(၁၇)
ကိုဖြိုးရဲ့ဒဏ်ရာတွေက အချင်းကြီးပျောက်တယ်လို့မဟုတ်ပေမယ့် အပြင်ဒဏ်ရာတွေများတာမို့ အိမ်မှာပဲနားနားနေနေ နေခွင့်ကို ဆရာဝန်ကခွင့်ပြုလိုက်ခြင်းပင်။ သတိရလာတယ်ဆိုပေမယ့် စကားပြောလို့မရသေးပါ။
သူနှင်းတို့ကို စကားပြောချင်နေမှန်း မျက်နှာရိပ်မျက်နှာကဲပြနေပေမယ့် သူ့အသံအိုးအခြေအနေက လတ်တလောမှာ ဆရာ ဝန်တွေစောင့်ကြည့်နေရတဲ့အနေအထားမို့ တိတိပပအဖြေမထွက်သေးပါ။
“စိတ်ခံစားမှုကို ခဏလေးဘေးဖယ်ထားပြီး ငါတို့လုပ်ပေးနိုင်တာ ကူညီပေးနိုင်တာကူညီပေးလိုက်ရအောင်နော် သိမ့်၊ နင် သူနဲ့ပတ်သက်ပြီး နာကျင်ခံစားခဲ့မယ်ဆိုတာ နားလည်ပါတယ်ဟာ၊ ဒါပေမဲ့ အခုချိန်မှာ ကိုဖြိုးကိုပြုစုစောင့်ရှောက်နိုင်တာနင် ပဲရှိတယ်လေ”
သိမ့်သီတာကို တတ်နိုင်သမျှ နှစ်သိမ့်ပေးလိုက်ပြီး ကိုဖြိုးကိုအိမ်ခေါ်လာခဲ့လေသည်။ ကိုဖြိုးရဲ့တောင်းပန်တိုးလျှိုးတဲ့အ ကြည့်ကလည်း သိမ့်သီတာကို ဂရုဏာသက်ဝင်စေခဲ့ဟန်ပင်။
“ကိုဖြိုး နှင်းတို့ကိုစကားပြောချင်နေမယ်ဆိုတာသိပါတယ်၊ နှင်းတို့လည်းကိုဖြိုးပြောမယ့်စကားကိုနားထောင်ချင်တယ်၊ ဒါပေ မဲ့ အခုချိန်မှာ သက်သောင့်သက်သာဖြစ်ဖို့ထက်အရေးကြီးတာဘာမှမရှိဘူး၊ နေကောင်းအောင်နေဖို့အရေးကြီးတယ်၊ ကို ဖြိုးပြန်ကောင်းလာမှ အရာရာကိုဖြေရှင်းလို့ရမှာမို့ ဒီထက်ပိုပြီးပြန်ကောင်းလာအောင်ပဲဂရုစိုက်နော်”
နှင်းပြောတာကို ကိုဖြိုးလက်ခံခေါင်းညိတ်ပြသည်။ ဝှီးချဲလ်ပေါ်တက်ရင်းခြံထဲ ဟိုဟိုဒီဒီလျှောက်စေခဲ့သည်။ ဘယ်လိုပဲဖြစ် ဖြစ် သိမ့်သီတာကတော့ စေတနာပါပါနဲ့လုပ်ပေးရှာပါသည်။ ဆေးရုံကနေအိမ်ကို ရောက်လို့နာရီပိုင်းလောက်ပဲရှိဦးမည်။ ကို ဖြိုးလက်ချောင်းလေးတွေက လှုပ်ရှားပြလာသည်။
“အင်း အင်း”
စကားပြောဖို့ အားယူလိုက်ပြီး မျက်လုံးကလက်ချောင်းလေးတွေရှိရာဆီကို ညွှန်ပြနေသည်။ သူဘာအဓိပ္ပါယ်နဲ့လုပ်ပြနေ တာလဲ ဆိုတာကို စိုင်းလုံရော နှင်းရော သိမ့်ရော တွေးနေကြ၏။
“ကိုဖြိုး ကုတင်ပေါ်လှဲနေချင်တာလား”
စိုင်းလုံရဲ့ အတွေးမှန်မမှန် မစဉ်းစားကြတော့ဘဲ ကိုဖြိုးကိုကုတင်ရှိရာဆီကို ဝိုင်းပို့ဖို့ပြင်သည်။ အိမ်အပေါ်ထပ်မှာ တစ်လုံး တည်းသောအိပ်ကုတင်ရှိရာ အခန်းဆီကိုတက်လာခဲ့ကြ၏။ စိုင်းလုံက ကိုဖြိုးကို မ ချီလျှက်။ နှင်းတို့နှစ်ယောက်ကဘေးက နေ ဝိုင်းထိန်း၊ ဝှီးချဲလ် ကိုင်နဲ့ အလုပ်ရှုပ်သွားလေသည်။
ကုတင်ပေါ်တင်ပြီးပေမယ့် ကိုဖြိုးက ခေါင်းပဲခါပြနေတော့လေသည်။ လက်ချောင်းတွေကလည်းလှုပ်ပြနေ၏။ သူ့လက်နှစ် ဖက်စလုံးမှာတော့ ကျောက်ပတ်တီးစည်းထားတာမို့ကောင်းကောင်းကြီးလှုပ်ပြလို့တော့မရပါ။
“ကိုဖြိုး စာရေးချင်တာလားဟင်”
သူ့မျက်လုံးတွေ ရွှန်းလက်သွားလေသည်။
ပြီးတော့ ခေါင်းကိုတွင်တွင်ညိတ်ပြနေ၏။ နှင်းမှန်းတာ မှန်သွားလေပြီ။
“သိမ့် စာရွက်နဲ့ဘောပင်ယူဟာ၊ သူတစ်ခုခုပြောပြချင်နေတယ်”
အားလုံးက စိတ်ဝင်စားကြတာမို့ ကိုဖြိုးကိုမျက်စိဒေါက်ထောက်ကြည့်လိုနေတော့သည်။
“ရပြီ ရော့”
စိုင်းလုံက သိမ့်လက်ထဲက စာရွက်နဲ့ဘောပင်ကိုဆွဲယူလိုက်ကာ ကိုဖြိုးရေးလို့အဆင်ပြေမယ့်အနေအထားဖြစ်အောင်ကူပေး လိုက်၏။ ဒါပေမဲ့ နှင်းတို့ကံဆိုးခဲ့ပါသည်။ ကိုဖြိုးရဲ့လက်ချောင်းလေးတွေက စာရေးဖို့လုံလောက်တဲ့အနေအထားကိုရောက် မလာခဲ့ပါ။
ကိုဖြိုးရဲ့ သူ့ကိုယ်သူအားမလိုအားမရဖြစ်နေတဲ့ပုံကို နှင်းတို့က ဂရုဏာသက်စွာကြည့်နေမိရုံမှအပ မတတ်နိုင်တော့ပါ။ သူ ဘာကြောင့် အခုလိုဖြစ်ရတာလဲဆိုတာကို နှင်းတို့လည်းအရမ်းသိချင်နေတဲ့ ကိစ္စပင်။ အရင်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက ရော သူကြုံလာရတာတွေနဲ့ဆက်စပ်နေသလား တွေးလိုက်တိုင်းပဟေဠိတွေအများကြီး။
“ကဲပါ ကိုဖြိုးရာ၊ ဖြည်းဖြည်းချင်းတော့ ရလာမှာပါ၊ သိပ်အလျင်မလိုနဲ့ ဟုတ်ပြီလား၊ ကိုဖြိုး ဒဏ်ရာသက်သာလာတဲ့တစ်နေ့ ကျရင် ကျွန်တော်တို့ကိုပြောပြနော်”
စိုင်းလုံက သူ့ကိုနှစ်သိမ့်ပေးပြီး စာရွက်နဲ့ဘောပင် ကိုပြန်ယူလိုက်လေသည်။ သူကတော့ နှင်းတို့သုံးယောက်ကို မျက်ရည် တွေရစ်ဝဲကာ ကြည့်နေရှာသည်။
“သိမ့်သီတာရေ၊ မောင်လေး နင်ရောရှိနေတာလား”
ခြံပြင်ဖက်မှ လှမ်းခေါ်သံကြောင့် သုံးယောက်သားလှမ်းကြည့်မိလိုက်ကြသည်။
“ဟာ အစ်မ”
“အေး”
စိုင်းလုံရဲ့အစ်မ။ အစ်မ နန်းမြတ်ဝေ။
“လူနာ သတိရလာတယ်ဆိုတာကိုလာကြည့်တာဟေ့၊ ဝင်ခဲ့မယ်၊ ဒီမှာ နင်တို့အားလုံးဖို့ မုန့်ပါလာတယ်၊ လာကူသယ်ဦး”
နှင်းနဲ့စိုင်းလုံ ဆင်းသွားပြီး အစ်မနန်းမြတ်ဝေသယ်လာတဲ့ချိုင့်တွေကို ကူသယ်လိုက်လေသည်။
“ဘာတွေလဲ အစ်မ”
“နင်တို့ဖို့ ဝက်သားချဉ်နဲ့ မုန်ညင်းပေါင်း၊ လူနာအတွက် ဆန်ပြုတ်၊ ကိုဖြိုး ဆန်ပြုတ်တော့စားလို့ရတယ်မှလား၊ စကားတော့ မပြောနိုင်သေးဘူးကြားတယ်၊ ဟုတ်လား”
“အင်း၊ ဟုတ်တယ်၊ စကားပြောလို့မရသေးဘူး၊ အစ်မတို့ကလည်း သတင်းသိတာမြန်တယ်နော်၊ ကိုဖြိုးသတိရပြီးဆေးရုံက ဆင်းရုံလေးတင်ပဲရှိသေးတယ်”
“ဟဲ့ တစ်ရပ်ကွက်တည်းနေတာကိုသိတာပေါ့၊ ငါ့မှာဝမ်းသာလွန်းလို့မုန့်တွေနဲ့ချက်ချင်းပြေးလာခဲ့တာ၊ သင်းသင်းတို့အိမ်မှာ မုန်းညင်းပေါင်းနဲ့ဝက်သားချဉ်လုပ်စားနေကြတာလေ၊ အဲဒီသတင်းလည်းကြားရော ဒီကိုရောက်လာခဲ့တာ”
“သင် ဒါဆို အစ်မတို့ လုပ်စားနေတဲ့အထဲကနေခွဲယူလာခဲ့တာလား”
“ဟုတ်တယ်လေ၊ ဆန်ပြုတ်ကချက်ချင်းပြုတ်လိုက်တာ”
“ကဲပါစိုင်းလုံရယ်၊ အစ်မကိုများ အင်တာဗျူးနေလိုက်တာ၊ စားစရာတွေစားမှဖြင့်မစားသေးဘဲနဲ့၊ နှင်းကတော့စားစရာတွေ မြင်ပြီးဗိုက်ဆာလာတယ်၊ ခုပဲပန်းကန်ထဲထည့်ပြီးစားလိုက်ကြရင်ကောင်းမယ်ထင်တယ်”
တူ၊ ဇွန်း၊ ပန်းကန်တွေနဲ့စားဖို့အသင့်ပြင်တော့ အပေါ်မှာကျန်ခဲ့တဲ့ သိမ့်သီတာကိုသတိရလိုက်သည်။
“အော်၊ သိမ့်ရေ၊ လာ နင်ပါတစ်ခါတည်းလာစား၊ ကိုဖြိုးကိုခဏထားခဲ့လို့ရတယ်လေ၊ စားပြီးမှငါတို့အပေါ်ကိုပြန်တက်ကြည့် ကြမယ်၊ နင်လည်းဗိုက်ဆာရောပေါ့”
“အေး အေး”
နှင်း လှမ်းခေါ်လိုက်တာမို့ သိမ့်သီတာ အိမ်ပေါ်ကနေဆင်းလာလေသည်။
“လူနာက အပေါ်မှာလား ညီမလေး”
“ဟုတ်တယ် အစ်မ၊ အစ်မလာကြည့်တာမှလား၊ သွားကြည့်လေ”
“အေး အေး အစ်မ အပေါ်ခဏတက်ကြည့်လိုက်မယ်နော်”
မုန်ညင်းပေါင်းက အငွေ့တစ်ထောင်းထောင်းနဲ့စားချင်စဖွယ်ပင်။ အစ်မ နန်းမြတ်ဝေယူလာတဲ့ချိုင့်ကြီးကိုပဲ အလယ်မှာတည် ကာ ပန်းကန်လုံးသေးသေးကိုယ်စီ၊ တူကိုယ်စီကိုင်ကာ ယူစားလိုက်ကြသည်။ ဝက်သားချဉ်ကလည်းစားရတာဆိမ့်ဆိမ့် လေးနဲ့ အရသာကောင်း၊ နှင်းတို့ကလည်း ဗိုက်ဆာမှန်းမသိဆာနေတာနဲ့ခေါင်းမဖော်နိုင်အောင်ပင်။
“အစ်မနန်းမြတ် နေ့လည်ဆိုင်မထွက်ဖြစ်တာနှမြောစရာကြီးနော်၊ အမှန်ဆို သူ့လက်ရာအမွေကိုတစ်ခြားတစ်ယောက်ကို ပေးပြီးမှ နေ့လည်ဖက်ဆိုင်ထွက်တာကိုရပ်သင့်တယ်၊ အခုဆိုနေ့လည်နေ့ခင်း သူ့လက်ရာစားချင်တဲ့ဖောက်သည်တွေဆို ဘယ်လိုလုပ်ရမလဲ၊ တစ်ရပ်ကွက်တည်းနေပြီးခင်တဲ့သူဆိုရင်တော့ အခုလိုဝိုင်းလုပ်စားကြလို့ရသေးတယ်”
“ပူတတ်ရန်ကောနှင်းရယ်၊ ကျောက်မဲမှာ ဆိုင်ကောင်းတွေအများကြီးပါကွာ”
“ဒါပေမဲ့ လူ့သဘာဝကအစွဲရှိတယ်လေ စိုင်းလုံရဲ့”
“ဟုတ်ပါပြီဗျာ၊ အစ်မ ကနေသိပ်မကောင်းတာနဲ့မထွက်ဖြစ်တာပါ၊ ကျွန်တော်မထွက်ခိုင်းတာလည်းပါတယ်လေ၊ တစ်နေ့လုံး ပင်ပင်ပန်းပန်းလုပ်နေတာကိုမကြည့်ရက်လို့၊ အခုတောင် မနက်ပိုင်းဆိုင်ထွက်တာခဏနားထားရတယ်လေ”
“ဟုတ်လား ဘာဖြစ်လို့လဲ”
“နေမကောင်းလို့လေ၊ မနေ့ကနေစနားထားတာ၊ သုံးလေးရင်လောက်နားမယ်ထင်တယ်၊ သူက ဆိုင်သာနားတာအဲလိုရပ် ကွက်ထဲမှာဆို ဟိုဟာလုပ်စား ဒီဟာလုပ်စားနဲ့သိပ်မထူးပါဘူး”
နှင်းတို့ နှစ်ယောက်သားစကားပြောနေကြာတာကို သိမ့်ကငြိမ်သက်ပြီးတော့သာ နားထောင်နေလေသည်။
“အစ်မက ဘာဖြစ်တာလဲဟင်၊ ရောဂါတစ်ခုခုများလား စိုင်းလုံ”
နှင်းက သူ့မျက်နှာကိုကြည့်ပြီးမေးလိုက်တော့ မထင်ထားတဲ့အမူအရာပြောင်းသွားတာကိုတွေ့လိုက်ရလေသည်။ သူတစ်စုံ တစ်ခုကို ပြောဖို့ကြံရွယ်နေစဉ်မှာပဲ…။
“အမလေး လုပ်ကြပါဦးဟဲ့၊ မောင်လေးရေ၊ သိမ့်သီတာရေ ဒီမှာ ကိုဖြိုးဘာဖြစ်သွားတာလဲမသိဘူး၊ မြန်မြန်လာခဲ့ကြပါဦး၊ ကိုဖြိုးကိုခေါ်လို့မရဘူး”
စားလက်စပန်းကန်းတွေကို ဆတ်ခနဲချကာ သုံးယောက်သားအိမ်ပေါ်ဆီကိုအပြေးတစ်ပိုင်းတက်သွားလိုက်ကြသည်။
“အစ်မ တက်လာတုန်းကသူအိပ်နေတယ်ထင်တာ၊ ခဏစောင့်ကြည့်တော့ အိပ်ပျော်တဲ့ပုံစံမဟုတ်မှန်းသတိထားမိလာ တယ်၊ သတိလစ်သွားတာလားမသိဘူး၊ ခေါ်ကြည့်ပေမယ့် နိုးမလာတော့ဘူး၊ အဲဒါကြောင့် လန့်ပြီးလှမ်းခေါ်လိုက်တာ၊ ဆ ရာဝန်တွေဘာတွေပြန်ပြရင်ကောင်းမယ်ထင်တယ်၊ မောင်လေး နင်နှိုးကြည့်လိုက်ပါဦး”
“ဟင်”
နှင်းတို့ ဆင်းလာတုန်းကအကောင်းအတိုင်းသားကြီးကျန်ခဲ့တာပဲ။ စာရေးချင်တယ်ဆိုပြီး လက်ကအမှုအရာတောင်ပြနိုင်ခဲ့ သေးတာပဲ။ ခဏတွင်းချင်းမှာပဲသတိလစ်မေ့မျောခဲ့တာပါလား။ စိုင်းလုံကတော့ ကိုဖြိုးကိုလှုပ်နှိုးလိုက်၊ သွေးခုန်နှုန်း၊ အ သက်ရှုသံတွေကို ဆန်းစစ်လိုက်လုပ်နေလေသည်။
ခဏကြာတော့ နှင်းတို့ထင်မှတ်မထားတဲ့ အဖြစ်အပျက်ကိုတွေ့ကြုံလာခဲ့လေသည်။
“သိမ့် ကိုဖြိုးအသက်မရှိတော့ဘူး”
“ဟင်”
အားလုံး ပါးစပ်အဟောင်းသားနဲ့ အံအားသင့်သွားကြရတော့သည်။ ဘာကြောင့် အဲဒီလိုဖြစ်သွားရတာလဲဆိုတာကိုတွေးမိ လိုက်ကြပြီး အားလုံးအကြည့်က သိမ့်သီတာဆီကိုမထင်မှတ်ဘဲရောက်သွားလေသည်။ ရုတ်တရက်ကြီးမို့ သိမ့်ပါပျာယာ ခတ်သွားခဲ့သည်။
“ဟင်”
သိမ့်က အဲဒီလိုသံသယမျက်လုံးတွေနဲ့ကြည့်လာလိမ့်မယ်လို့ ဘယ်လိုလုပ်ထင်ထားမှာလဲ။ ချက်ချင်းပဲမျက်ရည်တွေရစ်ဝဲ လာကာ ခေါင်းကိုတွင်တွင်ခါသည်။
“ဟင့်အင်း၊ ဟင့်အင်း ငါဘာမှမလုပ်ဘူး၊ သူ့ကိုငါဘာမှမလုပ်ဘူး”
သံသယတွေနဲ့ အကြည့်ခံရတော့ တုန်ရီစွာပင်အကြောက်အကန်ငြင်းနေလေတော့သည်။ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ယောင်္ကျားကို သတ်ပစ်လိုက်တာဆိုပြီး အားလုံးကထင်သွားကြမှာ သိမ့်သီတာစိုးရိမ်နေ၏။ အခြေအနေတွေကအပြောင်း အလဲမြန်လိုက်တာ။ ကိုဖြိုးသေပြီတဲ့။ လွန်ခဲ့တဲ့မိနစ်ပိုင်းက အကောင်းအတိုင်းသားကြီးရယ်ပါ။
“သိမ့်သီတာ စိတ်အေးအေးထားပါ၊ ငါတို့နင့်ကိုဘယ်လိုလုပ်ထင်မှာလဲဟာ”
သိမ့်က အစ်မနန်းမြတ်ဝေရင်ခွင်မှာခေါင်းအပ်ကာ ရှိုက်ကြီးတငင်ငိုနေရှာလေ၏။
“ဟုတ်တယ်သိမ့်၊ ငါတို့နင့်ကိုဘယ်လိုလုပ်ထင်မှာလဲဟာ၊ မဖြစ်နိုင်တဲ့ကိစ္စပဲ၊ သူငယ်ချင်းရယ် နင့်အကြောင်း နင့်စိတ်ရင်းကို ငါသိနေလို့ရန်ကုန်ကနေဒီမှာ အကြာကြီးလာနေတာလေ၊ နင်ဘာကိုစိတ်မကောင်းဖြစ်နေတာလဲ၊ နင့်ကိုငါတို့ဘာသံသယ ဝင်စရာအကြောင်းရှိပါ့မလဲဟာ”
နှင်းတို့အားလုံး ဝိုင်းပြီး သိမ့်သီတာကိုနှစ်သိမ့်ပေးနေပေမယ့် ဝမ်းနည်းစွာရှိုက်ငိုဆဲ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx