဘယ်လောက် ရင်နာမလဲ။ မေ မလုပ်ပါဘူး”
အနောက်တိုင်း ဒသနပညာကို အခြေခံပြီး Medical Ethics လေးနည်းရှိတယ်တဲ့။
(၁) လူနာ၏ ကောင်းကျိုးကို ရှေးရှုခြင်း (Do Good/ Benefience)
(၂) လူနာ၏ ဆိုးကျိုးကို ရှောင်ကြဉ်ခြင်း (Non-maleficence/ Do no harm)
(၃) လူနာရဲ့ အချုပ်အချာပိုင်မှုကို လေးစားရခြင်း (Respect For Butonomy)
(၄) လူနာအပေါ် မျှတရခြင်း (Justice) ။
မောင်ပြောဖူးခဲ့တဲ့ စကားတွေကို မေဘယ်မေ့ပါမလဲ။
“ကိုယ်ဟာ ဖခင်တစ်ယောက်ဖြစ်နေပြီလေ။ အဲဒီအတွက် သားလေးရဲ့ လုံခြုံရေးန့ ပတ်သက်ပြီး မေ့ကို ခွင့်မပြုနိုင်တာ မင်းခွင့်လွှတ်ပါ။ မင်းသွားပါတော့ မေ . . . .”
မေ ခဏတာ စဉ်းစားပြီးမှ လက်ခံမိလိုက်သည်။ မောင်ရဲ့နူးညံ့တဲ့ စကားသံတွေကြား မေရှုံးနိမ့်ခဲ့ပါတယ် မောင် ။ ဒါပေမဲ့ . . . .။
“မောင် ငြိုငြင်မယ့် အဖြစ်မျိုး မေဘယ်တော့မှ မလုပ်ချင်ပါဘူး”
မောင် အံ့သြသွားသည်။ ဘယ်မေ့ပါမလဲ။ မောင်ရှေ့မှာ အမြဲတမ်းလိုလို ပြောနေခဲ့တာ ဘယ်မေ့ပါမလဲ။ မေမသိချင်ယောင်ဆောင်ပြီး ထွက်လာခဲ့ပါသည်။ မောင်ငြိုငြ်မယ့်အဖြစ်မျိုး မေဘယ်တော့မှ မလုပ်ချင်ပါဘူးကွယ်။
>>>>>
(၄)
“မောင်ငြိုငြင်မယ့်အဖြစ်မျိုး မေဘယ်တော့မှ မလုပ်ချင်ပါဘူး”
အဲဒီစကားကို မောင့်ရှေ့မှာ ခဏခဏပြောပေမယ့်လည်း မေငြိုငြင်အောင် မောင်အမြဲတမ်းလုပ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် မောင့်လိုအင်ဆန္ဒဖြည့်ဆည်းခွင့်ရရင် မေ အတိုင်းမသိကျေနပ်ခဲ့ပြီ။
“အခွင့်အရေးဆိုတာ နှစ်ခါမရဘူးမောင်။ မောင်က အခုချိန်မှာ အဲဒီ Medical Health Care Center ရဲ့ ဝန်ထမ်းအဆင့်ပဲရှိသေးတယ်။ အခု ထုတ်ရောင်းမယ့် ရှယ်ယာတစ်ဝက်ကျော်ကို ဝယ်လိုက်ရင် သိပ်မကြာခင်မှာပဲ မောင်ဟာ လုပ်ငန်းရှင်ဆရာဝန်တစ်ယောက်။ အဲဒီစင်တာရဲ့ သူဌေးတစ်ယောက် ဖြစ်ပြီပေါ့”
မောင်အခုပိုင်တဲ့ ဝေဠု Medical Health Care Center က မောင့်အတွက် ရှယ်ယာတွေ တစ်ခုပြီးတစ်ခု မေဝယ်ပေးခဲ့ခြင်းဖြစ်သည်။ အခုဆိုရင် မော်လမြိုင်မြို့ရဲ့ အချက်အချာနေရာမှာ အထင်ကရ စင်တာကြီးတစ်ခုဖြစ်နေပြီပေါ့။ မောင် ဘဝမှာ လိုအပ်ချက်တွေ အများကြီးရှိသည်။ မောင်ရတဲ့လခနဲ့ မောင်တို့မိသားစု မလုံလောက်။ မောင့်ကို ဆေးကျောင်းထားခဲ့တဲ့အတွက် တင်နေသေးတဲ့အကြွေးတွေ၊ မှန်မှန်ပေးနိုင်တဲ့ အိမ်လခ . . . အို အများကြီးပါပဲ။
“မေ . . . ဘာလို့ အတင်းကြီး ကိုယ့်လိုအပ်ချက်တွေ လိုက်ဖြည့်ဆည်းပေးနေရတာလဲ။ ကိုယ်ပိုင်းလုံး မဖြစ်ချင်ဘူး။ ကျေးဇူးတွနဲ့လည်း အချည်နှောင်မခံချင်ဘူးမေ”
မောင့်မှာ တကယ်လိုအပ်တာတွေများနေတာ့ မောင်ငြင်းမရခဲ့ပါဘူး။ မေ့မှာ စည်းစိမ်ဥစ္စာတွေပဲရှိတာ။ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာတွေ ပေးရမယ်။ သူ မောင်တစ်ယောက်ကလွဲရင် တစ်ခြားသူမရှိဘူးလေ။ မောင့်ကို မေသိပ်ချစ်တယ်။ အားလည်းကိုးတယ်။ မောင်မရှိရင် မေ့ဘဝလည်း အဓိပာယ်မရှိတော့သလို ဖြစ်မှာကို သိရက်နဲ့ မောင်က စကားတစ်ခွန်းကို မကြာခဏပြောလေ့ရှိတယ်။
“မေ့ကို ကိုယ်လက်ထပ်မှာ မဟုတ်ဘူး။ မေ့ကျေးဇူးတွေ တဖြည်းဖြည်းနဲ့ ကျေအောင်ဆပ်မယ်”
အဲဒီစကားကြားရင် မေ ဘယ်လောက်ရင်နာမလဲဆိုတာ မောင် တွေးမည်မဟုတ်ပါချေ။ လောကကြီးမှာ မကြားချင်ဆုံးကား ကြားလိုက် ရလို့ မေ သေမတတ်ခံစားရသည်။ မောင် အဲလိုပြောလိုက်ရင်ပဲ မေ ဘာမှမလုပ်နိုင်တော့ဘူး။ အိပ်ရာထဲ ဘိုင်းခနဲလဲတော့တာပဲ။ သုံးလေးရက် လောက်အထိ ဘာအလုပ်မှ မလုပ်နိုင်၊ အပြင်လည်းမထွက်နိုင်တော့ လောက်အောင် စိတ်ဓာတ်ကျခဲ့သည်မဟုတ်လား။ ဒီတော့လည်း မောင် ပင်ပန်းတာပဲ။ စျေးကြီးအနားက မေ့ရဲ့အိမ်ကို အလုပ်ဆင်းနေရာကနေ ဆိုင်ကယ်နဲ့အပြေးလာပြီး ဆေးတွေတိုက်၊ ခေါက်ဆွဲတွေပြုတ်ပေး၊ မေစားချင်တာတွေ ချက်ပေးရတာပါပဲ။ တစ်ခါတလေ အလုပ်ကခွင့်ယူပြီး မေ့အလုပ်တွ ကူလုပ်ပေးရသည်။ သံလွင်တံတားကြီးကို ဆိုင်ကယ်နဲ့ ဖြတ်။ ပေါင်မြို့အကျော် ရင်းငြိမ်ရွာနားမှာရှိတဲ့ မေ့ရဲ့ ဧက ၅၀ ရော်ဘာခြံမှာသွားပြီး မန်နေဂျာနဲ့တွေ့။ ခြံကထွက်တဲ့ ကုန်ကြမ်း၊ ကုန်ချောတင်ပို့ တဲ့ စာရင်းတွေစစ်၊ အလုပ်သမားစားရိတ်ရှင်း . . . လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ပေးနဲ့ မေနေမကောင်းရင် မောင်ပဲအလုပ်ရှုပ်ရတာပါ။ ဒါတောင် မြို့ပြင် မှာရှိတဲ့ ကျွဲကောခြံကြီးကို မောင်ကိုပဲလွှဲပြီး အလုပ်အားလုံးလုပ်ခိုင်းထားသေးသည်။ မေ့ရဲ့ ရော်ဘာခြံ၊ ကျွဲကောခြံနဲ့ စျေးကြီးထဲမှာ ငှားထားတဲ့ဖိနပ်ဆိုင် သုံးဆိုင်ရြ့ ဝင်ငွေက မသေးလှဘူး။ မေ့အိဘတွ ချန်ခဲ့တဲ့ စည်းစိမ်တွေနဲ့ဆို မေ့တစသက် စားမကုန်ပါဘူး။ မေ့မှာ ပစ္စည်းဥစ္စာရှိသည်။ ဆွေမျိုးရင်းချာမရှိ။ နေတော့လည်း သီးသန့်ခြံကြီးထဲမှာ တစ်ယောက် တည်းနေရသည်။ စျေးကြီးနဲ့ နီးလွန်း၍ သာ ဆူဆူညံညံအသံ သဲ့သဲ့တွေနဲ့ အထီးကျန်မဆန်တာ။ မျိုးရိုးုိက်တဲ့ စိတ်ရောဂါဝေဒန
ကို မေတို့ မိသားစုခံစားခဲ့ရသည်။ မေဟာ နောက်ဆုံးမျိုးဆက်ပဲ။ မေ့ဘဝမှာ အဲဒါကိုတွေးပြီး ဘယ်တော့မှ မပျော်ရွှင်ရပါဘူး။ အသက် ၂၇ နှစ်မပြည့်ပါစေနဲ့ လို့ပဲ အမြဲတမ်းဆုတောင်းနေခဲ့တာပါ။ ဒါပေမဲ့ မောင်နဲ့တွေ့ပြီးမှ မေ့ နေပျော်လာသည်။ မောင်နှစ်သိမ့်မှုတွေနဲ့ ကျေနပ်လာခဲ.သည်။
>>>>>
(၅)
”စိမ်းလဲ့ရည်ကိုခေါ်ပြီး ကျိုသလ္လံဘုရား တောင်ခြေကို ခဏလောက်တက်လာခဲ့ပါမောင်။ ကားလမ်းဘေးတောင်တန်းတစ်လျှောက်မှာ မေတို့ရှိမယ်။ မောင်မလာရင် မေတို့ဒီကနေပဲ ရန်ကုန်ပြန်တော့မယ်”
သားလေးမွေးနေ့အပြီး နှစ်ရက်အကြာမှာ မေအဂ္ဂဆီက ဖုန်းလာခဲ့ခြင်းဖြစ်သည်။ ပြသနာအေးချမ်းပြီလို့ ကျွန်တော်မထင်ခဲ့ပါ။ မထင် ထားသည့်အတိုင်းပင် ပေါ်လာခဲ့ပြီး မနက်ကတောင် . . . အိမ်မှာ သတိဝီရိယနဲ့နေဖို့ သားကို ဂရုစိုက်ဖို့ အိမ်မှာခဲ့သေးသည်။
“ကောင်းတာပေါ့ မေ။ မင်းရန်ကုန်ပြန်ပါတော့”
“မေ သူ့ကိုပါ ခေါ်သွားမှာလေ”
“ဘယ်သူလဲ”
“သားလေး။ မောင့်သားလေး . . . သူအခု မေနဲ့အတူရှိနေတယ်”
“ဘာ . . . ”
ဘုရား . . . ဘုရား။ ဘာတွေ ဖြစ်ကုန်ပြီလဲ။
“ဟေ့ဟေ့ . . . နေဦး။ မင်းကွာ . . . အခုလာခဲ့မယ်။ ဘယ်မှမသွားနဲ့နော် မေအဂ္ဂ။ အဲဒီမှာပဲနေ . . . သားလေးတစ်ခုခုဖြစ်ရင် မင်း မလွယ်ဘူးမှတ် . . . ငါချက်ချင်းထွက်လာပြီ”
“စိမ်းလဲ့ရည်ကိုပါ ခေါ်ခဲ့ပါမောင် . . . မေပြောစရာရှိတယ်။ မခေါ်လာဘူးဆိုရင်တော့ . . . ”
“အိုကေ . . . အိုကေ . . . မေ။ ခေါ်လာခဲ့မယ်။ အခုလာပြီ” ကျွန်တော့်ရင်ထဲ ဗလောင်ဆူသွားသည်။ သားလေး . . . သားလေးကို ဘယ်လိုလပ် သူယူသွားသလဲ။ စိမ်းလဲ့ကရော ဘယ်သွားနေလဲ။ ကျွန်တော် . . . ဆိုင်ကယ်ပေါ်ပြေးတက် ပြီး အိမ်ကိုမောင်းလာခဲ့သည်။ ကမ်းနားလမ်းရှိ ကျွန်တော့် Medical Health
“စိမ်း . . . စိမ်း . . . သား . . . သားရော . . .” စိမ်း အိမ်ထဲက ကဗျာကယာထွက်လာသည်။
“ပုခက်ထဲသိပ်ပြီး . . . toilet ခဏသွားနေတုန်း သားပျောက်သွားတယ် ကို . . . စိမ်းအခု ကို့ဆီလိုက် လာမလို့”
”အေး . . . မေအဂ္ဂဆီပါသွားပြီ” ကျွန်တော့်စကားလည်းကြားရော . . . စိမ်းပျာယာခတ်သွားသည်။
“ဘာ . . . ဘုရား . . . ဒုက္ခပါပဲ . . . ဘယ်လိုလပ်ကြမလဲ . . . ကို . . . အဲဒီမိန်းမက ရူးနေတာလေ။ တစ်ခုခုလုပ်နေမှာဖြင့် . . . ဟား . . . လုပ်ကြပါဦး . . . သားလေး . . .။ ကို . . . သားလေးက ိုကယ်ပါဦး . . .”
“သူ ဘာမှတော့ မလုပ်လောက်ပါဘူး စိမ်း”
“မဖြစ်နို်င်ဘူး . . . သူက လုပ်ကောင်းအခြေအနေမဟုတ်ဘူးလို့ ကိုပဲပြောခဲ့တယ်လေ။ သူ့ အခြေအနေက သာမန်ထက် လွန်ကဲနေပြီကို။ အတိုင်းအတာကျော်လွန်နေပြီ။ အဲဒီမိန်းမ ဘယ်မှာရှိသလဲ စိမ်းကိုပြော။ ရဲခေါ်လိုက်မ် . . . ဖုန်းဆက်ပြီး . . . ”
“စိမ်း . . . လုပ်မနေနဲ့တော့ . . . ကျိုသလ္လ့ဘုရား တောင်တန်းတစ်လျှောက်ရှာကြည့်တဲ့ . . . အမြန်သွားစို့”
မေအဂ္ဂဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားရမယ့်သူဆိုပြီး လူ့အသိုင်းအဝိုင်းက ရှောင်ဖယ်ချင်ကြသည်။ အဲဒီအဖြစ်အပျက်အပေါ် . . . ကျွန်တော်သနားဂရုဏာ သက်ဝင်ပြီး မေ့ကိုအကြင်နာပိုမိ၊ သံယောဇဉ်ပိုမိခဲ့သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဟာ ဆရာဝန်တစ်ယောက်။ စိတ်ရောဂါနဲ့ ပတ်သက်လို့ မေအဂ္ဂရဲ့ General Proctoner (GP, မိသားစုဆရာဝန်) တစ်ယောက်ဖြစ်ခဲ့သည်။ Mental Health Act အရသာမန်ထက် လွန်ကဲလာတဲ့ မေအဂ္ဂရဲ့ အခြေအနေကို သူမဆန္ဒနဲ့ ဆန့်ကျင်ပြီး ဆေးကုခွင့် . . . လုုံခြုံစိတ်ချသည့် နေရာသို့ ပို့ဆောင်ခွင့် ကျွန်တော့်မှာရှိသည်။ ဒါပေမဲ့ . . . မေ့ကို မြေနိမ့်ရာ လှံမစိုက်ချင်ပါ။ မေ့ ဘဝ . . . မေအဂ္ဂရဲ့ ဘဝဟာ လောကကြီးမှာ ရှိရှိသမျှလူတွေထက် သနားစရာကောင်းခဲ့သည် လေ။
>>>>>
(၆)
လွန်ခဲ့သော လေးနှစ် ကျွန်တော် အလုပ်စဝင်ခါစက ကမ်းနားလမ်းရှိ အဲဒီ Medical Health Center သို့ မေအဂ္ဂ စတင်ရောက်လာခဲ့ သည်။ ကျွန်တော့်ထက် နှစ်နှစ်လောက်ငယ်ပေမယ့် သူမရဲ့ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင် အတွေ့အကြုံတွေကြောင့် ရင့်ကျက်လို့နေသည်။
“ကျွန်မ . . . ဒီလိုမျိုး . . . စိတ်ရောဂါ မျိုးရိုးလိုက်တယ်ဆိုတာ မယုံဘူး။ မိသားစုကလဲ ကျွန်မထက်တောင် အယူသီးတာမျိုး မရှိသေး တယ်။ ဒါပေမဲ့ ဆရာရယ်။ တကယ်ရှိတယ်ဆိုတ ာသိလိုက် . . . ယုံကြည်လိုက်တဲ့ အချိန်က အရမ်းကိုနောက်ကျခဲ့ပါပြီး နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ ကျွန်မအစ်ကိုနဲ့ ကျွန်မပဲကျန်တော့မှ ကြောက်လာမိတယ်ဆရာ။ အစ်ကို အခုလိုအခြေအနေဖြစ်တော့ ကျွန်မပိုကြောက်တယ်” အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု စင်တာကြီးဖြစ်၍ ရောက်လာသော လူနာအပေါ်မူတည်၍ သင့်တော်သောဆရာဝန်ကို . . . ဘုတ်အဖွဲ့ဆရာဝန်ကြီးတွေက ရွေးချယ်ပေးလေ့ရှိသည်။ သူတို့ဆုုံးဖြတ်ချက်အရ . . . မေအဂ္ဂရဲ့ အစ်ကိုဟာ ကျွန်တော့်လူနာဖြစ်လာသည်။ ကျွန်တော် . . . အဲဒီအချိန်တုန်းက . . . ဘာရှယ်ယာမှ မပါသေးတဲ့ သာမန်ဝန်ထမ်းဆရာဝန်တစ်ယောက်ပဲရှိပါသေးသည်။ Home Treament အဖြစ် လူနာရဲ့ စိတ်အခြေအနေကို ကုသပေးရမှာမို့ အချိန်တော်တော်များများဟာ သူမရဲ့အစ်ကိုနဲ့ တူတူရှိရပြီး မေအဂ္ဂဟာလည်း ကျွန်တော်နဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာခဲ့သည်။ မေအဂ္ဂရဲ့အစ်ကို မေအဂ္ဂရဲ့ စိတ်ကျန်းမာရေးအခြေအနေ ဆိုးဆိုးရွားရွားမဟုတ်ပါ။ သူကိုယ်တိုင်ရဲ့ လုံခြုံ ရေး၊ ကျန်းမာရေးနှင့် အများသူငှာ၏ အကျိုးတစ်စုံတစ်ရာ ခြိမ်းခြောက်တာမျိုးအထိ မရှိသေး။ ဒါကြောင့် Formal Admission (သူ့ဆန္ဒနဲ့ ဆန့်ကျင် ပြီး စိတ်ရောဂါကုဆေးရုံကိုပိုပြီး ကုသမှု)
ပြုလုပ်၍မရနိုင်သေးပါ။ ယဉ်ယဉ်လေးသာ စိတ်ဖောက်တတ်တာမို့ အလိုက်သင့်ကုသပြီး မေအဂ္ဂရဲ့ စိတ် ကျ်းမာရေးအခြေအနေကို သက်သာစေခဲ့ပါသည်။
“အစ်ကို . . . ဇင်ယော်လေးတွေ ဘယ်လောက်လှသလဲနော်။ အုပ်လိုက်ကျင်းလိုက်ကြီးနော် . . . သူတို့ကို ဟောဒီလို . . . ဟောဒီလို အစာပစ်ကျွေးတော့ ကျွန်တော်တို့နားဝဲပြီး အစာလာစားရော . . . ပျော်စရာကောင်းတယ်ဟုတ်. . . ”
မော်လမြိုင်ဖက်ကမ်းနဲ့ မုတ္တမကိုကူးတဲ့ ကူးတို့ သင်္ဘောကြီးကိုစီးပြီး . . . သံလွင်မြစ်ပြင်တစ်လျှောက်မှာရှိတဲ့ ဇင်ယော်တွေကို အစာကျွေးသည်။ မြစ်ပြင်ရဲ့ လေညှင်းကို ရှူရှိုက်သည်။ များသောအားဖြင့် ကျွန်တော်နဲ့ စောအဂ္ဂ အတူတူရှိချိန်တွေမှာ မေအဂ္ဂလည်း ရှိနေတတ် ပါသည်။
“ဇင်ယော်လေးတွေစားတော့ . . . ငါရော ဒီအစာကို စားလို့ရတာပေါ့နော် . . . ”
““စားလို့ရတာပေါ့ အစ်ကိုရ . . . ဒါပေမဲံ ဇင်ယော်လေးတွေက အများကြီးလေ . . . ဟော ဟိုမြစ်ပြင်တစ်လျှောက်််် အများကြီးတွေ့ လား . . . အစ်ကိုစားရင် သူတို့အတွက်ဘယ်ကျန်တော့မှာလဲ . . .”
“ဟုတ်တယ်နော် . . . မစားတော့ပါဘူးလေ”
သူ့ကို ထိန်းကွပ်ဖို့ သိပ်မခက်ခဲလှပါ။ သူ့ ကျန်းမာရေးအခြေအနေကလည်း ဆိုးဆိုးရွားရွားမဟုတ်။ စောအဂ္ဂဟာ နဂိုကတည်းက အေးအေးဆေးဆေး သမားမို့ တည်တည်ငြိမ်ငြိမ် အလုပ်တွေကိုပဲ နှစ်သက်လေ့ရှိသည်။ ဆိုင်ကယ်စီးရင်း လေညှင်းခံတာမျိုး။ တောင်ပေါ်တစ် လျှောက် ဘုရားဖူးတာမျိုး မားျသောအားဖြင့် လုပ်ချင်နေတတ်သည်။ ဒါပေမဲ့ ဘယ်သူမှမသိတဲ့အချိန် . . . တစ်ညမှာတော့ ဆိုင်ကယ်စီးပြီး တောင်ပေါ်တက်တာ တောင်ပေါ်က ဆိုင်ကယ်မောင်းပြီး ခုန်ချတဲ့ပုံံနဲ့ သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့လေသည်။ မေအဂ္ဂ တစ်ယောက် ယူကြုံးမရ။ ဝမ်းနည်းကြေကွဲရပြီ။ ကူကယ်ရာမဲ့ဖြစ်နေပြီ။ လူ့ပတ်ဝန်းကျင်မှာနေတဲ့ လူတစ်ယောက် . . . ဆရာဝန်တစ်ယောက် အနေနဲ့ ကျွန်တော်မသိကျိုးကျွံ ပြုနေရမှာလား။ သူမရဲ့ အထီးကျန်မှု၊ ကြောက်စိတ်နဲ့ အနာဂတ်တွေကိုတွေးပြီး ကြောက်နေတတ်တဲ့ မေအဂ္ဂဘဝမှာ အားပေးဖော်ဆိုလို့ ကျွန်တော်တစ်ယောက်သာ ရှိနေခဲ့သည်။ ကျွန်တော့် အားလပ်ချိန်မှန်သမျှဟာ မေ့အတွက်ဖြစ်ခဲ့သည်နှင့်အမျှ မေလည်း ကျွန်တော့်အပေါ် ခင်တွယ် သည်ထက်ခင်တွယ်လာသည်။ မောင် ဟူသည့် အသုံးအနှုန်းသုံးကာ ချည်နှောင်လာသည်။ ကျွန်တော့်ဘဝ၊ ကျွန်တော့်မိသားစုဘဝရဲ့ လိုအပ်တာ တွေ ဖြည့်ဆည်းပေးရင်း . . . ကျွန်တော်က သူ့အနားမှာနေပေးရင်း . . . နှုတ်မရသော မြှားတစ်စင်းလို စိုက်ဝင်နေမိခဲ့ပြီ . . . စိမ်းကတော့ အချိန်တန် ကျွန်တော်နဲ့ လက်ထပ်ရမယ့်သူပီပီ နည်းနည်းပါးပါး သဝန်တိုရုံမှအပ ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ခဲ့ချေ။
“မေ့မှာရှိတဲ့ စည်းစိမ်ဥစ္စာတွေ ပုံအောပြီး မေကြောက်နေတဲ့ ရောဂါကို ကလို့မရဘူးလား။ မောင်နဲ့ မခွဲနိုင်ဘူး ။ တစ်သက်လုံး တူတူနေ သွားချင်တယ်ကွယ်”
ကျွန်တော် ဘာလုပ်ရမလဲ။ သူမအပေါ် သနားဂရုဏာသက်မိပြီး ဘေးနားမှာ အတူရှိတာဟာ စိမ်းနဲ့ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပျက်စီးစေိဖို့မဟုတ်ဘူးလို့ အကြိ်ကြိမ် ပြောပြခဲ့သည်။ နားမဝင်ခဲ့ပါ။ ကျွန်တော် မေအဂ္ဂပေါ် လျစ်လျူရှုထား။ ပစ်ပယ်ထားမည်ဆိုပါတော့ . . . သေချာသည် သူမရူူးသွားလိမ့်မယ်။ ကူကယ်ရာမရှိ အားကိုး ရာမရှိ ဘဝရောက်သွားလိမ့်မည်။ နေနိုင်မလား . . . ကျွန်တော်ဘယ်လိုမှ နေနိုင်မှာမဟုတ်။ သို့သည့်တိုင် ကျွန်တော် စိမ်းကိုလက်ထပ်ခဲ့ပါသည်။ မေအဂ္ဂဟာလည်း ကျွန်တော်ထင်ထားသော ဘဝသို့ ရောက်ရှိခဲ့ပါသည်။
>>>>>
(၇)
“မောင် . . . ရှင် မေနဲ့အတူတူ ရန်ကုန် လိုက်ခဲံရမယ်။ ကလေးကို စိမ်းလဲ့ရည်နဲ့ အခုထည့်ပေးလိုက်မယ်။ မောင်ကကျွန်မနဲ့ ရန်ကုန်ကို အခုထွက်မှာ သိလား စိမ်းလဲ့ရည်”
ဘုရား . . . ဘုရား။ သူမသားလေးကို ချီထားပြီး တောင်စောင်းတစ်နေရာမှာ မတ်တပ်ရပ်နေသည်။ လူသူကင်းရှင်းသော တောင်တန်း တစ်လျှောက် ကျွန်တော်တို့မှာ ဘယ်သူ့ကို ဘယ်လိုအကူအညီတောင်းရမှန်းမသိ ဖြစ်သွားသည်။
“သား . . . သားလေး။ မေအဂ္ဂ သားလေးကို ခေါ်လာခဲ့ပါ။ ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့” ကျွန်တော် လိမ်ညာမပြောတတ်ဘူး။ အားနာသနားတတ်တာစတဲ့ ကျွန်တော့်အကျင့် အတော်များများကို မေက အလွတ်ရနေခဲ့ပါသည်။ ကျွန်တော်တို့ ရောက်နေသော နေရာနှင့်အနီးဆုံးတွင် ကျိုက်သလ္လ စေတီရှိပေမယ့် ဒီနေရာက တောအုပ်၊ တောင်တန်းတွေနဲ့ သာမန် ဘုရားဖူးတွေ လာတတ်သည့် နေရာမဟုတ်ပါ။
“မောင် . . . ရှင် သိပ်ရက်စက်တယ်သိလား။ ကျွန်မဘဝတစ်ခုလုံး ပုံအောပြီး ရှင့်ကိုချစ်ခဲ့တာပါ မောင်ရယ်။ ခန္ဓာကိုယ်တည်နေသရွေ့ . . ကျွန်မကိုယ်ပေါ်မှာ ရှင့်ကိုချစ်တဲ့ ချစ်ခြင်းတွေပဲရှိတယ်သိလား . . . ကျွန်မလေ . . . မေလေ . . . ဟောဒီလိုသားလေးရဲ့ အမေဖြစ်ချင်ခဲ့တာ။ မောင်ဇနီးဖြစ်ချင်ခဲ့တာပါ မောင်ရယ်”
သူမ ရှိုက််ငိုပါသည်။ ကျွန်တော့်ကို အသနားခံတဲ့မျက်ဝန်းတွေနဲ့ လှမ်းကြည့်သည်။
“ဒီနေရာကို သိလားမောင်။ ကျွန်မရဲ့အစ်ို . . . မေ့ အစ်ကို ခုန်ချတယ်လို့ ယူဆရတဲ့နေရာလေမောင် . . . ။ မောင်နဲ့အတူတူ မရှင်သန်ရမှတော့ မေလည်းအစ်ကို့နောက်လိုက်သွားဖို့ ဆုံးဖြတ်ထား တယ်မောင်”
“ဟာ . . . မေ . . . မလုပ်နဲ့ . . . ။ အိုကေ . . . အိုကေ။ ကိုယ်မင်းနဲ့လိုက်ခဲ့မယ်။ ဟုတ်ပြီလား ။ ပေး . . . သားလေးကိုပေး” မယုံကြည်စွာနဲ့ ကျွန်တော့်ကိုကြည့်သည်။ ဟင့်အင်း . . . ကျွန်တော်မသိချင်ယောင် ဆောင်နေပြီး သူ့လက်ထဲမှ သားလေးကို ယူဖို့ လှမ်းလာသည်။
“စိမ်းနဲ့ သားလေးကို ထည့်ပေးလိုက်မယ်နော်” ဒီတော့လည်း အသာတကြည်နဲ့ပေးပါသည်။ ကျွန်တော့လက်ထဲ သားလေးရောက်သည်နှင့် စိမ်းကို ချက်ချင်းလွှဲပေးလိုက်သည်။ ကျွန်တော့်အကြည့်တစ်ချက်နဲ့ မေအဂ္ဂရဲ့ အကြည့်စုံမိသွားသည်။
“မောင်”
လေပြင်းတစ်ချက် ဟူးခနဲ တိုက်သွားသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် မြင်မြင်သမျှ ဘေးပတ်ပတ်လည်မှာ ထုံးဖြူဖြူ စေတီ ပုထိုးတွေ ပတ်ပတ်လည်ဝိုင်းနေသည်။ မေ . . . မင်းဘဝ ပူလောင်လွန်းလှပါတယ်။ ဖြစ်တည်ရာဘဝတိုင်းမှာ အေးချမ်းပါစေမေ။ ကျွန်တော် သူမအတွက် ဆုတောင်းပေးနေမိသည်။
“မောင် . . . မေ့ကို လိမ်တယ်။ မောင့်မျက်လုံးတွေက အမြဲတမ်းလိုလို ရိုးသားနေခဲ့တာလေ။ အခု . . . မောင် လိမ်နေတယ်”
“မေ . . . စိတ်အေးအေးထားပါ”
ကျွန်တော်နဲ့ သူမနဲ့ . . . လက်တစ်ကမ်းသာ ဝေးပါသည်။
“မောင်ရဲ့ ချစ်ခြင်းမေတ္တာအောက်မှာ မရှိမှတော့ မေမရှင်သန်ချင်တော့ဘူးကွယ်။ မေ အစ်ကို့ဆီပဲ လိုက်သွားတော့မယ်”
ခြေလှမ်းလေး ငါးလှမ်းသာ ကွာဝေးသော ချောက်ကမ်းပါးနေရာကို သူမလှမ်းနေသည်။ အဲဒီ ချောက်ကမ်းပါးအောက် ဝေးဝေးမှာ မော်လမြိုင်မြို့ကို အပေါ်စီးကလှမ်းမြင်ရသည်။
“မေအဂ္ဂ . . . မလုပ်နဲ့လေ”
“မေ . . . မလုပ်နဲ့”
ကြောင်တစ်ကောင်လို ပေါ့ပါးစွာနဲ့ သူမဆီကို အရှိန်အဟုန်ဖြင့် ရောက်သွားမိသည်။ ကျွန်တော့်လက်နှစ်ဖက်အရှိန်နဲ့ သူမခန္ဓာကိုယ်ကို တအားလွှဲဖက်ပြီး လမ်းမပေါ်ကို တွန်းထုတ်ပစ်လိုက်သည်။ ကျွန်တော့် ခန္ဓာကိုယ်ကတော့ ဟန်ချက်ပျက်ကာ လေထဲမြောက်ခနဲ ဖြစ်သွားသည်။ ကျွန်တော်ရင်ဘက်ထဲသိမ့်ခနဲ တုန်သွားပြီး တစ်ကိုယ်လုံးလေထဲမှာ ပေါ့ပါးစွာ လွင့်မျောသွား၏ ။ အဲဒီတင်္ဂ . . . သူတို့ နှစ်ယောက်ရဲ့ မျက်ဝန်း အစုံစီကိုမြင်လိုက်ရပြီ။ စိုးရိမ်နေတဲ့အကြည့် . . . ချစ်ခြင်းတွေပြည့်နှက်နေပြီး သူတို့ဆီ ပြန်လာဖို့ မျှော်လင့်ခြင်းအကြည့်။ အဲဒီနောက် . . . ကျွန်တော် ဘာမှမသိတော့ . . . ။ အရာအားလုံး ကျွန်တော့်အမြင်မှာ ကွယ်ပျောက်ခဲ့ပြီ။
>>>>>
(၈)
ဟန်ချက်ပျက်ပြီး ချောက်ကမ်းပါးထဲ ကျသွားချိန် . . .
စင်တာရှိရာနဲ့ အိမ်သိပ်မဝေးပါ။ ဆယ်မိနစ်လောက် ဆိုင်ကယ်စီးရင် ရပေမယ့် ကျွန်တော့်စိတ်ထဲမှာ ဆယ်နာရီမက ဝေးသလိုခံစားရသည်။
“အား”
ဆိုတဲ့အော်သံဟာ ကို့ရဲ့နောက်ဆုံး လတ်ဆတ်မှုအသံပဲဆိုတာ စိမ်းကြို သိခဲ့ရင် ကိုနဲ့အတူ လိုက်သွားမိမလားမသိပါချေ။ ဆေးရုံပေါ်မှာ ပြောတဲ့ ကို့ရဲ့ နောက်ဆုံးစကားသံတစ်ချို့နဲ့အတူ စိမ်းချစ်တဲ့ကို ဒေါက်တာ ဝေဠုဖြိုး တစ်ယောက် လောကကြီးထဲမှ ထာဝရပျောက်ကွယ်ခဲဲ့ပါသည်။
“စိမ်း . . . ဆရာဝန်တစ်ယောက် ထက်ပိုတဲ့ ယုယကြင်နာမှု၊ သနာမှုတွေနဲ့ မေအဂ္ဂအပေါ် သံယောဇဉ်ပိုခဲ့မိတဲ့အတွက် စိမ်းကို ကိုယ် တောင်းပန်ပါတယ်။ ကိုယ့်အမှားကြီးလုပ်ခဲ့တယ် စိမ်းရယ်။ မေအဂ္ဂနဲ့ပတ်သက်ခဲ့တာ အားနာသနားမှုတင် မဟုတ်ဘူး။ သူရဲ့ချစ်ခြင်းတွေကို မလွွန်ဆန်နိုင်တာဟာ သူ့ရဲ ချမ်းသာကြွယ်ဝမှုကို မှီပြီးစ ိမ်းနဲ့ကိုယ်တို့အနာဂတ်ကို လျှောက်ချင်ခဲ့တဲ့ အတ္တက မသိစိတ်က ကိန်းအောင်းနေခဲ့လို့ ပါကွာ။ မေအဂ္ဂနဲ့ ပတ်သက်ခဲ့မိတဲ့အတွက် ကိုယ်မှားတယ်စိမ်း။ မကျူးလွန်သင့်မှန်း သိရက်နဲ့ အဲဒီအမှားကို ကိုယ်ကျူးလွန်ခဲ့တယ်။ ဒီအတွက် နောက်ဆက်တွဲက အရမ်းတန်ဖိုး ကြီးလွန်းတယ်။ လောကကြီးမှာ မလုပ်သင့်ဘူးထင်တာကို အစကတည်းက မလုပ်မိတာ အကောင်းဆုံး ပဲ။ ကိုယ် နောင်တ က ကိုယ်သိပ်ချစ်တဲ့ စိမ်းနဲ့သားလေးအတွက် ဘာမှအသုံးမဝင်တော့ပါဘူးလေ။ လူမဆန်မိတဲ့အတ္တကြောင့် လောကကြီးရဲ့ အပြစ်ပေးခြင်း ကို ခံရတာလို့ ကိုယ်သတ်မှတ်ပါတယ်။ သားလေးကို စောင့်ရှောက်ပါ စိမ်း။ ကိုယ့်လို တဒင်္ဂ သာယာမိတဲ့ စိတ်မျိုးမရှိအောင် သင်ပေးပါနော် . . . ”
စိမ်း ဆုပ်ကိုင်ထားသော ကိုယ့်ရဲ့ လက်တစ်ဖက် ပျော့ခွေသွားပေမယ့် အဲဒီလက်ထဲက စွမ်းအားတွေဟာ စိမ်းရဲ့ခန္ဓာကိုယ်ထဲ စီးဝင်နေ သလို ခံစားရသည်။ ဒါဟာ အနာဂတ်မှာ ဇွဲရှိရှိကြိုးစားမယ့်အားတွေ . . . သားလေးအတွက် ခွန်အားတွေပေါ့။
>>>>>
မေတ္တာရိပ်မှာ အေးချမ်းပါစေ။