မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၄)

(၂၄)

အမေခေါင်းနည်းနည်းကိုက်နေတယ်ဆိုတာနဲ့ သောက်နေကျ သွေးဆေးပုလင်းအိမ်ပြန်ယူပေးတဲ့ အချိန် ၊ မောင်လေး လည်း ကျောင်းကပြန်ရောက်ချိန်မှာပဲ ပြသနာစတင်ခဲ့လေသည်။ အိမ်ဘေးက အစ်မဈေးက ပြန်လာပြီးတွေ့ခဲ့တာတဲ့။

“နန်းမြတ်ဝေ၊ နင်တို့ဆိုင်မှာ နင့်အဖေရောက်နေတယ်၊ ထုံးစံအတိုင်း နင့်အမေဆီကပိုက်ဆံလုပြီးရိုက် နေလေရဲ့၊ ဘယ်သူမှဝင်မဆွဲရဲဘူးဟ၊ နင့်အဖေတော်တော်သွေးဆိုးနေတယ်၊ မြန်မြန်သွား”

“ဟင် ဟုတ်လား၊ ကျွန်မ ခုနကမှပြန်လာတာ”

“အေး အခုငါ့မျက်စိရှေ့တင်တွေ့ခဲ့တာပဲ”

“ဟုတ် ကျေးဇူးအစ်မ၊ သွားလိုက်မယ် ချက်ချင်း”

သွေးဆေးပုလင်းကို ကောက်ယူကာ ဆိုင်ကယ်ကိုသုတ်ချေတင်ပြေးထွက်လိုက်တော့ မောင်လေးစိုင်းလုံပါ ထွက်လာ လေသည်။

“အစ်မ ကျွန်တော်လိုက်ပို့မယ်”

သူက ဆိုင်ကယ်မောင်းသူနေရာမှာ ခွထိုင်ရက်သားဖြစ်ပြီး နန်းမြတ်ကိုအနောက်ကထိုင်ခုံပေါ်မှာတက်စေသည်။

“ဟဲ့ မောင်လေး၊ နင် အဆင်ပြေရဲ့လား”

“ရတယ်၊ တက်”

အဲဒီလိုသတင်းကြားတော့ ဘယ်သားသမီးက အိမ်မှာအခန့်သားထိုင်နေနိုင်မှာတဲ့လဲ။ ဘယ်လိုပဲ ကြောက်ကြောက် လိုက်လာကြည့်ကြမှာပဲ။ တားမှာဆီးမှာပါပဲ။

အိမ်ကနေ ဗဟိုဈေးဆီကို တဟုန်ထိုးမောင်းလာခဲ့သည်။ စိုးရိမ်စိတ်ကြောင့် ဆိုင်ကယ်အရှိန်ပြင်းလွန်းလှ၏။ “ဖြည်းဖြည်း မောင်းပါမောင်လေးရဲ့၊ အန္တရယ်များတယ်”ဆိုပြီးသတိလှမ်းပေးရ၏။

အမှန်တော့ နန်းမြတ်စိတ်ထဲမှာလည်းစိုးရိမ်လှပြီ။ နန်းမြတ်မရှိလို့မဖြစ်။ လက်လွန်ပြီးအမေသေသွားနိုင်သည်။ အဖေ့လက် ချက်ကြောင့် အမေ့မှာနားတွေလည်းအူ၊ အတွင်းကြေရောဂါတွေလည်းရနေလေပြီ။

ရောင်းပြီးခါစ ခုံတွေကျိုးကြေပျက်စီးကာ ပြန့်ကျဲနေတာကိုတွေ့လိုက်ရတော့ ဒါပုံမှန်ထက်ပိုမိုပြင်းထန်တဲ့ အဖြစ်ဆိုတာ ရိပ်မိလိုက်ပါသည်။ အိုးခွက်ပန်းကန်တွေကလည်း ပြန့်ကျဲလို့။ အဆိုးဆုံးက လူတွေ ဝိုင်းကြည့်နေတာပါပဲ။ ဘုရား၊ ဘုရား။ ကြားသုံးကြားမဝင်ကောင်းဆိုပေမယ့် ဒီလိုအခြေအနေမျိုးကတော့ ကြည့်နေသင့်ပါရဲ့လား။

ဆိုင်ထဲမှာ အဖေကအမေ့ကို ရိုက်နက်နေဆဲ။ နန်းမြတ်ရင်ဘတ်ကိုလက်နဲ့ဖိရင်း အပြေးအလွှားဝင်သွားလိုက်သည်။ မောင်လေးလည်း ဆိုင်ကယ်ကိုတုန့်ခနဲ့ရပ်ကာ နန်းမြတ်ရဲ့နောက်ကထပ်ကြပ်မကွာလိုက်လာခဲ့၏။

“မပေးချင်ဦးဟဲ့၊ မပေးချင်ဦးဟဲ့”

အဲဒီလိုပြောပြီး အမေ့ကိုရိုက်နေခြင်းပင်။ နားရင်းတွေရိုက်၊ ဇတ်ပိုးတွေအုပ်၊ ခြေတောက်တွေနဲ့ဆောင့်ကန်ခံရတဲ့ အမေ့ ခမျာ ဘယ်လောက်များနာကျင်ရှက်ရွံ့နေလိုက်မှာပါလဲ။

“အဖေ တော်ပါတော့၊ တော်ပါတော့”

အဖေ့ကိုဝင်ဆွဲလိုက်၏။ မရ။ အဖေ့တော်တော်ဒေါသကြီးနေတဲ့ အနေအထားကိုရောက်နေလေပြီ။ အဲဒီတော့ နန်းမြတ် ပါဝင်လုံးရတော့သည်။ အဖေ့ကို နောက်ကနေတဘုန်းဘုန်းလှမ်းရိုက်ရတော့သည်။ ဟင်းရည်မွှေတဲ့ ဇွန်းကြီးနဲ့အဖေ့ကျော ကုန်းကို အားကုန်လှမ်းထုလိုက်သည်။ ကန်တော့ပါရဲ့အဖေ။ သမီး ဒီလိုမလုပ်ရင် အမေသေနိုင်မှာမို့ပါ။

“ဟင်”

နန်းမြတ် ရိုက်ချက်ကြောင့်အဖေနာကျင်သွားပုံရသည်။ အမေ့ကိုရိုက်လက်စရပ်ပစ်လိုက်ကာ နန်းမြတ်ဖက်ကို လှည့်လာ သည်။

“နင်က ငါ့ကိုခံရိုက်တယ် ဟုတ်လား၊ မိနန်းမြတ်၊ တော်တော်မွေးရကျိုးနပ်တဲ့သမီး၊ အေး ဆက်ရိုက်ချင်လို့လား၊ လာလေ လာရိုက်လေ”

“အဖေ အဖေအမေ့ကိုရိုက်လို့သမီးဝင်တားတာ”

အမေ့ဆီကိုကြည့်လိုက်မိသည်။

ဘုရား၊ ဘုရား။ အမေ့နားခေါင်းမှာ သွေးတွေနဲ့တွေ့လိုက်ရတော့ နန်းမြတ်သွေးတွေဆူလာမိလေသည်။ အဖေတော်တော် ရက်စက်ပါလား။

“အေး နင်ရှည်ရှည်ဝေးဝေးပြောမနေနဲ့၊ ငါပိုက်ဆံလာတောင်းတာ နင့်အမေကြည်ကြည်ဖြူဖြူမပေးလို့ ရိုက်တောင်းတာ၊ ဘာဖြစ်လဲ အဲဒါ”

“အဖေတောင်းသမျှ သမီးအဆင်ပြေအောင်ပေးနေတာပဲ၊ အမေ့ဆီကဈေးရောင်းတဲ့ပိုက်ဆံမတောင်းပါနဲ့ လို့ အဖေ့ကို တောင်းပန်ထားပြီးပြီလေ၊ အဖေလိုချင်ရင် သမီးကိုပြောပေါ့”

“အခုငါနှစ်သိန်းလိုတယ်၊ ဒီမှာ နင့်အမေဈေးရောင်းလို့ရတဲ့ပိုက်ဆံရေပြီးသား၊ စီပြီးတော့ အဆင်သင့်ပဲ ယူသွားပြီ၊ နင်ပြန် ထည့်ပေးလိုက်”

“ဟင်”

အဖေ့လက်ထဲမှာ သားရေကွင်းနဲ့စည်းထားတဲ့ ပိုက်ဆံနှစ်ထုတ်။

အဖေဘာလို့အဲလောက်ထိလုပ်ရက်ရတာပါလဲ။ မဖြစ်။ နန်းမြတ်အဖေ့လက်ထဲပြန်လုယူဖို့ကြိုးစားလိုက်သည်။ ဒါပေမဲ့ မရ။ အဖေကအကင်းပါးစွာ ပိုက်ဆံထုတ်ကိုတင်းကြပ်ကြပ်ဆုတ်ကိုင်ထားပြီးဖြစ်လေ၏။

“အဖေ အဲဒါယူလို့မရဘူး၊ မလုပ်ပါနဲ့”

နန်းမြတ် အတင်းပြန်လုသည်။

“ကဲ ဟာ”

အဖေ့ရဲ့ဆောင့်ကန်မှုကြောင့် တုန့်ခနဲလဲကျသွားမိလေသည်။ ခါးမှာ မျက်ခနဲနာကျင်မှုကိုကတပြိုင်တည်း ခံစားလိုက်ရ သည်။ နာကျင်နေတဲ့နေရာကို လက်နဲ့ဖိရင်းသက်သာလာဖို့အံကြိတ်စောင့်နေလိုက်ရ၏။

“နောက်ကို အချိုးမပြေရင် နင်တို့ဒီထက်မကနာမယ်မှတ်ထား”

ဆိုင်ထဲကနေအပြင်ကိုအထွက် တွေ့သမျှခုံတွေ၊ ပန်းကန်တွေကိုအဖေကရိုက်ခွဲဆောင့်ကန်သွားလေသည်။

“မောင်လေး၊ မောင်လေး နင်ဘယ်မှာလဲ”

အဖေထွက်သွားတော့မှ မောင်လေးကိုသတိရသွားမိသည်။ နာကျင်တာတွေမေ့သွားကာ မောင်လေး ကိုလိုက်ရှာနေမိ၏။

“ဟင်”

ဆိုင်တောင့်တစ်နေရာမှာ နားနှစ်ဖက်ကိုလက်ဝါးနဲ့ပိတ်ရင်း ငုတ်တု်ထိုင်ကာ မျက်ရည်တွေကျနေတဲ့ မောင်လေးကို တွေ့လိုက်ရသည်။ တစ်ကိုယ်လုံးဇောချွေးတွေပြန်လျှက်။ နန်းမြတ်မောင်လေးဆီကိုပြေးသွားမိလေသည်။

“မောင်လေး မောင်လေး၊ ဘုရား မောင်လေး”

တစ်ကိုယ်လုံး အေးစက်တောင့်တင်းလျှက်။ နန်းမြတ်ရဲ့ရင်ခွင်ထဲသူ့ကိုဆွဲသွင်းလိုက်တော့ တောင့်တောင့်ကြီးပါလာသည်။ ရင်ထဲမှာ ထိတ်ခနဲဖြစ်သွားပြီးတစ်ခုခုဖြစ်သွားမှာကြောက်သွားမိသည်။

“မောင်လေးရေ၊ သတိထား၊ သတိထားဦး”

ရင်ခွင်ထဲ တင်းကြပ်စွာဖက်ထားမိသည်။

လူပျိုပေါက်အရွယ် မောင်လေး။ နန်းမြတ်ရင်ခွင်ထဲမှာ နှစ်နှစ်သားအရွယ်ကလေးလေးတစ်ယောက်လို။

“မောင်လေးရေ၊ မောင်လေး သတိထား သတိထားဦး”

သတိပြန်ဝင်လာအောင်လှုပ်ရမ်း စကားတွေပြောပေးရသည်။

“မောင်လေးစိုင်းလုံ၊ စိတ်ထိန်းပါဦး မောင်လေးရဲ့၊ မင်းတစ်ခုခုဖြစ်သွားလို့မရဘူး၊ အစ်မနဲ့အမေရဲ့ ဘဝဟာမင်းပဲ၊ အစ်မ တစ်ယောက်လုံးမောင်လေးနားမှာရှိနေတယ်၊ မောင်လေး မကြောက်နဲ့နော်”

သူ့ခေါင်းလေးကို ပွတ်သပ်ပေးမိသည်။

မေတ္တာတရားရဲ့နွေးထွေးမှုကြောင့်လားတော့မသိ။ မောင်လေး သတိပြန်ဝင်လာသည်။ နန်းမြတ်ကို မော့ကြည့်လိုက်၏။

“ဟူး တော်ပါသေးရဲ့မောင်လေးရယ်၊ ကဲ ဘာမှမဖြစ်တော့ဘူးနော်”

နှစ်ယောက်သား မျက်ရည်တွေလိမ့်ဆင်းကျလာခဲ့သည်။

“အစ်မ”

“အင်း မောင်လေး၊ အစ်မရှိတယ်”

“အဖက အဲလိုပဲ အမေ့ကို တစ်သက်လုံးရိုက်သွားတော့မှာလားဟင်”

“အို”

နောက်ထပ်မျက်ရည်တွေမကျမိအောင်ထိန်းထားလိုက်၏။

ဆိုင်ရဲ့အပြင်ဖက်ဆီကိုအကြည့်တွေလွှဲထားလိုက်သည်။ ခုနကကြည့်နေခဲ့တဲ့လူအုပ်ကြီးမရှိတော့။ နန်းမြတ်တို့ ဆိုင်ဘေး ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေဆိုင်ထဲကိုဝင်လာကာ ပြန့်ကျဲနေတဲ့ပစ္စည်းတွေ ကောက်သိမ်းပေးနေကြသည်။ ခုံတွေကို နေရာတကျပြန်ထားကြ၊ ပန်းကန်ကွဲစတွေကို လှဲကျင်းပေးကြနဲ့ တက်ညီလက်ညီပင်။

“မောင်လေး စိုင်းလုံ”

“…..”

သူ နန်းမြတ်ကိုအားကိုးတကြီးကြည့်နေပါသည်။

“အမေ့ကို ဂရုတစိုက်ကြည့်ထားနော်၊ ဟိုမှာဆိုင်ဝိုင်းသိမ်းပေးနေတဲ့မိတ်ဆွေတွေကိုကျေးဇူးတင်စကားလည်းပြောလိုက်ဦး၊ အမေ ဒဏ်ရာရထားတယ်၊ ဆေးထည့်ပေးလိုက်ဦး၊ အစ်မ အဖေနဲ့စာရင်းရှင်းစရာ ရှိတယ်”

“အစ်မ ဘယ်သွားဦးမလို့လဲ၊ အဖေ့ဆီသွားရင် အရိုက်ခံနေရဦးမယ်”

“ဟင့်အင်း၊ အဖေ အစ်မကိုမရိုက်ဘူး၊ အမေ့ကိုလည်း နောက်ထပ်မရိုက်စေရတော့ဘူး၊ မောင်လေးလည်း အဲဒီမြင်ကွင်း မျိုးကို မမြင်စေရတော့ဘူး၊ အစ်မ ကတိပေးတယ်၊ မောင်လေး ဆိုင်ကိုသာခဏ ကြည့်ထားလိုက် ဟုတ်ပြီလား၊ အစ်မပြန် လာခဲ့မယ်၊ အဖေယူသွားတဲ့ ပိုက်ဆံကိုလည်းပြန်တောင်းလာခဲ့မယ်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx