မြစိမ်းရောင်လွင်ပြင် အပိုင်း (၅)

(၅)

မနက်မိုးလင်းလို့ ဆိုင်ခင်းကျင်းပြီး ဝိုင်းကူပေးမယ့်ကောင်မလေးတွေရောက်တာနဲ့ နှင်းဆီကိုဦးတည်ထွက်လာခဲ့မိသည်။ လက်ထဲမှာ နှင်းစားဖို့ခေါက်ဆွဲနဲ့ ဝက်ခေါက်ကြော်ပါဆယ်ထုတ်ဆွဲလာခဲ့၏။ ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့နှင်းအတွက် မနက်စာပေါ့။

နှင်းတို့အိပ်ရာက ထပြီးအချိန်၊သိမ့်သီတာရဲ့အမျိုးသားကျော်စွာအလုပ်သွားဖို့ခြံပေါက်ဝကိုထွက်လာချိန်နဲ့ကွက်တိကျသည်။ ကျော်စွာနဲ့ကျွန်တော် ခြံတံခါးဝမှာတင်တွေ့ပြီးနှုတ်ဆက်ကာ အိမ်ထဲကိုဝင်လာခဲ့၏။

“နှင်းအတွက် ခေါက်ဆွဲလာပို့တာ၊ သိမ့်သီတာ နင့်အတွက်လည်းပါတယ်”

အမှန်တော့ ကျွန်တော်အဲဒီကိုရောက်လာတာ ခေါက်ဆွဲပို့ရုံသပ်သပ်မဟုတ်ဘဲ ချစ်ရသူရဲ့မျက်နှာလေးကိုတွေ့ချင်လို့ဆိုတာ အချိန်တိုအတွင်းမှာ နှင်းသဘောပေါက်လောက်ပြီလို့ ယုံကြည်ပါသည်။ ရှုပ်ထွေးသယောင်ဖြစ်နေတဲ့ ကိစ္စတွေကြားထဲမှာ ပဲ သူမရဲ့အချစ်ကိုရယူပိုင်ဆိုင်ချင်တာ ကျွန်တော်အတ္တကြီးလှပြီလို့ နှင်းကိုမထင်စေချင်ပါ။ အချစ်စိတ်ကို ဘယ်လိုလုပ်တား ဆီးလို့ရမှာလဲ။

“အင်း၊ ကျေးဇူးပဲ စိုင်းလုံ”

သိမ့်သီတာက ကျွန်တော့်လက်ထဲကပါဆယ်ထုတ်ကိုလှမ်းယူလိုက်သည်။

“ဒါနဲ့ နှင်း၊ နှင်းကိုငါပြောစရာရှိတယ် သူငယ်ချင်း”

ကြွေပန်းကန်လုံးတွေကိုထုတ်ယူထာရင်း ပြောလာတော့ နှင်းကမျက်လုံးလေးပြူးကာနားထောင်နေ၏။

“ဝဏ္ဏပျောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ နှင်းကို သက်ဆိုင်ရာကမေးလားစမ်းလားလုပ်လာမှာစိုးလို့ငါပြောတာပါ၊ တစ်ခြား အကြောင်းကြောင့်မဟုတ်ဘူးဆိုတာ နှင်းသဘောပေါက်မှာပါ၊ အခုအချိန်မှာ နင်ရန်ကုန်ပြန်သင့်တယ်လို့ငါထင်တယ် နှင်း”

အဲဒီစကားက နှင်းကိုဘယ်လိုခံစားစေသလဲဆိုတာမသိပေမယ့် ကျွန်တော့်အတွက်တော့ ခါးသက်လှတာအမှန်ပင်။ နှင်းကို မပြန်စေချင်ပါ။ ကျွန်တော်နှင်းနဲ့မဝေးချင်ပါ။

“ငါ သဘောပေါက်ပါတယ်၊ ဒါပေမဲ့ မပြန်ချင်ဘူးဟာ”

“အင်း ဘာကြောင့်လဲ၊ ငါတို့ကနင့်ကိုစိုးရိမ်လို့”

“စိုးရိမ်စရာမရှိပါဘူး သီတာရယ်၊ ငါကိုသက်ဆိုင်ရာကမေးလည်းဘာဖြစ်လဲ အမှန်တရားပေါ်ဖို့ငါပြောမှာပဲလေ၊ မဟုတ် တာလုပ်နေတာမှ မဟုတ်တာ”

နှင်းရဲ့ပြတ်သားလှတဲ့စကားကြောင့် သိမ့်သီတာ ဘာမှပြန်မပြောတော့။ အဲဒီတော့လည်း ကျွန်တော်ပျော်ရွှင်သွားရပြန် သည်။ ခေါက်ဆွဲတွေကို ပန်းကန်ထဲထည့်ရင်းနှစ်ယောက်သား စားသောက်ဖို့ပြင်ဆင်ကြသည်။

“နှင်းက ဘယ်လိုဆုံးဖြတ်ထားလဲ ကျွန်တော်သိလို့ရမလား”

ကျွန်တော့် မေးခွန်းကမရှင်းဘူးလို့ထင်ရပေမယ့် သူမသဘောပေါက်လွယ်ပါသည်။ ဘယ်အချိန်ရန်ကုန်ပြန်မလဲဆိုတဲ့သ ဘောနဲ့ ကျွန်တော်ကမေးလိုက်ခြင်းပင်။

“နှင်း ဝဏ္ဏကိုရှာတွေ့ပြီးမှပြန်မယ်လို့ဆုံးဖြတ်ထားတယ် စိုင်းလုံ၊ အဲဒါဟာ သူ့ကိုသံယောဇဉ်ရှိလွန်းလို့လည်းမဟုတ်ဘူး၊ နား မလည်နိုင်တဲ့အကြောင်းအရာတစ်ခု ဘယ်လိုအဖြေထွက်လာမလဲဆိုတာစောင့်ကြည့်ချင်တဲ့သဘောပါ၊ နှင်းရောက်မှပဲ ဒီ လိုအဖြစ်အပျက်မျိုးနှစ်ခုဆက်တိုက်ဖြစ်တာလေ၊ နှင်းကိုဝဏ္ဏက ရိုက်လိုက်ပြီးတော့ ပျောက်သွားတယ်၊ ဒေါ်လေးယဉ်ယဉ် ကို ဦးလေးကောင်းကရိုက်နှက်ပြီး ဦးလေးကောင်းပျောက်သွားတယ်၊ ဒါထူးဆန်းတယ်လို့ နှင်းမြင်တယ်လေ”

“ဒါ တိုက်ဆိုင်မှုသပ်သပ်ရော မဖြစ်နိုင်ဘူးလား နှင်းရာ”

“ဖြစ်နိုင်ပါတယ် စိုင်းလုံ၊ တိုက်ဆိုင်နိုင်ပါတယ်၊ နှင်းက သံသယတွေနဲ့ကြည့်တတ်တဲ့သူမို့လို့ထူးဆန်းတယ်လို့မြင်တာထားပါ တော့ ၊ ဘယ်လိုပဲဖြစ်ဖြစ် ဝဏ္ဏနဲ့ပတ်သက်ပြီး သတင်းတစ်စုံတစ်ရာမထူးခြားသေးတာတော့ စိတ်ဝင်စားဖို့ကောင်းလွန်း တယ်လေ”

“ဟုတ်ပါတယ်လေ၊ နှင်းနေရာ မှာ ကျွန်တော်ဆိုရင်လည်း အဖြေတစ်ခုခုထွက်ပြီးမှပဲ အပြန်ဖြောင့်မယ်လို့ထင်တယ်”

“နှင်း ပယောဂကြောင့်ပျောက်သွားတယ်ဆိုပြီး သူများတွေနှင်းကိုအထင်လွဲမှာကိုတော့ မစိုးရိမ်ဘူး၊ ဒါပေမဲ့ ဝဏ္ဏကိုတော့ အမြန်ဆုံးရှာတွေ့စေချင်တယ်”

နှင်းရဲ့အဲဒီစကားကြောင့် ကျွန်တော်ဘာလုပ်သင့်လဲဆိုတာ တွေးမိလိုက်၏။ ချစ်သူ ရန်ကုန်ပြန်မှာကိုချည်း စိုးရိမ်နေတယ် ဆိုရင် ပင်ပန်းရုံပဲအဖတ်တင်သွားမှာပေါ့။ အဲဒီတော့ ဝဏ္ဏကိုရှာမတွေ့ခင်မှာ သူမရဲ့အချစ်ကိုရယူပိုင်ဆိုင်နိုင်အောင်ကြိုးစား ရမည်။ အဲဒီနည်းလမ်းက အကောင်းဆုံးပဲပေါ့။

နှင်းနဲ့ ကျွန်တော်ချစ်သူဖြစ်သွားရင် ဝဏ္ဏသတင်းကြားရလည်းပြသနာမရှိ။ သူမရန်ကုန်ပြန်ရင် ကျွန်တော်လိုက်သွားပြီးပုံမှန် တွေ့ ပိုင်ခွင့်ရှိမည်။ ကျောက်မဲကနေ သူမ မပြန်ချင်ဘူးဆိုရင် သူမကို ကျွန်တော်ပိုင်စိုးပိုင်နင်းတားပိုင်ခွင့်ရှိသည်။ ဒါဆို ပြီး ပြီပေါ့။

“ကျွန်တော်တို့ အနေနဲ့ကတော့ အခုချိန်မှာ ဟိုနေရာတွေ့နိုးဒီနေရာတွေ့နိုးလိုက်ရှာတာရယ်၊ ဝဏ္ဏရဲ့သူငယ်ချင်းမိသားစု အသိုင်းအဝိုင်းတွေနဲ့ချိတ်ဆက်ပြီး သဲလွန်စရှာပေးတာရယ် လောက်ပဲလုပ်နိုင်မယ်နှင်း၊ အဲဒီလိုပုံစံမျိုးလုပ်ရင်းနဲ့ပဲ ထွက်လာ မယ့် အဖြေ၊ သတင်းတွေကိုစောင့်ကြတာပေါ့”

“အင်း နှင်းပြောတာက သက်ဆိုင်ရာကရှာတာကိုနှင်းတို့စောင့်မယ်ဆိုတဲ့သဘောပြောတာပါ၊ အခုနှင်းတို့လုပ်နေတဲ့ ဝဏ္ဏကိုရှာတဲ့ ကိစ္စမလုပ်တော့ရင်ကောင်းမယ် စိုင်းလုံ၊ စိုင်းလုံကိုလည်းအားနာတယ်၊ ရှာနေလို့လည်းမတွေ့ဘူးဆိုတာ နှင်းတို့သဘောပေါက်ပြီးသားဆိုတော့လေ”

သိပ်သိတာပေါ့။ ဝဏ္ဏကိုရှာမတွေ့ဘူးဆိုတာ ကျွန်တော်ကောင်းကောင်းသဘောပေါက်ပြီးသားရယ်။ ရှာတယ်အကြောင်း ပြပြီး သူမနဲ့နီးစပ်ခွင့်ကိုသာယာနေတဲ့ ကျွန်တော်ဘယ်လိုအကြောင်းအရာမျိုးနဲ့သူမကို ထပ်တွေ့ခွင့်ရပါ့မလဲ။ တွေဝေမိသွား တော့သည်။ နှင်း ကျွန်တော်နဲ့ထပ်မတွေ့ချင်တော့ဘူးလား။

“အင်း၊ နှင်းသဘောပါ၊ ဒါပေမဲ့…”

ကျွန်တော့်အသံလေး တိုးဝင်သွားမိတာကို နှင်းသတိမှထားမိပါရဲ့လား။

“ဒါပေမဲ့ ဘာဖြစ်လို့လဲ စိုင်းလုံ ပြောလေ”

ကျွန်တော် ပြောဖို့ဆွံ့အ နေလို့မဖြစ်ဆိုတာ သဘောပေါက်လိုက်၏။ နှင်းရဲ့အချစ်ကိုရဖို့ကြိုးစားပြီးမှတော့ ပြောရဲရမှာပေါ့။

“နှင်းကို ကျောက်မဲမြို့အနှံ့လိုက်ပို့ခွင့် ကျွန်တော်မရတော့ဘူးလားဟင်”

သူမ မျက်နှာလေးပုံစံတစ်မျိုးပြောင်းသွားတာကိုတော့ မျက်ဝါးထင်ထင်မြင်လိုက်ရသည်။ အဲဒီရဲ့အဓိပ္ပါယ်ကိုတော့ ကျွန် တော်သေသေချာချာ မဖော်တတ်ပါ။ သေချာတာကတော့ ကျွန်တော်ဘာတွေကြံစည်နေသလဲဆိုတာ နှင်းကောင်းကောင်း သဘောပေါက်လောက်ပြီ။ စိုင်းလုံကဘာလို့လိုက်ပို့ချင်နေတာလဲ လို့မေးလိုက်ရင် ကျွန်တော်ဘယ်လိုပြန်ဖြေရပါ့မလဲဆို တာကို တွေးကာ ရှက်နေမိ၏။

“သိပ်ရတာပေါ့ စိုင်းလုံရယ်၊ သိမ့်သီတာ အိမ်တွင်းပုန်းမက ဘာမှအားကိုးမရဘူးလေ၊ ဒီတော့ နှင်းမှာအားကိုးစရာသူငယ် ချင်းဆိုလို့စိုင်းလုံပဲရှိတာ”

“ကျေးဇူးတင်ပါတယ် နှင်းရယ်”

“ဟင်၊ နှင်းကကျေးဇူးတင်ရမှာမဟုတ်ဘူးလား၊ ကိုယ့်ကိုတကူးတကလိုက်ပို့ပေးမယ့်သူကို ကိုယ့်ရှေ့အရောက်တွေ့ရတာ ဘယ်လောက်များကံကောင်းလိုက်သလဲ၊ စိုင်းလုံကိုနှင်းသိပ်ကျေးဇူးတင်တာပဲ၊ နှင်းတို့အရင်အတိုင်းပဲဟိုဟိုဒီဒီအနှံ့ လျှောက်သွားကြမယ်လေ၊ ဒီတစ်ခါတော့ ဝဏ္ဏရှိတယ်လို့ယူဆတဲ့နေရာကိုမှန်းပြီးလိုက်မပို့နဲ့တော့၊ စိုင်းလုံစိတ်တိုင်းကျနေ ရာတွေဆီကိုပဲသွားကြမယ်လေ၊ ဟုတ်ပြီလား”

ကျွန်တော် ခေါင်းကိုတွင်တွင်ညိတ်ပြလိုက်လေသည်။ ကျွန်တော့်မျက်နှာမှိုရနေမှာသေချာတာပေါ့။

“အင်း၊ ကျွန်တော်ပြောခဲ့ဖူးသလိုပဲ၊ ကျောက်မဲမှာတော့ လည်စရာသိပ်များများစားစားတော့မရှိဘူးနှင်းရဲ့၊ နှင်းရောက်ဖူးချင် တဲ့နေရာ၊ ကြားဖူးတဲ့နေရာတွေရှိရင်ပြောလေ၊ ကျွန်တော်လိုက်ပို့မယ်၊ နောက်ပြီးတော့အချိန်ရရင် ကျောက်မဲအပြင်ထွက် ပြီး သီပေါတို့ ဂုတ်ထိတ်တံတားတို့ကိုသွားလို့လည်းရတယ်”

“ဝိုး စိတ်ကူးကောင်းလိုက်တာ စိုင်းလုံရယ်၊ ကျေးဇူးထပ်တင်သွားပြီ၊ အရင်ဆုံးကျောက်မဲမြို့အနှံ့လိုက်ပို့ပေး၊ ပြီးမှအဲဒီနေရာ တွေသွားမယ်လေ၊ လိမ္မော်ခြံကိုလည်းလိုက်ပြမယ်လို့ပြောထားတယ်လေ”

“အင်း၊ ဟုတ်တယ်၊ နည်းနည်းတော့ဝေးတယ်၊ ကျွန်တော်တို့မောင်နှမနှစ်ယောက်စိုက်ထားတဲ့ခြံ၊ ကျွန်တော်တို့တောင်အမြဲ တမ်းမသွားပါဘူး၊ ခြံမှာနေနေတဲ့သုံးလေးယောက်လောက်ပဲရှိတယ်၊ ခြံက သီပေါသွားတဲ့လမ်းကနေတော်တော်သွားရသေး တယ်၊ နည်းနည်းတော့ခေါင်တယ်”

“နေ့ချင်းပြန်တော့ရောက်တယ်မှလား”

“ရောက်တယ်လေ၊ မနက်သွား မွန်းတည့်လောက်တော့ရောက်ပါတယ်”

“အဲဒါဆို သွားမယ်လေ စိုင်းလုံရဲ့”

ဒါအခွင့်ကောင်းပဲ၊ သူမနဲ့နှစ်ယောက်တူတူရှိနေတဲ့အချိန်တွေဟာ သံယောဇဉ်တွေခိုင်မာလာအောင်လုပ်ဖို့အကောင်းဆုံး အချိန်တွေပဲ။ အခွင့်ကောင်းယူတယ်လို့လည်း ကျွန်တော်အပြောမခံချင်ပါ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ သူမကိုချစ်တာက လွဲလို့ သူမကို ပိုင်ဆိုင်ချင်တာကလွဲလို့ အရာရာအရေးမကြီးတော့သလို။

“အင်း၊ နှင်းဘယ်နေ့သွားချင်လဲ ပြောလေ”

“ဒီနေ့”

“ဟောဗျာ၊ ချက်ချင်းကြီး”

“ဒီနေ့သွားစရာမရှိသေးဘူးလေ၊ နှင်းက မနက်နှိုးကတည်းကစိုင်းလုံလာမှာကိုမျှော်နေတာ၊ ဒီနေ့ဘယ်နေရာတွေကိုများ လိုက်ပို့မလဲလို့လေ”

ကျွန်တော်ကျေနပ်တဲ့စကားကို သူမရွေးပြောနေသလားအောက်မေ့ရသည်။ သူမ စကားသံတွေကြားမှာ ကျွန်တော်အပျော် ကြီးပျော်လို့။ သိမ့်သီတာက သဘောပေါက်စွာ ပြုံးစိစိလုပ်ပြီးကြည့်နေလေ၏။

“လိုက်ပို့ချင်တာပေါ့နှင်းရယ်၊ ဒါပေမဲ့ လိမ္မော်ခြံကိုတော့ ဒီနေ့မသွားနဲ့ဦး၊ မနက်ဖြန်မှသွားဟုတ်ပြီလား၊ ကျွန်တော်အစ်မကို မပြောခဲ့ရလို့၊ ဆိုင်တွေဘာတွေဝိုင်းသိမ်းပေးရဦးမယ်လေ”

“အော် အင်းပါ၊ လိမ္မာလိုက်တဲ့မောင်လေးနော်၊ နေ့တိုင်းအစ်မကိုဝိုင်းကူတာလား”

“ကူတာပေါ့နှင်းရဲ့၊ ကျွန်တော်တို့မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာလေ၊ ဆိုင်းအခင်းနဲ့ဆိုင်သိမ်းတာကို ကျွန်တော်လုပ်ပေး တယ်၊ ရောင်းတာကတော့ အစ်မနဲ့ကောင်မလေးတွေရောင်းတယ်၊ အော် ဒါပေမဲ့ အစ်မကိုကြိုပြောထားရင်ဆိုင်သိမ်းတာ ကို ကောင်မလေးတွေနဲ့အစ်မနဲ့သိမ်းလို့ဖြစ်ပါတယ်၊ အခုဟာက အစ်မကိုမပြောခဲ့လို့…”

“အေးပါဟယ်၊ ဘယ်သူကရိုက်စစ်နေလို့လဲ၊ တကတည်းရှင်းပြနေလိုက်တာ”

ကျွန်တော်သူမကို ပြုံးကာကြည့်နေမိသည်။ သူမပြောသမျှစကားတွေကချစ်စရာကောင်းတာချည်းပါပဲလား။ ထူးထူးခြားခြား ပါပဲ။ ဒီနေ့ သူမကျွန်တော့်ကိုပြောနေတဲ့စကားတွေက အရင်နေ့တွေထက်ထူးခြားသလိုခံစားရသည်။ ပိုပြီးရင်းနှီးသံတွေ ရောစွက်နေသည်။ ရန်ကုန်သူတွေက အဲဒီလိုမျိုးလူမှုဆက်ဆံရေးကောင်းတာပါလား လို့ကျွန်တော်မြင်မိလေသည်။

“ကဲ ဒါဆိုကျွန်တော်ပြန်လိုက်ဦးမယ်နော်၊ ဒီနေ့တစ်ရက်တော့ သိမ့်သီတာနဲ့အိမ်မှာအေးအေးဆေးဆေး စကားပြောပြီး အရှိန်ယူလိုက်ဦး၊ နေ့လည်စောင်းရင်ကျွန်တော်ပြန်လာခေါ်မယ်၊ မုန့်လေးဘာလေးထွက်စားရအောင်”

“စိုင်းလုံတို့ဆိုင်မှာပဲလား”

“ဟင့်အင်း၊ တစ်ခြားဆိုင်မှာလိုက်ကျွေးမှာပေါ့ဗျ၊ ကျွန်တော်တို့ဆိုင်က နောက်တစ်ပတ်ကနေစပြီး ညနေပိုင်းမထွက်တော့ဖို့ အစ်မကိုပြောထားတယ်”

“ဟယ် ဟုတ်လား၊ ဘာလို့လဲ စိုင်းလုံ၊ ဒီလောက်ရောင်းကောင်းနေတာကို”

ဒီတစ်ခါတော့ သိမ့်သီတာကဝင်မေးသည်။

“အင်း ငါမထွက်ခိုင်းတာပါ၊ ရောင်းကောင်းတာတော့ရောင်းကောင်းတာပေါ့လေ၊ ဒါပေမဲ့ အစ်မက ကျန်းမာရေးချူချာချင် နေတယ်၊ ပြီးတော့ ပိုက်ဆံလည်းသိပ်မလိုချင်တော့ပါဘူးဟာ၊ ငါတို့မောင်နှမစားလောက်ရင်တော်ပါပြီ၊ ညနေပိုင်းမရောင်း တော့ အမြတ်မရတော့ဘူးဆိုပေမယ့် ဆိုင်ကိုလည်းရောင်းချင်တဲ့သူကိုငှားလို့ရတာပေါ့”

“အင်းပေါ့၊ အင်းပေါ့၊ ကောင်းပါတယ်၊ တကယ်ဆိုနင်တို့မောင်နှမမှာငွေတွေဒီလောက်ပိုလျှံနေတာ သုံးမယ့်ဖြုန်းမယ့်သူတွေ လိုနေပြီနော်”

သိမ့်သီတာဘာကိုဆိုလိုတာမှန်း ကျွန်တော်သဘောပေါက်ကာ ဟက်ဟက်ပက်ပက်ရယ်မိသည်။

“အဲဒါကတော့ အစ်မအရင်ပေါ့ဟာ၊ ငါကနောက်ကားကျော်တက်လို့မဖြစ်ဘူးထင်တယ်”

“လိုအပ်ရင်ကျော်တက်ရမှာပေါ့ဟ၊ ကိုယ့်ဖက်ကအဆင်သင့်ဖြစ်အောင်သာလုပ်ထားဖို့လိုတယ်နော်”

ကျွန်တော်နှင်းမျက်နှာလေးကို ဖျတ်ခနဲလှမ်းကြည့်လိုက်သည်။ သူမ သဘောပေါက်စွာ ခေါင်းငုံ့ပစ်လိုက်၏။ ရှက်သွားတာ ထင်ပါရဲ့။ နှင်းရိပ်မိနေပြီ။ ဟုတ်တယ်။ နှင်းကျွန်တော့်ရင်ထဲမှာဘာရှိနေလဲဆိုတာ သဘောပေါက်နေပြီ။

“အော် ဆောရီး၊ နှင်းအိမ်ကိုဖုန်းဆက်လိုက်ဦးမယ်”

ကျွန်တော့်ဘေးက လှစ်ခနဲထွက်သွားကာ အိမ်ပေါ်ဆီကိုဦးတည်လိုက်၏။ စကားမပြောချင်လို့ရှောင်သွားတာလား၊ တကယ် ပဲ ဖုန်းဆက်စရာရှိတာလားတော့မပြောတတ်။ ကျွန်တော်နဲ့သိမ့်သီတာ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပါယ်ပါပါကြည့် လိုက်ကြသည်။

“နင် ဘယ်လိုလဲ စိုင်းလုံ”

သိမ့်သီတာက အကင်းပါးစွာမေးလာသည်။

“အင်း ဘာကိုလဲ”

“မသိချင်ယောင်ဆောင်နေတာလား၊ ငါသိနေတယ်နော်၊ အခြေအနေကိုမေးတာ၊ မလှုပ်ရှားသေးဘူးလား”

“ငါ ငါ တစ်မျိုးပဲ ဟာ”

အမှန်တော့ အချိန်စောသေးတယ်ဆိုပြီး ကျွန်တော်ချိန်ဆနေမိတာပင်။

“နင်လှုပ်ရှားလို့ရအောင်ငါလုပ်ပေးနေတာနော် စိုင်းလုံ၊ တစ်ရပ်ကွက်သားချင်းပီပီ ကူညီနေတာ၊ နင်သဘောပေါက်၊ ရသမျှအခွင့်ရေးကို အသုံးချတတ်ဖို့လိုတယ်”

ကျွန်တော်တို့ပြောသံတွေက နှစ်ကိုယ်ကြားတိုးတိုးလေးမို့ နှင်းမကြားနိုင်ဘူးလို့ ယူဆပါသည်။

ပြီးတော့ သူမဖုန်းပြောနေတဲ့ အသံတိုးတိုးကို ကျွန်တော်တို့ထိုင်နေရာကနေ ကြားနေရ၏။

“အခွင့်ကောင်းယူတယ်လို့ထင်သွားမှာ ငါစိုးတယ် သိမ့်သီတာ”

“အိုး ဘာဆိုင်လဲ၊ နင်သူ့ကိုအလေးအနက်ထားတယ်ဆိုတာ ငါမြင်နေရတယ်စိုင်းလုံ၊ အဲဒီတော့ တစ်ခြားကိစ္စတွေခေါင်းထဲ မထည့်ဘဲနဲ့ အမြန်ဆုံးလှုပ်ရှားတော့လို့ပဲ ငါပြောချင်တယ်၊ အင်း ဖြစ်နိုင်ရင်ဒီနေ့ညနေ၊ အို ဒီလိုလုပ်၊ ဒီနေ့ညနေ နင်သူ့ကို လာမခေါ်နဲ့တော့၊ ငါကြည့်ကျက်ပြီးနင့်အကြောင်း ခေါင်းထဲရိုက်ထည့်ပေးထားလိုက်မယ်၊ မနက်ဖြန်၊ မနက်ဖြန် နင်တို့ လိ မ္မော်ခြံသွားမှာမှလား၊ အဲဒီအချိန်အကောင်းဆုံးပဲ၊ ခြံထဲအေးအေးလူလူရှိတဲ့အချိန် နင်ပြောလို့ရတယ်၊ တစ်မျိုးမထင်ပါဘူး ဟာ၊ ရန်ကုန်သူတွေ အဲလောက်အမြင်မကျဉ်းပါဘူး”

သိမ့်သီတာ ကို လှိုက်လဲှစွာကျေးဇူးတင်သွားမိလေသည်။ တော်လိုက်တဲ့ တစ်ရပ်ကွက်တည်းသားသူငယ်ချင်းမလေးပဲ။ ကျွန်တော်ဘာလုပ်ရမလဲ ဆိုတဲ့အကြံကိုပါအစီအစဉ်ချပေးလိုက်သေးသည်။

“ဖြစ်ပါ့မလား”

“အိုး နင်ကလည်း ဘာလို့မဖြစ်ရမှာလဲ”

“ငါ ပါးရိုက်ခံရမှာကြောက်တယ်ဟ”

“နင်ကလည်း ကိစ္စတစ်ခုကိုမလုပ်သေးဘဲနဲ့ဘာလို့တွေးကြောက်နေရတာတုန်း၊အဓိပ္ပါယ်မရှိဘူး၊ အေး နင်အဲလိုတွန့်ဆုတ် တွန့်ဆုတ်လုပ်နေ၊ တော်ကြာ ဝဏ္ဏကိုပြန်တွေ့တာလည်းမစောင့်တော့ဘူးလို့စိတ်ကူးပြောင်းပြီး ရန်ကုန်ကိုကောက်ခနဲပြန် သွားမှာဖြင့် လွမ်းကျန်နေဦးမယ်နော်”

ဘုရား။ အဲဒီစကားက ကျွန်တော့်ကိုခြိမ်းခြောက်လိုက်လေ၏။ ဟုတ်တယ်။ ကျွန်တော်လိုချင်နေတာသူမရဲ့အချစ်။ အဲဒီ တော့ ကျွန်တော့်ဖက်ကဖွင့်ပြောသင့်တာပြောရမှာပေါ့။

အချစ်မှာ အချိန်တိုတောင်းတယ်ဆိုတာမရှိပါဘူးနှင်းရယ်။ ကျွန်တော်သူမကိုချစ်တဲ့အချစ်က တကယ့်ကိုမြင်မြင်ချင်းတခဏ အတွင်းမှာ ဖြစ်သွားခဲ့တာ။ သူမရှေ့မှာဝဏ္ဏရှိနေရက်သားနဲ့တောင်မှ သူမကိုကျွန်တော်သဘောကျနေခဲ့တာ။ အဲဒါဘာ ကြောင့်ပါလဲ။ အကြောင်းပြချက်မပေးနိုင်တဲ့ တဒင်္ဂချစ်ခြင်းနဲ့ သူမကိုစတင်ချစ်မိခဲ့ခြင်းဖြစ်လေသည်။

“ဘယ်လိုလဲ စိုင်းလုံ၊ နင်သေချာစဉ်းစားနော်”

သိမ့်သီတာရဲ့စေတနာကို ကျွန်တော်ကောင်းကောင်းနားလည်ပါသည်။ ကျွန်တော်ဘာဖြစ်ချင်နေသလဲဆိုတာကိုသူမက ကောင်းကောင်းသဘောပေါက်က အကောင်အထည်ဖော်ဖို့တွန်းအားပေးနေခြင်းပင်။

“အေးဟာ၊ ငါမနက်ဖြန် ဖွင့်ပြောတော့မယ်၊ သူဘာပြောပြော ဘာပြန်လုပ်လုပ်ငါကျေကျေနပ်နပ်ကြီးခံယူမယ်၊ အရေးကြီး တာက ငါ့ရင်ထဲမှာဘာရှိနေတယ်ဆိုတာကို သူသိသွားဖို့ပဲ၊ ဟုတ်တယ်”

ဆုံးဖြတ်ချက်ကို ခိုင်မာစွာချပစ်လိုက်တော့ သိမ့်သီတာကသဘောကျစွာခေါင်းညိတ်နေလေသည်။ ကျွန်တော်ကတော့ မနက်ဖြန်အတွက် ကြိုတင်ရင်ခုန်နေမိရင်း။ အင်း ဒီညတော့အိပ်ပျော်ပါ့မလားနှင်းရယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx