မြစိမ်းရောင်လွင်ပြင် အပိုင်း (၆)

(၆)

“ အိုး လှလိုက်တာ”

တစ်နာရီကျော်ကျော်လောက် ဆိုင်ကယ်ပေါ်မှာအညောင်းမိလာပြီးတဲ့နောက် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပင်ပန်းနွမ်း နယ်နေမှုတွေအားလုံးပြေပျောက်သွားလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပြီးသား။ သဘာဝပတ်ဝန်းကျင်က လူတွေရဲ့စိတ်ကို လန်းဆန်းစေတယ်လေ။ သူမမြင်တဲ့မြင်ကွင်းကတော့ ပိုလို့တောင်လန်းဆန်းနေမှာသိပ်သေချာတာပေါ့။

မျက်စိတစ်ဆုံးမြင်နေရတဲ့ လိမ္မော်ပင်တန်းတွေ၊ ပြွတ်ခဲနေအောင်သီးနေတဲ့အသီးတွေ၊ အဝါရောင်နဲ့အစိမ်းရောင်ရောယှက် နေမှုတွေဟာ သူမကိုစိတ်မကြည်လင်ဘဲနေစေပါ့မလား။ အဲဒီလိုစိတ်ကြည်လင်နေတဲ့အချိန်ဟာ ကျွန်တော့်အတွက်အခွင့် ကောင်းပေါ့။ ကျွန်တော်ရည်မှန်းထားတဲ့စကားတွေ သူမကိုပြောရမည်။

ဆိုင်ကယ်မောင်းရင်းတစ်လမ်းလုံးစဉ်းစားလာခဲ့သည်။ ဘယ်ကနေဘယ်လိုစပြောရမလဲ။ သူမ စိတ်ဆိုးမှာကိုတော့အစိုးရိမ် ကြီး စိုးရိမ်မိတာပေါ့။ ဒါပေမဲ့  မပြောလို့ကလည်းမဖြစ်ပြန်။ နောက်ဆုံး အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးတော့ဘဲ စီစဉ် ရတော့မယ် ဆိုပြီး ကိုယ့်ကိုကိုယ်နှစ်သိမ့်လိုက်တော့သည်။

“ဒါ စိုင်းလုံတို့ခြံပေါ့ ဟုတ်လား”

“ဟုတ်တယ်နှင်း”

“အကျယ်ကြီးပဲနော်၊ လှလိုက်တာ ဒီလိုလိမ္မော်ခြံကို နှင်းရုပ်ရှင်ထဲမှာပဲတွေ့ဖူးတာ၊ အခုမျက်ဝါးထင်ထင်မြင်လိုက်ရတော့ ပျော်လိုက်တာ စိုင်းလုံရယ်”

ချစ်သူပျော်နေတာမြင်ရလို့ ကျွန်တော်ပါရောပျော်မိပေမယ့် ပြောစရာစကားရှိတာကြောင့်စိုးရိမ်စိတ်တွေလည်းလွှမ်းမိုးနေ လေပြန်သည်။ အကိုင်းတစ်ခုတည်းမှာတင်အလုံးပေါင်းများစွာ ညွှတ်နေအောင်သီးနေတဲ့လိမ္မော်ပင်တွေကိုကိုင်ကြည့်လိုက် အသီးတွေကို လက်နဲ့ထိတွေ့လိုက်နဲ့ နှင်းတစ်ယောက် ကြည်နူးနေ၏။ တစ်ချို့အပင်တွေမှာတော့ အသီးကမမှည့်သေးတာ မို့ အစိမ်းရောင်တောက်တောက်အသီးကင်းတွေသာရှိသေးသည်။ ခြံမှာနေနေတဲ့သူတွေကတော့ ခမောက်ဆောင်း၊ ပေါက် ပြားတွေကိုင်ပြီး အပင်တွေကြားမှာပေါက်နေတဲ့ပေါင်းပင်တွေကို ရှင်းလင်းပေးနေသည်။

“ဒီအသီးတွေမရောင်းသေးဘူးလား ဟင်”

“အင်း၊ အသီးတွေခူးဖို့စောင့်နေတာလေ၊ တစ်ချို့အပင်တွေကအသီးမှည့်ဖို့နည်းနည်းလိုသေးလို့”

“နောက်ကျတယ်၊ ရန်ကုန်မှာဆို ဒီအချိန်လိမ္မော်သီးတွေ လှိုင်လှိုင်ပေါ်နေပြီ”

“ဟုတ်တယ်၊ ဒီနှစ်ကျွန်တော်တို့ခြံကအသီးတွေနည်းနည်းနောက်ကျတယ်၊ ဒါပေမဲ့ ရန်ကုန်မှာရှိတဲ့အသီးတစ်ချို့တွေက ရှမ်းပြည်ကပို့တာလေနှင်းရဲ့၊ မြန်မာနိုင်ငံမှာလိမ္မော်သီးများများစိုက်ပျိုးတဲ့ပြည်နယ်တွေက ရှမ်းပြည်နယ်ရယ်၊ ချင်းပြည်နယ် ရယ်၊ ကချင်ပြည်နယ်ရယ်လေ အဲဒီအထဲကမှရန်ကုန်ဈေးကွက်ကိုတင်ပို့တာက များသောအားဖြင့်ရှမ်းပြည် နယ်ကပေါ့”

“ဒါဆို စိုင်းလုံတို့ဟောဒီခြံထဲကရောပါမှာပေါ့”

“ကျွန်တော်တို့မှာကဝယ်လက်ရှိပြီးသားနှင်းရဲ့၊ ခြံကိုဇောက်ချမလုပ်ဖြစ်တော့ ဝန်ထမ်းတွေပဲငှား၊ ခြံချူပ်လာဝယ်တဲ့သူကို ဈေးဖြတ်ပြီးရောင်းလိုက်တာပါပဲ၊ အဲဒီဝယ်တဲ့သူကရန်ကုန်ကိုပို့ချင်ပို့မှာပေါ့”

မှည့်ဝင်းနေတဲ့ လိမ္မော်ခိုင်တစ်ခိုင်ဆီမှ တစ်လုံးကိုခူးယူလိုက်ကာ အခွံခွာလိုက်သည်။ အခွံပါးပြီးအရည်ရွှန်းစိုနေတာမို့ ချိူမြိန်နေမှာသေချာပါသည်။ အခွံနွှာပြီးသားလိမ္မော်သီးစိတ်လေးတွေကို သူမကိုကမ်းပေးလိုက်၏။ ချစ်သူရဲ့လက်ဖဝါးနုနု လက်သည်းလှလှတွေနဲ့ လိမ္မော်သီးအခွံမနွှာစေချင်ပါ။ ကျွန်တော်လှမ်းပေးသော လိမ္မော်သီးစိတ်လေးတွေကိုယူကာ တစ် မွှာချင်းခွာပြီး စားနေတဲ့မြင်ကွင်းကလည်း ကြည်နူးဖွယ်ကောင်းလှပါသည်။

မျက်စိတစ်ဆုံးလိမ္မော်ပင်တန်းအပြီးမှာတော့ ပြာလဲ့နေတဲ့ကောင်းကင်နဲ့ မှိုင်းညှို့ညှို့တောင်တန်းကြီးကို ဟီးနေအောင်မြင်ရ လေသည်။ စိုက်ခင်းရဲ့ညာဖက်မှာတော့ လက်ဖက်ပင်တန်းတစ်ချို့လည်းရှိနေ၏။

“စိုင်းလုံတို့က သူဌေးပဲ”

“ဟားဟား နှင်းကတော့နောက်နေပြန်ပါပြီ၊ ဘယ်နှယ့်သူဌေးရမှာလဲနှင်းရယ်၊ ကျွန်တော်တို့မောင်နှမက မရှိမရှားပါဗျာ၊ ဒီခြံ ကရတဲ့ဝင်ငွေကလည်းထင်သလောက်မဟုတ်ပါဘူး၊ ဝန်ထမ်းခဖယ်ပြီးနည်းနည်းပါးပါးပဲကျန်တာပါ”

“အင်း၊ ချိုလိုက်တာ”

ကျွန်တော်ရဲ့ချစ်ခြင်းမေတ္တာတွေ အပြည့်ထည့်သွင်းထားတဲ့အသီးကမချိုဘဲနေပါ့မလားချစ်သူရယ်။

“ကြိုက်သလောက်ခူးစားလို့ရတယ်နှင်း၊ အပင်ကနေခူးပြီးချက်ချင်းစားရတာနဲ့ဈေးထဲမှာဝယ်စားရတဲ့အရသာမတူဘူး၊ ဒီမ နက်နှင်းတွေနဲ့ထိထားတော့ အသီးတွေကပိုချိုမယ်ထင်တယ်”

“ဒါနဲ့ လိမ္မော်သီးကို ရှမ်းလိုဘယ်လိုခေါ်လဲဟင်”

ရှမ်းစကားကိုစိတ်ဝင်တစားမေးလာပြီးဆိုတော့ ရှမ်းလူမျိုးကိုကြင်ယာဖက်ရွေးဖို့များစိတ်ကူးထားလို့လားဆိုပြီး ကြံကြံဖန်ဖန် တွေးမိလိုက်ပြန်သည်။

“ရှမ်းလို လိမ္မော်သီးကို မဂ်စောက်စ် လို့ခေါ်တယ်၊ ပါဠိလိုတော့ နာရင်္ဂတဲ့၊ ရုက္ခဗေဒနာမည်ကတော့ Citrus reticulate blanco လို့ခေါ် ပါတယ်ခင်ဗျာ၊ ကမ္ဘာပေါ်မှာလိမ္မော်သီးအများဆုံးထွက်တဲ့နေရာတွေထဲမှာတော့ မြန်မာနိုင်ငံမပါဘူး၊ အမေရိကန်၊ မက္ကဆီကို၊ ဘရာဇီး၊ အိန္ဒိယ၊ အီရန်၊ အီတလီ၊ အီဂျစ်၊ တရုတ် နိုင်ငံတွေပါတယ်၊ ကျန်တဲ့ ကျွန်တော် အလွတ်မရ တဲ့နိုင်ငံတစ်ချို့လည်း ရှိသေးတယ်”

“တယ်ဟုတ်ပါလား၊ ရှမ်းလိုဘယ်လိုခေါ်လဲလို့မေးတာ၊ ဘာလား၊ ရွဲ့တာလား”

နှင်းရဲ့ ပြောင်စပ်စပ်အမူအရာလေးက ပါးကိုဆွဲလိမ်ချင်စရာကောင်းနေသည်။ ကောင်းကင်ပြင်နဲ့တောင်တန်းတွေရှိရာဆီကို ကျွန်တော်တို့နှစ်ယောက်လျှောက်လာခဲ့ကြသည်။ ဘေးပတ်ပတ်လည်မှာတော့ လိမ္မော်ပင်တန်းကထူထပ်စွာ။ မြက်ပင် ရှင်းနေတဲ့သူတွေနဲ့ ဝေးသည်ထက်ဝေးလာသည်။ လူခြေတိတ်ဆိတ်လို့နေခဲ့ပြီ။ ငှက်တွေရဲ့တေးသီသံတစ်ချို့နဲ့လေညှင်း ကြောင့် အရွက်တွေပွတ်တိုက်သံတစ်ချို့ကိုသာကြားရသည်။ တစ်ချက်တစ်ချက်မှာတော့ ပုဇင်းရင်ကွဲတွေရဲ့အော်သံလား၊ ပုရစ်တွေရဲ့အော်သံလားမသိ တညံညံနဲ့ထွက်လာ၏။

ဟိုးအဝေးဆီမှာတော့ တောင်တန်းပြာကြီးက ကျွန်တော်တို့ကို လွမ်းမောဖွယ်ဆွဲဆောင်နေသည်။

“နှင်း”

“အင်း စိုင်းလုံ”

“ကျွန်တော် နှင်းကိုပြောစရာရှိလို့”

“ပြောလေ စိုင်းလုံ ဘာအကြောင်းလဲ”

ကျွန်တော်ဘာအကြောင်းအရာကိုပြောမလဲဆိုတာ နှင်းတွေးတောဟန်မတူပါ။ ရန်ကုန်သူပီပီသွက်လက်ချက်ချာစွာတုန့် ပြန်ပြောလို့။

“ချစ်တဲ့အကြောင်း”

“ဟင်”

သွက်လက်ချက်ချာမှုက တုန့်ဆိုင်းသွားလေပြီ။ ကျွန်တော် အဓိကထားရင်ဆိုင်ရမယ့်အနေအထားကိုရောက်ရှိခဲ့လေပြီ။ နှင်း ရဲ့ တုန့်ပြန်ပြောဆိုမှုတွေကို ကျွန်တော် ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်နေမိ၏။

“စိုင်းလုံ ဘာပြောလိုက်တာလဲ”

မသေချာတဲ့သဘောလား။ ထပ်ကြားချင်တဲ့သဘောလားချစ်သူရယ်။

“ကျွန်တော် နှင်းကိုချစ်တဲ့အကြောင်း ပြောချင်လို့”

ကျွန်တော့် စကားကြောင့် သူမမျက်နှာကွပ်ခနဲပျက်သွားလေသည်။ စိတ်ဆိုးတာလား၊ တွေဝေသွားတာလား ကျွန်တော်မခွဲ ခြားတတ်ပါ။ အဲဒီလောက်လည်း အကဲခတ်မကျွမ်းကျင်လှပါ။ သေချာတာကတော့ ကြည်နူးပျော်ရွှင်မှုကို နှင်းရဲ့မျက်နှာမှာ မတွေ့ရခြင်းပင်။

“စိုင်းလုံ အခုချိန်မှာ ဘာကြောင့်အဲလိုပြောရတာလဲဟင်”

နှင်းရဲ့မေးခွန်းကိုဖြေဖို့ ကျွန်တော်အင်အားတွေမွေးရသည်။ အချိန်တော့ စက္ကန့်ပိုင်းပဲရတာပေါ့လေ။

“ကိုယ်ချစ်ရတဲ့မိန်းကလေးတစ်ယောက်ကို ချစ်တယ်လို့ပြောဖို့အကြောင်းပြချက်ကောင်းကောင်းကျွန်တော်မရှာတတ်ဘူး နှင်းရာ၊ ကျွန်တော်ကတောင်ပေါ်သားတစ်ယောက်ပါ၊ စကားကိုနားဝင်ချိုအောင် ကိုယ်လိုရာကိုသိမ်းသွင်းပြီးတော့လည်း မပြောတတ်ပါဘူး၊ နှင်းကို ကျွန်တော်ချစ်တယ်ဆိုတာကလွဲရင် ဘာမှမသိဘူးဗျာ”

“မဟုတ်ဘူးစိုင်းလုံ၊ နှင်းမေးတာက နှင်းရဲ့အခုလက်ရှိအနေအထားကို စိုင်းလုံသိရက်သားနဲ့ အခုချိန်မှာဘာလို့အဲလိုပြော ရတာလဲလို့ မေးတာ”

“နှင်းရဲ့လက်ရှိအနေအထား ဟုတ်လား၊ ကျွန်တော်နားမလည်ဘူး”

နှင်းဘာဖြစ်လို့လဲ။ လက်ရှိအနေအထားကဘာလဲ ကျွန်တော်တကယ်မသိပါ။

“နှင်းကရည်းစားကိစ္စနဲ့ ကျောက်မဲအထိတောင်လိုက်လာတဲ့မိန်းကလေးတစ်ယောက်ဆိုတော့နှင်းကိုအထင်သေးအမြင် သေးနဲ့ အခွင့်ကောင်းယူပြီး..”

“အာ….နှင်း၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ နှင်းမှားနေပြီ”

ရလာဒ်တစ်စုံတစ်ရာကို မျှော်လင့်မိခဲ့ပေမယ့် ထွက်ပေါ်လာတဲ့ရလာဒ်ကတော့ ကျွန်တော့်အတွက်အကောင်းမဟုတ်ဘူးဆို တာ ကျွန်တော်မြင်နေရလေပြီ။ အဲဒီအတွက် ကျွန်တော်နောင်တမရပါ။

“မမှားဘူးစိုင်းလုံ၊ နှင်းက ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ဒေသကို အချစ်စိတ်မွှန်ပြီးလိုက်လာတဲ့မိန်းကလေးတစ်ယောက်၊ ခပ်ပေါပေါမိန်းကလေးတစ်ယောက်၊ အဲဒီတော့ စိုင်းလုံစိတ်ထဲမှာ နှင်းကိုလွယ်လွယ်နဲ့ရမယ့် မိန်းကလေးလိုမြင်နေတာ မဆန်းပါဘူး၊ နှင်းမှားတာပါ”

“မဟုတ်ဘူးနှင်း၊ ကျွန်တော်နှင်းကို အဲဒီလိုမျိုးဘယ်တော့မှမမြင်ဘူး၊ တစ်သက်လုံးလည်းမြင်မှာမဟုတ်ပါဘူးဗျာ၊ ကျွန်တော် တကယ်ကို နှစ်နှစ်ကာကာနဲ့”

“မဖြစ်နိုင်တာ၊ ရက်ပိုင်းလေးတစ်တွင်းမှာ စိုင်းလုံကနှင်းကိုချစ်တယ်ဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စိတ်အတွက် အချိန်ကန့်သတ်ချက်မရှိပါဘူးနှင်းရယ်၊ နှင်းယုံအောင်ကျွန်တော်မရှင်းပြတတ် ပေမယ့် နှင်းကိုချစ်တဲ့အချစ်က အမှန်တရားဆိုတာယုံစေချင်တယ်”

“နှင်းတို့ ပြန်ကြစို့”

သူမ ကိုနားလည်အောင်ဘယ်လိုရှင်းပြရမလဲ၊ ဘုရား၊ ကယ်တော်မူပါ။ ကျွန်တော်ဘာလုပ်ရမှန်းမသိအောင်တွေဝေရပြီ။ ကျွန်တော့်အချစ်နဲ့ပတ်သက်ပြီး တိကျတဲ့အဖြေတစ်ခုကို ကျွန်တော်လိုချင်သည်။ သူမကျွန်တော့်ကိုငြင်းလိုက်တာလား။ လက်ခံတာတော့မဟုတ်တာသေချာတာပေါ့။

“နှင်း ကျွန်တော့်ကို…”

“နှင်းအရမ်းစိတ်ဆိုးနေတယ် စိုင်းလုံ၊ နှင်းတို့ပြန်ကြရင်ကောင်းမယ်”

“ဟာ…”

ကျွန်တော့်စိတ်တွေ အကြီးအကျယ်လေးလံသွားရပြီ။ ဒီလိုရလာဒ်မျိုးက ကျွန်တော်မတွေးရဲခဲ့တဲ့အဖြစ်အပျက်ပါ။ ခြံအဝင် ဝနားက တဲဆီကို စွတ်စွတ်ရွတ်ရွတ်လျှောက်သွားနေတဲ့ သူမရဲ့ကျောပြင်လေးကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။

“ငါ ဘာလုပ်ရမလဲ”

အတွေးပေါင်းများစွာနဲ့ သူမနောက်ကဖြည်းဖြည်းချင်းလိုက်လာခဲ့၏။ အပင်တစ်ပင်ဆီမှာချိတ်ထားတဲ့ မြက်ဦးထုတ်တစ်လုံး ကိုဆွဲကာ ပက်လက်ကိုင်ရင်း မှည့်ဝင်းနေတဲ့လိမ္မော်သီးတွေကို ခူးထည့်လာခဲ့သည်။ တဲရောက်တော့ ဝါးခြင်းသေး သေးလေးတစ်လုံးယူလိုက်ပြီး ခူးလာတဲ့ အသီးတွေကို ထည့်ကာဆိုင်ကယ်ခြင်းထဲထည့်လိုက်၏။

“နှင်း ကျွန်တော်တောင်းပန်ပါတယ်”

နှင်း ဘာမှမပြောတော့ဘဲဆိုင်ကယ်ရပ်ထားရာနားဆီမှာသာကပ်နေ၏။ ပြန်တော့မယ်ဆိုတဲ့သဘော၊ မထိုင်တော့ဘူးဆိုတဲ့ သဘောပေါ့။ တဲမှာခဏထိုင်ပြီး ကျွန်တော်ရှင်းပြတာကို နားထောင်စေချင်တာ၊ အခုတော့ အဲဒီအစီအစဉ်ပျက်သွားပြီပေါ့။ မတတ်နိုင်တဲ့အဆုံးပြန်ဖို့ပြင်ရသည်။

ဆိုင်ကယ်စက်နှိုးလိုက်ပြီး သူမကိုတက်စေ၏။ ခြံထဲမှာနေတဲ့သူတွေကိုနှုတ်တောင်မဆက်နိုင်တော့။ ကျောက်မဲဆီကိုမောင်း ရတော့သည်။ လမ်းမှာစကားပြောဖို့ကြံရွယ်လိုက်ပေမယ့် အဆင်မပြေပါ။

“စိုင်းလုံ၊ အခုချိန်မှာ နှင်းကိုဘာမှမပြောရင်ကောင်းမယ်၊ တစ်ခုခုဆိုရင် နှင်းစိုင်းလုံနောက်ကနေမစီးတော့ဘဲဆင်းကျန်ခဲ့ မှာနော်”

သူမ ရဲ့ခြိမ်းခြောက်မှုကြောင့် ကျွန်တော်ဘာမှမတတ်နိုင်တော့။ ဆိုင်ကယ်ကိုသာအာရုံစိုက်မောင်းရင်း အိမ်ရောက်ရင်ပြေ လည်အောင်တောင်းပန်ဖို့ကိုပဲ တွေးနေတော့သည်။ အပြန်လမ်းခရီးက ခြောက်သွေ့တိတ်ဆိတ်လှပါသည်။ အလာတုန်းက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ သူမရဲ့မေးခွန်းတွေကိုကြည်နူးစွာဖြေလာခဲ့တဲ့အရိပ်တွေက ပျက်သုဉ်းခဲ့ပြီ။

ဘာပဲဖြစ်ဖြစ် သူမ ကိုအဆင်ပြေချောမွေ့စွာပဲ ကျွန်တော်ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါသည်။ အိမ်ရှေ့ရောက်တော့ သူမ ဆိုင်ကယ်ပေါ်ကနေဖျတ်ခနဲခုန်ဆင်းကာ အိမ်ထဲဝင်ဖို့ပြင်သည်။

“နှင်း လိမ္မော်သီးယူသွားဦးလေ”

နှင်း စားဖို့ကျွန်တော်ခူးထားတဲ့အသီးတွေကိုကမ်းပေးလိုက်ပေမယ့် သူမ မယူပါ။

“ယူပါနှင်းရယ်၊ ကျွန်တော်စိတ်မကောင်းအောင်မလုပ်ပါနဲ့နော်၊ နှင်းစားဖို့ ကျွန်တော်ခူးလာတာလေ”

ကျွန်တော့်ရဲ့တောင်းပန်တိုးလျှိုးမှုတွေကြားမှာ သူမပျော်ဝင်ခဲ့သွားသလားမပြောတတ်ပါ။ အသီးခြင်းလေးကိုဖျတ်ခနဲဆွဲ ယူလိုက်ပြီး အိမ်ဖက်ဆီကိုလှည့်လိုက်ပြန်သည်။

“နှင်း ခဏလေး”

သူမ ရဲ့သမင်လည်ပြန်အကြည့်မှာငေးမောရင်း ဝမ်းနည်းစွာ။

“ကျွန်တော်…”

“စိုင်းလုံ နှင်းကိုလာမတွေ့ပါနဲ့တော့”

“ဟာ နှင်းရယ်”

အဲဒီစကားက ကျွန်တော့်အတွက် အနာကျင်ဆုံးပင်။ နှင်းရဲ့မျက်နှာလေးကိုမြင်ခွင့်ရဖို့ တွေ့ခွင့်ရဖို့ ကျွန်တော်ဘယ်လောက် တောင် စိတ်ကူးယဉ်ခဲ့ရသလဲ။ လာမတွေ့နဲ့တော့ဆိုတဲ့စကားက တိုတောင်းလှပေမယ့် ကျွန်တော့်အတွက်တော့ထုထောင်း ရိုက်နှက်တာထက် နာကျင်လှပါသည်။ မျှော်လင့်ချက်ကြီးတစ်ခု ပျက်သုဉ်းတဲ့အခါလူတိုင်းဝမ်းနည်းတတ်ကြတာပဲမှလား။ အခုချိန်မှာ ကျွန်တော့်ရင်ဘတ်ထဲမှာဝမ်းနည်းမှုတွေပြည့်နှက်နေပါလိမ့်မည်။ ဒီလိုရလာဒ်မျိုးသာရမယ်မှန်းကြိုသိခဲ့မယ်ဆို ရင် သူမအချစ်ကိုမပိုင်ဆိုင်ရရင်နေပါစေ၊ သူမအနားမှာပဲနေပြီးချစ်သူရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးခွင့်နဲ့ပဲကျေနပ်နှစ်သိမ့် မိခဲ့မှာပါ။

“ကျွန်တော် ဘယ်လိုတောင်းပန်မှ နှင်းကျေနပ်မှာလဲဟင်၊ နှင်းကျေနပ်မယ့် နည်းလမ်းတစ်ခုခုပြောခဲ့ပါဗျာ”

“စိုင်းလုံ၊ နှင်းကိုအာရုံတွေများအောင်မလုပ်ပါနဲ့၊ အခုချိန်မှာ ပြန်တာအကောင်းဆုံးပဲ၊ စိုင်းလုံပြန်ပါတော့၊ နှင်းတောင်းပန်ပါ တယ်၊ နောက်နေ့နှင်းကိုလည်းလာမတွေ့ပါနဲ့တော့”

လာမတွေ့ပါနဲ့တော့ ဆိုတဲ့စကားကို နှစ်ခါမြောက်အပြောခံပြီးနောက်ပိုင်းမှာတော့ ကျွန်တော့်စိတ်တွေလေးလံထိုင်းမှိုင်းကာ နာကျင်လာရသည်။ ဝမ်းနည်းနာကျင်လျှက်သူမကို ကြည့်နေမိ၏။ သူမ အိမ်ထဲကိုဝင်သွားတော့သည်။ ချစ်သူရဲ့ကျောပြင် လေးကို ငေးမောကြည့်နေရုံမှအပ ကျွန်တော်ဘာမှမတတ်နိုင်တော့ပြီ။

သူမကို နောက်နေ့တွေမှာတွေ့ခွင့်ရဖို့၊ စိတ်မဆိုးတော့အောင်ချော့ဖို့ ဘယ်လိုနည်းလမ်းတွေသုံးရမလဲကျွန်တော်မသိတော့။

“နှင်း နှင်းကျွန်တော့်ကိုမုန်းသွားပြီလား၊ မုန်းသွားပြီဆိုရင်လည်းပစ်ပစ်ခါခါပြောပြီးငြင်းပစ်လိုက်ပါလားနှင်းရယ်၊ ကျွန်တော် ကျေကျေနပ်နပ်ကြီးခံယူမှာပါ၊ နှင်းကို ချစ်တဲ့အကြောင်း ပြောမိတာကျွန်တော်နောင်တမရဘူးဗျာ၊ ဒါပေမဲ့ နှင်းအနားမှာ ကျွန်တော်နေခွင့်မရလိုက်ပို့ခွင့်မရတော့တာကို တော့နှမြောမိတယ်”

အဲဒီစကားလုံးတွေကို ရင်ဘတ်ထဲမှာပြောနေမိသည်။ နှင်း ကျွန်တော့်ကိုစကားပြောခွင့်နည်းနည်းလေးပေးမယ်ဆိုရင်တော့ ပြောခဲ့ချင်ပါသေးသည်။

ကျောက်မဲရဲ့လမ်းတွေဟာ ချစ်သူနဲ့အတူသွားတုန်းကလောက်မဖြောင့်ဖြူးပါ။ ရာသီဥတုကလည်း ချစ်သူနဲ့အတူဆိုင်ကယ် စီးတုန်းကလောက်မအေးမြပါ။ ဆူညံနေတဲ့လမ်းမထက်ကဆိုင်ကယ်သံတွေ၊ ကားသံတွေက ကျွန်တော့်ကိုလှောင်ရယ်နေ သလို ဈေးထဲကဈေးသည်တွေကလည်းပြက်ရယ်ပြုနေသလို ခံစားရလေသည်။

သေချာကတော့ ကျောက်မဲမြို့ရဲ့မြင်ကွင်းတွေဟာ ချစ်သူနဲ့အတူသွားတုန်းကလောက်သာယာချမ်းမြေ့ဖွယ်မကောင်းတော့ ပါ။ ရက်ပိုင်းလေးအတွင်းမှာ ကျွန်တော်အချစ်ကိုခံစားသိရှိရသလို ရက်ပိုင်းလေးအတွင်းမှာပဲအဲဒီအချစ်ကပေးတဲ့ဒဏ်ရာ ကိုလည်း ကျွန်တော်ခံစားခွင့်ရခဲ့လေပြီ။

နှင်းကိုချစ်တဲ့ ကျွန်တော့်ရဲ့ချစ်ခြင်းကတော့ ဘယ်တော့မှပျောက်ပျက်သွားမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တတ် စွမ်းနိုင်သလောက် နှင်းအပေါ်ချစ်ပြနိုင်ခွင့်ကိုတော့ မျှော်လင့်နေဆဲပင်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx