(၁၂)
ကိုဖြိုးက ကောင်မလေးတစ်ယောက်နဲ့ဖောက်ပြန်နေသတဲ့။ ဘုရား၊ ဘုရား နှင်းအံသြလိုက်တာ။ အဲဒီသတင်းကဖြစ်နိုင်ပါ့ မလား။ သူတို့နှစ်ယောက်အပြန်အလှန်ပြောနေတဲ့စကားအရတော့ ဘယ်သူကမှန်နေသလဲမပြောတတ်။ ကိုဖြိုးကမဟုတ် ကြောင်း အတင်းငြင်း၊ သိမ့်သီတာက ဟုတ်မှန်ကြောင်းအခိုင်အမာပြော အိုး ဘယ်သူ့စကားယုံရမလဲမသိတော့ပါ။
“ဘယ်သူက မြှောက်ပေးလိုက်လို့ အဲဒီလိုမဟုတ်မမှန်သတင်းတွေနဲ့ငါ့ကိုစွပ်စွဲရတာလဲ သိမ့်သီတာ၊ မင်းငါ့သိက္ခာကိုအရမ်း စော်ကားလွန်းတယ်၊ ငါမင်းအပေါ်သစ္စာရှိရှိပေါင်းနေတာပဲ”
ကိုဖြိုးက ဒေါသသံတစ်ရွှီးရွှီးနဲ့မိန်းမဖြစ်သူကိုရှင်းပြနေသည်။ သူတို့ရဲ့တိုက်ပွဲက နှင်းတို့နှစ်ယောက်ဝင်လာတော့မှ အနည်း ငယ်ငြိမ်သက်သွားလေသည်။ အိုးခွက်ပန်းကန်တွေက ကြမ်းပြင်မှာပြန့်ကြဲလို့။
“မဟုတ်မမှန်ဘဲနဲ့ကျွန်မ မပြောဘူး၊ သေချာလို့ပြောရတာ”
“အေး၊ ဘယ်လောက်သေချာသလဲ၊ ငါမင်းယောင်္ကျားကာယကံရှင်ကိုယ်တိုင်ပြောတာလောက်သေချာသလား ကဲ”
“ရှင်က အမှားကျူးလွန်ထားတဲ့သူလေ၊ ဘယ်လိုလုပ်ဝန်ခံမှာလဲ”
“ဟာ၊ မဟုတ်ပါဘူးလို့ပြောပြီးပြီကွာ”
“ဟုတ်တယ်ဆိုတာ ကျွန်မသိပြီးပြီ ကိုဖြိုး”
“အာ၊ ဒီမိန်းမတော့”
နှင်းတို့ဝင်တားရလေသည်။ လင်မယားရန်ဖြစ်တာမတားကောင်း၊ ကြားသုံးကြားမဝင်ကောင်းဆိုပေမယ့် နှင်းကဒီမှာခဏ တာတည်းခိုရတဲ့သူဆိုတော့ နှင်းရှိနေတဲ့အချိန်မှာအားလုံးကိုပြေပြေလည်လည်ပဲဖြစ်နေချင်သည်။ ကိုဖြိုးကသိမ့်သီတာကို ရိုက်ဖို့လက်ရွယ်လိုက်စဉ်မှာပဲ သူ့ရဲ့တားသံကကျယ်လောင်စွာထွက်ပေါ်လာလေ၏။
“မလုပ်နဲ့”
စိုင်းလုံရဲ့တားဆီးသံကဒေါသနဲ့အော်လိုက်တာတော့မဟုတ်ပါ။ တစ်စုံတစ်ရာကိုကြောက်ကြောက်နဲ့လန့်အော်တာ မျိုးလို ဖြစ်နေတော့ နှင်းရော၊ ဟိုလင်မယားနှစ်ယောက်ပါကြောင်ကြည့်လိုက်ကြသည်။ သူ့ဆီမှာ ကြောက်ရွံ့နေတဲ့အကြည့်စိမ်းစိမ်း တွေကို မြင်လိုက်ရလေ၏။
နှင်းတို့ကြောင်သွားတာကို သူခဏချင်းမှာပဲရိပ်မိပုံရသည်။ သူ့ပုံစံကိုဟန်မပျက်ဆက်ထိန်းလိုက်သည်။ ပြီးတော့ဘာမှမဖြစ် သလို အမူအရာနဲ့….
“အေး၊ ဆောရီး ငါနင်တို့ပြသနာမဖြစ်စေချင်တဲ့စိတ်နဲ့အော်လိုက်မိတာပါ”
ဆိုပြီး ရယ်ကျဲကျဲနဲ့ပြောသည်။
သူဘာဖြစ်သွားလဲဆိုတာကိုတော့ နှင်းရိပ်မိပြီးဖြစ်ပါသည်။ အဲဒီလိုမြင်ကွင်းမျိုးကို သူ မနှစ်မြို့ပါ။ သူကြောက်လည်း ကြောက်သည်။ အဲဒီလိုမြင်ကွင်းမျိုးကို စိုင်းလုံရင်ထဲမှာ ဘာဖြစ်သွားမလဲဆိုတာကို သိမ့်သီတာတို့လင်မယား နားလည်ချင် မှ နားလည်ကြလိမ့်မည်။
“လင်မယားနှစ်ယောက်ကြားမှာ ပြသနာတစ်ခုဖြစ်လာရင် လက်မပါတဲ့ဖြေရှင်းနည်းနဲ့ပဲဖြေရှင်းကြစေချင်တယ်ကွာ၊ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင် သူများထက်ပိုပြီးတဲ့ သံယောဇဉ်အတိုင်းအတာတစ်ခုတော့ရှိတတ်ကြတာပဲမဟုတ် လား၊ ပြေပြေလည်လည်ဖြေရှင်းကြပါကွာ”
သူအသံတိုးတိမ်တိမ်လေးမှာ အားလုံးငြိမ်သက်စွာနားထောင်နေဖြစ်ကြ၏။
“ကိုယ့်အပေါ်သစ္စာမရှိဘဲဖောက်ပြန်နေတဲ့ယောင်္ကျားကို အေးအေးတည်ငြိမ်စွာနဲ့သည်းခံဖို့မဖြစ်နိုင်ဘူး စိုင်းလုံရယ်၊ ငါ အတတ်နိုင်ဆုံးသည်းခံနေခဲ့တယ်၊ တစ်ခါနှစ်ခါကြားရုံနဲ့ငါခွင့်လွှတ်နိုင်ခဲ့တယ်၊ အခုဟာကသေချာသလောက်ဖြစ်နေလို့ သူ့ ကိုငါ ဟုတ်လားလို့မေးတာ၊ မဟုတ်ရင် မဟုတ်ဘူးလို့ဖြေရုံပေါ့၊ အခုဟာက သိက္ခာကိုစော်ကားတယ်ဘာညာနဲ့ရန်ပြန်တွေ့ တော့ ပြသနာကကြီးတာပေါ့”
သိမ့်သီတာက ငိုကြီးချက်မနဲ့ သူ့ကိုလှမ်းတိုင်သည်။ သူရော နှင်းရော စိတ်မကောင်းစွာကြည့်ရုံမှအပ ဘာမျှမတတ်နိုင်။ လင်မယားကြားကပြသနာမို့ ဘာပြောလို့ပြောရမှန်းမသိ။ တကယ်ပဲ ကိုဖြိုးကဖောက်ပြန်နေတာလား သံသယတော့ဖြစ်စ ရာပေါ့လေ။
“မနာလိုတဲ့သူတွေ ငါတို့ကိုမကြည်ဖြူတဲ့သူတွေပြောတဲ့စကားကိုယုံရလောက်အောင်မင်းဦးနှောက်မရှိဘူးလားကွ ဟင်၊ ငါ့ သိက္ခာကိုစော်ကားတဲ့အဖြစ်ကိုတော့ ငါဘယ်လိုမှသည်းခံနိုင်မှာမဟုတ်ဘူး”
“အကြောင်းကိစ္စတစ်ခု လူပြောများလာပြီဆိုရင် အနည်းနဲ့အများတော့မှန်တာပဲ၊ လုံးဝမဟုတ်ဘဲနဲ့တော့ ဒီသတင်းကမ ထွက်နိုင်ဘူး၊ နေရင်းထိုင်ရင်းကောလဟာလထွက်လာအောင်အကြောင်းရင်းက ဘာလဲ ရှင်က နိုင်ငံကျော်ရုပ်ရှင်မင်းသား လား၊ နာမည်ကြီးအဆိုတော်လား”
“ဟာကွာ မင်း ပြောရင်း ဆိုရင်းကဲလာပြီ ငါလက်ပါမိတော့မယ်၊ တော်ကွာ”
ကိုဖြိုးက ဆူဆောင့်ရင်း အပြင်ကိုထွက်သွားတော့သည်။ ဆိုင်ကယ်သော့ယူနေတာရယ်၊ အဝတ်အစားတစ်စုံကိုအိတ်ထဲ ကောက်ထည့်သွားတာရယ်ကိုပါတွေ့လိုက်ရ၏။
နှင်းနဲ့စိုင်းလုံရှိနေတာကြောင့် အားနာကာအပြင်ကိုရှောင်ထွက်သွားတာမှန်းသိလိုက်သည်။
“ဘယ်လိုဖြစ်ကြတာလဲ သိ့်မ်သီတာရယ်၊ ရုတ်တရက်ကြီး”
ကိုဖြိုးထွက်သွားတော့မှ သိမ့်သီတာက တရှုံ့ရှုံ့ရှိုက်ငိုလာသည်။ နှင်း သူ့ကိုသေချာကြည့်မိလိုက်သည်။ သူကြောက်နေတဲ့ပုံ တော့ မရှိတော့ပါ။ ကိုဖြိုးက သိမ့်သီတာကိုရိုက်တော့မယ့် မြင်ကွင်းမျိုးကို သူကြောက်နေမယ်လို့နှင်းသိထားပေမယ့် အခုချိန်မှာ တော့ သူ့ပုံစံကအေးအေးလူလူပြန်ဖြစ်နေလေသည်။ ကြောက်ရွံ့နေတဲ့အကြည့်စိမ်းစိမ်းလုံးဝကွယ်ပျောက်ခဲ့ပြီ မှန်းသေချာတော့ နှင်းစိတ်ချမ်းသာသွားလေသည်။
ဒါပေမဲ့ သိမ့်သီတာစိတ်ဆင်းရဲနေမှန်းမြင်နေရာတော့ စိတ်မကောင်းပြန်။
“အေး၊ သူတို့အလုပ်ဘေး နဂါးမောက်ခြံကကောင်မလေးတဲ့”
ကိုဖြိုးကို ကုန်ရောင်းကုန်ဝယ်ဒိုင်တစ်ခုမှာအလုပ်လုပ်တယ်လို့ နှင်းသိထားသည်။ မန္တလေး ကနေကုန်ပစ္စည်းတွေဝယ်ပြီး ကျောက်မဲကနေတစ်ဆင့် သီပေါ၊ လာရှိုးအထိဖြန့်သည်။ လာရှိုးကနေလူသုံးကုန်တွေမှာပြီးမန္တလေးဘက်ကိုလည်းဖြန့် သည်။ ကိုဖြိုးအလုပ်က တစ်ခါတစ်လေ ညဖက်ကုန်ကားအဝင်အထွက်တွေစောင့်ရတာမျိုးလည်းရှိသည်။ အလုပ်ချိန်က တစ်နေကုန် တစ်နေခန်းမို့ အိမ်ပြန်လာတဲ့အချိန်ကအိပ်ချိန်ပဲရှိတော့ မိန်းမဖြစ်သူနဲ့အနေဝေးနေသလိုပင်။
သိမ့်သီတာကလည်း ယောင်္ကျားဖြစ်သူအလုပ်ဆီကို လိုက်သွားတာမျိုး။ ထမင်းချိုင့်သွားပို့တာမျိုး ဘယ်တော့မှမရှိ။ အိမ်အ လုပ်တွေလုပ်ရင်းပျော်မွေ့နေသူဖြစ်သည်။ နှင်းကိုလည်း သူနဲ့အိမ်မှာအေးအေးဆေးဆေးနေဖို့ ရန်ကုန်ကနေလာခဲ့ဖို့လှမ်း ခေါ်တာ ကြာပြီ။ နှင်းရောက်လာတော့လည်း ဘယ်ကိုမှလိုက်မပို့ဘဲ အိမ်မှာစကားပြော မုန့်လုပ်စားရင်းနဲ့အဖော်ပြုနေချင် တာဖြစ်သည်။
“နင်ကဘယ်လိုလုပ်သိတာလဲ”
အဲဒီလို အိမ်တွင်းပုန်းသိမ့်သီတာကို ဘယ်သူကများ ယုံကြည်အောင်ပြောလိုက်တာပါလိမ့်။
“ငါ့အဒေါ်တစ်ယောက်ပြောပြတာ”
“အင်း ဆိုစမ်းပါဦး”
သိမ့်သီတာကလည်း သူများစကားကို အလွယ်တကူယုံကြည်မယ်လို့ နှင်းမထင်မိပါ။
“သူက အဲဒီနဂါးမောက်ခြံနဲ့ခင်တယ်လေ၊ အမြဲတမ်းအဝင်အထွက်ရှိတယ်၊ အဖေ့ဘက်ကအမျိုးတွေနဲ့ငါနဲ့ကသိပ်ရင်းရင်းနှီး နှီးမနေပေမယ့် အမျိုးတွေအားလုံးကငါ့ကိုချစ်ကြတယ်၊ ငါ့အဒေါ်က သူ့ကိုငါ့ယောင်္ကျားမှန်းမင်္ဂလာဆောင်မှာကတည်းက မှတ်မိပြီးသား၊ သူကသာမသိတာ၊ အဲဒီကောင်မလေးက သူ့အတွက်ထမင်းချိုင့်ထည့်လာတယ်၊ နေ့ခင်းထမင်းတူတူစားကြ တယ်၊ သူကြိုက်တဲ့ ဝက်သားချဉ်ကိုလည်းခဏခဏလုပ်လာပေးတယ်တဲ့၊ အေး ပြီးတော့ အလုပ်ပါးတဲ့နေ့ဆိုကောင်မလေး နေတဲ့အိမ်ကို သူကလိုက်လိုက်သွားတယ်လို့ကြားတယ်”
“ညဖက်လား”
“ဟဲ့၊ နေ့ခင်းဖက်ပေါ့၊ ညဖက်က အိမ်ပြန်လာတယ်လေ၊ ငါအယုံအကြည်မပျက်အောင်”
“အဲဒါတွေအမှန်ချည်းပဲလို့ နင်ထင်လား”
“အေး စစကြားချင်းတုန်းကတော့ ဘယ်ထင်မလဲ၊ ငါ့ယောင်္ကျားကလူရိုးကြီးလို့ငါကထင်ထားတာကိုး၊ နောက်တော့ အဒေါ် က ခဏခဏဖုန်းဆက်ပြောတယ်၊ လိုက်သွားကြည့်ဖို့လည်းပြောတယ်၊ စုံစမ်းဖို့လည်းသတိပေးတယ်၊ အဲဒါနဲ့ငါတစ်ဖြည်း ဖြည်းချင်း သူနဲ့အနီးတစ်ဝိုက်ကလူတွေကို အစ်နေတာ မနေ့ကမှသေချာသွားလို့ သူ့ကိုမေးလိုက်တာ၊ နင်တို့မြင်တဲ့အတိုင်း ပဲ အနာပေါ်လည်း တုတ်ကျရော၊ ငါ့ကိုရန်သူကြီးလို ဆက်ဆံတာလေ၊ တော်သေးတာပေါ့ နင်တို့လာလို့ နို့မို့ဆိုငါ့ကိုရိုက် ဟယ်နှက်ဟယ်လုပ်ဦးမယ်”
“အဲလိုလည်းမဟုတ်ဘူးလေ သိမ့်သီတာရာ၊ နင်အခုမျက်မြင်ကိုယ်တွေ့မဟုတ်သေးဘဲနဲ့သူ့ကိုအဲလိုပြောလို့မရဘူး၊ လုံး၀ မဟုတ်ခဲ့ဘူးဆိုရင် နင့်ယောင်္ကျားဘယ်လောက်ရှက်သွားမလဲ စဉ်းစားကြည့်”
စိုင်းလုံ က ကိုဖြိုးအတွက်စဉ်းစားပေးသည်။
“အေး ဟုတ်တယ် သိမ့်သီတာ၊ ဒါနဲ့ ဒီအကြောင်းကိုနင်ငါ့ကိုမပြောပြခဲ့ဘူးနော်”
“ကိုယ့်ယောင်္ကျားဖောက်ပြန်နေတဲ့အကြောင်းကိုဘယ်ပြောချင်ပါ့မလဲသူငယ်ချင်းရယ်၊ မဟုတ်ရင်ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတာဖြစ်မနေဘူးလား၊ အဲဒါကြောင့်ပါ၊ အခုတော့ ဟုတ်တယ်ဆိုတာငါ့စိတ်ထဲမှာသေချာသလိုဖြစ်နေပြီ၊ အဲဒီတော့ ငါလုပ်စရာတစ်ခုပဲရှိတော့တယ်”
“ဘာလဲ”
“လိုက်သွားဖို့လေ”
“ဘယ်တော့လဲ”
“မနက်ဖြန်ပေါ့”
“ဟင်၊ ဟိုက နင်မလိုက်လာဘူးလို့ထင်မယ်တဲ့လား၊ နင်လိုက်လာမယ်အောက်မေ့ပြီးအလုပ်မှာပဲတစ်နေကုန်နေမှာပေါ့၊ နင် တို့နှစ်ယောက် အခုလိုပြသနာတက်ထားတော့ သူဆင်ဆင်ခြင်ခြင်နေမယ့်အချိန်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လေ”
“ဟင့်အင်း၊ ငါဒီညနေ ပြင်ဦးလွင်ကိုထွက်သွားတယ်၊ သုံးရက်လောက်ကြာမယ်ဆိုပြီး သူ့အလုပ်ကလူတွေသိအောင်သတင်း လွှင့်လိုက်မယ်၊ အဲဒါဆို သူမရိပ်မိနိုင်ပါဘူး၊ ပြီးတော့ ခုနကမတွေ့ဘူးလား အကျီၤကောက်ထည့်သွားတာ၊ သူတစ်ညနှစ်ည တော့ အိမ်ပြန်လာမှာမဟုတ်ဘူး၊ သေချာတယ်”
“နင့်ဟာကသေချာလှချည်လားဟာ၊ ကြည့်ကျက်လည်းလုပ်ဦး”
“ငါ့ယောင်္ကျားကိစ္စငါပိုင်ပါတယ်၊ နင်စောင့်ကြည့်နေပါ”
စိုင်းလုံက ဘာမှဝင်မပြောတော့။ နှင်းတို့နှစ်ယောက်အပြန်အလှန်ပြောနေကြတာကိုပဲဂရုတစိုက်နားထောင်ပေးသည်။ အင်း လေ၊ သူတို့လင်မယားနှစ်ယောက်အကြောင်းကို သူတို့အချင်းချင်းပဲအသိဆုံးပေါ့။ သိမ့်သီတာလုပ်ချင်တာကို နှင်းတို့က တတ်နိုင်သမျှကူညီပေးတာကလွဲရင် ဘာလုပ်နိုင်မှာလဲ။
“မနက်ဖြန်နင်ဘယ်ကိုလိုက်သွားမှာလဲ”
“ဟိုကောင်မလေးရဲ့အိမ်”
“ဟင်”
နှင်းနဲ့စိုင်းလုံ တစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည်။ သိမ့်သီတာက တောင့်(ဒေါင့်) စေ့ပတ်စေ့စုံစမ်းပြီးသား ဖြစ်နေမှန်းလည်းရိပ်မိလိုက်သည်။
“ငါ့မျက်စိနဲ့တပ်အပ်တွေ့လို့ကတော့ အဲဒီနေရာမှာတင်တစ်ခါတည်းကွာရှင်းခဲ့မယ်၊ အဲဒီလိုသစ္စာမရှိတဲ့လူကိုတစ်သက်လုံး မပေါင်းဘူး”
“နေပါဦး သိမ့်သီတာရယ်၊ ဒေါသချည်းပဲရှေ့မထားစမ်းပါနဲ့၊ မနက်ဖြန်နင်သွားတဲ့ဆီကို ငါတို့လည်းလိုက်ခဲ့မယ်၊ ပြီးမှအတူ တူ ဆုံးဖြတ်ကြတာပေါ့ဟာ”
“ဟုတ်တယ်၊ စိုင်းလုံပြောတာမှန်တယ်သူငယ်ချင်း၊ ငါတို့ နင့်အနားမှာတူတူရှိနေရမယ်”
သိမ့်သီတာခေါင်းညိတ်လိုက်သည်။ နှင်းတို့သူ့ကိုအတတ်နိုင်ဆုံးကူညီရမည်။ တကယ်လို့ဟုတ်နေသည့်တိုင်အောင်ပြေ လည်အောင် ညှိနှိုင်းရမည်။ စိုင်းလုံပြန်တော့ နှင်းခြံဝအထိလိုက်ပို့ဖြစ်ပါသည်။ စိုင်းလုံက သူ့ဝသီအတိုင်း နှင်းကိုစိတ်ချမ်း သာစရာစကားလုံးလေးတွေနဲ့နှုတ်ဆက်စကားဆိုသည်။
“ကျွန်တော့်ဘဝထဲကိုနှင်းရောက်လာတဲ့အခါ အဲဒီလိုအဖြစ်မျိုးလုံးဝမရှိစေရဖို့ကတိပေးတယ်နှင်း”
သူ့နှုတ်ဖျားကနှင်းအတွက် စကားချိုချိုတွေချည်းပဲပြောတတ်တော့ နှင်းကျေနပ်လို့မဆုံးနိုင်အောင်ပင်။
“အပြောကောင်းတယ်နော်၊ ရှမ်းတိုင်းရင်းသားလေး”
“နှင်းတစ်ယောက်တည်းအတွက်ပြောတာပါဗျာ”
“အင်း၊ နှင်းကလက်တွေ့ကျအောင်လုပ်ပြတာကိုပိုကြိုက်တယ်စိုင်းလုံ”
“နှင်း ကျွန်တော့်ကိုချက်ချင်းလက်ထပ်မယ်ဆိုရင်ပေါ့”
အဲဒီစကားလေးကြားလိုက်ရတော့ ပုံမှန်ထက်အဆပေါင်းများစွာရင်ခုန်မိသွားလေသည်။ ဆိုင်ကယ်ပေါ်တက်ရင်းနှင်းကို တာ့တာလို့လက်လှမ်းပြတော့ နှင်းပြန်မပြနိုင်အောင်မှင်သက်သွားမိ၏။
သူ့ရဲ့ကြင်နာတတ်တဲ့အပြုအမှုတွေကြားမှာ နှင်းတစ်ယောက်ပျော်ဝင်စီးမျောရင်း စိုင်းလုံဆိုတဲ့ရှမ်းတိုင်းရင်းသားလေးတစ် ယောက်ကို သံယောဇဉ်ကြိုးတွေခိုင်မြဲသည်ထက်ခိုင်မြဲလာခဲ့မိတာ အသေအချာပင်။ ဒါပေမဲ့ အဲဒီနေ့က နှင်းခဏတာ တည်းခိုရတဲ့အိမ်ရှင်သူငယ်ချင်း သိမ့်သီတာ ရဲ့အခြေအနေကိုလည်း တစ်ဖက်ကစိုးရိမ်မိရင်း အပြည့်အဝစိတ်မချမ်း သာနိုင်ခဲ့ပါ။ နောက်တစ်နေ့ဘာဖြစ်မလဲဆိုတာတွေးရင်း။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx