(၁၉)
ဒေသခံတွေအဖို့ ဒီနေရာကိုလာဖို့လွယ်ကူပေမယ့် နှင်းအတွက်တော့ခက်ခဲလှလေသည်။ နောင်ချိုမှာရှိတဲ့ ဖေဖေ့အသိတစ် ယောက်ရဲ့ကားနဲ့လိုက်ပို့ပေးခဲ့ပြီး အပြန်ကိုစောင့်နေပေးပါ့မယ်တဲ့။ ကားလမ်းမကနေ လိမ္မော်ခြံရှိရာဆီကို ခပ်လှမ်းလှမ်း ဝင်ရသေးတော့ ကားကိုဝင်ခိုင်းမနေတော့ဘဲ လမ်းလျှောက်လာခဲ့လိုက်၏။ လမ်းကတောလမ်းမို့ကားဝင်ရင်လည်း သိပ် အဆင်ပြေမယ်မထင်။
ကားကိုလည်းဒီနေရာနဲ့အနီးတစ်ဝိုက်မှာစောင့်မနေခိုင်းတော့ဘဲ ကျောက်မဲဖက်ဖြစ်ဖြစ်၊ သီပေါဖက်ကို ဖြစ်ဖြစ် နီးစပ်ရာရွာကလေးတစ်ရွာဆီမှာ စောင့်စေလိုက်သည်။
“ကျွန်မက ကြာချင်ကြမှာမို့လို့ပါ စောင့်ခိုင်းရမှာအားနာလို့ပါ၊ ဒီနားကလည်း လူပြတ်တော့အကြာကြီး စောင့်နေပေးလို့ မကောင်းဘူး၊ အားလည်းနာတယ်၊ ရွာတစ်ရွာဖြစ်ဖြစ်ပြန်ပြီး ဆိုင်တစ်ဆိုင်ဆိုင်မှာထိုင် စောင့်နေလိုက်နော်၊ ကျွန်မထွက်လာ တာနဲ့ ဖုန်းဆက်ခေါ်လိုက်ပါ့မယ်”
လိမ္မော်ခြံရှိရာဆီကို ခြေကျင်လျှောက်ကြည့်လိုက်တော့မှ တော်တော်ကြာတဲ့အထိလျှောက်ရမှန်းသိလာသည်။ ဆိုင်ကယ်နဲ့ ဆို ရွှတ်ခနဲရောက်တဲ့ခရီး။ ဘေးပတ်ပတ်လည်မှာတောတန်း၊ တောင်တန်းတွေ ခြုံနွယ်ပိတ်ပေါင်းထူထပ်နေတာတွေကပဲ ကြီးစီုးနေတဲ့နေရာ။ အဝေးဆီမှာတော့ ပြောင်းဖူးခင်းသုံးလေး ခင်းကို မှိန်ပြပြမြင်ရသည်။ နှင်းလျှောက်ခဲ့တဲ့လမ်း တစ်လျှောက်မှာတော့ အများဆုံးတွေ့ရတာကထုံးစံ အတိုင်း နေကြာရိုင်းပင်တွေ။ တောထဲတောင်ထဲမှာမို့ ကျေးငှက်သံ၊ ပုဇင်းရင်ကွဲသံတွေကတော့တိတ် ဆိတ်ငြိမ်သက်မှုကိုတစ်ချက်တစ်ချက်ပြေပျောက်စေတာပေါ့လေ။
ဒီလိုအခြေအနေမှာ နှင်းတစ်ယောက်တည်းပါလားဆိုတာကိုတွေးမိတိုင်း ထိတ်လန့်လာမိပေမယ့်နှင်း လုပ်ချင်တဲ့အလုပ်ကို လုပ်မှာမို့နောင်တမရမိပါ။ နှင်းသိချင်တဲ့အကြောင်းအရာကလွဲရင် ကျန်တာအရေးမကြီးတော့။
“နှင်း ခဏပဲ ကြာမှာပါ၊ စိုင်းလုံ စိတ်မပူနဲ့နော်”
သူက နှင်းသွားလာသမျှကို လိုက်ပို့နေသူပီပီ အခုတစ်ခေါက်လိုက်မပို့ရလို့စိတ်မကောင်းပါ။ ဒါပေမဲ့ သူ့ဝသီအတိုင်း နှင်းကို အပြစ်တင်စကားတစ်ခွန်းမှမဆို။
“အစ်မနန်းမြတ် လိမ္မော်ခြံဆီကိုသွားပြီလားဟင်”
“အင်း သွားဖို့တော့ပြင်နေတာတွေ့တယ်၊ စားစရာသောက်စရာတွေထည့် ထုတ်ပိုးနေလေရဲ့၊ နှင်းလိုက် သွားချင်လို့လား၊ နှင်းကိစ္စပြီးရင် ကျွန်တော်လိုက်ပို့ပေးမယ်လေ”
“မဟုတ်ပါဘူး၊ မေးကြည့်တာပါ”
အစ်မနန်းမြတ်ေ၀ လိမ္မော်ခြံဆီကိုလာမယ့်အချိန် နှင်းကကြိုစောင့်ဖို့စီစဉ်ခြင်းပင်။ လိမ္မော်ခြံရှိရာနေရာကိုတော့ နှင်းက ကြိုတင်မှတ်ထားခဲ့ရသည်။ စိုင်းလုံကိုလိုက်ပို့ခိုင်းရင်း ဘေးပတ်ဝန်းကျင်ကိုစနည်းနာ ခဲ့ရ၏ သေချာတာက ဒီအနီးအနား တစ်ဝိုက်မှာ တစ်ခြားသီးပင်စားပင်ခြံတွေရှိမနေပါ။ လက်ဖက်ခင်း တစ်ခင်းတစ်လေလည်းမရှိပါ။ မြင်နေရတဲ့ပြောင်းဖူးခင်း ဆီကိုတောင် တစ်မျှော်တစ်ခေါ်ကြီးလျှောက်ရ ကောင်းပါရဲ့။
“ဟူး”
ခြံစည်းရိုးသော့ခတ်ထားတဲ့ လိမ္မော်ခြံကိုခြုံနွယ်ပိတ်ပေါင်းကြားထဲမှာ ဘွားခနဲတွေ့လိုက်ရတော့နှင်း သက်ပြင်းချလိုက်မိ သည်။ အောင်မြင်စွာတော့ရောက်ခဲ့ပြီ။ အနွေးထည်အိတ်ထဲကဖုန်းကို ထုတ်ယူကြည့်လိုက်မိ၏။
“တော်သေးတာပေါ့၊ ဖုန်းလိုင်းမိနေတယ်”
အပြင်ကပဲစောင့်ရင်ကောင်းမလား ဒါမှမဟုတ် ခြံထဲကိုတစ်မျိုးတစ်ဖုံဝင်ပြီးစောင့်နေရမလား စဉ်းစားလိုက်မိတော့ နောက် ဆုံးခြံထဲဝင်စောင့်ဖို့ကိုပဲဆုံးဖြတ်လိုက်မိသည်။ ခြံစည်းရိုးသော့ကအခိုင်အမာခတ်ထားတာမို့ ပင်မခြံစည်းရိုးကနေ ဝင်ဖို့ မလွယ်ကူပါ။ အဲဒီတော့ဘေးပတ်ပတ်လည်ကိုစနည်းနာရ တော့သည်။ သံဆူးကြိုးတွေနဲ့ကာရံထားတာမို့အတင်းဖြဲပြီး ဝင်လို့တော့ရကောင်းရမည်။ ဒါပေမဲ့ မတော်တဆအသားကိုခြစ်မိရင် ပေါက်ပြဲကုန်မှာလည်းကြောက်လှသည်။
ခြံရဲ့ညာဖက်တောင့်တစ်နေရာဆီမှာ မြေကြီးချိုင့်ဝင်နေတဲ့တစ်နေရာကိုနှင်းမြင်သွားလေသည်။ ကာထားတဲ့သံဆူးကြိုး တစ်ကြိုးနဲ့တစ်ကြိုးအကွာအဝေးက လူတစ်ကိုယ်စာမလွတ်ပေမယ့် အဲဒီချိုင့်ဝင်နေတဲ့ မြေကြီးနဲ့သံဆူးကြိုးနေရာ အကွာ အဝေးကတော့ နှင်းတစ်ကိုယ်စာတိုးဝင်လို့ရနိုင်ကောင်းပါရဲ့။ မြေကြီးကိုချိုင့်ဝင်အောင် တုတ်ချောင်းနဲ့တူးဆွလိုက်ပြီး ခွေးတိုးပေါက်အနေအထားလောက်ဖြစ်တော့ မှောက်ရက်တွားဝင်လာခဲ့လိုက်သည်။
ဒူးအောက်ပိုင်း ဘောင်းဘီတစ်နေရာကိုသံကြိုးနဲ့ တစ်ချက်ငြိမိသွားပေမယ့် အလွယ်တကူဖြုတ်လိုက်နိုင်သည်။ အသား နည်းနည်းစပ်ဖျဉ်းဖျဉ်းဖြစ်သွားတာကလွဲလို့ ဒဏ်ရာကြီးကြီးမားမားမရပါ။
နှင်း ခြံထဲကိုတော့အောင်မြင်စွာရောက်ခဲ့ပြန်ပြီ။ လူနေတဲရှိရာနေရာဆီကို ပြေးလာခဲ့လိုက်သည်။ သာမန်အခြေအနေ ဆိုရင်ကြောက်စရာကောင်းပေမယ့် နှင်းကဇောကပ်နေတာမို့လို့လားမသိ။ ကြောက်စိတ်လည်းဝင်မလာခဲ့။
လူနေတဲရဲ့ဘေးဖက်နံရံကနေတဖြည်းဖြည်းတိုးအသွားတစ်နေရာရောက်မှာတော့ ပစ္စည်းလေးတစ်ခု။
ဝါးနံရံနဲ့ငြိတွယ်နေတဲ့ သော့ချိတ်အပိုင်းအစလေးတစ်ခု။
“ဟင်”
WANA လို့ရေးထားတဲ့စာလုံးတွေပါတဲ့ သော့ချိတ်အပိုင်းအပြတ်လေး။ တစ်ချိန်တုန်းကအဖြစ်အပျက် လေးတစ်ခုကို မြင်ယောင်မိလိုက်သည်။
ရန်ကုန်မှာတုန်းက ဝဏ္ဏနဲ့နှင်းတို့ချစ်သူဖြစ်ခဲ့ကြတုန်းကအချိန်အပိုင်းအစလေးတစ်ခု။
WANA ဆိုတဲ့စာလုံးတစ်လုံးချင်းစီပါတဲ့ခဲအတုံးလေးတွေနဲ့ HNIN ဆိုတဲ့စာလုံးလေးတစ်လုံးချင်းစီခဲ အတုံးလေးတွေကို စီပြီးသော့ချိတ်လေးလုပ်ကာအပြန်အလှန်ပေးခဲ့ကြသည်။ သေချာတာပေါ့။ ဒါဝဏ္ဏရဲ့သော့ချိတ်ကလွဲလို့ တစ်ခြားသူဟာ မဖြစ်နိုင်။ အင်္ဂလိပ်စာလုံးတွေကြားထဲမှာ အသည်းပုံအတုံးလေးနှစ်ခုကိုပါ ကြားညှပ်ပြီးတွဲပေးခဲ့သေးတာ။ အခုနှင်းရှေ့မှာ မြင်နေရာတာကအဲဒီသော့ချိတ်မှ အဲဒီသော့ ချိတ်ပါပဲ။ ဘယ်လိုမှမှားနိုင်စရာမရှိ။
“နှင်းရဲ့အခန်းတံခါးသော့မှာ ချိတ်ထားမယ်၊ အခန်းသော့ဖွင့်တဲ့အချိန်တိုင်းဝဏ္ဏကိုသတိရအောင်ပေါ့၊ အခန်းက တစ်နေ့ကို တစ်ခေါက်နှစ်ခေါက်အနည်းဆုံးဖွင့်ရမှာဆိုတော့ နေ့တိုင်းသတိရနေမယ်ဆိုတဲ့ သဘောပေါ့”
“ကိုယ်က ကိုယ်စီးတဲ့ဆိုင်ကယ်သော့မှာချိတ်ထားမယ်၊ ဆိုင်ကယ်ကကိုယ်နေ့တိုင်းစီးနေရတာဆိုတော့ နေ့တိုင်းသတိရ ပါ့မယ်ဆိုတဲ့အထိမ်းအမှတ်ပေါ့ အချစ်ရယ်”
အဲဒီသော့ချိတ်လေး နှင်းဆီမှာအခုချိန်ထိရှိနေပါသေးသည်။ သူ့ကိုသတိရလွန်းလို့အမှတ်တရသိမ်း ထားတာတော့မဟုတ်။ အမှုမဲ့ အမှတ်မဲ့နဲ့အခန်းတံခါးကိုသော့ဆီက မဖြုတ်ထားတာ။ နှင်းရဲ့အခန်း သော့မို့ အခုဒီကိုရောက်လာတာတောင် နှင်းလက်ထဲမှာပါလာပါသေးသည်။ ဝဏ္ဏလည်းနှင်းကိုသတိရလွန်းလို့ မဟုတ်ဘဲဒီလိုပဲဆိုင်ကယ်သော့ဆီမှာ ချိတ်ထား ရက်သားဖြစ်နေတာပဲနေမှာ။
“ဝဏ္ဏ ဒီကိုလာခဲ့တာပါလား”
နှင်းသံသယတွေက တစ်ဖြည်းဖြည်းနဲ့ကြီးလာလေပြီ။ ဘေးဘီဝဲယာကိုစောင်းငဲ့ကြည့်လိုက်ရင်း တဲအိမ်လေးထဲကို ဘယ်လို ဝင်ရမလဲကြံစည်နေမိ၏။ အဲဒီအချိန်မှာပဲ ဆိုင်ကယ်သံကြားခဲ့လေသည်။
“ဘုရား ဘုရား၊ ငါဘာလုပ်ရမလဲ”
သေချာတာပေါ့။ အစ်မနန်းမြတ်ဝေလာတာ။ နှင်းဘာဆက်လုပ်ရမလဲအပြေးအလွှား စဉ်းစားမိလိုက်သည်။ ဘေးပတ်ပတ် လည်ကိုလှည့်ကြည့်လိုက်တော့ လက်ဖက်ပင်တန်းသုံးလေးပင်ကိုတွေ့လိုက်ရသည်။ အပင်တွေက စနစ်တကျစိုက်ပျိုး ထားတာဟုတ်ပုံမရ။ မညီမညာနဲ့စုပြုံပေါက်နေသလိုပင်။ ဒါပေမဲ့ အရွက်နုနုတွေတော့ ထိုးထိုးထောင်ထောင်ထွက်လို့။ အပင်ရင်းအရွက်တွေလည်းအရွက်ကြီးကြီး၊ အစိမ်းရင့်ရင့်တွေ စီရရီ။
“ဒီမှာပုန်းနေမှဖြစ်မယ်”
တီးတိုးရေရွတ်လိုက်ကာ လက်ဖက်ပင်တွေကြားထဲတိုးဝှေ့ဝင်လိုက်သည်။ နှင်းတစ်ကိုယ်လုံးကိုလက်ဖက်အရွက် စိမ်းစိမ်း ဖားဖားကြီးတွေကကာကွယ်ပေးလိုက်၏။ အစ်မနန်းမြတ်ဝေရဲ့လှုပ်ရှားမှုအားလုံး ကိုနှင်းမြင်နေရပါသည်။
ဆိုင်ကယ်ကိုစက်သတ်လိုက်ကာ ခြင်းထဲကချိုင့်တွေ ပစ္စည်းတွေကိုဆွဲထုတ်ယူနေသည်။ စိုင်းလုံပြောသလို အဖော် ကောင်မလေးတွေတော့မတွေ့ရ။ တစ်ယောက်တည်းပဲ အေးအေးလူလူလုပ်ရိုးလုပ်စဉ်လုပ်နေလေသည်။ တဲတံခါးကိုဖွင့် လိုက်ပြီး ဆိုင်ကယ်ထဲကပစ္စည်းတွေကိုယူဆောင်သွားတော့သည်။
အစ်မနန်းမြတ်ေ၀ တဲအိမ်လေးထဲကိုဝင်သွားပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ နှင်းရဲ့ပထမနေရာဖြစ်တဲ့ နံရံဘေးဆီကို ပြန်လာ လိုက်၏။ ပြီးတော့ ဝါးထရံချောင်းကြည့်ပေါက်ကနေ တဲအိမ်လေးထဲကို ချောင်းလိုက်သည်။ တဲအိမ်လေးက နှင်းထင် သလောက်မကျဉ်းပါ။ အခန်းသုံးခန်းဖွဲ့ထားတာတွေ့ရ၏။
“ဝုန်း”
ကြမ်းပြင်တစ်နေရာရဲ့တောင့်မှာရှိတဲ့ သံလက်ကိုင်ကွင်းတစ်ခုကိုအားကုန်ဆွဲဖွင့်လိုက်တာတွေ့လိုက်ရသည်။ အသံကြောင့် နှင်းလန့်ဖျပ်သွားမိလေသည်။
“ဟင်”
အစ်မနန်းမြတ်ေ၀ ဆွဲဖွင့်လိုက်တာက တစ်ယောက်အိပ်ဖျာတစ်ချပ်စာလောက်ရှိတဲ့ ကြမ်းပြင်။ အမှန်တော့ အဲဒီကြမ်းပြင် ဟာ မြေအောက်ခန်းဆီကိုဝင်ဖို့တံခါးလည်းဖြစ်တယ်ဆိုတာ နှင်းသိရလေသည်။
တဲအိမ်သေးသေးလေးထဲမှာ မြေအောက်ခန်းရှိနေခဲ့တာပါလား။ မြေအောက်ထဲကိုတော့ နှင်းသဲသဲကွဲကွဲမြင်ရဖို့ လိုအပ်လာ လေသည်။ လှေကားထစ်လေးတွေတော့ ရှိမှာပေါ့။ အစ်မနန်းမြတ်ဝေကတစ်ဆင့် ချင်းဆင်းနေလေသည်။
နှင်းနောက်ယောင်ခံလိုက်ဖို့ဆုံးဖြတ်လိုက်ကာ သူခိုးမျက်လုံးနဲ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ ပြီးတော့ တဲအိမ် လေးထဲကိုဝင်လာခဲ့လိုက်သည်။ တစ်သက်နဲ့တစ်ကိုယ် ဒီလိုစွန့်စားခန်းမျိုးတစ်ခါမှ မကြုံဖူး၊ မလုပ်ဖူးပါ။ စိတ်ထဲမှာတော့ လျှို့ဝှက်သည်းဖိုရုပ်ရှင်ကားတွေကို လျှပ်တပြက်သတိရလိုက်သေးသည်။
“ဒေါက် ဒေါက် ဒေါက်”
အိုး။ တံခါးခေါက်သံပါလား။ မြေအောက်ခန်းဆီမှာပင်။ နှင်းလည်ပင်းကိုဆွဲဆန့်ကာ မျှော်ကြည့်လိုက် ၏။ အဲဒီတော့မှ မြေအောက်ခန်းကိုသေသေချာချာမြင်ရလေသည်။ လှေကားထစ်လေးတွေကိုဆင်းပြီး တဲ့နောက်မှာတွေ့ရတဲ့ တစ်ခုတည်း သောအခန်း။ အဲဒီအခန်းကိုခေါက်နေတာမြင်ရသည်။ အထဲမှာဘာတွေရှိမလဲ နှင်းမြင်ချင်လှပြီ။
အခုရောက်ရှိနေတဲ့နေရာကနေ မြေအောက်ခန်းဆီကိုပြေးပြီးတော့သာသွားလိုက်ချင်တော့သည်။ အစ်မနန်းမြတ်ဝေက ဘာလို့တံခါးခေါက်နေတာလဲ။ ဒါသူ့နေရာပဲ။ တံခါးဖွင့်ဖို့ဘယ်သူ့ကိုခွင့်တောင်းနေရဦးမှာလဲ။
“အမေ၊ သမီးရောက်ပြီ ဝင်ခဲ့မယ်နော်”
နှင်းတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေ ထသွားရပြီ။ အမေတဲ့။
အစ်မနန်းမြတ်ဝေတို့အမေက ကွယ်လွန်သွားခဲ့ပြီပဲ။ ဘာလို့အမေလို့ခေါ်ရတာလဲ။ ဧကန္တ မသေဆုံးဘဲနဲ့။ ဟင့်အင်း။ ဒါတော့မဖြစ်နိုင်ပါ။ စိုင်းလုံကိုယ်တိုင်နှင်းကိုပြောပြခဲ့တာပဲ။ သူနှင်းကို လိမ်မှာတော့မဟုတ်။
“ကျွီ”
တံခါးဖွင့်သံကြားလိုက်ရသည်။
ဝိုးတဝါးကြည့်ရတာအားမရတော့။ မြေအောက်ခန်းထဲကိုဆင်းပြီး သေသေချာချာကြည့်ဖို့ကြိုးစားရတော့မည်။ နှင်း တစ် ဖြည်းဖြည်းချည်းကပ်သွားလိုက်သည်။ အထဲမှာဘာရှိမလဲ။
တကယ်ပဲအစ်မနန်းမြတ်ေ၀ တို့အမေရှိနေတာလား။
လှေကားထစ်တွေဆီကိုအရဲစွန့်ပြီးရောက်သွားလိုက်သည်။ အခန်းရဲ့မြင်ကွင်းတစ်ပိုင်းတစ်စကို သဲသဲကွဲကွဲမြင်ရတော့ သည်။ လှေကားထစ်ဆယ်ထစ်လောက်ရဲ့အဆုံးမှာ ပိတ်ထားတဲ့မြေအောက်ခန်း။ အဲဒီအခန်းကို အစ်မနန်းမြတ်ေ၀ ဖွင့်လိုက်တော့ သစ်ထားထိုင်ခုံနှစ်ခုံ၊ ကုတင်တစ်လုံးနဲ့ဓါတ်ပုံအကြီးကြီးတစ်ပုံ ချိတ်ထားတဲ့အခန်းမြင်ကွင်းကိုမြင်ရသည်။ နှင်းကအစ်မနန်းမြတ်ဝေရဲ့အနောက်တည့်တည့်နေရာမှာ။ အစ်မကတော့ ချိတ်ထားတဲ့ဓါတ်ပုံကိုငေးမောကြည့်နေလျှက်။ အခုချိန်မှာ ရုတ်တရက် နောက် ဖက်ဆီကိုလှည့်ကြည့်လိုက်မယ်ဆိုရင် နှင်းရှောင်လို့ရမှာမဟုတ်တော့။ နှင်းနဲ့မျက်နှာချင်း ဆိုင်ဘွားခနဲ တွေ့မှာသေချာတာပေါ့။
“အမေ နေကောင်းတယ်နော်”
ဓါတ်ပုံကိုငေးမောကြည့်ကာပြောနေခြင်းပင်။
“တစ်ရန်တော့ထပ်အေးသွားပြန်ပြီအမေ၊ အငယ်အနှောင်းထားပြီးမိန်းမဖြစ်သူရဲ့ဘဝကိုယောင်္ကျားတစ်ယောက်ကို သမီး လက်စသတ်ပစ်နိုင်ခဲ့ပြီ၊ အမေလည်းမကြိုက်၊ မောင်လေးလည်းမကြိုက်တဲ့ အပြုအမူလုပ်တဲ့သူကို သမီးသတ်ပစ်ခဲ့ပြီ”
နှင်း တဲအပြင်ကို ကိုယ်ဖော့ကာထွက်ခဲ့လိုက်သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx