(၈)
ဗဟိုဈေးနားက စိုင်းလုံတို့ရဲ့ဆိုင်လေးဆီကိုနှင်းတို့ရောက်သွားတဲ့အချိန်မှာတော့ နှင်းကွဲပြီးနေရောင်ထွက်ခဲ့ပြီဖြစ်သည်။ မနက်စောစောလာရင် ဆိုင်မှာလူတွေများနေမှာမို့ လူရှင်းမယ့်အချိန်ကိုတမင်ရွေးပြီးလာခဲ့ကြတာပါ။ ဗဟိုဈေးထဲမှာတော့ လူတွေ ပျားပန်းခတ်လှုပ်ရှားနေလေ၏။
“စိုင်းလုံ”
ခပ်နွမ်းနွမ်းအေပရွန်ကို စည်းထားလျှက်အလုပ်ရှုပ်နေရှာတဲ့သူ။ နှင်းကိုလည်းမြင်ရော ဝမ်းသာအံသြသွားတာ မျက်လုံးပြူး ကျယ်လာတဲ့အထိပါပဲ။ နှင်းအခုလို ဆိုင်ကိုအရောက်လာမယ်လို့သူဘယ်ထင်ထားပါ့မလဲ။
“နှင်းတို့ စိုင်းလုံဆီကိုလာလည်တာလေ”
ခဏတာမျှ မှင်သက်ငေးကြည့်ပြီးနောက်မှာမှာ နှင်းတို့ကိုနေရာချပေးလေသည်။ သူ့ပုံစံက နည်းနည်းများအေးတိအေးစက် ဖြစ်နေသလို ခံစားရသည်။
“နှင်း၊ သိမ့်သီတာ လာထိုင်လေ”
ဆိုင်ရဲ့တောင့် (ဒေါင့်) နေရာလေးမှာထိုင်စေသည်။
“ဘာစားမလဲ မြီးရှည်၊ တို့ဟူးနွေး”
ဝတ္တရားအရမေးပေမယ့် နှင်းမြီးရှည်ပဲစားမယ်ဆိုတာသူသိနေမှာပါ။ သိမ့်သီတာကတော့ တို့ဟူးနွေးလို့ပြောလိုက်ပြီးနှင်းက တော့ စိုင်းလုံအဆင်ပြေတာလုပ်ပေးပါ လို့ပဲပြောလိုက်၏။
ဆိုင်မှာလူသိပ်မရှိတော့တာမို့ နှင်းတို့စားမယ့်မုန့်ပွဲတွေကို သူ ခဏလေးအတွင်းမှာပြင်ပေးပြီးရောက်လာသည်။ သူနည်း နည်းပိန်ကျသွားသလိုထင်ရပါသည်။ မျက်နှာချောင်ကျသွားပြီး မျက်လုံးအရောင်မှေးနေသယောင်။
“ရော့ သိမ့်သီတာ၊ ဒါကနှင်းဖို့”
သူပြင်ပေးတဲ့ မြီးရှည်က အငွေ့တထောင်းထောင်းထကာ စားချင်စဖွယ်ကောင်းလှသည်။ ထုံးစံအတိုင်း တူကိုခွာပေးကာ နှင်းကိုကမ်းပေး၏။ ပြီးတော့ ဝက်ခေါက်ကြော်ထုတ်ကိုဖောက်ပြီးနှင်းစားမယ့်မြီးရှည်ပန်းကန်ထဲထည့်ပေးနေသည်။ အဲဒီလို လုပ်ပေးရလို့ သိမ့်သီတာကိုဂရုစိုက် ရှက်မနေတတ်သေးပါ။
“ရလား နှင်း၊ ပူတယ်၊ ကျွန်တော်မွှေပေးရမလား”တဲ့။ တိုးတိုးလေးကပ်ပြောလိုက်တာဆိုပေမယ့် သိမ့်သီတာကကြားဖြစ် အောင်ကြားသွားကာ မျက်နှာမဲ့ပြလေသည်။
“ရတယ် စိုင်းလုံ”
နှင်းအပေါ် သူ့ရဲ့ဂရုတစိုက်ရှိမှုတွေကို အသိအမှတ်မပြုဘဲဘယ်နေနိုင်ပါ့မလဲ။ တစ်သျှူးတွေကိုဘူးထဲမှ အနေတော်အပိုင်း လေးတွေဖြစ်အောင်ပိုင်းယူပြီး နှင်းစားတဲ့ပန်းကန်နားလာချပေးပြန်တော့ နှင်းမနေတတ်အောင်နွေးထွေးသွားရပြန်သည်။
“နင့်ဆီကိုလာချင်တယ်ဆိုလို့လေ၊ လိုက်ပို့ပေးရတာ၊ နင်ကလည်းပျောက်ချက်သားကောင်းနေလိုက်တာ စိုင်းလုံရယ်”
သိမ့်သီတာက နှင်းတို့ရဲ့ပြသနာကို မသိချင်ယောင်ဆောင်ပြီးစကားလမ်းကြောင်းစပေးလေသည်။ ဒီကိစ္စကို သိမ့်သီတာသိ ပြီးသားဆိုတာ စိုင်းလုံမခန့်မှန်းတတ်ဘဲမနေပါ။
“အင်း၊ အစ်မ နေမကောင်းလို့ပါ”
“ဆိုင်သိမ်းပြီးလာရင်လည်းရတာပဲလေဟာ”
“အေး၊ ငါလည်း သိပ်နေမကောင်းချင်လို့”
“ဟုတ်လား”
အဲဒီဟုတ်လားကိုတော့ နှင်းမေးလိုက်ခြင်းပင်။ သူ့မျက်နှာလေးချောင်ကျနေလို့ နေမကောင်းဘူးလားစိုးရိမ်မိတာ မှန်ပြီပေါ့။ သူခေါင်းညိတ်ပြပါသည်။
“ဘာဖြစ်တာလဲ စိုင်းလုံ၊ နှင်းကိုလိုက်ပို့ရလို့ပင်ပန်းသွားတာလားဟင်”
“မဟုတ်ပါဘူး၊ ကျွန်တော် စိတ်ညစ်ရင်အဲဒီလိုပဲဖြစ်တတ်လို့ပါ၊ စိတ်ဖိစီးမှုပဲဖြစ်ဖြစ်၊ စိတ်ညစ်စရာတစ်ခုခုကြုံလို့ပဲဖြစ်ဖြစ်၊ အိပ်ရေးပျက်ရင်ပဲဖြစ်ဖြစ် နေလို့ထိုင်လို့မကောင်းတော့ဘူး၊ ကိုယ်တွေလက်တွေမအီမသာဖြစ်လာလို့ ဆိုင်ကလွဲရင်အပြင် ကိုမထွက်ဘဲနေတာပါ”
နှင်းကြောင့်ဆိုတာ သွယ်ဝိုက်တဲ့နည်းနဲ့ပြောလိုက်တာလို့ယူဆလိုက်သည်။ သူ့မျက်နှာလေးက တကယ်ပင်နေမကောင်းတဲ့ ပုံစံပေါက်နေပါလေ၏။ စိတ်ထောင်းကိုယ်ကြေဆိုတာပဲပေ့ါ။ သူ နှင်းထက်ပိုပြီးထိလွယ်ရှလွယ်တဲ့စိတ်ရှိပုံရသည်။ နှင်းစိတ် ထဲ သူ့အပေါ်ကြင်နာသွားရ၏။
“အော် စိုင်းလုံ၊ ငါဈေးထဲမှာဝယ်စရာတွေရှိလို့ ခဏသွားလိုက်ဦးမယ်၊ နှင်းကိုနင့်ဆီမှာခဏထားခဲ့မယ်၊ ပြီးမှပဲပြန်လာခေါ် တော့မယ်၊ ဝယ်စရာများလို့နည်းနည်းကြာမယ်နော်”
“အေး အေး၊ ရတယ်လေ၊ ဝယ်စရာတော်တော်များတာလား၊ တစ်ဈေးလုံးဝယ်မလို့လား”
“ဟုတ်တယ်ဟေ့၊ ရပ်ကွက်ဈေးသယ်နဲ့ပဲနှစ်ပါးသွားနေရာတာ နှစ်ရက်သုံးရက်ရှိပြီလေ၊ ဒီနေ့ကျမှအတိုးချပြီးဝယ်စရာရှိတာ တစ်ခါတည်းဝယ်သွားမလို့”
သိမ့်သီတာက စားလက်စတို့ဟူးနွေးပန်းကန်ကိုလက်စသတ်လိုက်ကာ ဈေးထဲကိုထွက်သွားလေသည်။ ဆိုင်ထဲမှာ လာစား တဲ့သူ ကျိုးတိုးကျဲတဲကြားမှာ နှင်းနဲ့သူ့စကားသံကခဏတာမျှတိတ်ဆိတ်နေခဲ့၏။
“စိုင်းလုံ မလာတဲ့နေ့တွေ နှင်းတို့အပြင်ထွက်ပြီးဈေးမဝယ်ကြဘူးလေ၊ အိမ်ရှေ့မှာလာရောင်းတဲ့အသယ်ဆီမှာဝယ်ပြီးတော့ ပဲ စားဖြစ်ကြတယ်”
“အော်”
ကျောက်မဲရဲ့ရပ်ကွက်ဈေးသည်က ရောင်းတဲ့ဟင်းအမယ်တွေ ရန်ကုန်ထက်ပိုပြီးစုံလင်လှပါသည်။ မနက်မိုးလင်းခါစမှာ ဈေးသည် လို့အော်သံကြားတာနဲ့အပြင်ကိုထွက်ကြည့်လိုက်၊ ဟင်းသီးဟင်းရွက်သားငါးတွေ အစုံအလင်ကိုခြင်းတွေနဲ့ ထည့် လိုထည့်၊ အိတ်တွေနဲ့ထုတ်လိုထုတ်ကာ စက်ဘီးပေါ်ကိုသေသေသပ်သပ်စီလျှက် စက်ဘီးဈေးသည်ကိုတွေ့ရလိမ့်မည်။ အသီးအရွက်တွေကို သူ့အချိန်နဲ့သူထုတ်ပိုးပြီးသား၊ ဝယ်မယ့်သူက လက်ညိုးထိုးရွေးချယ်ရုံပင်။ တစ်ရပ်ကွက်ဝင်၊ တစ်ရပ် ကွက်ထွက်နဲ့ လိုက်လံရောင်းချနေတဲ့အဲဒီဈေးသယ်တွေဟာလည်း မြို့ရဲ့အလှတရားတစ်ခုလို့ နှင်းသတ်မှတ်ပါသည်။
ရန်ကုန်မှာဆိုရင် ဟောဒီကအရွက်စုံတွေရမယ်၊ ကန်စွန်းရွက်ပါတယ်၊ မုန်းညင်းရွက်တွေပါတယ် စသည်ဖြင့်ဝေေ၀ဆာဆာ အော်ရောင်းမှာသေချာပေမယ့် ကျောက်မဲမှာတော့ တစ်ခွန်းတည်းပဲအော်ရောင်းသည်။ “ဈေးသည်” တဲ့။
“နှင်းရော နေကောင်းရဲ့လားဟင်”
သူ နှင်းကိုမဝံ့မရဲကြည့်ကာ မေးတော့ခေါင်းညိတ်ပြလိုက်ပါသည်။ ပန်းကန်ထဲမှာမြီးရှည်က ကုန်နေပြီမို့သူငှဲ့ပေးထားတဲ့ရေ နွေးခွက်ကို လှမ်းယူလိုက်၏။
သူနှင်းကို ကြည့်တဲ့ပုံစံက အရင်ကလို နွေးထွေးမှုမရှိတော့ဘဲ အေးစက်စက်ဖြစ်နေတယ်လို့ခံစားရပေမယ့် သူ့ရဲ့နှင်းအပေါ် ဂရုစိုက်မှုတွေက အရင်အတိုင်းပါပဲ။ နှင်းဘေးမှာ ဘာမဆိုလိုက်လံဖြည့်ဆည်းပေးချင်နေသူတစ်ယောက်ရဲ့ဟန်ကအပြည့်။ သူ့လိုအင်တွေပြည့်မသွားခဲ့ရပေမယ့် အဲဒါကို အတတ်နိုင်ဆုံးဖုံးဖိချင်နေပုံရသည်။
“စိုင်းလုံ”
“ပြောလေ နှင်း”
ညိုးငယ်နေတဲ့ သူ့မျက်နှာလေးမှာတော့ အားယူပြီးပြုံးနေတဲ့အပြုံးတွေကိုတွေ့လိုက်ရ၏။
“နှင်းတောင်းပန်ပါတယ်နော်၊ နှင်း ဟိုတစ်နေ့က စိုင်းလုံကိုပြောတာနည်းနည်းလွန်သွားတယ်၊ တကယ်ဆိုအဲဒီလောက်မ ပြောသင့်ခဲ့ဘူး မဟုတ်လား”
“ရပါတယ်နှင်းရယ်၊ ကျွန်တော့်အမှားပါ၊ ကျွန်တော်အဲဒီစကားတွေကိုမပြောသင့်ဘူး၊ ထိန်းချူပ်ခဲ့သင့်တယ်”
သူနောက်ဆုတ်လိုက်ပြီလား။
ဒီရက်ပိုင်းအတောအတွင်းမှာ အချိန်ယူပြီးစဉ်းစားခဲ့ပုံရသည်။ နှင်းကို သူမချစ်သင့်တော့ဘူးလို့ဆုံးဖြတ်လိုက်ပြီလား။ သူ့ပုံ စံကထင်ထားတာထက်အားနည်းဖျော့တော့နေလေတော့ အရာရာကိုလက်လျှော့လိုက်သလိုထင်ရသည်။ နှင်းအတွက်နဲ့ စိတ်ဆင်းရဲနေရတယ်ထင်ပါရဲ့။ စိတ်သဘောထားနူးညံ့သိမ်မွေးလွန်းတဲ့ ယောင်္ကျားလေးတစ်ယောက်ကို နှင်းနာကျင်စေ ခဲ့ပြီလား။
“စိုင်းလုံ နှင်းကိုစိတ်မဆိုးပါနဲ့နော်”
သူခေါင်းညိတ်ပြသည်။
“ကျွန်တော်နှင်းကို ဘယ်တုန်းကမှစိတ်မဆိုးပါဗျာ၊ ကျွန်တော့်ကိုကျွန်တော်ပဲမုန်းမိတယ်၊ စိတ်ခံစားမှုကိုရှေ့တန်းတင်လွန်း
ခဲ့တဲ့ကျွန်တော့်အဖြစ်ကိုနောင်တရမိတယ်၊ အဲဒီစိတ်ရှိခဲ့လို့ နှင်းဆီကိုလာတွေ့ခွင့်ဆုံးရှုံးခဲ့တာလေ”
နှင်းနဲ့ထပ်မံဆုံတွေ့ခွင့်ကို သူမျှော်လင့်နေခဲ့မှန်းသိလိုက်ရတဲ့အခါမှာတော့ ပြုံးမိရင်သားဖြစ်သွားခဲ့သည်။
“စိုင်းလုံ လိုက်မပို့ရင် နှင်းဘယ်မှမသွားရပါဘူး””
“ဗျာ”
“ဟုတ်တယ်လေ၊ စိုင်းလုံ နှင်းကိုလာမတွေ့တဲ့ရက်တွေမှာ အိမ်ထဲမှာပဲကွေးနေဖြစ်တာလေ၊ သွားချင်ပေမယ့် ကိုယ့်ကို လိုက်ပို့မယ်သူမရှိတော့ ဘယ်လိုလုပ်သွားနိုင်ပါ့မလဲ၊ အဲဒါကြောင့် နှင်းရဲ့ကျေးဇူးရှင်လေးကိုအရင်လို့ပဲ လိုက်ပို့ပေးပါလို့ တောင်းပန်ဖို့လာခဲ့တာ၊ ကျောက်မဲမြို့အနှံ့နှင်းသွားချင်သေးတယ်”
သူ့မျက်နှာလေးရွှင်လန်းသွားလေသည်။
“နှင်း တကယ်ပြောတာလားဟင်”
“တကယ်ပေါ့”
“ဟား ပျော်လိုက်တာဗျာ”
“နှင်းကိုလိုက်ပို့မယ်လို့မပြောရသေးဘူးနော်”
“ဟား လိုက်ပို့မှာပေါ့ဗျ၊ နှင်းစိတ်ဝင်စားမယ့်နေရာတွေရှိသေးတယ်၊ ကျွန်တော်လိုက်ပို့ပေးမယ်၊ မနက်ဖြန် အစ်မဈေးပြန် ထွက်ပြီလေ၊ အဲဒီတော့ နှင်းကို ကျွန်တော်မနက်ဖြန်လာခေါ်မယ်”
“စောင့်နေပါ့မယ်ရှင့်၊ ဒါနဲ့ မနက်ဖြန် ဘယ်ကိုခေါ်သွားမှာတုန်း”
“တောင်ပေါ်လမ်းလေးလျှောက်ကြမယ်၊ ကျောက်မဲမြို့မြင်ကွင်းကို အားလုံးနီးပါးမြင်ရမယ့်နေရာလေးတစ်နေရာပေါ့၊ တော လမ်းလေးရဲ့အေးချမ်းမှုအငွေ့အသက်ကိုခံစားရမယ်နှင်းရာ၊ ပြီးတော့အရမ်းအေးချမ်းတဲ့ မြစိမ်းရောင်လွင်ပြင်ကြီးကိုလည်း မြင်ရမယ်”
“ရှုခင်းကောင်းတယ်ပေါ့”
“အင်းပေါ့”
“အိုး၊ အခုတောင်သွားချင်နေပြီ”
သူလိုချင်လှသောအဖြေတစ်ခုကို အဲဒီတောင်ပေါ်လမ်းလေးမှာ နှစ်ယောက်တူတူလျှောက်ရင်း ပေးဖို့ နှင်းဆုံးဖြတ်လိုက်ပါ သည်။ စိုင်းလုံကို နှင်းချစ်တယ် ဆိုတဲ့အဖြေကို ပေးမည်။ မနက်ဖြန်ပေါ့။ တွေးရင်း ရင်ခုန်သံမြန်လာလေသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx