မြစိမ်းရောင်လွင်ပြင် အပိုင်း (၂၅)

(၂၅)

နန်းမြတ်ရဲ့စိတ်ထဲမှာ သစ္စာမရှိတဲ့သူတွေကို မုန်းနေခဲ့တာအဲဒီကတည်းကပင်။ ဆိုင်ကယ်ကိုဒုန်းစိုင်း မောင်းကာ ပလောင်သီလရှင်ကျောင်းသွားရာလမ်းအနားတစ်ဝိုက်က အဲဒီရပ်ကွက်လေးဆီကို ဦးတည်လာခဲ့သည်။ သေချာတာပေါ့ အဖေအဲဒီမှာရှိမယ်ဆိုတာ။

လမ်းတစ်လျှောက်လုံးမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျမိသည်။ အဖေရက်စက်လိုက်တာလို့လည်း ရင်ထဲမှာထပ်ခါထပ်ခါ ပြောနေမိ၏။ နန်းမြတ်ရဲ့ရင်ထဲမှာ သည်းခံနိုင်တဲ့အတိုင်းအတာကုန်ခဲ့ပြီ။ အမေ့ရဲ့အတွင်းကြေဒဏ်ရာတွေ၊ မောင်လေးရဲ့ အကြောက်လွန်ရောဂါ။ ဒါတွေဟာ အဖေ့ကြောင့်ဖြစ်ရတာ။

အမေက ခန္ဓီပါရမီပြည့်ဝပေမယ့်နန်းမြတ်ကတော့ ဘယ်လိုမှသည်းခံနိုင်တော့မှာမဟုတ်။ ပြတ်ပြတ်သားသားဖြေရှင်းဖို့ ဆုံးဖြတ်ထားလိုက်မိသည်။

ထင်ထားတဲ့အတိုင်းပါပဲ။ အဖေ့ဆိုင်ကယ်က အဲဒီအိမ်လေးရှေ့မှာရပ်ထားတာတွေ့ရသည်။ နန်းမြတ် တုန့်ဆိုင်းမနေတော့။ ဆိုင်ကယ်ကို အိမ်ရှေ့မှာရပ်လိုက်ကာဝင်လာခဲ့လိုက်၏။ ပိုက်ဆံနှစ်သိန်းကို လက်မှာကိုင်ပြီး ပျော်မြူးနေတဲ့အမျိုးသမီး ရဲ့မျက်နှာကိုတွေ့လိုက်ရတော့ အိုး ရင်ထဲမှာပူလောင်လာ လိုက်တာ။ ဒေါသစိတ်တွေကလည်း ကြီးသည်ထက်ကြီး လာခဲ့လေသည်။

“ဟင် ဘာလုပ်တာလဲ”

အဲဒီအမျိုးသမီးဆီက ပိုက်ဆံထုတ်ကိုဖျတ်ခနဲဆွဲယူပြီးစေ့စေ့ကြည့်ပစ်လိုက်မိသည်။ အဖေရော အမျိုးသမီးရော ကြောင် ငေးကာနန်းမြတ်ကိုကြည့်နေလေ၏။

“အဲဒါ ငါတို့ပိုက်ဆံ ငါတို့ပိုက်ဆံငါပြန်ယူလိုက်တာ ဘာဖြစ်လဲ”

ပြသနာက အေးအေးဆေးဆေးရင်ဆိုင်လို့ရမှာမဟုတ်ဘူးဆိုတာသိထားတော့(ဒေါသလည်း အတိုင်းထက်အလွန်ထွက် နေတော့) အဆုံးစွန်ထိပွဲကြမ်းပစ်ဖို့ဆုံးဖြတ်လိုက်၏။

“သမီး”

အဖေက နန်းမြတ်လာမယ်လို့ဘယ်ထင်ထားပါ့မလဲ။

“အဖေ၊ အဖေနဲ့သမီးစာရင်းရှင်းစရာရှိလို့ ဒီအထိလာခဲ့တာပဲ၊ ဒီမိန်းမကိုသမီးပြောချင်တာပြောပြီးရင် အဖေနဲ့ပြောမယ်၊ အခုလောလောဆယ်အဖေအသာနေလိုက်ပါ၊ သမီးကအဖေ့သမီးနော်၊ အဖေ ဒေါသကြီးသလိုသမီးလည်းကြီးတယ်”

“ရှင်က”

“အေး ဟုတ်တယ်၊ ငါအဖေ့ရဲ့သမီးနန်းမြတ်ဝေပဲ သူများယောင်္ကျားကိုခိုးတဲ့မိန်းမရဲ့၊ ငါတို့မျက်ရည် ပေါက်ကြီးပေါက်ငယ် ကျပြီး ပေးလိုက်တဲ့ပိုက်ဆံကိုချူစားနေတဲ့ကောင်မရဲ့”

“အိုး မိုက်ရိုင်းလိုက်တာ၊ ပေးတဲ့သူရှိလို့ယူတဲ့သူရှိတာပဲ ဘာဖြစ်လဲ၊ မကျေနပ်ရင်နင့်အဖေကိုနိုင်အောင်ထိန်းပေါ့၊ ငါ့လာ ပတ်မရမ်းနဲ့၊ ဘာများအောက်မေ့နေလဲ၊ ငါ့အိမ်ထဲလည်းလာသေးတယ်၊ နင့်ကိုအမှုန့် ကြိတ်ပစ်လိုက်မယ် သိလား”

“ဒါနင့်အိမ် ဟုတ်လား”

“အကိုကြီးဝယ်ပေးထားတဲ့ငါ့အိမ် ဟုတ်တယ်”

“ငါ့အဖေဘိန်းစားက နင့်ကိုအိမ်ဝယ်ပေးနိုင်တယ် ဟုတ်လား၊ အဖေ သူပြောတာဟုတ်လား၊ ဒါ အဖေဝယ်ပေးထား တာလား”

“မိနန်းမြတ် နင်ပြန်တော့”

“မပြန်နိုင်ဘူး၊ သမီးပြောပြီးပြီနော် အဖေအသာနေလို့”

နန်းမြတ်ရဲ့အသံကို ပတ်ဝန်းကျင်ကကြားအောင် အဆမတန်ကျယ်ပြောပစ်လိုက်သည်။ လာကြည့်ကြပါစေ။ ကွဲစမ်းပါစေ အရှက်။ ဒီထက်ပိုဆိုးစရာအကြောင်းမရှိတော့။

“နင်ပြန်လိုက်တော့ ပြသနာတွေပိုကြီးသွားမယ်နော်”

မိသားစုရှိမှန်းသိရက်နဲ့ ကြာခိုတဲ့မိန်းမက ခေတဲ့သူတော့မဟုတ်ပါ။ နန်းမြတ်ကိုစားတော့ဝါးတော့မ တတ်ရန်ရှာတော့သည်။

“မပြန်ဘူး နင်ဘာလုပ်ချင်လဲ”

“အေး ဒါပဲလုပ်ချင်တယ်”

နန်းမြတ်ရဲ့ပါးတစ်ဖက်စူးခနဲနာကျင်သွားလေသည်။ ဒီလိုရလာဒ်မျိုးရလာမယ်ဆိုတာ ကြိုသိပြီးသားမို့ မီးကုန်ယမ်းကုန်ပြန် လုပ်ဖို့ပြင်ဆင်ထားပြီးသား။

“အေး နင်က ငါ့ကိုပါးရိုက်တယ် ဟုတ်လား”

ပိုက်ဆံထုတ်ကို ဘတ်ခနဲပစ်ချ၊ အိမ်ထဲကိုတမင်တကာမချွတ်ဘဲစီးလာခဲ့တဲ့ဖိနပ်ကိုဆတ်ခနဲချွတ်ပစ်လိုက်ကာ အဲဒီမိန်းမ ရဲ့ပါးတစ်ဖက်ချင်းစီကို ဘယ်ပြန်ညာပြန်ဆင့်ကာဆင့်ကာ ရိုက်ပစ်လိုက်တော့သည်။ ခေါက်ဆွဲရောင်းတဲ့လက်၊ ဈေးသည် လက်က နင့်လောက်တော့အပျော့ပေါ့သူများယောင်္ကျားကို ခိုးယူပေါင်းသင်းနေတဲ့ မိန်းမရဲ့။

“မှတ်ထား”

အဲဒီမိန်းမရဲ့ ကောက်လိမ်ကောက်ကွေးဆံပင်တွေကို ဆောင့်ဆွဲပစ်လိုက်ပြီးရင်ဝဆီကို အုန်းခနဲမြည်အောင် ဆောင့်ကန် ပစ်လိုက်၏။

“ဟဲ့ မိနန်းမြတ် တော်စမ်း၊ ငါလက်ပါမိတော့မယ်၊ လာစမ်းနင်”

အဖေက နန်းမြတ်ရဲ့လက်မောင်းကိုအတင်းဆွဲဖယ်ကာတွန်းထုတ်သည်။ အဲဒီမိန်းမ နံရံတောင့်တစ်နေရာကိုကပ်ရက်သား ဖြစ်ကာ အသံမထွက်နိုင်တော့။

“အဖေ သမီးကိုရိုက်မလို့ဟုတ်လား၊ ရိုက်လေ အဖေ၊ အမလေးအရပ်ကတို့ရေ လာကြပါဦး၊ လာကြည့်ကြပါဦး ကျွန်မအဖေ က သူ့မယားငယ်နဲ့ပေါင်းပြီး ကျွန်မကိုရိုက်မလို့တဲ့၊ လာကြည့်ကြပါဦး”

ပတ်ဝန်းကျင်အကုန်ကြားအောင် အော်ဟစ်ပစ်လိုက်၏။

လူတစ်ချို့အိမ်ရှေ့မှာရောက်နှင့်ကာ လာကြည့်နှင့်နေကြပြီ။

“ဟာ မိနန်းမြတ် နင် နင်”

အဖေက နန်းမြတ်ကိုရိုက်ရအခက်၊ မောင်းထုတ်ရအခက်နဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ဖြစ်နေလေသည်။ ပတ်ဝန်း ကျင်ကလည်း ဝိုင်းကြည့်နေ သူ့လုပ်ရပ်ကိုလည်းလူသိရှင်ကြားပြောပြီးနေဖြစ်တာမို့ စုတ်သပ်ရင်းသာ နေရတော့၏။

“ဒီမယ် လင်ခိုးမ နင့်ကိုငါပြောလိုက်မယ်၊ ငါ့အဖေကိုနင်ချစ်လှပါချည်ရဲ့ဆိုရင်တစ်သက်လုံးခေါ်ထားလိုက်တော့၊ အေး နောင်ဆိုငါတို့မိသားစုဆီက တစ်စွန်းတစ်ပြားမှ ထိဖို့ချုဖို့မကြိုးစားနဲ့၊ လာလည်းမပတ်သတ်နဲ့၊ ငါ့အဖေနဲ့ငါတို့လည်း ဒီနေ့ ဒီအချိန်ကစပြီးဇာတ်လမ်းပြတ်ပြီ၊ အဲဒါ နင်သိထားအောင်ဒီ လိုက်လာပြီးငါပြောတာ”

ပိုက်ဆံထုတ်ကိုပြန်ကောက် အဲဒီမိန်းမမျက်နှာကိုစေ့စေ့ကြည့်ကာ အားရပါးရပြောချပစ်လိုက်တာပေါ့။ နန်းမြတ်စကား ကြောင့် အဖေပါမျက်လုံးပြူးရတော့သည်။

“ဘယ်လို မိနန်းမြတ်”

“ဟုတ်တယ်အဖေ အဖေ့ကိုသမီးတို့သည်းခံနိုင်တဲ့အတိုင်းအတာကကုန်သွားပြီ၊ အဖေစဉ်းစားဖူးလား၊ အဖေဟာ ဖခင်တစ် ယောက်ရဲ့တာဝန်တွေ မိသားစုတာဝန်တွေကျေခဲ့ရဲ့လားလို့”

“……..”

“အဖေက သမီးတို့ကိုဒုက္ခချည်းသပ်သပ်ပေးခဲ့တာ၊ အဖေ့ကြောင့် သမီးအရက်ဆိုင်မှာအရက်သွားဝယ်ရတယ်၊ သူများ အပြောခံအဆိုခံ အကဲ့ရဲ့ခံခဲ့ရတယ်၊ ဒါကို အဖေကမကျေနပ်သေးပဲ သမီးရဲ့နားကပ်ကို ပေါင်ပြီး မယားငယ်ကိုဖို့တယ်၊ ဒါတွေက သမီးကြည်ဖြူလို့လုပ်ပေးခဲ့တယ်ထားဦး၊ အမေနဲ့မောင်လေး၊ အဖေ့ကြောင့် အမေ့မှာတစ်ကိုယ်လုံး အတွင်းကြေ ဒဏ်ရာတွေကုမရနိုင်အောင်များနေခဲ့ပြီဆိုတာ အဖေသိလား၊ အဖေနှိပ်စက်လို့ အမေ့တစ်ကိုယ်လုံးသေရာပါဒဏ်ရာတွေ ဘယ်လောက်တောင်များရနေပြီလဲ၊ ပြီးတော့ မောင်လေး၊ အခု မောင်လေးစိုင်းလုံဆီမှာ အကြောက်လွန်ရောဂါရနေပြီ အဖေရဲ့၊ သမီးတို့ဆီမှာ အဖေ့အတွက်နှိပ်စက်စရာဘာကျန်သေးလို့လဲ၊ ကျန်သေးရင် ရှိသေးရင်လည်းထပ်မလုပ်တော့ဖို့ အဖေ့ကိုသမီတောင်းပန်ပါတယ်အဖေ၊ တစ်ဘဝလုံးအတွက်ပါ၊ သမီးတို့ဆီ အဖေဘယ်တော့ မှပြန်မလာပါနဲ့တော့ သမီးတို့ အဖေ့ကိုတစ်သက်လုံးခွင့်မလွှတ်နိုင်ဘူး”

နန်းမြတ် အဖေ့ကို ပတ်ဝန်းကျင်တွေကြည့်နေရာဆီ လက်ညှိုးထိုးပြလိုက်သည်။

“ဟိုမှာ ပတ်ဝန်းကျင်တွေကြည့်နေကြတာအဖေတွေ့တယ်မှလား၊ သမီးအဖေ့ကို အဖေအဖြစ်ကနေစွန့် လွှတ်လိုက်ပြီဆိုတာ အားလုံးရဲ့ရှေ့မှာကြေညာတယ်”

“ဟာ မိနန်းမြတ်”

“အဖေ သမီးရယ် အမေရယ် မောင်လေးရယ်ကို ဒုက္ခပေးတာ ဒီမှာတင်ရပ်ပါတော့အဖေရယ်၊ အဖေ ပြန်မလာပါနဲ့တော့”

“………”

“အဖေဆက်ပြီး နှိပ်စက်နေဦးမယ်ဆိုရင် သက်ဆိုင်ရာကိုတိုင်ဖို့လည်းစီစဉ်ထားတယ်အဖေ”

“ဘာ မိနန်းမြတ် နင်”

“ပတ်ဝန်းကျင်ကအဖေ့အကြောင်းတွေ အဖေဆိုးတာတွေအားလုံးသိတယ်၊ အမေလည်း အဖေ့ကိုခွင့်လွှတ်နိုင်တော့မှာ မဟုတ်ဘူး၊ အဲဒီတော့ အဖေသမီးတို့ဆီကိုနောက်ထပ်လုံးဝမလာပါနဲ့တော့လို့သမီး အဖေ့ကိုလာပြောတာ”

နန်းမြတ်အဲဒီလိုမပြောသင့်မှန်းသိတာပေါ့။ ဒါပေမဲ့ အခြေအနေကမပြောလို့မဖြစ်တော့။ အမေနဲ့မောင်လေး ဒုက္ခရောက် တာကိုဆက်ပြီးမကြည့်ရက်နိုင်တော့။ မောင်လေးအခြေအနေက ဒီထက်ပိုဆိုးလာရင် စိတ်ရောဂါရသွားဖို့ပဲရှိတော့တာ။ အမေကလည်း သားသမီးတွေကိုသာမပြောတာ။ စိတ်ထဲမှာ ဘယ်လောက်တောင်များ ကျိတ်မှတ်ခံစားနေရလိမ့်မလဲ။

“အေး မိနန်းမြတ်၊ နင်ကပြောချင်ရာပြောပြီးတော့ ငါလည်းပြောရတော့မှာပေါ့၊ နင်ပြောတာငါဘာမှ မလုပ်ပေးနိုင်ဘူး၊ နင့်အမေကိုလည်းငါကွာမပေးနိုင်ဘူး၊ နင်တို့ငါ့ကိုပြတ်စဲနိုင်တာသေချာလား၊ နင့်အမေကရော ငါ့ကိုပြတ်စဲနိုင်လို့လား မေး ကြည့်လိုက်”

“ကျွန်မ ရှင့်ကိုပြတ်နိုင်တယ်”

အမေ့ရဲ့ကြည်လင်ပြတ်သားတဲ့အသံကြောင့် နန်းမြတ်ပိုအားတက်သွားရပြီ။ ဒါတွေအမေသိနေခဲ့ပြီပေါ့။ အမေနဲ့အတူ အသိ ရပ်ကွက်လူကြီးတစ်ချို့ပါပါလာသည်။

“လောကကြီးမှာရှိတဲ့ အရာရာတိုင်းကကန့်သတ်ချက်ရှိတယ်၊ ရှင့်အပေါ်အရာရာအကောင်းဆုံးဖြစ် အောင်ဆောင်ရွက်ပေး ခဲ့တဲ့ ကျွန်မရဲ့အတိုင်းအတာကလည်းကန့်သတ်ချက်ကျော်ခဲ့ပြီ၊ အဲဒီတော့ ရှင် ကွာရှင်းစာချုပ်မှာလက်မှတ်ထိုးဖို့ လူကြီး တွေပါတစ်ခါတည်းခေါ်လာခဲ့တယ်”

နန်းမြတ်ဘဝမှာ အမေ့ရဲ့ပြတ်သားနိုင်မှုကိုပထမဆုံးတွေ့လိုက်ရတာပါပဲ။

“ရှင့်ရဲ့တာဝန်မကျေပြွန်မှု သစ္စာဖောက်ပြားမှုအတွက် ကျွန်မကိုကွာရှင်းမပေးနိုင်ဘူးလို့ရှင်ပြောနိုင်သေးရင်တော့ ရှင့်ကို ခွင့်လွှတ်ပေးနိုင်တဲ့သူ ဒီကမ္ဘာမှာရှိတော့မှာမဟုတ်ဘူး”

အဖေ ဘာမှမပြောနိုင်တော့။ အရာရာဟာ အဖေ့အလွန်မို့ လူကြီးတွေနဲ့တစ်ခါတည်းချည်ပြီးတုတ်ပြီး ဖြစ်အောင်ခေါ်လာခဲ့ တာမို့ ငြင်းလို့မရတော့ပါ။ မတတ်သာတဲ့အဆုံး အဖေလက်မှတ်ထိုးပေးခဲ့ပါသည်။ ဒါပေမဲ့ မကျေနပ်ရိပ်တွေနဲ့။

နောက်ဆုံးထိ နောင်တမရခဲ့တဲ့အဖေ့ကို နန်းမြတ်စိတ်နာလိုက်တာ။ အဲဒီအိမ်ကထွက်လာခါနီးပြောဖြစ်အောင်ပြောခဲ့ လိုက်သည်။

“အဖေ့ကို သမီး အရမ်းစိတ်နာတယ် သိလား”

အဖေ့ကိုပြောရုံနဲ့အားမရသေးပါ။ နန်းမြတ်ဆောင့်ကန်လိုက်လို့ လဲကျသွားတဲ့နေရာကနေမထနိုင်သေးတဲ့ ဟိုမိန်းမဆီ ကိုသွား လက်ညိုးငေါက်ငေါက်ထိုးပြီးရင်ထဲက မကျေနက်ချက်တွေဖွင့်ထုတ်ပစ်လိုက် သေး၏။

“ကိုယ့်တစ်ဝမ်းတစ်ခါးအတွက် သူတစ်ပါးအသိုက်အမြုံကိုပြိုကွဲအောင်လုပ်တယ်၊ သူများမိသားစုကို မျက်ရည်ကျ အောင်လုပ်တယ်၊ နင့်လိုမိန်းမမျိုး ဘဝကူးကောင်းပါစေ၊ အရာရာအဆင်ပြေပါစေလို့ပဲ ငါ ဆုတောင်းပေးတယ် သိလား”

အဲဒီအိမ်လေးထဲကနေ နန်းမြတ်နဲ့အမေ နှစ်ယောက်သားထွက်လာတော့ စိတ်ထဲမှာပေါ့ပါးလတ်ဆတ် နေခဲ့တာသေချာတာပေါ့။ သားအမိနှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်တင်းကြပ်စွာပင်ဆုတ်ကိုင်လို့။ အဲဒီလက်တွေထဲမှာ နွေးထွေးမှုတွေအပြည့်။ သားအမိသုံးယောက်ရဲ့အနာဂတ်ကို ပျော်ရွှင်စရာကောင်းတဲ့လမ်းအဖြစ် တည်ဆောက်မယ် အေးချမ်းတဲ့ဘဝဆီကိုလျှောက်လှမ်းကြတော့မယ်ပေါ့။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx