မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၁)

(၂၁)

ခြံအပြင်ဖက်ဆီကိုပြေးဖို့ဦးတည်ခဲ့ပေမယ့် တကယ်တမ်းဇောနဲ့ပြေးလာဖြစ်တာက လိမ္မော်ပင်တန်းတွေ ရှိရာဆီ။

“ဟိတ်၊ ရပ်စမ်း၊ မပြေးနဲ့”

နှင်းရဲ့နောက်ကို အစ်မနန်းမြတ်ဝေက လုံးဝအလွတ်မပေးဘဲလိုက်နေသည်။ ပြေးရင်းလွှားရင်း ဖုန်းမြည်သံကို ကြားလိုက် ရသည်။ နှင်းရဲ့အိတ်ဆီက။ ဟော စိုင်းလုံဆီက။

“နှင်း ဘယ်ရောက်နေတာလဲ၊ ခုနကဖုန်းချပစ်လိုက်တာလား”

“စိုင်းလုံ၊ နှင်းကိုဘာမှမမေးပါနဲ့နော်၊ အခု နှင်းအသက်လုပြီးပြေးနေရတယ်၊ လိမ္မော်ခြံကိုသာအမြန်ဆုံး ရောက်အောင်လာ ခဲ့ပါနော်၊ မြန်မြန်နော်”

အပြေးအလွှားနဲ့ ဖုန်းပြောရင်း လိမ္မော်ပင်တန်းတွေဆီ ကွေ့ပတ်လှည်းပြေးနေမိ၏။ အပင်တန်းတစ်တန်း ကုန်လာပြီမို့ တစ်ခြားတစ်တန်းဆီကိုကူးလိုက်သည်။ မျက်စိတစ်ဆုံးဟောဒီခြံကြီးထဲမှာ အရွက်ဖားဖား ပြွတ်ခဲနေတဲ့အသီးတွေကြားထဲ ပုန်းလို့ကောင်းမယ့်နေရာကိုနှင်းလိုက်ရှာမိပြန်သည်။ လိမ္မော်ပင်ဆိုတာကလည်း တစ်ကိုယ်စာပုန်းလို့လုံခြုံတဲ့နေရာ မဟုတ် တော့ ကံကိုသာပုံအပ်ရင်းပြေးလွှားနေမိရတော့တာပေါ့။

တဲအိမ်လေးရှိရာဆီနဲ့ ဝေးသည်ထက်ဝေးခဲ့ပြီ။ နှင်းရောက်တဲ့နေရာရဲ့အရှေ့ဖက်ဆီမှာ တောင်တန်းပြာကြီးကို မလှမ်း မကမ်းအနေအထားနဲ့ မြင်နေရ၏။ ဒီလိုပုံစံနဲ့ စိုင်းလုံလိုက်ရှာရင်တောင်တွေ့ပါ့မလား။ နှင်း ဒီလိုခြံအစွန်အဖျားမှာ ရောက် နေတာကို သူဘယ်လိုသိနိုင်ပါ့မလဲ။

နှင်းရောက်နေတဲ့နေရာက စိုက်ခင်းရဲ့အဆုံးတန်းမို့ အသီးခူးတဲ့သူတွေတောင်ပုံမှန်ရောက်ပုံမရ။ အသီးတွေပုပ်ပြီး မြေပေါ်မှာပြန့်ကျဲနေတာ ပတ်ဝန်းကျင်တစ်ခုလုံး လိမ္မော်သီးပုပ်တွေဖြန့်ကျဲထားသလိုပါပဲ။

“အမေ့”

ကြွေကျနေတဲ့ လိမ္မော်သီးတွေကိုတက်နင်းမိရင်း ခြေချော်လဲကျသွားမိသည်။ သွားပြီ။ အစ်မနန်းမြတ်ေ၀ လိုက်လာတာ မီလုနီးပြီ။ နှင်းနဲ့ဝါးတစ်ပြန်လောက်အကွာပဲရှိတော့သည်။

နှင်း အားယူထလိုက်ပေမယ့် မရတော့။ ခြေတောက်ခေါက်သွားပြီထင်ပါရဲ့။

“အော် လက်စသတ်တော့ နင်ကိုး”

အစ်မ နန်းမြတ်ေ၀ နှင်းကိုသဲသဲကွဲကွဲမြင်လေပြီ။

စူးရဲတဲ့မျက်လုံးတွေနဲ့ နှင်းရှိရာဆီတစ်လှမ်းချင်းလာခဲ့သည်။ နှင်းပြန်မထနိုင်တော့မှန်းသိနေပုံရသည်။ နှစ်ယောက်စလုံး ကလည်းမောပန်းနေပြီ။ သူ နှင်းကိုသတ်များသတ်တော့မှာလား။ ကြောက်စိတ်တဖြည်းဖြည်းပိုမိုကြီးထွားလာခဲ့လေပြီ။

“ရှေ့ ရှေ့မတိုးနဲ့နော်”

ခြေတောက်နှစ်ဖက်ကို ကုတ်အားယူရင်းထိုင်ရက်ဒရွတ်တိုက်ဆွဲကာဆွဲကာ အနောက်ကိုဆုတ်ပြေးနေမိ၏။ ကြွေကျနေတဲ့ လိမ္မော်သီးမှည့်တွေနဲ့ ပစ်ပေါက်လိုက်မိသည်။ ပြွတ်ခဲနေတဲ့လိမ္မော်ပင်ကအသီးတွေကို ဆွဲခူးရင်းလည်းပစ်ပေါက်သည်။ အစ်မနန်းမြတ်ဝေကတော့ နှင်းပစ်ပေါက်တဲ့အသီးတွေကိုရှောင်ရှားရင်း နှင်းဆီကိုတစ်လှမ်းချင်းလာနေမြဲ။

“လာစမ်း နင်”

အစ်မ နန်းမြတ်ေ၀ နှင်းဆီကိုပြေးလာလိုက်ပြီး နှင်းရဲ့လက်ကောက်ဝတ်ကိုဆတ်ခနဲဆုတ်ကိုင်ကာ ဆွဲထူလိုက်သည်။ ရုတ်တရက်မို့နှင်းမရုန်းနိုင်ဘဲ အလိုက်သင့်ပါလာလေသည်။ နှင်းရဲ့ကံကြမ္မာက သူ့ လက်ထဲကို ရောက်ရှိသွားလေပြီ။

“ပြော နင်ဘာလို့ငါ့ကိုလိုက်ချောင်းရတာလဲ”

“ဟင့်အင်း၊ နှင်းမချောင်းဘူး”

အကြောက်အကန်ငြင်းလိုက်ပေမယ့် နှင်းလိုက်ချောင်းတာမျက်မြင်ပဲလေ။ ဘယ်လိုလုပ်နှင်းစကားကိုယုံမှာလဲ။ အစ်မနန်းမြတ်ဝေက နှင်းရဲ့လက်ကိုပိုပြီးတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လိုက်လေသည်။ အားက နှင်းထင်ထားတာထက် ပြင်းလှသည်။

“နင် မလိမ်နဲ့နှင်းငွေရည်၊ နင့်မျက်လုံးတွေကိုငါအစောကြီးကတည်းကသိနေခဲ့တယ်၊ အိမ်လာလည် တုန်းကလည်း အိမ်ထဲကိုစပ်စုတဲ့အကြည့်တွေနဲ့တောက်လျှောက်ကြည့်နေခဲ့တယ်၊ ငါ့ကိုကြည့်တဲ့အ ကြည့်တွေကလည်း မယုံသင်္ကာပုံစံနဲ့၊ အေး တစ်ခြားလူတွေမသိပေမယ့် ငါကောင်းကောင်းသိနေခဲ့ တယ်နှင်းငွေရည်၊ နင်မငြင်းနဲ့၊ ပြောစမ်း၊ နင်ဘယ်သူလဲ”

“နှင်း ဘယ်သူ့မှမဟုတ်ရပါဘူး၊ ရန်ကုန်ကနေလာလည်တဲ့ဧည့်သည်ပါ၊ ဧည့်သည်သက်သက်ပါ”

“ဒါဆို ဘာလို့ငါ့အကြောင်းလိုက်စုံစမ်းနေခဲ့တာလဲ”

တကယ်တော့ နှင်းတိတိပပကြီးစုံစမ်းနေခဲ့တာမျိုးတော့ မဟုတ်ပါ။ ယုန်ထင်ကြောင်ထင်နဲ့သံသယမျက်လုံးနဲ့သာကြည့် နေရုံပါ။ ဒါကိုအစ်မနန်းမြတ်ဝေက အကင်းပါးလှစွာရိပ်မိနေခဲ့သည်။

“ဝဏ္ဏကိုဘယ်သူသတ်တာလဲဆိုတာ သိချင်ရုံသက်သက်နဲ့လိုက်စုံစမ်းနေခဲ့တာပါ၊ တစ်ခြားဘာရည် ရွယ်ချက်မှမရှိပါဘူး အစ်မရယ်”

“အခုသိပြီလား”

နှင်း ခေါင်းညိတ်ပြလိုက်သည်။

“ကဲ သိပြီဆိုတော့ ဘာလုပ်မှာလဲ”

“ရှင်”

“ဝဏ္ဏကိုသတ်တာငါပဲ၊ အခုသိပြီမှလား၊ ဘာလုပ်ချင်လဲပြော”

နှင်း အစ်မနန်းမြတ်ဝေလက်ထဲကနေအားကုန်ရုန်းထွက်လိုက်သည်။ ကံကောင်းထောက်မစွာပဲလွတ်လာခဲ့သည်။ တဲအိမ် ရှိရာဖက်ဆီကို ခြေကုန်သုတ်ပြေးဖို့အားယူလိုက်ပေမယ့် ခြေတောက်တစ်ဖက်ဆီက စူုးရှရှနာကျင်မှုကိုခံစားလိုက်ရသည်။ ကျိတ်မှိတ်တင်းထားရင်ပြေးကြည့်လိုက်ပေမယ့် ဆယ်လှမ်း မပြည့်ခင်မှာပဲ မှောက်ရက်ထိုးလဲကျသွားတော့သည်။

အခြားလိမ္မော်ပင်တွေထက် အလုံးအထည်ကြီးမားပြီး အသီးတွေပြွတ်ခဲနေအောင်သီးနေတဲ့ လိမ္မော်ပင်ကြီးအောက်မှာ နှင်းလဲကျသွားခြင်းပင်။ နာကျင်မှုဒဏ်ကြောင့် ဆက်မပြေးနိုင်တော့တာသေချာသွားခဲ့လေပြီ။

“နှင်းငွေရည် နင်ပြေးစမ်း”

ဟားတိုက်ရယ်မောသံက နှင်းကိုချောက်ခြားစေခဲ့ပြီ။

“ပြေးလေ ကောင်မ၊ နင်ဆက်ပြေးလေ”

နှင်း သတိထားမိသလောက် ကောင်မ ဆိုတဲ့အသုံးအနှုန်းကို ဒီဒေသမှာရိုင်းတယ်လို့မသတ်မှတ်ကြပါ။ နှင်းတို့ ရန်ကုန်မှာဆို ကိုယ်မကျေနပ်တဲ့မိန်းကလေးတွေကိုခပ်ရိုင်းရိုင်းပြောရင် သုံးနှုန်းကြပေမယ့် ကျောက်မဲ မှာကတော့ သူငယ်ချင်းအချင်းချင်း ချစ်ခင်ရင်းနှီးပြီးခေါ်တဲ့အသုံးအနှုန်းတစ်ခု။

ဒါပေမဲ့ အစ်မနန်းမြတ်ေ၀ နှင်းကိုအခုခေါ်လိုက်တဲ့ ကောင်မကတော့ ချစ်ခင်ရင်းနှီးမှုကြောင့်ဆိုတာတော့ ဘယ်လိုမှ မဖြစ် နိုင်ပါ။”

“အစ်မနန်းမြတ်ေ၀ အစ်မမှားမယ်နော်၊ နှင်းတောင်းပန်ပါတယ်”

ကြောက်စိတ်တွေပိုပိုလာကာ မျက်ရည်ကျမိလေသည်။ အစ်မနန်းမြတ်ဝေကိုလည်း လူထပ်မသတ်ချင်တော့ပါ။ သွေးအေး အေးနဲ့ ရက်စက်တတ်မှုကို နှင်းကြောက်မိသည်။

“နင်ကလုပ်ချင်ရာလုပ် ပြီးမှတောင်းပန်တယ်တဲ့လား”

“မဟုတ်သေးဘူး”

“ဟုတ်တယ်၊ ငါသတ်ခဲ့တဲ့ယောင်္ကျားတွေဟာ လောကကြီးမှာရှိမနေသင့်တော့တဲ့ ယောင်္ကျားတွေချည်းပဲ၊ သေသင့်တဲ့ သူတွေချည်းပဲ၊ နင်လည်းသေသင့်တဲ့သူထဲမှာပါဝင်လာပြီ နှင်းငွေရည်”

နှင်းဖျောင်းဖျဖို့ကြိုးစားပေမယ့် ရနိုင်တော့မှာမဟုတ်။

“နင် သိပ်ကြောက်နေပြီလားနှင်းငွေရည်၊ ငါလည်းလုံးဝမထင်ထားပါဘူးဟယ်၊ နင်နဲ့အခုလိုပုံစံမျိုးရင်

ဆိုင်ရမယ်လို့လေ၊ စိတ်လည်းမကောင်းပါဘူး၊ ဒါပေမဲ့ ငါ့ရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့သူကိုတော့ လောကကြီးမှာ အရှင်ထားလို့ဘယ်ဖြစ်မလဲ၊ ငါသတ်မယ့်လူတွေဟာ ယောင်္ကျားတွေချည်းလို့ထင်ထားခဲ့တာ၊ မိန်းကလေးတစ်ယောက် ပါလာတာ ဆန်းကြယ်သားရယ်”

တကယ်ပဲ နှင်းသေရတော့မှာလား။

စိုင်းလုံ။ နှင်းကိုအရမ်းချစ်တဲ့ ချစ်သူ လာမကယ်နိုင်တော့ဘူးလား။ သူအပြေးလာကောင်းလာနိုင်ပေမယ့် ဒီအချိန်ကတော့ မရောက်လောက်သေးပါ။ အလွန်ဆုံး ကျောက်မဲအထွက်လောက်ပဲရှိဦးမှာပေါ့။

“နှင်းငွေရည်၊ နင့်ကိုတစ်ခုပြောရဦးမယ်၊ နင်အခုလဲကျနေတဲ့ လိမ္မော်ပင်အောက်မှာလေ ဝဏ္ဏဆိုတဲ့ကောင်ကို ငါမသေ မချင်းသတ်ပြီးမြှပ်ထားခဲ့တာသိလား”

“ရှင်”

နှင်း လန့်ဖျပ်စွာပဲ ရှောင်ဖယ်လိုက်မိသည်။

ဝဏ္ဏအလောင်းကို ရှာမတွေ့တော့တာ ဒါကြောင့်ကိုး။ ရှင်ရက်နဲ့ပြန်တွေ့ဖို့မျှော်လင့်မိခဲ့ပေမယ့် တကယ်တမ်း အလောင်းကို တောင် မျက်ဝါးထင်ထင်မမြင်နိုင်လိုက်ရတဲ့အဖြစ်။ နှင်းကရော ဝဏ္ဏနောက်ကို လိုက်သွားရတော့မှာလား။ ဟင့်အင်း။ နှင်းအဖြစ်က အဲဒီလောက်ဆိုးရွားမယ်တော့မထင်ပါ။ စိုင်းလုံနဲ့ နှင်း ဖုန်းအဆက်အသွယ်ရပြီးပြီ။ ဒါတင်မက သိမ့်သီတာ ဆီကိုလည်း မတ်ဆေ့ချ်ပို့ထားခဲ့ပြီးပြီ။

နှင်း အဆုံးစွန်ထိ တွေးပစ်လိုက်တော့သည်။

“ကောင်းပြီ အစ်မနန်းမြတ်ဝေ၊ နှင်းကို အစ်မ သတ်လိုက်ပါ၊ ဒါပေမဲ့ နှင်းတစ်ခုတော့ တောင်းဆိုချင်တယ်၊ အစ်မ လိုက်လျောနိုင်မှာပါ”

“အင်း၊ ဘာလဲ”

“အစ်မ ဘာကြောင့်အခုလိုလုပ်ခဲ့ရတာလဲဆိုတဲ့အကြောင်းရင်းအသေးစိတ်ကို နှင်းသိခွင့်ရခဲ့ချင်တယ်၊ နောက်ဆုံးအနေနဲ့ ပါ”

လူတွေကို အစ်မနန်းမြတ်ဝေဘယ်လိုသတ်ခဲ့တာလဲနှင်းသိချင်ပါသေးသည်။ အဲဒါဟာ နှင်းအသိချင် ဆုံးကိစ္စမို့လို့ နှင်း ဒီခြံထဲကိုရောက်လာခဲ့တာပင်။ အစ်မ ဘယ်လိုအင်အားတွေနဲ့ အဲဒီယောင်္ကျားလေး ယောက်ကို သတ်ပစ်နိုင်ခဲ့တာလဲ။

နှင်းရဲ့အမေးကို သူမခေါင်းညိတ်လိုက်ပါသည်။ ပြောပြချင်မှာသေချာတာပေါ့။ ဒါဟာ သူမအတွက် ဂုဏ်ယူကောင်း ဂုဏ်ယူနိုင်မယ့်ကိစ္စတစ်ခုဖြစ်ချင်ဖြစ်နေမယ့်အနေအထားကို။ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲနဲ့ လူသတ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ နှင်းကိုသံသယရှင်းအောင်ပြောပြဖို့ ယုံကြည်နေမိ၏။ ထင်ထားတဲ့အတိုင်းပါပဲ။

“ကောင်းပြီလေ၊ နင်သိချင်တာတွေ ငါပြောပြမယ်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx