မြစိမ်းရောင်လွင်ပြင် အပိုင်း (၁၆)

(၁၆)

“ နှင်း ဟိုးမှာကြည့်လိုက်”

သူ ညွှန်ပြရာဆီကို နှင်းလိုက်ကြည့်မိသည်။

“အိုး လှလိုက်တာ”

စိတ်ရှုပ်စရာ၊ တွေးစရာတွေကို နှင်းခဏတာမေ့သွားခဲ့သည်။ သစ်ပင်သစ်တောအုပ်မှိုင်းညှို့ညှို့တွေကြားမှာ အိမ်ခေါင်မိုးဖြူ ဖြူတွေက အစီအရီထင်ရှားစွာ၊ ပြီးတော့ ဒီဒေသရဲ့နေရာတိုင်းမှာတွေ့နေရတဲ့တောင်အထပ်ထပ်တွေ။ အဲဒီမြင်ကွင်းကိုပိုပြီး လှအောင် ဖန်တီးပေးလိုက်တာက ကောင်းကင်ပြာနဲ့ တိမ်တွေ။ ဒီလိုမြင်ကွင်းမျိုးနဲ့ခပ်ဆင်ဆင်ကို ကျောက်မဲမှာလည်းတွေ့ ရပေမယ့် ကျောက်မဲနဲ့မတူတဲ့မြင်ကွင်းတစ်ခုလည်းရှိနေသည်။ ဒုဌဝတီမြစ်။ မြို့ဘေးပတ်ပတ်လည်မှာ မြစ်လေးကကြည် လင်စွာ ကွေ့ပတ်စီးဆင်းနေလေသည်။ ပြီးတော့ တိမ်တွေ၊ တိမ်တွေက နှင်းရှိနေတဲ့နေရာနဲ့ ပိုနီးသလိုခံစားရ၏။

“ဒါ တိမ်တောင်လို့ ခေါ်တဲ့နေရာပဲ နှင်း၊ မနက်စောစောဆို တိမ်တွေကို မလှမ်းမကမ်းမှာမြင်ရတယ်တဲ့၊ တိမ်တွေနဲ့အနီး ဆုံးနေရာမှာ ရှိနေရလို့ တိမ်တောင်လို့ခေါ်ကြတာနေမှာပေါ့၊ အမှန်တော့ ဒါကမြို့မြင်ကွင်းအားလုံးကိုမြင်ရတဲ့ City View တစ်ခုပါပဲ”

“အင်းနော်၊ သီပေါမြို့ကို အပေါ်ကနေစီးမြင်နေရတာပဲ”

သူ နှင်းကို သီပေါမြို့လေးဆီကိုအရောက်ခေါ်လာခဲ့တာပင်။ တိမ်တောင်တဲ့။ နာမည်နဲ့လိုက်တာပေါ့။ ဒီနေရာတက်လာတဲ့ လမ်းတစ်လျှောက်မှာ နေပြောက်ကိုခပ်မှိန်မှိန်သာတွေ့ရတဲ့သစ်တောအုပ်လေးတွေကိုဖြတ်ခဲ့ရသည်။

တောင်ပေါ်ဘုရားကိုလည်း ကြည်ညိုဖွယ်ကောင်းလှစွာဖူးမျှော်ရ၏။

ဒီလိုအခြေအနေမျိုးမှာ လျှောက်လည်ဖို့လိုက်ပို့ပါလို့ သူ့ကိုတောင်းဆိုရတဲ့အရေးကြီးအကြောင်းရင်း တစ်ခုခုရှိနေမှာ သေချာမှန်း သူရိပ် မိချင်ကောင်း ရိပ်မိမှာပေါ့။ သိမ့်သီတာက ကိုဖြိုးဘေးနားမှာပဲစောင့်ပေးနေရပြီး နှင်းကတော့အိမ်စောင့် သဘောမျိုးနဲ့အိမ် နဲ့ဆေးရုံခေါက်တုန့်ခေါက်ပြန်သွားလာနေရသည်။ ဆိုင်ကယ်ကလည်း မစီးတတ်တာမို့နှင်းအတွက်တော့ စိုင်းလုံဟာဘယ် သွားသွားမရှိမဖြစ်ပင်။

“အလျင်မလိုနဲ့ နင်သွေးအေးရမယ် နှင်း”

နှင်းကိုယ့်ကိုကိုယ်သတိပေးထားတာ သူ့ကိုအေးဆေးဆိတ်ငြိမ်တဲ့တစ်နေရာကိုလိုက်ပို့ပေးဖို့တောင်းဆိုလိုက်သည်။

နှင်း သူ့ကိုစကားပြောရမည်။ မေးခွန်းတွေမေးရမည်။ သူ့မျက်နှာကိုတွေ့လိုက်တာနဲ့ နှင်းမေးခွန်းမေးချင်စိတ်တွေတဖွဖွပေါ် လာလေသည်။ ဒါပေမဲ့ အတတ်နိုင်ဆုံးချုပ်တည်းထားလိုက်မိ၏။ အခြေအနေနဲ့အချိန်အခါတစ်ခုကိုစောင့်ရမည်ပေါ့။

“နှင်း စိတ်တွေအရမ်းရှုပ်နေတယ်၊ စိုင်းလုံကိုမေးစရာပြောစရာတွေလည်းရှိတယ်၊ အေးအေးဆေးဆေးဖြစ်မယ့်တစ်နေရာ ကိုလိုက်ပို့ပေးပါ” လို့သူ့ကိုတောင်းဆိုတော့ သူကမငြိုမငြင်ပင် ပြင်ဆင်ပေးသည်။ စိုင်းလုံဟာ နှင်းနဲ့ပတ်သက်လာရင်အရာ ရာ အဆင်သင့်ဖြစ်အောင်လုပ်ပေးချင်နေတဲ့ ချစ်သူလေးပါပဲ။ ဒါပေမဲ့။

“ကျွန်တော်နားလည်ပါတယ်နှင်း၊ အပြောင်းအလဲလေးဖြစ်အောင် နှင်းကိုလိုက်ပို့ပေးမယ့်တစ်နေရာ စဉ်းစားထားတယ်” လို့ သူကဆိုပြီး သူ့သူငယ်ချင်းအသိတစ်ယောက်ရဲ့အကူအညီနဲ့ သီပေါမြို့လေးဆီကိုရောက်လာခဲ့ကြပါသည်။ သူကတော့ နှင်း ကိုလိုက်ပို့ရရင် ကျေနပ်နေသူပီပီ သိသလောက်မှတ်သလောက် ရှင်းပြပေးနေသည်။ နှင်း ဒီကိုစိတ်အပန်းဖြေလာတာမ ဟုတ်ဘဲ သူ့ကိုစကားပြောဖို့ဆိုတာကိုမေ့လျောအောင်များလုပ်နေသလား။

“သီပေါကိုရောက်ရင်တော့ မဖြစ်မနေသွားသင့်တဲ့နေရာတစ်ခုထဲမှာ တိမ်တောင်ကထိပ်ဆုံးလောက်မှာပါမယ်ထင်တယ် နှင်းရဲ့”

“အင်း၊ ဟုတ်လောက်ပါတယ်၊ ပြီးတော့ရော သီပေါမှာဘယ်နေရာတွေကအသွားသင့်ဆုံးလဲ”

“ကျွန်တော်သတ်မှတ်ထားတာကတော့ တိမ်တောင်ရယ်၊ ဘော်ကြိုဘုရားရယ်၊ သီပေါဟော်ရယ်၊ တုံခင့်ဘိုးဘိုးကြီးနတ်နန်း ရယ်ပေါ့၊ အစားဆိုရင် ဇာတ်စုရပ်က ကောက်ညှင်းကျဉ်တောက်၊ ဈေးကြီးထဲကအသားလုံးနဲ့ခေါက်ဆွဲပေါ့၊ ပြီးတော့”

သူက ပြီးတော့ ကိုအသံရှည်ဆွဲပြီး နှင်းစိတ်ဝင်စားအောင်လုပ်လိုက်လေသည်။

“ပြီးတော့ ဘာလဲ”

သူပြုံးလိုက်ကာ “အပျိုချော သီပေါ လို့ စာဆိုရှိတယ်လေ၊ သီပေါသူတွေချောတယ်လှတယ်ဗျ” လို့နှင်းကိုလေသံတိုးတိုး လေး ပြောလိုက်ပါသည်။ နှင်းသဝန်တိုကြောင်းပြဖို့ဟန်မဆောင်နိုင်ပါ။ သူ့ကိုအမေးချင်ဆုံးမေးခွန်းတွေကိုသာဖွင့်ဟချင်နေ မိလေသည်။

“အင်း၊ ဒါပေမဲ့ ရန်ကုန်သူကိုမမီလောက်ဘူးထင်တယ်နော်”

သူက နှင်းကမျက်စိလေးတစ်ဖက်မှိတ်ကာလှမ်းပြောလေသည်။ နှင်းက ပြုံးရုံသာပြုံးပြလိုက်တာမို့ တစ်ခုခုဖြစ်နေပြီဆိုတာ သူ သဘောပေါက်လိုက်ပါသည်။

“နှင်း ကျွန်တော့်ကိုပြောစရာရှိနေတယ် ဆို”

နှင်းစကားပြောချင်နေမှန်း၊ အောင့်မထားနိုင်တော့မှန်း သူအတပ်မြင်နေသည်။ နှင်းအပေါ်အမြဲ အရိပ်တကြည့်ကြည့် နဲ့ ရှိနေတတ်သူမို့ သူမသိဘဲမနေပါ။ နှင်းတို့ သီပေါကိုလာတဲ့လမ်းတစ်လျှောက်မှာလည်း သူ့ကိုဟက်ဟက်ပက်ပက်စကား မပြောခဲ့။ မေးသမျှတိုတိုတုတ်တုတ်ဖြေ၊ ရှင်းပြသမျှ အင်းလို့သာပြောပြီးနားထောင်ခဲ့တာ သူမရိပ်မိဘဲနေပါ့မလား။

“ဟုတ်တယ် စိုင်းလုံ”

သူကမေးလာတော့လည်း ပြောသင့်နေပြီဆိုတာ နှင်းသဘောပေါက်လိုက်သည်။ သာယာအေးချမ်းနေတဲ့ တိမ်တောင်မြင် ကွင်း၊ တဖြူးဖြူးတိုက်နေတဲ့လေပြေ၊ သပ္ပါယ်လှတဲ့ဘုရားရင်ပြင်။ ဒီနေရာ၊ ဒီအနေအထားနဲ့ သူနှင်းကိုမလိမ်ပါဘူး၊ စိုင်းလုံ ဟာနှင်းကိုဘယ်တော့မှ လိမ်ညာပြောဆိုမယ့်သူမဟုတ်ပါဘူး။ နှင်း အဲလိုပဲယုံကြည်လိုက်ပါသည်။

“နှင်း မေးတာမှန်မှန်ဖြေနော်”

သူခေါင်းညိတ်ပါသည်။

“ပြောလေနှင်း၊ ကျွန်တော်နှင်းကို မလိမ်ပါဘူး”

နှင်း ရဲ့အနွေးထည်အိတ်ကပ်ထဲက လက်စွပ်ကိုထုတ်ယူလိုက်ကာ သူ့ဆီကမ်းပေးလိုက်သည်။

“အဲဒါ စိုင်းလုံလက်စွပ်မှလား”

သူ လက်စွပ်ကိုသေချာကြည့်လိုက်၏။

“ဟင့်အင်း၊ ကျွန်တော့်လက်စွပ်မဟုတ်ဘူးနှင်း၊ ဒါကျွန်တော့်လက်စွပ်နဲ့တစ်ထေရာတည်းတူတယ် ဒါပေမဲ့ ကျွန်တော် ဝတ်နေကျဟာ မဟုတ်ဘူး”

သူငြင်းမယ်ဆိုတာတော့ နှင်းရိပ်မိပါသည်။ ချက်ချင်းတော့ အမှန်ကိုဘယ်ဝန်ခံပါ့မလဲ။

“ဒါဆို စိုင်းလုံဝတ်နေကျလက်စွပ် လက်ထဲမှာဝတ်ထားလား”

သူ့လက်ကိုသေသေချာချာကြည့်ထားခဲ့တာပေါ့။ အိမ်ကထွက်ကတည်းက စိုင်းလုံအမြဲဝတ်နေကျလက်စွပ်နေရာဆီကို ကြည့်ထားခဲ့ပေမယ့် လက်မှာလက်စွပ်ရှိမနေခဲ့ပါ။

“အော်၊ အင်း ဆေးပေါင်းချိုးတဲ့နေ့ကတည်းကချွတ်ထားပြီးပြန်ဝတ်ဖို့မေ့နေတာ”

“ဘယ်မှာလဲ၊ အဲဒါဆို၊ အဲဒီလက်စွပ်ဘယ်မှာလဲ စိုင်းလုံ”

နှင်းရဲ့လေသံ ပုံမှန်ထက်အနည်းငယ်မာကျောနေပါလိမ့်မည်။ သူအံအားသင့်နေသည်။ နှင်း သူ့ကိုရန်တွေ့မယ့်စကားပြော လိမ့်မယ်လို့ ဘယ်မျှော်လင့်ထားပါ့မလဲ။ တစ်ခုခုထူးခြားနေတာရိပ်မိပုံကလွဲရင် ဘာများဖြစ်လာမလဲဆိုပြီးတော့သာခန့်မှန်း ကောင်း ခန့်မှန်းနေမှာ။ အခုလို စွပ်စွဲချက်တွေတက်လာမယ်လို့ သူမျှော်လင့်ထားပုံမရ။

“ရှိတယ်နှင်း၊ ကျွန်တော့်ဆိုင်ကယ်ထိုင်ခုံအောက်ထဲမှာ ရှိတယ်”

နှင်းတို့ ဒီနေရာကိုဆိုင်ကယ်နဲ့လာတာမဟုတ်ပါ။ အဲဒီတော့ ချက်ချင်းကြည့်နိုင်မှာမဟုတ်။ သူလိမ်နေတာ။

“စိုင်းလုံ နှင်းကိုလိမ်တယ်”

“အာ၊ ကျွန်တော်….. ကျွန်တော်မလိမ်ဘူးနှင်း၊ နှင်းက ကျွန်တော်လိမ်ရမှာအကြောက်ဆုံးသူပဲလေ၊ နှင်းကိုကျွန်တော်မလိမ် ဘူးကွာ၊ တကယ်”

သူ လက်နှစ်ဖက်ကိုကာလျှက်ငြင်းနေလေသည်။

“စိုင်းလုံလက်ထဲမှာ ဒီလက်စွပ်ရှိနေရင် နှင်းယုံမိမှာ၊ အခုတော့ နှင်းမယုံဘူးစိုင်းလုံ၊ ရှင်လိမ်နေတာ၊ သိမ့်သီတာယောင်္ကျား ကိုဖြိုးကို အခုလိုဖြစ်အောင်ရှင်လုပ်တာ၊ ရှင့်လက်ချက်ပဲ”

နှင်း သူ့ကိုစွပ်စွဲလိုက်လေသည်။ သူမျက်လုံးတွေပြူးကာ အံအားသင့်နေလေ၏။

“ဟာ နှင်း၊ နှင်း ဘာကြောင့်အဲလိုပြောသလဲ ကျွန်တော်နားမလည်ဘူး၊ နှင်းပြောတာတွေကဘာတွေလဲနှင်းရယ်၊ ကျွန်တော့် ကို ဘာလို့အဲလိုစွပ်စွဲရတာလဲဟင်”

သူ နှင်းကို နူးညံ့စွာသိမ်းသွင်းလေသည်။

“ဒီလက်စွပ် စိုင်းလုံလက်ထဲမှာဝတ်မထားလို့ပဲ”

“အာ နှင်းရယ်၊ လက်စွပ်လေးတစ်ကွင်းဝတ်မထားရုံနဲ့ ကိုဖြိုးကိုကျွန်တော်က ဒုက္ခပေးခဲ့တဲ့သူဖြစ်သွားရောလား”

“ဟုတ်တယ်၊ ဒီလက်စွပ်ဟာ ကိုဖြိုးဆေးရုံကိုမရောက်ခင်တုန်းက သတိပြန်လည်လာတုန်းမှာပေးခဲ့တာ၊ သူနှင်းကိုတစ်ခုခု ပြောချင်နေတယ်၊ ဒါပေမဲ့ စကားပြောလို့မရဘူး၊ နှင်းနဲ့ပတ်သက်တဲ့လက်စွပ်မှန်း သူ့မျက်လုံးတွေကပြောနေတယ်၊ သူ့ကို ဒုက္ခပေးတဲ့သူဟာ နှင်းကောင်းကောင်းသိတဲ့သူမှန်း သူပြောချင်နေတယ်”

“ဒါပေမဲ့ နှင်းကျွန်တော့်ကိုမထင်သင့်ဘူးလေ၊ ကျွန်တော်က နှင်းအနားမှာပဲအမြဲတမ်းရှိနေခဲ့တာ၊ အဲဒီနေ့ညကဖုန်းပိတ်ပြီး အိပ်ပျော်သွားခဲ့တာ၊ လက်စွပ်ကိုအမှတ်တမဲ့ချွတ်ထားခဲ့မိတာ လေးလောက်နဲ့များနှင်းကျွန်တော့်ကို မစွပ်စွဲပါနဲ့နှင်းရယ်၊ ကျွန်တော် နှင်းစိတ်ခုတာကိုမခံစားနိုင်လို့ပါ”

သူ တောင်းပန်တိုးလျှိုးစွာပြောလာတော့လည်း နှင်းသနားမိလေသည်။ အဲဒီလိုအပျော့ဆွဲစကားတွေကလည်းယုံကြည်ချင် စရာ မကောင်းတာမို့ စိတ်ကိုတော့တင်းထားမိလိုက်၏။ စိုင်းလုံဆီမှာပဲ အဲဒီလက်စွပ်ကိုတွေ့မိတာ၊ တစ်ခြားတစ်ယောက် ယောက်မဖြစ်နိုင်တော့ဘူး လို့နှင်းထင်ထားသည်။

“ကောင်းပြီလေ၊ ဒါဆို စိုင်းလုံရဲ့လက်စွပ်ရှိတဲ့နေရာ နှင်းကိုလိုက်ပြပါ”

အခုချိန်မှာ နှင်းသူ့ကိုစိတ်ပြေနိုင်တာဆိုလို့ ဒီနည်းတစ်ခုပဲရှိပါလိမ့်မည်။ နှင်းကလည်း နှင်းချစ်ရတဲ့သူကို လူသတ်သမားမ ဖြစ်စေချင်ပါ။ ဒီကိစ္စက ကိုဖြိုးတစ်ယောက်တည်းတင်မဟုတ်လောက်။ ဦးလေးကောင်း၊ ဝဏ္ဏ စတဲ့ နှင်းတွေ့ခဲ့ရတဲ့ဆိုးဆိုး ရွားရွားအဖြစ်အပျက်တွေနဲ့ဆက်စပ်နေမယ်ဆိုတာ သံသယဝင်နေမိသည်။

“အင်း၊ ကျွန်တော်လိုက်ပြမယ် နှင်း”

သူ စိတ်မကောင်းဖြစ်သွားမှာသေချာတာပေါ့။ နှင်းက သူချစ်ရတဲ့သူက စွပ်စွဲတာမျိုးကိုဘယ်စိတ်ကောင်းပါ့မလဲ။

သူ့မျက် နှာလေး နွမ်းဖတ်သွားတာကို နှင်းတွေ့လိုက်ရသည်။ သီပေါက အပြန်လမ်းတစ်လျှောက်လုံးမှာလည်းနှင်းတို့ စကားကောင်း ကောင်းမပြောဖြစ်ကြပါ။ တကယ်ဆို ဒီလိုနေ့လေးကကြည်နူးစရာကောင်းရမှာ။ သီပေါမှာလည်စရာပတ်စ ရာတွေအများသား။ ဒါပေမဲ့ နှင်းတို့ တိမ်တောင်ကလွဲရင်ကျန်တဲ့နေရာကိုမရောက်ဖြစ်ခဲ့ကြတော့။

“ကျွန်တော် နှင်းစိတ်အေးသွားတဲ့တစ်နေ့ ပြန်လိုက်ပို့မယ်နော်”

သူ့ကို နှင်းငြိုငြင်သွားမှာကိုပဲ သူကစိုးရိမ်လှစွာနှစ်သိမ့်နေလေသည်။ လမ်းတစ်လျှောက်မှာတွေ့ရတဲ့ ပြောင်းဖူးခင်းတွေ၊ လယ်ကွင်းပြင်တွေ၊ စိုက်ခင်းတွေ ကိုပဲငေးမောကြည့်ရင်း တိတ်ဆိတ်စွာလာခဲ့ကြသည်။ တစ်ချက်တစ်ချက်တော့ သူက စကားစဖော်ပေးပေမယ့် နှင်းကပြောချင်စိတ်မရှိတာကြောင့် မတုန်မလှုပ်အမူအရာနဲ့နေမိ၏။ ဒီတော့လည်း သူနှုတ်ဆိတ် သွားရပြန်ပါသည်။

“နှင်း အဲဒါ ကျောက်မဲအကျဉ်းသားရုပ်ရှင်ကားထဲကတံတားလေ၊ သိတယ်မှလား”

“အော်”

သူပြောတဲ့ရုပ်ရှင်ကိုနှင်းသိပေမယ့် သေသေချာချာမကြည့်ဖူးပါ။ အဲဒီတံတားကကျောက်မဲအနားတစ်ဝိုက်ရောက်ရင်ပြစရာ အထင်ကရတစ်ခုအဖြစ် လူပြောများလှသည်။ အဖြူအမည်းရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ခုမှာပါတဲ့တံတားလေး တစ်စင်းပင်။

ကျောက်မဲကိုရောက်တော့ နှင်းနေတဲ့အိမ်ဆီကိုလိုက်မပို့သေးဘဲ သူ့အိမ်ရှိရာဆီကို နှင်းကိုခေါ်သွားလိုက်သည်။ ဆိုင်ကယ် က သူ့အိမ်မှာရှိတာမို့ လက်စွပ်ထားတဲ့နေရာကိုမဖြစ်မနေပြမှရမည်။ ဒါမှ နှင်းကသူ့ကိုစိတ်ပြေမယ်ဆိုပြီး သူထင်နေတာ ကိုး။ သူ့အိမ်ဆီကို သူခေါ်ရာကိုလိုက်သွားဖို့ နှင်းဝန်လေးမနေပါ။ စိုင်းလုံကိုနှင်းယုံကြည်မိလောက်အောင်လုပ်ပြနေခဲ့တာ မဟုတ်လား။ သူ လူသတ်သမားဖြစ်တယ်ပဲထား။ စိုင်းလုံကိုနှင်းမကြောက်ပါ။

သူဟာနှင်းရဲ့ချစ်သူ၊ ပြီးတော့ နှင်းရဲ့ယုံကြည်မှုတွေကိုရယူထားတဲ့သူပဲလေ။ သူ့ရဲ့နူးညံ့သိမ်မွေ့မှုတွေနဲ့ နှင်းကိုယုံကြည် အောင် ရန်ကုန်ကနေစရောက်တည်းကလုပ်ထားပြီးသူမို့ စိုင်းလုံရဲ့အပြုအမူတွေကိုနှင်းယုံပါသည်။ ဒါပေမဲ့ နှင်းအပေါ်မ ဟုတ်တဲ့ တစ်ခြားသူတွေအပေါ်တစ်စုံတစ်ရာကြံရွယ်လုပ်ဆောင်လိမ့်မလားဆိုတာတော့ နှင်းသံသယဝင်မိတာအမှန်။

“နှင်း ဆိုင်ကယ်ကခြံထဲမှာရပ်ထားတယ် လိုက်ခဲ့နော်”

သူ့အိမ်ခြံဝင်းလေးထဲကို နှင်းရဲ့လက်ကိုဆွဲပြီးခေါ်ဆောင်သွားခဲ့လေသည်။

ဆိုင်ကယ်ကိုတွေ့တော့ ထိုင်ခုံအောက်မှာရှိတဲ့သူပစ္စည်းထားတဲ့နေရာကို သွက်လက်စွာပင်ဖွင့်ပြ၏။ ဟိုရှာဒီရှာစက္ကန့်ပိုင်း လေး အတွင်းမှာပဲ လက်စွပ်လေးထွက်လာသည်။ လက်စွပ်ကိုလည်းမြင်ရော နှင်းသက်ပြင်းခိုးချမိသည်။ ဒါပေမဲ့  ရာနှုန်း ပြည့်မယုံကြည့်နိုင်သေးပါ။ ဘာကြောင့်ရယ်မသိ၊ သံသယတစ်ခုခုဝင်နေသယောင်ခံစားရသည်။

“ဒီမှာနှင်း”

လက်စွပ်ကိုထောင်ပြကာ သူ့လက်ထဲစွပ်လိုက်၏။

လက်စွပ်က နှင်းရထားတဲ့လက်စွပ်နဲ့တစ်ပုံစံတည်း။

“ဒီလိုလက်စွပ်မျိုးက လူတိုင်းဝတ်တာပဲနှင်းရယ်၊ ငွေလက်စွပ်မောင်းကွင်းလေးတစ်ကွင်းနဲ့ ကျွန်တော့်ကိုနှင်းသံသယမဝင် သင့်ပါဘူး၊ လာ အခုဈေးထဲကိုသွားမယ်၊ ဒီလိုမျိုးလက်စွပ်ဝတ်တဲ့သူဘယ်နှစ်ယောက်တောင်ရှိနေမလဲဆိုတာ နှင်းနဲ့ ကျွန် တော် တူတူကြည့်ကြမယ်၊ နှင်းသံသယဝင်မယ်ဆိုရင် အဲဒီလူတွေအားလုံးကိုဝင်ရမှာ အချစ်ရ”

သူရယ်ရယ်မောမောနဲ့ပြောလိုက်လေသည်။ နှင်းရဲ့ပါးကိုမနာအောင်လည်းဆွဲလိမ်လိုက်၏။

“နှင်း ကျွန်တော့်အပေါ်စိတ်ပြေပြီလားဟင်”

တိုးလျလျသူ့အသံလေးက ကြင်နာသနားဖွယ်ကောင်းလှစွာ။

“အင်းပါ”

နှင်း သူစိတ်ကျေနပ်အောင်ဖြေလိုက်မိလေသည်။ သူ့ခြံထဲကနေအပြင်ကိုထွက်ဖို့အလုပ်မှာပဲ နှင်းရဲ့လက်ကိုင်ဖုန်းလေး မြည်လာခဲ့လေသည်။ သိမ့်သီတာဆီက။

“နှင်း ကိုဖြိုးသတိပြန်ရလာပြီ၊ ဒဏ်ရာတွေကတော့ ပတ်တီးနဲ့ပဲနေရမယ်၊ လမ်းလည်းမလျှောက်နိုင်ဘူး၊ ဝှီးလ်ချဲနဲ့ပဲနေရမယ် တဲ့၊ စကားလည်းမပြောနိုင်သေးဘူး၊ အသံအိုးထိခိုက်သွားတယ်ဆိုလားပဲ၊ ဆေးရုံကတော့ဆင်းလို့ရပြီ၊ ဆေးထိုးဆေး သောက်ကတော့ ပုံမှန်လုပ်ရမယ်၊ အေးအေးဆေးဆေးအနားယူရမယ်တဲ့၊ ဆေးရုံမှာထားလည်း ဒီအတိုင်းပဲဆိုတော့ဆင်း လို့ရရင် ဆင်းတော့မယ်လို့ ဆရာဝန်ကိုပြောလိုက်လို့ခွင့်ပြုပေးလိုက်တာ”

သိမ့်သီတာပြောတဲ့စကားတွေကို သေချာနားထောင်နေမိသည်။ ကိုဖြိုးသတိရပြီဆိုတော့ သဲလွန်စတစ်ခုခုတော့ရမှာ သေ ချာနေသည်။ သက်ဆိုင်ရာကလည်း ဒီအတိုင်းနေမှာမဟုတ်။ ကိုဖြိုးအခြေအနေကိုကြည့်ပြီး ဆောင်ရွက်သင့်တာဆောင် ရွက်လိမ့်မည်။ ဒီကြားထဲ နှင်းကလည်းတတ်နိုင်သမျှအကြောင်းရင်းကိုသိအောင်လုပ်မည်။

“ကိုဖြိုးသတိရလာပြီတဲ့”

သူ အံအားသင့်လျက်မျက်လုံးပြူးသွားတာကို နှင်းတွေ့လိုက်ရသည်။

“လိုက်သွားရအောင်လေ နှင်း”

“အင်း၊ ဆေးရုံကဆင်းလာတော့မှာတဲ့”

“ရုတ်တရက်ကြီး”

“ဟုတ်တယ်”

ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို သူရောနှင်းရောမျှော်လင့်လျှက်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx