မြက်မွှေးပင်များပေါက်ရောက်ရာ တောင်နီတောင် သို့ခရီး

တစ်တောင်လုံးမွှေးပျံ့နေတယ်ဆိုတာမျိုးကို ကိုယ်တွေ့ကြုံလိုက်ရတဲ့အခိုက်အတန့် ဦးထွန်းဘဝမှာကြုံခဲ့ ဖူးပါပြီ။ တောင်ပေါ်ကိုရောက်တာနဲ့ မွှေးပျံ့နေတဲ့အနံ့က နှာခေါင်းထဲကိုလေနဲ့အတူတိုးဝင်လာတယ်။ တောင်ပေါ်မှာပေါက်နေတဲ့မြက်ပင်တွေဆီက လာတာမှန်းသိလိုက်ရတော့ အံအားသင့်မိပါတယ်။ လွယ်ကူတဲ့ခရီးတစ်ခုမဟုတ်ပေမယ့် သွားလာရခက်ခဲတဲ့နေရာလည်းမဟုတ်ပြန်ပါဘူး။ ဒါ‌ကြောင့် သူငယ်ချင်းတွေနဲ့ အားလပ်ရက်ခရီးသွားမယ်ဆိုရင်တော့ တောင်နီတောင်က အတွေ့အကြုံ အသစ်တွေ အများကြီးပေးပါလိမ့်မယ်။

ရာဇဝင်ထဲက တောင်နီတောင်သို့

မြန်မာနိုင်ငံတစ်ဝန်းမှာ တောင်တွေအများကြီးရှိပေမယ့်လည်း ဘာလို့တောင်နီတောင်ကိုသွားသင့်တာလဲ ဆိုတော့ သဘာဝအလျောက်မြက်မွှေးပင်တွေပေါက်ရောက်ရာနယ်မြေဆိုတဲ့အကြောင်းရယ်၊ ရာဇဝင်ထဲ က ဟာနုမာန်မျောက်မင်းဆေးအရှာလာခဲ့တဲ့နေရာရှိတာကြောင့်ရယ်၊ အနီးတစ်ဝိုက်မှာဆေးဘက်ဝင်အ ပင်တွေပေါများတာကြောင့်ရယ်၊ တောင်ပေါ်မှာဘုရားရှင်ရဲ့ခြေတော်ရာတစ်ဆူကိုပူ‌ဇော်ထားတဲ့ ရပ်တော် မူဘုရားရှိတာရယ် စတဲ့ စတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ စိန် ခေါ်ပြီးခြေကျင်တက်လို့ရတဲ့နေရာလည်းဖြစ်တာပေါ့။ လမ်းမှာ စိတ်ဝင်စားစရာနေရာတွေရှိပါသေးတယ်။

တောင်ပေါ်မြေသားတွေက အနီရောင်မို့တောင်နီတောင်လို့ခေါ်ကြဟန်တူပါတယ်။ ရခိုင်ပြည်နယ်၊ မာန် အောင်ကျွန်းပေါ်မှာရှိပြီးသွားလာရနည်းနည်းတော့ခက်ပါတယ်။ ရန်ကုန်ကနေ တောင်ကုတ်ကိုတစ်ဆင့် ကားစီး (၁၃ နာရီဝန်းကျင်ကြာပါတယ်)၊ တောင်ကုတ်ကနေ မာန်အောင်ကျွန်းကိုသင်္ဘောစီး (၂ နာရီခွဲဝန်း ကျင်ကြာပါတယ်)၊ မာန်အောင်မြို့မှာတည်းပြီးမှ တောင်နီတောင်ကိုတက်ဖို့ပြင်ဆင်ရပါတယ်။ ဒေသခံ တွေကတော့ ဘုရားပွဲရှိရင် အဖွဲ့လိုက်ခြေလျင်တက်ကြ၊ တောင်ပေါ်မှာချက်ပြုတ်စားသောက်ကြနဲ့ စည် စည်ကားကားရှိလှတယ်လို့ဆိုပေမဲ့ ဦးထွန်းတို့သွားတုန်းကတော့ ဦးထွန်းတို့ကလွဲရင်ဘယ်သူ့မှမရှိပါဘူး။ ပြီးတော့ ဦးထွန်းတို့ကခြေလျင်မတက်ဘဲ ကားနဲ့တက်ခဲ့ကြတာလေ။ မာန်အောင်ကနေဆိုရင်ဝေလီဝေ လင်းအချိန်သွားပြီး အချိန်တစ်နေကုန်ပေးရမှာမို့ကားနဲ့သွားဖို့ကိုရွေးချယ်ခဲ့ကြတာပါ။

ခက်ခဲတဲ့လမ်းခရီး

ကားနဲ့တောင်တက်တယ်ဆိုလို့လမ်းကောင်းတယ်လို့မထင်လိုက်ပါနဲ့လေ။ တောင်ပေါ်ကျောက်သားလမ်း ကျဉ်းကျဉ်းလေးထဲကိုကားကလျှောခနဲဝင်သွား၊ တောင်တက်လမ်းတစ်လျှောက် ကားက တဂီဂီမြည်ပြီး တက်လိုက် ကားပေါ်ပါလာတဲ့သူတွေက ဝုန်းခနဲဝုန်းခနဲမြောက်တက်ပြီး ကားခေါင်မိုး‌ပေါ်ကိုခေါင်းဆောင့် လိုက် နဲ့ ငှားလာတဲ့ကားခ လေးသောင်းက အရမ်းတန်တယ်လို့တောင်ထင်မိပါတယ်။ တစ်ချက်တစ်ချက် ကား ပေါ်ကဆင်းပေးရတယ်။ ကားပေါ်မှာလည်းအခန့်သားထိုင်နေလို့မရဘူးရယ်။ ကားဘေးကခုံတန်း တိုင်ကို လက်နှစ်ဖက်နဲ့မြဲမြဲကိုင် ခန္ဓာကိုယ်ကိုမတ်မတ်တင်းတင်းထားပြီး လေပေါ်မြောက်တက်မသွားဖို့ ပြင်ဆင် ထားရတယ်။ ဇီးဖြူသီးကိုစကောထဲလှိမ့်တာကမှသက်တောင့်သက်သာရှိဦးမယ်။ ခုဟာက တစ်ကိုယ်လုံး ပြုတ်ထွက်မတတ်ပါပဲ။ ကားဆောင့်ရင်‌‌ဟေးခနဲအော်လိုက်၊ အတက်အဆင်းကျရင် အမယ်လေး အဘလေးတလိုက်နဲ့ပျော်စရာတော့အရမ်းကောင်းပါတယ်။

တောင်နီတောင်က ရေပတ်ပတ်လည်ဝိုင်းနေတဲ့ မာန်အောင်ကျွန်းအလယ်အူကြောင်းနားမှာပါ။ တောင် တက်လမ်းတစ်လျှောက်မှာတော့ ညီညာစိမ်းစိုတဲ့မြစိမ်းရောင်စပါးခင်တွေကိုတွေ့ရပါတယ်။ မသိရင် ဗီယက်နမ်တောင်ပိုင်းကစိုက်ခင်းတွေကျနေတာပဲ။ ညီညာြပန့်ပြူးလှပလို့။ သဘာဝကျတဲ့ သစ်တောအုပ် စိမ်းစိုစိုတွေကျေးလက်အငွေ့အသက်တွေကိုလည်းရပါတယ်။ မသိရင် ကမ္ဘောဒီးယားလိုလိုဘာလိုလိုနဲ့ ပေါ့။ တောင်တက်လမ်းကြမ်းကြမ်းပေါ်ကားဆောင့်မိတဲ့အခိုက်မှာတော့ ဒါမြန်မာနိုင်ငံထဲမှာရှိတာပါလား ဆိုတာ ဆင်ခြင်မိပါတော့တယ်။

တောင်ပေါ်မှ စိတ်ဝင်စားစရာများ

တောင်ပေါ်လေကိုရှုမိတာနဲ့ မွှေးပျံ့တဲ့သဘာဝရနံ့ကိုစတင်ရရှိပါတယ်။ ဒါတောင်နီတောင်က မြက်မွှေးပင် တွေပဲလို့သိလိုက်တဲ့အချိန်မှာ ဟာနုမာန်မျောက်မင်းလာခဲ့တဲ့နေရာကိုလည်းတစ်ပြိုင်းတည်းသတိရမိလေ ရဲ့။ တောင်နီရှင်မကိုဆံပင်လှုမယ်ဆိုရင်အကျိုးထူးတယ်လို့ဆိုကြပေမယ့် ဦးထွန်းကခေါင်းတုံးကြီးဖြစ် တော့မလှုခဲ့နိုင်ရှာဘူး။ အဲဒီနားတစ်ဝိုက်သစ်ခွတွေအရမ်းပေါတယ်လိုဆိုပေမယ့် အရှာမထွက်ခဲ့တော့ပါ ဘူး။ နတ်ရေတွင်းကိုတော့ အဆင်းလမ်းမှာခဏဝင်ပြီးခပ်သောက်ခဲ့ပါသေးတယ်။ တောင်ကနတ်ကြီးတာ မို့ ပေါက်ကရတွေပြောမသွားတာကောင်းပါတယ်။ ဦးထွန်းတို့က အနေအေး စကားနည်းတော့ သိပ်ဆင် ခြင်စရာမလိုဘူးပေါ့လေ။

ဟာနုမာန်ချောက်ကတော့ ကျောက်သားထုအတိနဲ့မို့ထင်ထင်ရှားရှားရှိနေပါတယ်။ တစ်တောင်လုံးက မြေနီသားတွေနဲ့အနီရောင်လွှမ်းပေမယ့် ဟာနုမာန်ချောက်ကတော့ ကျောက်သားပြာပြာနဲ့မာကျောပြီး ထုထည်ကြီးမားနေလေရဲ့။ ရာမမင်းသားမြားဆိပ်သင့်ပြီး သေအံ့မူးမူးဖြစ်နေတဲ့အချိန် ဟာနုမာန်မျောက် မင်းက ရာမမင်းသားအတွက်တောင်လုံးကျော်ဆေးမြစ်လာရှာခဲ့တဲ့နေရာပေါ့။ တောင်လုံးကျော်ဆေးမြစ် ကိုရှာလည်းမတွေ့ရော တောင်တစ်ခြမ်းကိုဖဲ့ပြီးယူသွားလိုက်တာ ဦးထွန်းတို့မြင်ရတဲ့ချောက်ကြီးဖြစ်သွား ခဲ့တာပေါ့။ ဒါကြောင့်ဟာနုမာန်ချောက်လို့ဆိုကြတာပါ။ မျောက်မင်းရဲ့လက်ကြားထဲကနေ မြေကြီးတစ် ချို့ယိုကျခဲ့တဲ့နေရာလို့ဆိုကြတဲ့ လက်ကြားယိုတောင်လည်းရှိတယ်လို့ ဒေသခံဖြစ်တဲ့ကိုမောင်မောင်လွင် ကရှင်းပြပါသေးတယ်။ သူပဲလိုက်ပို့ သူပဲအကုန်ရှင်းပြပေးတာပါ။ မာန်အောင်သားမို့ တစ်မြို့လုံးရဲ့လမ်း တွေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်သွားတတ်ပြီး နေရာအကုန်ကိုလည်းသူပဲဦးဆောင်လိုက်ပို့ပေးတဲ့ အစ်ကိုပါ။

တောင်ပေါ်ကရပ်တော်မူဘုရားကိုဖူး၊ ကျွန်းတစ်ကျွန်းလုံးရဲ့အလှကိုအပေါ်စီးကနေ စီးမျောခံစားရင်းနဲ့ ကောင်းကောင်းအနားယူခဲ့ကြပါတယ်။ ကားနဲ့တောင်တက်ခရီးက နေ့တစ်ဝက်သာသာလောက်ကြာ ပါတယ်။ မာန်အောင်မှာတည်းဖို့ခိုဖို့နေရာအဆင်ပြေရင်တော့ တောင်နီတောင်ကိုသူငယ်ချင်းတွေနဲ့အဖွဲ့ လိုက်သွားတာအရမ်းမိုက်ပါတယ်လို့ဆိုချင်ပါတယ်။ ရန်ကုန်တောင်ကုတ်ကားခ(အသွားအပြန် ၂၆၀၀၀)၊ သင်္ဘောခအသွားအပြန် (၁၄၀၀၀) ကျပါတယ်။ မာန်အောင်မှာအသိအိမ်မရှိရင် တည်းခိုခန်းခ အနည်းဆုံး ၈၀၀၀ က နေအစားစားရှိပါတယ်။ ထမင်းတစ်နပ် ၃၀၀၀ ပါ။ တောင်နီတောင်ကိုတက်ဖို့ ကားငှားခက ၄၀၀၀၀ ပါ။ ရန်ကုန်ကနေကားစီးမယ်ဆိုရင်တော့ ခရီး ဝေးသွားမှာမို့လို့ လမ်းမှာ ပစ္စည်းတွေမတင်၊ အလယ်ခုံမတင်တဲ့ Express ကားသန့်ကိုရွေးသင့်ပါတယ်။ ဦးထွန်းတို့စီးခဲ့တဲ့ မျိုးဆက်သစ်ကားကတော့ အလယ်ခုံတွေလည်းလူတင်တယ်၊ လမ်းမှာလည်းပစ္စည်း တွေခဏခဏတင်လို့စိတ်ပျက်စရာကောင်းပါ တယ်။ ကားဆရာနဲ့စကားများရသေးတယ်။ သင်္ဘောစီးရင်လည်း ရွှေလင်းယုန်ဆိုတဲ့သင်္ဘောက အရမ်းကြာပြီးလူတွေပြည့်သိပ်နေအောင်တင်တတ်ပါတယ်။

ဝန်ဆောင်မှုကောင်းတဲ့ Express, စိုးရိမ်မှုကင်းကင်းနဲ့စီးရမယ့်သင်္ဘောတို့ကိုမသွားခင်သေချာလေး ရွေးချယ်စီးဖို့တော့ အဓိကကျတာပေါ့လေ။ မေတ္တာရိပ်မှာအေးချမ်းပါစေ။