အပိုင်း (၃)
နန်းမြတ်ဝေ
(၂၂)
ကျောက်မဲရဲ့ ဗဟိုဈေး၊ မနက်ဈေး၊ ညဈေး တွေကြားထဲမှာ နန်းမြတ်တို့အမေရဲ့ခေါက်ဆွဲဆိုင်က နာမည်အကြီးဆုံး ဆိုင်တစ်ဆိုင်ထဲမှာအပါအဝင်ပါ။ ဗဟိုဈေးနားကခေါက်ဆွဲဆိုင်လို့သာပြောလိုက် လူတိုင်းက အမေ့ဆိုင်ကိုပဲ ညွှန်းဆိုကြ တာပင်။ အမေ့ဆိုင်က အစားအသောက်စုံသလောက် အရသာက လည်းကောင်းလှတာမို့ စားဖူးသူတိုင်းနောက်တစ်ခေါက် တော့မဖြစ်ဖြစ်အောင်လာစားတတ်ကြမြဲ။
ကျောက်မဲမှာ နာမည်ကြီးတဲ့ဆိုင်တွေတော်တော်များများရှိပါသည်။ ဥပမာမြီးရှည်ဆိုရင် ဒေါ်ညိုဆိုင်က မြီးရှည်၊ အားဖမြီး ရှည်၊ ဟောင်ကောင်မြီးရှည်၊ ဈေးသစ်မြီးရှည်၊ အားစိန်မြီးရှည် တို့ပေါ့။ အမေ့ဆိုင်က တော့ တစ်မျိုးကောင်းဆိုတာထက် အမယ်စုံကောင်းလို့ လူကျိတ်ကျိတ်တိုးစည်ကားနေမြဲပင်။
နေ့လည်ဖက်မထွက်ဘူးဆိုပေမယ့် နေ့ခင်းထမင်းစားချိန်လောက်အထိတော့ အမေကရောင်းပေးလေ သည်။ အစားအစာ တွေကိုလည်းအချိန်ခွဲပြီးရောင်းပေးတတ်တာမို့ အမေ့စေတနာကို မြို့သူမြို့သား တော်တော်များများက ချစ်ကြသည်။ ဥပမာ မနက်ဆိုခေါက်ဆွဲ၊ မြီးရှည် တွေကိုအဓိကရောင်းပေးပြီး နေနည်းနည်းထွက်စပြုပြီဆိုရင်တော့ ဝက်သားချဉ်၊ အမဲချဉ် လိုမျိုးအစားအစာတွေကိုရောင်းပေး သည်။ အမယ်လည်းစုံ သူများထက်လည်းအရသာကောင်းနိုင်ဖို့ နှင်းအေးအေးထဲမှာ တပင်တပန်းပြင်ဆင် ကြခဲ့ရတာပင်။
“သမီးကျောင်းမတက်ချင်ဘူးအမေ၊ အမေနဲ့ပဲဈေးရောင်းထွက်ချင်တယ်”
ဆိုင်ကလက်မလည်အောင်ရောင်းရတာမို့ ပိုက်ဆံလှိုင်လှိုင်ဝင်တာကိုသဘောကျမိကာ ဈေးရောင်းဖို့ကိုသာ နန်းမြတ် အားကျမိလေသည်။ ကျောင်းတက်ပြီးပညာတတ်ကြီးဖြစ်ချင်ပေမယ့် အမေပင်ပန်းတာ ကို မကြည့်ရက်။ တစ်နေ့တစ်နေ့ အမေ့မှာ နားရတယ်လို့ကိုမရှိ။
“စာတတ်အောင်သာကြိုးစားစမ်းပါသမီးရယ်၊ အတွေးမချော်စမ်းပါနဲ့”
အမေက သူတစ်ယောက်တည်း ပဲ အပင်ပန်းခံပြီးလုပ်နေချင်သည်။ သားသမီးတွေကိုဈေးရောင်းရင်း အချိန်မကုန်စေချင်။ ဒါပေမဲ့ နန်းမြတ်ကတော့ ကျောင်းအားရင်အားသလို အချိန်ရရင်ရသလိုအမေ့ကို ဈေးကူရောင်းပေးဖြစ်သည်။ ဈေးရောင်းရတာ သူများကိုအစားအသောက်ပြင်ဆင်ပေးရတာမျိုး နန်းမြတ်ဝါသနာပါလှသည်။
အမေ့ဆိုင်က လူအစည်ကားဆုံးနေရာမှာရှိသလို ဆက်ဆံရေးကလည်းကောင်းတာ၊ စေတနာပါပါ ရောင်းတာတွေကလည်း နာမည်ကြီးတဲ့ အထောက်အပံ့တွေပင်။ နှင်းတွေပိတ်နေတဲ့ ဝေလီဝေလင်း အချိန်ကနေ နေ့လည်မွန်းတည့်လောက်တဲ့ အထိရောင်းနေရသည်။ ဆိုင်သိမ်းပြီးတာနဲ့နောက်နေ့အ တွက်ဈေးဝယ်၊ အိမ်ရောက်ရင်ချက်သင့်ပြုတ်သင့်တာလုပ်နဲ့ လည်ပတ်နေရတော့တာပါပဲ။ တစ်ညနေ လုံး ပြင်ဆင်ရတဲ့အပြင်တစ်ခါတစ်လေ ညနက်သန်းခေါင်အထိပါလုပ်ရကိုင်ရ သည်။ နန်းမြတ်တို့မောင် နှမနှစ်ယောက်ကတော့ အဲဒီအချိန်မှာ အမေ့ကိုအဓိကကူရတာပေါ့။
အဖေကတော့ အိမ်ကပ်တဲ့လူစားမဟုတ်ပါ။ အလိုရှိ၊ ကိစ္စရှိ မှ အမေ့ကိုလာရှာတဲ့သူသာဖြစ်လေသည်။ အမေ ရှာဖွေရရှိသမျှထဲကအများစုကို ဒိုင်ခံဖြုန်းတီးတဲ့သူကလည်းအဖေပင်။ ကျောက်မဲမှာ အဖေမလုပ်တာဘာမှမရှိ။ ကြက်ဝိုင်း ဆိုရင်လည်းပါတာပဲ။ အရက်ဝိုင်း၊ လောင်းကစားဝိုင်းတွေအားလုံးမှာ အဖေပါတတ်သည်။ အဆိုးဆုံးကတော့ ဘိန်းရှုတာ၊ အဖေမူးယစ်ဆေးသုံးတဲ့အကျင့်က နန်းမြတ်တို့ မိသားစုပြသနာတစ်စထက်တစ်စ ကြီးလာစေခဲ့တာပင်။
“ပိုက်ဆံသုံးသောင်း ရှင်ယူထားတယ် ဟုတ်လား”
“အေး ဟုတ်တယ်”
“ကျွန်မ ဈေးအရင်းထဲကပါသွားပြီ၊ ပြန်ပေးပါ”
“ငါသုံးပစ်လိုက်ပြီ”
“ဒါဆို ဘာနဲ့ဈေးထွက်ရမှာလဲ၊ အငတ်နေရမှာလား”
“အေး နေပေါ့”
“ရှင်တော်တော်ရက်စက်တဲ့သူပဲ၊ ရှင်ငတ်တာအကြောင်းမဟုတ်ဘူး၊ ကျွန်မ သားနဲ့သမီးရှိသေးတယ်၊ ကိုယ်ချင်းစာစိတ် မရှိတဲ့သူ၊ အကြင်နာတရားခေါင်းပါးတဲ့သူ”
အမေက အဲဒီလိုငြိုငြင်စကားပြောတိုင်း အဖေကအမေ့ကိုထရိုက်တာမျိုးလုပ်တတ်ပါသည်။ သာမန် ရိုက်တာမျိုးလောက်ဆို နန်းမြတ်မပြောချင်ပေမယ့် အဖေက လွန်လွန်းသည်။ အမေ့ကိုနားရင်းရိုက်တာမျိုး၊ ခြေတောက်နဲ့ဆောင့်ကန်တာမျိုးတွေ လုပ်တော့ နန်းမြတ်နာကျင်ရသည်။
“အဖေ တော်ပါတော့၊ အမေ့ကိုမရိုက်ပါနဲ့တော့၊ သမီးတောင်းပန်ပါတယ်၊ သမီးကိုပဲရိုက်ပါအဖေရယ်၊ အမေ့ကိုမရိုက်ပါနဲ့”
နန်းမြတ်ဝင်တားတာကြောင့် တစ်ခါတစ်လေမှာနန်းမြတ်လည်းအဖေ့အရိုက်ကိုခံရပါသည်။ အဖေ့ရဲ့ လက်သံကတော်တော် ပြောင်မြောက်လှ၏။ အဖေ့နားရင်းတစ်ချက်အရိုက်ခံရပြီဆိုရင် နားတွေအူထွက် သွားပြီးသုံးရက်လောက် နားမကြားနိုင် လောက်တဲ့အထိဖြစ်တတ်ပါသည်။ ခဏခဏအရိုက်ခံရတဲ့အမေ့ခမျာနားစည်ကွဲမတတ်ခံစားရမယ်မှန်း နန်းမြတ် သိတာ ပေါ့။
“ရှင် ကျွန်မကိုနှိပ်စက်ဖို့အတွက်ယူခဲ့တာလားဟင်”
တစ်ခါတစ်လေမှာ အမေကဝမ်းနည်းစကားဆိုတော့ အဖေကဂရုဏာမသက်ဘဲ “အေး ဟုတ်တယ်၊ ငါ သုံးသမျှဖြုန်းသမျှ ရှာပေးဖို့၊ ငါလက်ယားနေရင် အရိုက်ခံစေဖို့ မင်းကိုယူခဲ့တာပဲ” ဆိုပြီးတော့ နာကျင်အောင်လည်းပြောတတ်ပါသည်။
အဖေသာ ကောင်းကောင်းမွန်မွန်နေခဲ့မယ်ဆိုရင် နန်းမြတ်တို့မိသားစုကမ္ဘာလေးတော်တော်ပျော်ဖို့ ကောင်းမှာသေချာတာ ပေါ့။ ဒါပေမဲ့ ဒါဟာနန်းမြတ်အတွက်စိတ်ကူးယဉ်သက်သက်သာဖြစ်ခဲ့ပါသည်။
“အဖေ တစ်ခါတစ်လေမှာ ထမင်းပြန်စားပါလားဟင်”
သူများ မိသားစုတွေထမင်းလက်ဆုံစားကြတာကို အားကျမိပြီး အဖေ့ကိုတောင်းဆိုခဲ့ဖူးသည်။ အဖေကတော့ အရေးမလုပ် ခဲ့။
“နင် ဘာတွေအရူးထနေတာလဲ မိနန်းမြတ်၊ ငါ့အလုပ်နဲ့ငါရှုပ်နေတာ ကောင်းကောင်းမွန်မွန်နေစမ်းပါ ဟာ၊ သားသမီးနားပူနားဆာလုပ်ရင် မိဘလာဘ်တိတ်လိမ့်မယ်၊ ငါ့ကိုလောင်းကစားဝိုင်းမှာဘူပိတ်အောင်မလုပ်စမ်းနဲ့” ဆိုပြီး တော့ ငြင်းဆိုခဲ့လေသည်။
“အစ်မ ကျောင်းကသူငယ်ချင်းတွေကပြောကြတယ်၊ အဖေက ဘိန်းစားဆို ဟုတ်လား”
မောင်လေးကျောင်းတက်ခါစတုန်းကမေးလာဖူးသည်။ နန်းမြတ်ရင်ထဲခံစားလိုက်ရတာ။ မောင်လေးပ ထမတန်းအရွယ်မှာ နန်းမြတ်က ကိုးတန်းအရွယ်ကျောင်းသူဖြစ်နေပြီမို့ အမေ့ကိုယ်စားထိန်းကျောင်းပေးနိုင်ခဲ့သည်။ မောင်လေးကလည်း နန်းမြတ်ကို အရာရာအားကိုးတိုင်ပင်လေသည်။
“Phobia” ဆိုတဲ့အဓိပ္ပါယ်ကို အဲဒီတုန်းကအသက်အရွယ်နဲ့ နန်းမြတ်ကောင်းကောင်းနားမလည်ခဲ့ပါ။ ဒါပေမဲ့ တွေ့ကြုံ ရင်းနှီးခဲ့ပြီးဖြစ်သည်။ Phobia လို့ခေါ်တဲ့အကြောက်လွန်ရောဂါဟာ မောင်လေးဆီမှာ ဘယ်လိုကနေ ဘယ်လိုရောက်လာခဲ့ တာလဲဆိုတာ နန်းမြတ်မဆန်းစစ်မိခဲ့ပါ။ သေသေချာချာသိလာ တဲ့အချိန်မှာတော့ မောင်လေးရဲ့ရောဂါကနန်းမြတ်ကို စိတ်ညစ်စေခဲ့ပြီ။
ဈေးထဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အမေနဲ့အဖေစကားများရန်ဖြစ်ပြီဆိုရင် မောင်လေးစိုင်းလုံက တစ်နေရာကနေ ပုန်းပြီးကြည့်နေတတ်သည်။ အဲဒီမြင်ကွင်းဟာ မြင်လို့ကောင်းတဲ့အရာတစ်ခုမဟုတ်မှန်း နန်းမြတ်ရော၊ အမေရော နားမလည်တတ်ခဲ့ပါ။ ကလေးတစ်ယောက်အနေနဲ့ စိတ်ဒဏ်ရာရစေ မယ့်မြင်ကွင်းမျိုးမှန်း နန်းမြတ်တို့မဆင်ခြင်တတ်ခဲ့ပါ။
“အစ်မ အဖေနဲ့အမေက ဘာလို့ခဏခဏ ရန်ဖြစ်ကြတာလဲဟင်”
အဲဒီမေးခွန်းကို မောင်လေးစိုင်းလုံးစိတ်သက်သာရသွားအောင်ဖြေဖို့ နန်းမြတ်မှာ လုံလောက်တဲ့အသိဉာဏ်မရှိခဲ့ပါ။
“အဖေ ဆိုးလို့ပေါ့မောင်လေးရယ်”
ဆိုပြီး မျက်ရည်ကျကာဖြေမိလေသည်။
“အဖေကဘာလို့ဆိုးတာလဲဟင်”တဲ့။ ပထမတန်းအရွယ်ဆိုတာ ငယ်သေးတဲ့အရွယ်ဆိုပေမယ့် အရာရာ လေ့လာစူးစမ်း ခံစားတတ်စပြုနေပြီဆိုတာ နန်းမြတ်သဘောပေါက်ပေမယ့် ကလေးစိတ်ဒဏ်ရာမရ စေဖို့ ဘယ်လိုအဖြေကကုစားပေးနိုင် သလဲဆိုတာကို သေသေချာချာမတွေးနိုင်ခဲ့။
“အဖေ့ သူငယ်ချင်းတွေက ဆိုးလို့ပေါ့မောင်လေးရဲ့၊ အဖေ့မှာကြက်တိုက်တဲ့ဖဲရိုက်တဲ့သူငယ်ချင်းတွေ အများကြီးရှိ တယ်လေ၊ သူတို့တွေက အဖေ့ကိုလာခေါ်ကြလို့ပေါ့၊ တကယ်လို့သူတို့ကလာမခေါ်ရင် အဖေကဆိုးမှာမဟုတ်ဘူး”
“လိမ္မာမှာပေါ့ ဟုတ်လား”
“အင်းပေါ့”
“ဒါဆို အဖေ့သူငယ်ချင်းတွေလာမခေါ်အောင် သားတားမယ်လေ”
“အင်း မောင်လေးလည်းအဖေ့သူငယ်ချင်းလူဆိုးတွေလိုမျိုးလူတွေနဲ့အပေါင်းအသင်းမလုပ်ရဘူးနော်၊ ကျောင်းမှန်မှန်သွား စာမှန်မှန်လုပ်ရမယ်”
“ဟုတ်ကဲ့”
မောင်လေးကို နန်းမြတ်မီသမျှဉာဏ်နဲ့ ဖျောင်းဖျပေးခဲ့သည်။ လူလိမ္မာတစ်ယောက်ဖြစ်အောင် ထိန်းကျောင်းပေးခဲ့သည်။
“အစ်မ အဖေနဲ့အမေရန်ဖြစ်ရင် အဖေကကြောက်စရာကြီးနော်၊ သားအရမ်းကြောက်တာပဲ”
“အဖေ့ကို မကြောက်ရဘူးမောင်လေးရဲ့၊ အဖေကမောင်လေးကိုအရမ်းချစ်တာ”
“ဒါပေမဲ့ အမေ့ကိုမချစ်ဘူး၊ ခဏခဏရိုက်တယ်”
“အေး အေး နောက်မရိုက်အောင် အစ်မပြောပေးမယ်၊ ဟုတ်ပြီလား”
တကယ်တော့ မောင်လေးစိုင်းလုံဟာ အဖေ့ကိုကြောက်တတ်ခဲ့တဲ့အပြင် လင်မယားချင်းရန်ဖြစ်တဲ့ အဖြစ်အပျက်တွေကိုပါ ကြောက်စိတ်ဝင်နေခဲ့တာဖြစ်သည်။
“သားရေ အဖေပြန်လာပြီ၊ သားအတွက် သစ်ကြားသီးပါလာတယ်”
ကြာလာတော့ မောင်လေးကအဖေပြန်လာပြီဆိုရင်ထွက်မကြိုတော့ဘဲ အိမ်ထဲကိုဝင်ပုန်းတတ်ခဲ့ပြီ။
“ဟာ ဒီကောင်ဘယ်ကိုဝင်ပုန်းတာလဲ၊ မိနန်းမြတ် ခေါ်လာစမ်း အဲကောင်ကို”
နန်းမြတ်ကချော့မော့ပြီး အဖေ့ရှေ့ကိုခေါ်လာပေမယ့် မောင်လေးလက်တွေခြေတွေအေးစက်လို့။ ကြောက်စိတ်ကြောင့် အသားတွေတဆတ်တတ်တုန်လို့။
“ရော့ ဒီမှာ မင်းအတွက် ငါဝယ်လာတာ”
အဖေက မောင်လေးလက်ထဲကို သစ်ကြားသီးထုတ်ထိုးထည့်ပေးလိုက်၏။
“ဘာဖြစ်နေတာလဲ စိုင်းလုံ၊ ငါ့ကိုကြည့်စမ်း”
မဝံ့မရဲကြည့်နေပြီး မောင်လေးစိုင်းလုံရဲ့လက်တွေဟာနန်းမြတ်ဆီကို တင်းကြပ်စွာဖက်ထားခဲ့ လေသည်။
“မင်း ဘာဖြစ်တာလဲ လာစမ်း”
အဖေက ကောက်ခနဲပွေ့ချီတော့ တောင့်တောင့်ကြီးပါသွားလေသည်။ သိပ်မကြာပါ။ ကြောက်အားနဲ့ တက်မတက် ချက်မတက်အေးခဲလို့။ အသက်တောင်မရှုနိုင်။ အဖေကလွှတ်ချကြည့်တော့ အသက်ကို ပြင်းပြင်းကြီးရှုလိုက်ကာ ကြောက်အားလန့်အားငိုတော့သည်။
“မောင်လေး၊ အဖေလေ ၊ ဒီမှာ အစ်မရှိတယ်”
နန်းမြတ်သတိပေးတော့မှ မျက်ရည်တွေကျလာကာ တိုးတိုးလေးရေရွတ်သည်။
“ဟင့်အင်း၊ သားအဖေ့ကိုကြောက်တယ်၊ သားအဖေ့ကိုကြောက်တယ်” တဲ့။
အဲဒီစကားကို အဖေကကြားဖြစ်အောင်ကြားကာ ဒေါသတွေတရှူးရှူး ထွက်တော့၏။
“အေး ကြောက် ကြောက်၊ ငါက မင်းပထွေးဆိုတော့ ကြောက်၊ ဟုတ်ပြီလား၊ နောက်တစ်ခါငါ့ကိုဘယ်တော့မှ အဖေလို့ မခေါ်စမ်းနဲ့၊ ထွက်သွားဟေ့ကောင်”
ငိုယိုကာ နန်းမြတ်ရင်ခွင်ထဲကိုအတင်းတိုးဝင်တော့သည်။ တကိုယ်လုံးချွေးဒီးဒီးကျလာလျှက်။
“အဖေ၊ ကလေးကိုအဲလိုမပြောပါနဲ့ တကယ်ထင်သွားဦးမယ်”
“ထင်ထင်ဟာ၊ လျှာရှည်တယ်၊ ကဲဘယ်မှာလဲ ငါနင့်ကိုလုပ်ခိုင်းထားတဲ့ဆန်အရက်နဲ့ ဆန်လှော်ခရုချက်ဟင်း ”
“ဆန်လှော်ခရုချက်ကတော့ လုပ်ထားပါတယ်အဖေရဲ့၊ အရက်ကတော့ ဝယ်မထားဘူး၊ အဖေလည်း အပြင်ကသောက်လာ တာပဲကို”
“မလိုချင်ဘူး၊ သွားဝယ် နင်မဝယ်ချင်ရင် နင့်အမေကိုသွားဝယ်ခိုင်း”
“အို၊ သမီးပဲ သွားဝယ်ပါ့မယ်”
နန်းမြတ်က အဖေ့ကိုအဆင်ပြေအောင်ပြောဆိုဆက်ဆံခဲ့ပေမယ့် အဖေရဲ့စရိုက်က မိသားစုနဲ့ဘယ်လိုမှ သဟဇာတ မဖြစ်ခဲ့ပါ။ အဖေ့ပုံစံကြောင့် မောင်လေးစိုင်းလုံရဲ့အခြေအနေကလည်း ပိုဆိုးလာခဲ့လေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx