(၁၈)
အကြောင်းအရာတွေကို ဆက်စပ်စဉ်းစားလိုက်ပြီး ဘယ်အရာကနှင်းတို့ကိုလှည်းစားနေသလဲဆိုတာ ဝိုးတဝါးမြင်ယောင် လာလေသည်။ နှင်းတစ်ယောက်တည်းပဲ တွေးမိတာလားတော့မပြောတတ်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် နှင်းကတော့ နှင်းယူဆ ထားတဲ့ အကြောင်းအရာအတိုင်းအကောင်အထည်ဖော်ဖို့ဆုံးဖြတ်လိုက်လေသည်။
စိုင်းလုံ။
သူကတော့ နှင်းစကားပြောရမယ့် အဓိကအကျဆုံးသူပေါ့။ ပြီးတော့ နှင်းအပေါ်အရာရာကို ခွင်လွှတ်နားလည်ပေးတဲ့သူ လည်းဖြစ်၊ နှင်းကို အတိုင်းထက်အလွန်ချစ်နိုင်တဲ့သူလည်းဖြစ်လေသည်။
“နှင်းနဲ့ ရာသက်ပန်ရိုးမြေကျပေါင်းသင်းနိုင်ဖို့ကိုပဲ အလိုချင်ဆုံးအရာအဖြစ်ဆုတောင်းတယ်၊ ကျွန်တော့်ဘဝမှာ အရာအား လုံးက နှင်းပါပဲ”
တုံခင့်ဘိုးဘိုးကြီး နတ်နန်းဆီကိုရောက်လာတဲ့အချိန်က မနက်ဆယ်နာရီကျော်ခဲ့ပြီ။ ကိုဖြိုးနာရေးကိစ္စနဲ့ အလုပ်ရှုပ်နေတဲ့ ကြားကပင် သီပေါကိုမရောက်ရောက်အောင်လာခဲ့ကြခြင်းပါ။ သူက နှင်းစိတ်ရှုပ်မှာကြောက်နေမှာ စိုးရိမ်တတ်သူပီပီနှင်း စိတ်ပြေရာပြေကြောင်း ဖြစ်စေမယ့် နည်းလမ်းတွေကိုစဉ်းစားရင် လိုက်ပို့ပေးခဲ့တာပင်။
တုံခင့် ဘိုးဘိုးကြီး အဖကိုးမြို့ရှင်နှမတော်အမေပုလဲယဉ်မူလနန်း ဆီကိုနောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး အစရှိတဲ့ရှမ်း ပြည်မြောက်ပိုင်းမြို့လေးတွေအသီးသီးကလာရောက် ကန့်တော့ပွဲပေးတတ်ကြသည်။ ပွဲထိုးရင်းလိုရာဆုတောင်းရင် ဆု တောင်းပြည့်တယ်လို့ သက်ဝင်ယုံကြည်ကြတာမို့ လူကတော့ပြတ်တယ်ရယ်လို့မရှိ။
စိုင်းလုံက နှင်းအတွက်ရည်ရွယ်ပြီး ပွဲထိုးပေးပါသည်။ နှင်းကိုသီပေါကိုပြန်လိုက်ပို့ဖို့ နှင်းကပဲစကားစခဲ့တာဖြစ်ပြီး အဓိက တော့ သူနဲ့စကားသေသေချာချာပြောခွင့်ရဖို့အကြောင်းရှာတာလည်းပါသည်။ အိမ်မှာဆို သိပ်လွတ်လပ်မှာမဟုတ်။ အခုဆို နာရေးကိစ္စကလည်းရှိနေတော့ စကားကောင်းကောင်းပြောလို့မရ။ အခုလိုအပြင်ထွက်တော့မှ သမီးရည်းစားနှစ်ယောက် လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး ပြောနိုင်ဆိုနိုင်ကြတော့သည်။ နှင်းကတော့ ချစ်သူအချင်းချင်းချစ်စရာကြိုက်စရာအ ကြောင်းတွေချည်းပြောချင်တာ သက်သက်မဟုတ်ခဲ့ပါ။
“ဒါ Twlight Over Burma စာအုပ်ထဲကအိမ်ပေါ့နော်”
“ဟုတ်တယ်နှင်း ဒါ သီပေါ့ဟော်နန်းပဲ”
ကြီးကျယ်ခမ်းနားလှတဲ့ သီပေါဟော်နန်းဆီကိုလိုက်ပြ၊ ရှင်းပြပေးပါသည်။ ဟော်နန်းရဲ့အကြောင်းကို စာအုပ်ကနေတစ်ဆင့် ကြိုသိထားပေမယ့် မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့အခါမှာတော့ သီပေါစော်ဘွားစဝ်ကြာဆိုင်ရဲ့ပုံသဏ္ဍန်၊ ဇနီးဖြစ်တဲ့သူ စဝ်သုစန္ဒီ (Inge Sargent) ရဲ့လှုပ်ရှားမှုတွေကို မျက်လုံးထဲမြင်ယောင်လာလေသည်။ ဟော်နန်းကြီးက တောအုပ်စိမ်းစိမ်း တွေအလယ်မှာခမ်းနားထည်ဝါလို့။
“ဟိုဖက်မှာ ရေကူးကန်နဲ့ဘုရားကျောင်းရှိတယ်နှင်း”
ရေကူးကန်ထဲမှာရေမရှိတော့ဘဲခမ်းခြောက်နေခဲ့ပြီ။ ဘုရားကျောင်းအဆောက်အဦကလည်း ခနော်နီခနော်နဲ့ပျက်စီးနေလေ ပြီ။ ဒါပေမဲ့ သေချာချာကျကျနနဆောက်ထားခဲ့မှန်းလက်ရာတွေကသက်သေပြနေ၏။ ဟောနန်းရှေ့မှာသူကနှင်းကိုအမှတ် တရဓါတ်ပုံရိုက်ပေးပြီး နှစ်ယောက်တွဲအမှတ်တရပုံလည်း ရိုက်လိုက်ကြသေးသည်။
“နှင်းက ဒီဟော်နန်းအကြောင်းကိုသိတယ် ဟုတ်လားဓ
“အင်းလေ၊ သီပေါစော်ဘွားဇနီး စဝ်သုစန္ဒီ ရေးတဲ့ Twlight Over Burma စာအုပ်ကိုမူရင်းစာအုပ်ရော၊ မြန်မာနိုင်ငံ ကစာရေးဆရာ တွေပြန်ထားတဲ့ မြန်မာဘာသာပြန်ရောဖတ်ဖူးတယ်၊ အရမ်းစိတ်ဝင်စားလို့၊ ပြီးတော့ ရုပ်သံလိုင်းတစ်ခုက နေ သီပေါစော် ဘွားရဲ့ဇနီးကိုအင်တာဗျုးလုပ်ထားတာကိုလည်း မကြာသေးခင်ကကြည့်လိုက်ရသေးတယ်၊ အွန်လိုင်းပေါ် မှာလေ”
စဝ်သုစန္ဒီ ပြောပြတဲ့စကားလုံးတစ်လုံးချင်းစီမှာ စိတ်ဝင်စားစေမှုဆွဲဆောင်မှုတွေအပြည့်ပင်။ ဗမာစကားကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်သေးပြီး တစ်ချို့မေးခွန်းတွေကိုတော့ အင်္ဂလိပ်လိုပဲပြန်ဖြေခဲ့သည်။
“စိုင်းလုံဖတ်ဖူးလား အဲဒီစာအုပ်”
“ဟင့်အင်း”
“အဲဒါ ရုပ်ရှင်လည်းရိုက်နေတယ်လေ”
“ဟုတ်လား”
“အင်း၊ ထိုင်းနိုင်ငံမှာရိုက်တာ၊ သီပေါမြို့ဆက်တင်ဆောက်ပြီးတော့ရိုက်တာတဲ့”
“အော်”
ဟော်နန်းက ပြန်လာတော့ နေ့လည်စောင်းပြီမို့နေ့လည်စာ စားမယ့်ဆိုင်တစ်ဆိုင်ဆီကိုလာခဲ့ကြသည်။ နှင်းဘယ်တော့မှ မမေ့နိုင်တဲ့ဆိုင်လေး။ သူလည်းအရမ်းကြိုက်တယ်ဆိုတဲ့ဆိုင်ပေါ့။
ပီရွှေ သင်္ဘောသီးထောင်းဆိုင်တဲ့။ နှင်းစားဖူးတဲ့ သင်္ဘောသီးထောင်းတွေထဲမှာ လက်ရာအကောင်းဆုံးဆိုင်ပါပဲ။ အချဉ်အရ သာ၊ အချိုအရသာ၊ အစပ်အရသာ သုံးမျိုးစလုံးကိုမြေပဲရဲ့ဆိမ့်သက်တဲ့အရသာနဲ့စိမ့်ဝင်အောင်တွဲစပ်ထားတာမို့ စားလိုက် တိုင်း ခံတွင်းထဲမှာ စွဲလို့ကျန်နေခဲ့စေသည်။ ပြီးတော့ ကြက်ဥကဇော်။ နှင်းတစ်ခါမှမစားဖူးတဲ့အစားအစာတစ်မျိုး။ ဆန်ပြုတ်လိုပုံစံ၊ သာကူကျဲကျဲလိုပုံစံ အရည်ကျဲပူပူလေးထဲမှာကြက်ဥခေါက်ထည့်ထားတဲ့အစားအစာဖြစ်သည်။ ကဇော်အ ရည်ကလည်းဆိမ့်၊ ကြက်ဥအရသာကလည်းဆိမ့် နဲ့ပူပူလေးစားလို့ကောင်းပြန်သည်။ ကြက်ဥကဇော်တစ်ဇွန်းစားလိုက်၊ သင်္ဘောသီးထောင်းကို တူနဲ့တစ်လုတ်ယူစားလိုက်၊ သူမွှေပေးထားတဲ့ခေါက်ဆွဲစားလိုက်နဲ့ ပန်းကန်ထဲကအစားအစာ တွေ စားကောင်းကောင်းနဲ့ စားနေလေသည်။
ဒါတောင် သူက ချဉ်စော်ကားသီးထောင်းမှာကျွေးပြီး ပျားလိမ္မော်ဖျော်ရည်တိုက်လိုက်သေးသည်။
“ကြိုက်လားနှင်း”
ခေါက်ဆွဲထဲက ကြက်သွေးဖတ်လေးတွေကို ရွေးကာနှင်းပန်းကန်ထဲထည့်ပေးရင်း သူကလှမ်းမေးတော့ခေါင်းညိတ်ပြလိုက် ပါသည်။ ရှမ်းခေါက်ဆွဲထဲကြက်သွေးအတုံးလေးတွေထည့်ထားတာ ဒါပထမဦးဆုံးစားဖူးတာပဲ။
“ဒါနဲ့ အစ်မနန်းမြတ်နေကောင်းလားဟင်”
“ကောင်းပါတယ်နှင်းရဲ့၊ သူကနေမကောင်းဘူးဆိုပေမယ့် ရောဂါသည်လိုမျိုးမထနိုင်မသွားနိုင်ဖြစ်တာမဟုတ်ဘူး၊ ကောင်း ကောင်းအနားယူလိုက်ရင် သက်သာသွားရော၊ အခုတောင် ရပ်ကွက်ထဲလျှောက်သွားနေလောက်ပြီ”
“သူကဘာဖြစ်တာလဲဟင်”
“အာရုံကြောအားနည်းတာပါ”
“ဟင် ဆေးခန်းပြခိုင်းလေ စိုင်းလုံရဲ့၊ အရေးကြီးတယ်အဲဒါ”
“ပြပါတယ်၊ ဆေးတွေလည်း သူသောက်နေတာပဲ၊ ဘာလဲ ယောင်းမကိုစိုးရိမ်နေတာလား”
“အင်းပေါ့”
အစ်မနန်းမြတ်ေ၀ အကြောင်းကို စိုင်းလုံဆီကနေသေသေချာချာသိရဖို့မဖြစ်နိုင်ပါ။ စိုင်းလုံက သူ့အစ်မအကြောင်းကို နှင်း ထင်ထားသလောက်သိပုံမရ။
“နှင်းကို ကျွန်တော် ဘော်ကြိုဘုရားဝင်ပို့ဦးမယ်”
သီပေါကနေ ကျောက်မဲကိုပြန်အလာမှာတော့ ဘော်ကြိုဘုရားဝင်ဖြစ်သည်။ ကျောက်နံရံကြီးတွေရဲ့ဘေးမှာဘော်ကြိုဘုရား ကသပ္ပါယ်လှသည်။
“စိုင်းလုံ နှင်း လိမ္မော်ခြံကိုဝင်ကြည့်ချင်တယ်”
နှင်းရဲ့ဒီခရီးစဉ်အတွက် လိမ္မော်ခြံကအဓိကကျတဲ့အချက်ဖြစ်သည်။ နှင်း လိမ္မော်ခြံကိုသွားရမှဖြစ်မည်။ စိုင်းလုံတို့လိမ္မော်ခြံ က ကျောက်မဲကနေ သီပေါကိုသွားတဲ့လမ်းမှာရှိတယ်လို့ သိထားသည်။ နှင်းတို့က ဆိုင်ကယ်နဲ့လာတာဆိုတော့ လမ်းကျဉ်း ရင်လည်း ဝင်လို့ရတာပေါ့။
“သီပေါ မှာလည်လို့အားမရသေးလို့လား”
သူက နှင်းကိုလှမ်းနောက်တော့ သူ့ကျောကုန်းလေးကို မနာအောင်ထုပစ်လိုက်သည်။ အပျိုချောသီပေါတဲ့။ သီပေါက အပျို ချောတွေကို နှင်းမြင်ဖူးပြီးပြီ။ အရမ်းလှတဲ့တိမ်တောင်ကိုလည်း နှင်းရောက်ခဲ့ပြီးပြီ။ ဒါတင်မကဘဲ အထင်ကရသီပေါဟော် နန်း၊ တုန်ခင့်ဘိုးဘိုးကြီးနတ်နန်း၊ ဘော်ကြိုဘုရားတို့ကိုလည်း ရောက်လာခဲ့ပြီးပြီ။ ထပ်လည်စရာမလိုတော့ပါဘူး။ နှင်းအ တွက်တော့ သီပေါထက်ကျောက်မဲက ပိုပြီးပျော်စရာကောင်းတာပါ။
ကျောက်မဲမှာ မြန်မာတစ်နိုင်ငံလုံးက လူတွေသိတဲ့ ထင်ရှားတဲ့ပြယုဂ်၊ အထင်ကရနေရာများများစားစားမရှိပေမယ့် နှင်းကို အရမ်းချစ်တဲ့ စိုင်းလုံရှိတာက အရာရာပြီးပြည့်စုံခဲ့ပြီပဲလေ။ တောင်တန်းပြာပြာတွေ၊ ခရစ်စမတ်ပန်းနီနီတွေနဲ့နေကြာရိုင်း ဝါ ဝါတွေက ဒီဒေသတစ်ဝိုက်ရဲ့ပြယုဂ်ဆိုပေမယ့် နှင်းအတွက်တော့ ကျောက်မဲမှာပေါက်တဲ့နေကြာရိုင်း၊ ခရစ်စမတ်ပန်းတွေ က ပိုလှသည်။
နေရာတိုင်းလိုလိုမှာပဲ အဲဒီပန်းတွေက အမြင်ကတ်ချင်စရာကောင်းလောက်အောင်ပွင့်ချင်တိုင်းပွင့် လှချင်တိုင်းလှနေလေ သည်။ လိမ္မော်ခြံဆီကို သွားမယ့်လမ်းဘေးမှာတောင် နေကြာပန်းဝါဝါတွေက ခြုံနွယ်လိုထူထပ်လို့နေလေသည်။
“ဟာ သွားပြီ”
လိမ္မော်ခြံရှိရာ လမ်းကလေးဆီကို ဦးတည်ဝင်လိုက်စဉ်မှာပဲ စိုင်းလုံဆီကအာမေဋိတ်သံထွက်လာလေသည်။
“ဘာဖြစ်လို့လဲ စိုင်းလုံ”
“သော့ ကျန်ခဲ့ပြီ”
“ဟင် ဘာသော့လဲ”
“လိမ္မော်ခြံသော့”
သူ နှင်းကိုလိုက်မပို့ချင်တာလား သံသယဝင်မိလေသည်။
“ခြံကသော့ခတ်ထားတာလား၊ အထဲမှာ ဘယ်သူမှမရှိဘူးလား”
“အင်း ခြံစောင့်တဲ့ဝန်ထမ်းတွေ အိမ်ခဏပြန်သွားကြတယ်၊ သူတို့ကအဲလိုပဲ လိုအပ်ရင်လိုအပ်သလိုပြန်တာလေ”
“ဟင် ဒါဆို ခြံထဲမှာဘယ်သူမှမရှိဘူးလား အဲဒီအချိန်”
“အစ်မလာတေတယ်လေ၊ ဆိုင်မထွက်ဘဲနဲ့၊ သူ့ဆိုင်မှာလာလုပ်တဲ့ကောင်မလေးတွေနဲ့လာလာနေတတ်တယ်၊ ခြံသော့ အပိုက ကျွန်တော်တို့အားလုံးဆီမှာရှိတယ်နှင်းရဲ့၊ ကျွန်တော်ကအမြဲတမ်းအိတ်ထဲထည့်ထားတာ ဒီနေ့ကျမှဘာလို့မေ့ကျန် ထဲ့တာလဲ မပြောတတ်တော့ဘူး”
“အစ်မနန်းမြတ်က ဒီကိုဘယ်တော့လာမှာလဲ စိုင်းလုံ၊ သူလာမှာပဲ နှင်းလိုက်လာခဲ့လိုက်တော့မယ်လေ၊ သော့မပါရင်လည်း ပြန်ကြတာပေါ့”
“အင်း ပြီးရော၊ နှင်းနဲ့အစ်မနဲ့ ဒီခြံထဲမှာ အေးအေးလူလူစကားပြောရင်းနေကြပေါ့၊ တစ်ရက်တစ်လေပေါ့နှင်းရာ၊ အစ်မ မနက်ဖြန်လောက်လာမယ်ထင်တယ်”
“အော် မနက်ဖြန်လား၊ မနက်ဖြန်ဆိုရင်တော့ မလိုက်တော့ပါဘူး၊ နောက်မှအေးအေးဆေးဆေးလာတော့မယ်၊ ကြုံဦးမှာပါ၊ မနက်ဖြန် နှင်းအရေးကြီးကိစ္စသွားစရာတစ်ခုရှိနေလို့”
“ဟုတ်လား ဘယ်ကိုလဲနှင်း”
“နောင်ချိုဖက်ကိုခဏသွားရမှာ၊ ရတယ် စိုင်းလုံလိုက်မပို့နဲ့နော်၊ နှင်းဖေဖေကိစ္စနဲ့သွားရမှာမို့လို့ပါ၊ ကျောက်မဲကိုကားလာ ခေါ်လိမ့်မယ်၊ နှင်းကသူတို့လာခေါ်တဲ့ကားနဲ့လိုက်သွားရုံပဲ၊ စိုင်းလုံက သိမ့်ကိုဝိုင်းကူပေးပြီးနေခဲ့နော်၊ နှင်းအမြန်ဆုံးပြန်လာ ခဲ့မယ်၊ ဟုတ်ပြီလား၊ လိမ္မော်ခြံကိုတော့ နောက်ထပ်တစ်ရက်သပ်သပ်လာဖို့ ရက်ရွေးမယ်”
မနက်ဖြန်တော့ နှင်းရဲ့အစီအစဉ်စတင်ဖို့ဆုံးဖြတ်လိုက်ပါသည်။ အခြေအနေနဲ့ အချိန်အခါက မနက်ဖြန်အကောင်းဆုံးမှ လား။ သိမ့်ကို စိုင်းလုံကကူပေးရင်း အလုပ်ရှုပ်စေမည်။ သူတို့အလုပ်များနေတဲ့ အချိန်မှာ နှင်းလုပ်ချင်တာကိုလုပ်ရမှာပေါ့။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx