မြတ်နိုးခြင်း ဒိုင်ယာရီ

(၁)
အဲဒီနေ့ဟာ ကိုယ့်ဘဝရဲ့ အပျော်ဆုံးနေ့လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကံအဆိုးရွား ဆုံးနေ့ဖြစ်ခဲ့တယ် နှင်းရယ်။ နှင်း . . . သိရဲ့လား . . . ။

မင်္ဂလာဆောင်အချိန်မတိုင်ခင် ဆယ့်ငါးမိနစ်အလိုအထိ သတို့သမီးရောက်မလာခဲ့ဘူး။ ကိုယ့်ရင်ထဲမှာ ဘယ်လိုခံစားရမလဲ။ ဖုန်းကလည်း ဆက်လို့မရ။ နှင်းဘယ်ပျောက်နေလဲ တွေးပြီး ရင်လေးနေခဲ့ရတာ။ နိုင်ငံကျော် အဆိုတော်တစ်ယောက်အနေနဲ့ နှင်း . . . အလုပ်များမယ်ဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ တစ်သက်မှာတစ်ခါဆောင်ရတဲ့ မင်္ဂလာပွဲကိုတော့ အလေးအနက်ထားမှာပဲ မဟုတ်လား။ ဧည့်သည်တွေလည်း စုံသလောက်ဖြစ်နေပြီ . . . မင်္ဂလာချိန်လည်း ရောက်ပြီ . . . ကိုယ့်လက်ကိုင်ဖုန်းလေး ထမြည်လာခဲ့တယ်။

“စောမင်းညို . . . နင်စိတ်ငြိမ်ငြိမ်နားထောင်နော်၊ ဒီနေ့ကစပြီး မင်္ဂလာဆောင်ကို တစ်လတိတိ နောက်ဆုတ်ပေးပါတဲ့၊ နှင်းပြောခိုင်းလိုက်တယ်၊ ပရိသတ်တွေအားလုုံးရှေ့မှာ ကြေညာပြီးရင် ရန်ကုန်ဆေးရုံကြီး လူနာဆောင် (. . . ) ကို လိုက်လာခဲ့။ နှင်းကားမှောက်လို့ သူအပါအဝင် ကားထဲမှာပါတဲ့ လေးယောက်စလုံး ဒဏ်ရာအသည်းအသန်ရထားတယ်၊ နောက်ကလိုက်တဲ့ ငါတို့ကားတောင် သူတို့ကားနောက်ပိုင်းကို ဝင်ဆောင့်မိလို့ တချို့ဒဏ်ရာရာထားတယ်၊ နှင်းကဆေးရုံမရောက်ခင် ဒဏ်ရာတွေ ကြားထဲက နင့်ကိုသေချာမှာဖို့ ပြောခဲ့တယ်” ကိုယ့်လက်ကိုင်ဖုန်းလေး လွတ်ကျသွားတဲ့အထိ အံ့သြသွားခဲ့တယ်။
ဘုရား . . . ဘုရား ။ နှင်းဘာမှ မဖြစ်ပါစေနဲ့။ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားခဲ့တယ်။ သတို့သမီးရောက်မလာသေးလို့ တီးတိုးစကားဆိုနေတဲ့ ပရိသတ် တွေ၊ မင်္ဂလာခန်းစငှားကတည်းက သတို့သမီးမိတ်ကပ်ပြင်ဖို့ရခဲ့တဲံ အခန်းကို အသုံးမပြုချင်တဲ့ အဆိုတော်မလေးရေ . . . ကိုယ် ဘယ်လိုလုပ်ရမလဲ။

အဖေ့ကို အကျိုးအကြောင်းပြောပြီး ဟိုတယ်ခန်းမထဲက ပြေးထွက်လာခဲ့တယ်။ နှင်း . . . နှင်းဘာမှမဖြစ်ပါစေနဲ့။ ကိုယ်လာခဲ့မယ်နှင်းရေ . . . ။ အသင့်ရပ်ထားတဲ့ ကားတံခါးကိုဖွင့်ပြီး ဆေးရုံကို တစ်ဟုန်ထိုးမောင်းလာခဲ့တယ်။ အဲဒီအချိန် ကိုယ့်စိတ်ထဲမှာ ဘယ်လောက်ဆူပွက်နေမယ်ဆိုတာ နှင်းသိရဲ့လား။ ကိုယ် . . . ဒီမင်္ဂလာပွဲကို ဘယ်လောက်တောင် စိတ်ကူးယဉ်ခဲ့ရသလဲ။ ခန်းမကြေးက သုံးသိန်း၊ ဧည့်သည်တစ် ယောက် ၁၈ ဒေါ်လာ၊ စုစုပေါင်း ဧည့်သည် ၅၀၀ ကျော်၊ မင်္ဂလာဆောင်အပြင်အဆင်၊ စာတန်းထိုးဖို့ နောက်ခံ Background ကြေး၊ တီးဝိုင်းကြေး၊ အခါတော်ပေးကို စောင်းတီးပြီး ထွက်ချင်လို့ဆိုပြီး အခါတော်ပေးအဆိုတော်ကို တစ်သိန်းခွဲပေးပြီး သီးသန့်ငှားခဲ့ရတာ။ နာမည်ကြီးမိတ်ကပ်ဆရာ၊ သတို့သမီးဝတ်စုံ က ၁၂ သိန်း၊ အရံလေးယောက်အတွက် ကိုယ်သေမလောက်ပင်ပင်ပန်းပန်း ရှာခဲ့ရတယ်နှင်းရယ် . . . ။ ဒါပေမဲ့ ကိုယ်မငြိုငြင်ပါဘူး။ နာမည်ရအဆို တော်တစ်ယောက်ကို လက်ထပ်မှတော့ ဒီလောက်ကုန်ရမှာပေါ့။ စိန်အစစ်တွေပဲ ဝတ်ချင်ပါတယ်ဆိုတဲ နှင်းကို ကိုယ့်မေမေက ဆယ်ရတီကျော်တဲ့ လက်ဝတ်ရတနာတွေပေးခဲ့တယ်လေ . . . ကိုယ့်နည်းတူပဲ နှင်းလည်း စိတ်ကူးယဉ်ခဲ့ရမှာပေါ့။
ကိုယ်ငိုခဲ့မိတယ် . . . နှစ်ယောက်စလုံး မျှော်လင့်ခဲ့ပြီးမှ . . . ။ နှင်းဘာမှမဖြစ်ရဘူး။ ဒီနေ့ကစပြီး တစ်လတိတိကြာရင် ဒီနေရာ၊ ဒီအချိန် မှာပဲ မင်္ဂလာပြန်ဆောင်ကြမယ်။ ဒီထက်ပိုကောင်းအောင် မင်္ဂလာဖိတ်စာလှလှလေး ရိုက်မယ်လို့ ကိုယ်တွေးခဲ့တယ်။
×××××××××××××

(၂)

“ကုန်တင်ကားနဲ့ မျက်နှာချင်းဆိုင် ဝင်တိုက်မိတာ၊ ဘေးတစောင်းမှောက်သွားတယ်၊ ကံဆိုးချင်တော့ နှင်းထိုင်နေတဲ့ဘက်ကို မှောက် တာ၊ ဘယ်ဘက်လက်ကောက်ဝတ် ကျိုးသွားတယ်၊ မှန်စတွေ အသားထဲစိုက်ဝင်နေလို့ တစ်နေရာချင်းစီရှာပြီး ထုတ်ပစ်နေရတယ်၊ နံရိုးတွေလည်း ထိခိုက်သွားတယ်”
နှင်းသိရဲ့လား။ နှင်းပုံစံကိုကြည့်နေရင်း ကိုယ်ဘယ်လောက်ထိ စိတ်ထိခိုက်ခဲ့ရတယ်ဆိုတာ။ နှင်းရဲ့ ပါးပြင်နုနုလေးတွေပေါ်မှာ ကားမှန်စတွေ စူးဝင်စိုက်နေသတဲ့လေ။ ပွန်းပဲ့ရာတွေနဲ့မို့လို့ ပတ်တီးကိုမေးသိုင်းပြီး စည်းထားတယ်။ ခြေထောက်နှစ်ချောင်းစလုံးမှာလည်း ဒဏ်ရာ အပြည့်နဲ့။ အိုး . . . ကိုယ်ဘယ်လိုလုပ်ကြည့်ရက်မှာလဲ အချစ်ရယ်။

“စောမင်းညိုရယ်၊ သိပ်လည်းစိတ်ထိခိုက်မနေပါနဲ့၊ ခွဲစိတ်သင့်တာခွဲစိတ်၊ ကုသင့်တာကုပေးပြီးပြီးပဲ၊ သက်သာလာဖို့ပဲရှိတော့တယ်လေ၊ မကြာခင် သတိရလာတော့မှာပါ”
ဘဝမှာ မျှော်လင့်ကြီး မျှော်လင့်ခဲ့တဲ့ မင်္ဂလာပွဲကို ဆုံးရှုံးလိုက်ရတာ။ ကိုယ်ချစ်တဲ့သူကို အခုလိုမြင်တွေ့ရတာ မခံစားရဘဲနေပါ့မလား။ ကိုယ်နှင်း မျက်နှာလေးကိုပဲ စိုက်ကြည့်နေ မိတော့့တယ်နှင်း။

ကိုယ်တို့နှစ်ယောက်ဟာ သိပ်ချစ်ခဲ့ကြတယ်။ ကိုယ်ဘဝဟာ နှင်း၊ နှင်းဘဝဟာ ကိုယ်ပဲ။ ကိုယ့်မှာ မိဘတွေရှိပေမယ့် နှင်းမှာ မိဘတွေမရှိဘူး။ ဆွေးမျိုးလည်း မရှိသလောက်နည်းတယ်လေ။ အခက်အခဲ တွေကြားထဲက နှင်းဖြစ်ချင်တဲ့အဆိုတော်ဘဝကို ရောက်အောင်လှမ်းနိုင်ခဲ့တယ်။ နှင်းမှတ်မိမလား . . . ကိုယ်ကနှင်းရဲ့ လက်ဦးဆရာလေ။ နှင်းရဲ့တီးဝိုင်းဆရာဟာ ကိုယ်ပဲ။ သီချင်းရေးဆရာဟာ ကိုယ်ပဲ။ နှင်းကို စင်ပေါ်ရောက် အောင် ကိုယ်ပဲလုပ်ပေးခဲ့တာမဟုတ်လား။ Melody World က ဒိုင်လူကြီးတွေလို နှင်းရဲ့ အသံကို ကိုယ်မဝေဖန်တတ်ခဲ့ဘူး။ အိတ်စပရက်ရှင်ကောင်းတာ။ တုန်းကာလာနိမ့်တာ။ အသံ Flat ဖြစ်တာ အဲဒါတွေ ကိုယ်မသိပေမယ့် နှင်းရဲ့ အေးရှရှအသံလေး၊ အဆွဲအငင်အရှိုက် ပီပြင်တာလေးတွေကို ကိုယ်ကောင်းကောင်း ဝေဖန်နိုင်ခဲ့တယ်မဟုတ်လား။

×××××××××××××

(၃)

“နှင်းသတိရလာပြီ” တဲ့။ အဲဒီအချိန်နှင်းအနားမှာ ကိုယ်မရှိခဲ့ဘူး။ ကိုယ်တို့အလုပ်မှာ ရှယ်ယာရှင် အစည်းအဝေးထဲမှာ ရောက်နေလို့။ ဒီကုမ္ပဏီမှာ ကိုယ်က ၂၅ ရာခိုင်နှုန်း ရှယ်ယာပါတယ်လေ။ ကုမ္ပဏီရဲ့ လက်ထောက်အထွေထွေ မန်နေဂျာဖြစ်တာကြောင့်လည်း အလုပ်တွေ ရှုပ် နေတာနဲ့ နှင်းအနားမှာ ကိုယ်အမြဲမနေနိုင်ဘူး။ ဒါပေမဲ့ . . . ကိုယ်ချက်ချင်း အရောက်လာခဲ့တယ်လေ။
နှင်းရယ်။ ကိုယ်ဆေးရုံရောက်တော့ ကိုယ့် လက်ကလေးကို ကိုင်ပြီး တောင်းပန်တယ်။
“ကိုယ် . . . ဒဏ်ရာတွေက မကြာခင်သက်သာလာမှာပါ၊ စိတ်ပူအောင် လုပ်ခဲ့မိတဲ့အတွက်ရော၊ မင်္ဂလာပွဲပျက်သွားတဲ့အတွက်ရော ကို့ကို တောင်းပါတယ်”
“ဟင့်အင်း၊ မင်္ဂလာပွဲပျက်တာမှ မဟုတ်တာ . . . ”
“ဟုတ်သားပဲ၊ ဒါပေမဲ့ ဖိတ်စာပြန်ရိုက်မှဖြစ်မယ်ကို၊ နောက်တစ်လတိတိဆိုရင် နှင်းဒဏ်ရာက လုံးဝသက်သာပြီ”
“ကိုယ်ဖိတ်စာကို ပိုလှအောင်ရိုက်မယ်နှင်း၊ ရှေးတုန်းက ပေစာမြင်ဖူးတယ်မဟုတ်လား၊ ပေရွက်ပုံစံစာ အိတ်ပေါ်မှာ ရွှေရောင်ဖောက်ပြီး ပြန်လုပ်မယ်၊ သွေးစွန်းသွားတဲ့ ထိုင်မသိမ်းကိုလည်း ပြန်ဝတ်မနေနဲ့တော့၊ ကိုယ်အသစ်ပြန်စီစဉ်ပေးမယ်၊ သတင်းထောက်တွေကိုလည်း ကိုယ်ပဲ အဆင်ပြေအောင်ဖြေထားပေးမယ်၊ ဆေးရုံမှာလာတွေ့တဲ့ သတင်းထောက်တွေရှိရင်လည်း ကိုယ်ပဲဖြေမယ်”
နှင်းကိုယ့်ကို စိုက်ကြည့်နေခဲ့တယ်။ ပြီးတော့ ပြောသေးတယ်လေ။
“ကို . . . အရမ်းချစ်တယ်၊ ကို ငွေကုန်ကြေးကျများလှပြီကွယ်၊ နှင်းအပ်ထားတဲ့ ဘဏ်စာအုပ်မှာ ပိုက်ဆံတွေအများကြီးရှိတာ ဘာလို့ မသုံးတာလဲကို်ုရယ်၊ နှင်းပိုက်ဆံတွေဟာ ကို့ဆီကနေ ပေါက်ဖွားလာတာပဲလေ၊ နှင်းအဆိုတော် ဘဝရောက်အောင် ကိုပဲ . . . ”
ကိုယ်နှင်းလက်ကလေးကို ကိုင်ထားရာက ဖြုတ်လိုက်ပြီး နှင်းရဲ့နှုတ်ခမ်းလေးပေါ် လက်ညှိုးကန့်လန့် ဖြတ်ထားလိုက်တယ်။
“ကိုယ်တို့နှစ်ယောက်ကြားမှာ ဒါတွေမရှိဘူးလေ အချစ်ရဲ့ . . . ”

အဲဒီနေ့က ကိုယ်တို့နှစ်ယောက် တစ်ယောက်တစ်ယောက် စိုက်ကြည့်ကြတာ အကြာကြီးပဲနော်။ ကိုယ်ကတော့ အတိတ်ကိုပါ စဉ်းစားနေ ခဲ့တယ်။ ကာရာအိုကေ ဟဲရင်းအဆိုတော်ပိုးဝင်နေတဲ့ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ နှင်းဘဝကို ကိုယ်က ဦးညွှန်လမ်းပြပေးသူလို့ နှင်းအမြဲ တမ်းပြောခဲ့တယ်။

“မိမရှိဖမရှိ စားသောက်ဆိုင်မှာ သီချင်းဆိုတယ်ဆိုပြီး လူတွေက နှင်းကို အထင်သေးအမြင်သေးနဲ့ ဆက်ဆံကြတယ်။ အရမ်းအားငယ် တာပဲ။ စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့ မိန်းကလေးတွေက ကိုယ်ကျင့်သိက္ခာမကောင်းဘူးလို့ ဘယ်သူက သတ်မှတ်တာလဲကို . . . ”

သီချင်းကိုခင်တွယ်လို့ သီချင်းတွေပေါ် သံယောဇဉ်ကြီးလို့ဆိုတာ ကိုယ်နားလည်တယ်။ နှင်းရဲ့ဖြူစင်မှုကို ကိုယ်မြတ်နိုးတယ်။ ကိုယ်ကျင့် သိက္ခာကိုလည်း ယုံတယ် . . . ။

ကဲ ဘယ်သူယုံစရာလိုလို့လဲ နှင်းရယ်။
ကိုယ်ရှိနေရင် ပြီးပြီပေါ့။ နှင့်အတွက် ဂီတာတစ်လက် ဝယ်ပေးပြီး နှင်းကိုဂီတာနဲ့ ရင်းနှီးအောင် အစပြုပေးတဲ့နေ့ကဆို နှင်းပျော်နေတဲ့ပုံများကြည့်ရင်း ကြည်နူး လိုက်တာ။ နှင်း ဂီတာတီးခတ်တဲ့ သီချင်းလေးအတိုင်း” ။ ဟုတ်တယ်မို့လား။ အဲဒီသီချင်းက C ကီးရယ်။ D ကီးရယ်။ G ကီးရယ်။ သုံးကီးတည်း တီးရတာလေ။ ကီးအပြောင်းအရွှေ့ရပေမယ့် ဂီတာလက်ခတ်သံက လွဲလွဲနေလို့ ကိုယ်ခိုးရယ်ခဲ့ရတယ်။ ကိုယ့်ကို တီးပြပြီးတော့ နှင်းလက်ခတ်ကျင့် ရမယ်လို့ ကိုယ်ဝေဖန်ခဲ့တယ်။
နှင်းရဲ့ Hero အဆိုတော်က ချမ်းချမ်းလေ။ ချမ်းချမ်းရဲ့ သီချင်းတွေအားလုံးနီးပါးကို နှင်းက အလွတ်ရခဲ့တယ်။

“ချမ်းချမ်းအသံက ချိုချိုရှတတလေး၊ သီချင်းတိုင်းမှာ ခံစားချက် Mood ပါတယ်။ သီချင်းကို ပိုင်ပိုင်စီးစီးဆိုနိုင်တယ်၊ နှင်းရဲ့အသံက အေးတယ်၊ အရှိုက်သံတွေဆို . . . ကိုယ်ဆိုနိုင်ကြောင်း ပညာပြလို့ရတယ်၊ နှင်းနဲ့ ချမ်းချမ်းသီချင်းတွေနဲ့ သိပ်လိုက်တာပဲ” လို့ ကိုယ်နှင်းကို ဝေဖန် တော့ နှင်းက ရယ်နေတယ်။ နှင်းတို့ဆိုင်မှာ သီချင်းဆိုတဲ့ အချိန်ဆိုရင် အမြဲတမ်းနီးပါး ကိုယ်ရှိနေခဲ့တယ်။ အဲဒီနေ့ကစပြီး နှင်းအများဆုံးဆိုဖြစ်တာ က ချမ်းချမ်းရဲ့ သီချင်းတွေလေ။
“လက်တလော အောင်မြင်နေတဲ့ မိန်းကလေးသီချင်းတွေက ပေးဆပ်တဲ့အချစ်အကြောင်းကို ဖွဲ့ထားတာတွေများတယ်။ ဥပမာ-ချမ်းချမ်း ရဲ့ တကယ်ဆိုရင် အချစ်ပဲလိုတယ်။ L ဆိုင်းဇီရဲ့ ဟိုတုန်းကလို၊ ဒိုရေမီရဲ့ တစ်ဖက်သတ်ရုပ်ရှင်၊ ၀ိုင်းစုခိုင်သိန်းရဲ့ အပြစ်မမြင်အဲလိုမျိုးတွေပေါ့။ နှင်း မှာ ကိုယ်ပိုင်သီချင်းသုံးပုဒ်လောက် အပိုင်အပ်မှဖြစ်မယ်”
ကိုယ်နှင်းအတွက် တရတ်သီချင်းချိုချိုသုံးပုဒ်ကို ရွေးပြီး သီချင်းရေးဆရာဆီမှာ အပ်ပေးခဲ့တယ်။ အင်္ဂလိပ်သီချင်းနှစ်ပုဒ်ကိုတော့ ကိုယ် ကိုယ်တိုင် ရေးပေးခဲ့တယ်။နှင်းရယ်လို့ အောင်မြင်သွားတာ အဲဒီထဲက တစ်ပုဒ်ပေါ့။ ဟုတ်တယ်မို့လား . . . နှင်း။
×××××
(၄)
“ရင်တွေခွဲပြီး နားလည်မယ် အပြစ်မမြင်ပါဘူး ချစ်သူလေးရေ . . . မပိုင်ဆိုင်ရလည်း ထားခဲ့တော့ကွယ် နေပါစေ ကိုယ်ကျေနပ်တယ်။ တစ်ဘဝလုံးအတွက် ချစ်သူရေ . . . ဘဝမှာတစ်ခါတည်း ချစ်ချင်လို့ပါ နေမဝင်ခဲ့သော ကိုယ်ရဲ့ အချစ်တွေ ထာဝစဉ်ရဓှင်သန်ဆဲကွယ် . . . ”

ချမ်းချမ်းရဲ့ တစ်ခါတည်းချစ်ချင်လို့ သီချင်းလေးက နှင်းနဲ့လိုက်ဖက်ဆုံးပဲသိလား။ အခမဲ့ ဖျော်ဖြေရေးပွဲတစ်ခုမှာဆိုရင် နှင်းနဲ့ ကိုယ်သီ ချင်းတိုက်တဲ့နေ့က နှင်းအသံတွေနာနေလို့ ရေခဲတွေ၊ အဆီအအိမ့်တွေ စားတော့ဖြစ်ပြီမို့လားလို့ ကိုယ်က အပြစ်တင်ခဲ့သေးတယ်။ ကိုယ်ဟာ ဂီတနဲ့ ပတ်သက်ရင် အများကြီး မသိဘူးဆိုပေမယ့် ချစ်ရတဲ့နှင်းအတွက် ဆရာဖြစ်ခဲ့တယ်လေ။

“အဲဒီသီချင်း မူရင်းကို ကြားဖူးတယ်မို့လား။ J.Io ဆိုတဲ့ သီချင်းလေးက စကားပြောသံချိုချိုနဲ့ သီချင်းကို Intro စဝင်တယ်။ ချမ်းချမ်းဆိုတဲ့ အခါမှာတော့ ဒါ . . . ဒါ . . . ဒါ ဆိုတဲ့နေရာက စတာ။ ဘယ်ကိုလဲ သီချင်းက ကော်ပီဆိုပေမယ့် ဆိုပုံဆိုပေါက်တွေက ကိုယ်ပိုင်ဟန်ခံစားချက် အပြည့်မို့ နားထောင်ရတာ ဘယ်လောက်ကောင်းလဲ။ နှင်းက အဆိုတော်မဟုတ်သေးတဲ့အတွက် ပရိသတ်တွေ ရင်းနှီးပြီးသား၊ သူများသီချင်းတွေ ကိုပဲ ဆိုရမှာ။ ကိုယ်ပိုင်ဟန်အပြည့်ထည့်ပြီး မူရင်းအဆိုတော်ထက် သေသေသပ်သပ်ဆိုနိုင်မှာ ပရိသတ်က အသိမှတ်ပြုမှာ . . . ”

ကိုယ်ဟာ နှင်းအောင်မြင်ဖို့ နှင်းနဲ့ ထပ်တူထပ်မျှ ကြိုးစားခဲ့တယ်ဆိုတာ နှင်းအသိဆုံးပဲလေ။

“သူများသီချင်းတွေ ဆိုတဲ့နေရာမှာ အင်္ဂလိပ်သီချင်းတစ်ချို့ပါ ညှပ်ဆိုသင့်တယ်နှင်း။ ဥပမာ – Westlife ရဲ့ My love, I have a dream, If Let You Go သီချင်းတွေက မြန်မာပရိသတ် အားလုံးနီးပါး အလွတ်ရနေတယ်လေ။ အဖွဲ့လိုက်သီချင်းကို တစ်ယောက်တည်းဆိုရတာ ပင်ပန်းနိုင် ပေမယ့် ရသတစ်မျိုးပြောင်းသွားပြီး နားထောင်ရတာ ကောင်းသွားမယ်”

နှင်းကို လူတွေသတိထားမိအောင် ကိယ်ရဲ့ ကိုယ်ပိုင်ပျူဟာလေးတွေ သုံးပေးခဲ့တယ်။ စတူဒီယို တစ်ခုမှာ တစ်နာရီနှစ်သောင်းနဲ့ နှင်းရဲ့ ကိုယ်ပိုင်သီချင်းငါးပုဒ်ကို အသံသွင်းထားပြီးနောက်ပိုင်း နှင်းဟာ ကိုယ့်အတွက် နိုင်ငံကျော်အဆိုတော်ပဲ။ ရန်ကုန်မှာ နာမည်ကြီး ရှိုးပွဲတွေရှိရင် ပွဲစီစဉ်သူတွေ၊ ထုတ်လုပ်သူတွေ၊ တီးဝိုင်းတွေကို ကိုယ်သွားတောင်းပန်တယ်။ ပွဲမစခင် နှင်းကို မိတ်ဆက်ပြီး သီချင်းတစ်ပုဒ်လောက် ဆိုခွင့်ပြုဖို့ ပေါ့။ ဖျော်ဖြေသူတတစ်ယောက်လည်းတိုးတယ်။ ပိုက်ဆံလည်း မပေးရဘူးဆိုတော့ ပြဿနာမရှိပါဘူးဆိုပြီး တချို့ပွဲစီစဉ်သူ လက်ခံပြီးတော့ တချို့ က လက်မခံဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ရှိုးပွဲဆယ်ပွဲရှိရင် ခုနှစ်ပွဲလောက်မှာ ဖျော်ဖြေခွင့်ရတာမို့ နှင်းကို တချို့ကသိ လာကြတယ်။ ကိယ်ကိုယ်တိုင် ရေးပေး ထားတဲ့ နှင်းရဲ့ ကိုယ်ပိုင်သီချင်းတစ်ပုဒ်ကို ပရိသတ်နားယဉ် လာခဲ့တယ်။ Westlife သီချင်း Written In The Stars ကို သံစဉ်ကော်ပီယူပြီး ရေးထားတာလေ။

“ကြယ်နဲ့ သီတဲ့ည” လို့ ကိုယ်က နာမည်ပေးထားတယ်။
အဲဒီသီချင်းအသံ သွင်းထားတာကို MP3 ဖိုင်ပြောင်းပြီး ကိုယ်ကိုယ်တိုင် သူငယ်ချင်းတွေကိုလည်း အကူအညီတောင်းပြီး G-Mail ကနေတစ်ဆင့် Forward Message တွေပို့တယ်။ တစ်ဖက်ကလည်း ရှိုးပွဲတချို့မှာ ဆိုခွင့် ရတယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ လူတွေသိလာခဲ့တယ်။
နှင်းရဲ့ ပထမဆုံးအောင်မြင်မှုက ရှိုးပွဲတစ်ခုက အခကြေေးငွနဲ့ဆိုဖို့ ကမ်းလှမ်းတာ။ သီချင်းသုံးပုဒ်ကို ခုနှစ်သောင်းပေးတယ်။ နှင်းဝမ်း သာနေတဲ့ပုံကို ကိုယ်အခုထိ မျက်စိထဲကနေ မထွက်သေးဘူး။
အဲဒီခုနှစ်သောင်းဟာ အဝတ်အစားဖိုးနဲ့တင် မလောက်ဘူးလေ။ အဲဒီနောက်ပိုင်း နှင်းစားသောက် ဆိုင်မှာ အချိန်ပြည့် သီချင်းမဆိုတော့ဘူး။ အချိန်ပိုင်းပဲ ကမ်းလှမ်းချက် နဲ့ ဆိုတော့တယ်။ တခြားဆိုင် တွေကလည်း နှင်းကိုကမ်းလှမ်းတယ်။ အချိန်ပိုင်းအခကြေးငွေနဲ့့ဆိုဖို့ပေါ့။ ဆိုင်တွေမှာ နှင်းအများဆုံးဆိုဖြစ်တာက ချမ်းချမ်းသီချင်းတွေအပြင် ဒိုရေမီရဲ့ သီချင်းတွေ။
“ဒိုရေမီသီချင်းတွေက သုံးယောက်စလုံး ပင်ကိုအသံမတူဘူး တစ်ယောက်က ရှိုက်သံအားသာတယ်။ တစ်ယောက်က အသံကြည်တယ်။ တစ်ယောက်အသံပုံမှန်။ ဒါပေမဲ့ သူတို့သုံးယောက်သီချင်း တစ်ပုဒ်ကို အတူဆိုတဲ့အခါ တစ်သားတည်းဖြစ်သွားတယ်။ အသံလေးတွေညီသွားတယ်။ နှင်းအနေနဲ့ တစ်ယောက်တည်းဆိုရမှာဖြစ်တဲ့အတွက် Mood အပြည်ဝင်နေဖို့လိုတယ် . . . ”

ကိုယ်ဝေဖန်သမျှကို နှင်းက တစ်သဝေမတိမ်းလိုက်နာခဲ့တယ်။ ပရိသတ်တွေ တဖြည်းဖြည်းများ လာတော့ ကိုယ်နှင်းအတွက် အရဲစွန့်ခဲ့တယ််။ ကော်ပီသံစဉ်ယူဖို့ မွှေနှောက်ပြီးမှ ရလာတဲ့ သီချင်းခုနစ်ပုဒ်ကို အရင်ရှာပြီး သားငါးပုဒ်နဲ့ပေါင်းပြီး အခွေထုတ်ပေးဖို့ စီစဉ်ခဲ့တယ်။ အဲဒီအတွက် အရင်းနှီးမြှုပ်နှံမှုဟာ ကိုယ်ပိုင်ဆိုင်သမျှ အခွင့်အရေးအားလုံးပဲဆိုတာ နှင်းသိတော့ ကိုယ့်ရင်ခွင်ပေါ် ပးလေးအပ်ပြီး စိတ်မကောင်းဖြစ်တဲ့ စကားဆိုခဲ့တယ်။
နှင်းအောင်မြင်ရင် ကိုယ်ကျေနပ်ပါတယ်ကွာ။ နှင်းရဲ့ သီချင်းတစ်ချို့ကို ပရိသတ်အခို့ သိပြီးသား၊ နှင်းကလည်း ကြိုးစားထားတော့ အဲဒီအခွေ အတော်အောင်မြင်ခဲ့ရတယ်။ ရယ်ရတယ်နော်။ အခွေရဲ့ Title က ကိုယ်ရေးပေးတဲ့ သီချင်းနာမည်ကို ပေးထားတာ။ “ကြယ်နဲ့သီတဲ့ည” တဲ့။

×××××
(၅)
ဒီနေ့ ကိုယ်အလုပ်က ပြန်လာတော့ နှင်းကိုဝင်ကြည့်တဲ့အချိန်မှာ ရွှင်ရွှင်လန်းလန်းတွေ့လိုက်ရတယ်။ ဝမ်းသာလိုက်တာ နှင်းရယ်။

“ဒဏ်ရာတွေ တော်တော်သက်သာပြီ စောမင်းညို၊ သိပ်မကြာခင် ဆေးရုံက ဆင်းလို့ရတော့မှာတဲ့”
နှင်းဘေးနားမှာ တစ်ချိန်လုံး အဖော်ပြုပေးနေတဲ့ ကိုယ်ပျော်လိုက်တာနှင်းရယ်။ ကံကြမ္မာက ကိုယ်တို့အနာဂတ်ကို ပြန်လည် စတင်ခွင့်ပေးပြီပေါ့။
“ကျိုးသွားတဲ့ လက်ကောက်ဝတ်လည်း မနာတော့ဘူးသိလားကို၊ ဘယ်နေရာမှာ မနာတော့သလိုပဲ။ ပွန်းပဲ့တာတွေလည်း ကောင်းပြီ။ အင်း . . . ဒါပေမဲ့ အမာရွတ်တချို့ မျက်နှာပေါ်မှာရှိနေတော့ မလှတော့ဘူးပေါ့”
“အိုး . . . ဘာဆိုင်လဲ၊ ကိုယ်ရဲ့နှင်းက လှပြီးသားပဲလေ။ အရမ်းတော်တဲ့ မိတ်ကပ်ဆရာတွေရှိတာပဲ။ စိတ်ချပါ။ ချစ်ဇနီးလေး နှင်း မင်္ဂလာဆောင်ရင် လှမြဲတိုင်း လှနေရမယ်”
“ဟင်း . . . ကိုကလည်း”
နှင်း ကိုယ့်ကိုလမ်းလျှောက်ပြတယ်။ ဟုတ်တယ်။ နှင်းတော်တော်သက်သာနေပြီပဲ။ ကိုယ့်ကိုလည်း သီချင်းညည်းပြတယ်။ ဒိုရေမီရဲ့ “တွေးလိုက်တိုင်း” လေ။ နှင်းအသံလေးက ချိုလိုက်တာကွာ။ အနားမှာရှိတဲ့ သီတာကလည်းပြုံးလို့။
“နှင်းကို ကိုယ်အရေးတကြီး ပြစရာရှိတယ်။ ကိုယ်ဖိတ်စာအသစ်ရိုက်လာခဲ့တယ်။ ဒီဇိုင်းကိုပြမလို့။ နှင်းမကြိုက်ရင် ပြင်လို့ရ အောင် နမူနာပေါ့။ နှင်းပြင်ချင်တာပြင်လေ”
ဖိတ်စာကိုကြည့်ပြီး နှင်းတော်တော်အံ့သြသွားတယ်မို့လား။
“ကိုရယ်၊ လှလိုက်တာ” လို့လည်းပြောတယ်။ ကိုယ်ရွေးထားတဲ့ မင်္ဂလာရက်ကိုကြည့်ပြီး ပြောသေး တယ်။ အဲဒီအချိန်ထက် ရက်ကို အရှေ့ှုရွှေ့လိုက်ပလားတဲ့။ နှင်းနေကောင်းပြီပဲတဲ့။ ဒါပေမဲ့ ကိုယ်မရွှေ့ ပါဘူး။ ချစ်ဇနီးလောင်းလေး နားနားနေနေ နေရအောင်လို့ပေါ့။ ဖိတ်စာရဲ့ အရောင်က ပေရွက်အရောင်၊ အဲဒီအပေါ်မှာ ရွှေရောင်စာလုံးဖောက်ထားတာ။ စာအိတ်အဖုံးပေါ်မှာ ဖဲပြားကလေး ချည်ထားတယ်။ ဖဲပြားအရောင်က အနီရောင်။
“နင်သိပ်ကဗျာဆန်တာပဲ စောမင်းညို။ ငါ့သူငယ်ချင်း ကံကောင်းပါတယ်” သီတာက ကိုယ့်ကိုချီးကျူးတယ်။
“ကျေးဇူးအများကြီး တင်ပါတယ် သီတာ။ နှင်းအပေါ်မှာ အစစအရာရာ စောင့်ရှောက်ပြီး နှင်းဘေးမှာ အမြဲတမ်းရှိနေပေးခဲ့လို့”
“ရပါတယ်။ နှင်းနဲ့ငါက ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူငယ်ချင်း ရဲဘော်ရဲဘက်တွေပဲ”
ကိုယ်ပြီးရင် သီတာ့ကို အချစ်ဆုံးလို့ နှင်းပြောခဲ့တယ်။ တကယ်လည်း သီတာက နှင်းအပေါ် ကောင်းခဲ့ပါတယ်။ နှင်းက သေဆို သီတာက သေမယ့်အဆင့်အထိလောက်တောင် ကောင်းခဲ့တာ ပဲလေ။ ဒါပေမဲ့ သီတာဟာ ကိုယ့်အပေါ် မကောင်းခဲ့ဘူး။ နှင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုလိမ်ရက်တယ်။ နှင်းတို့နှစ်ယောက် ကိုယ့်အပေါ်ရက်စက်လိုက်ကြတာကွာ။

“မနက်ဖြန် ဖိတ်စာအချောသပ် နှင်းကိုလာပြမယ်နော် . . . နှင်း”

နှင်းက ခေါင်းကိုဆက်ခနဲညိတ်ပြီး ကိုယ့်ကိုပြုံးပြတယ်။ ဟုတ်တယ်။ အဲဒီအပြုံးမှာ ဝမ်းနည်းမှုတစ်ခုခုများ ပါနေခဲ့့့သလား နှင်းရယ်။
×××××××××××××
(၆)
အချောသပ်ရိုက်ပြီးတဲ့ ဖိတ်စာလေးကို ကိုင်ပြီး နှင်းရှိတဲ့လူနာဆောင်အခန်းထဲအဝင်မှာ ကိုယ့်ဘဝရဲ့ အပြင်းထန်ဆုံး အံ့သြမှု တစ်ခုကိုတွေ့လိုက်တယ်။ နှင်းရဲ့ခုတင်ပေါ်မှာ ခေါက်သိမ်းထားတဲ့ အိပ်ရာကိုတွေ့ရပြီး ဘေးနားမှာ ရွှေ့လျားခုတင်၊ အဲဒီရွေ့လျားခုတင် ပေါ်မှာ ပိတ်စအဖြူနဲ့ တစ်စုံတစ်ယောက်ကို ခြေဆုံးခေါင်းဆုံးခြုံထားတယ်။ အနားမှာ သီတာငိုနေတယ်။

“ဟင် . . . နှင်း၊ ဘာတွေဖြစ်ကုန်ပြီလဲ၊ သီတာ . . . နှင်း။ နှင်းရော . . . ဘယ်မှာလဲ”

ကိုယ်သွေးရူးသွေးတန်းဖြစ်ပြီး မေးတော့ သီတာက ပိတ်စအဖြူကို လက်ညိုးထိုးပြတယ်။ မရဲတရဲ လှပ်ကြည့်လိုက်တော့ နှင်းအိပ်ပျော်နေတာ။
“နှင်း . . . နှင်း။ သီတာ . . . ဘာလို့ နှင်းကိုဒီအပေါ်တင်ထားရတာလဲ။ ဒီက ဆရာမတွေက နှင်းကိုခေါ်သွားမလို့လဲ”
သီတာ့ပုံစံက အရမ်းငိုထားတဲ့ပုံစံပဲ။ အားအင်မရှိတော့တဲ့ပုံစံကနေ လှမ်းပြောတယ်။ နှင်း . . . ဆုံးပြီ” တဲ့။
ဘုရား . . . ဘုရား ။ ဘာတွေဖြစ်ကုန်ပြီလဲ။ လောက်ကြီးက ဘာတွေဖြစ်ကုန်ပြီလဲ။

“ဟင့်အင်း၊ နှင်းဘာလို့သေမှာလဲ၊ ဒီမှာလေ . . . ငါတို့ မင်္ဂလာဆောင်ဖို့ လက်ထပ်ဖိတ်စာ၊ သူအိပ်ပျော်နေတာ . . . ဟုတ်တယ် . . . နှင်းအိပ်ပျော်နေတာ။ သီတာ . . . နှင်းကိုခေါ်ပါဦး။ နှိုးပါဦး . . . နင်ပြောတော့ . . . နှင်းကောင်းနေပြီဆို . . . ”
“စောမင်းညိုရယ်။ စိတ်ကိုထိန်းပါ။ လွန်ခဲ့တဲ့ နာရီဝက်ကတည်းက နှင်းသေသွားခဲ့ပြီ”
“နင်လိမ်တာ . . . ငါရဲ့ ချစ်ဇနီးလောင်းက ငါ့ကိုဘာလို့ခွဲသွားမှာလဲ၊ ငါတို့တွေ မင်္ဂလာဆောင်ရဦးမှာ၊ အတူတူနေရဦးမှာလေ၊ နှင်းက သူ့အခြေအနေကိုသိရက်နဲ့ မင်္ဂလာဆောင်ကို ဘာလို့တစ်လနောက်ဆုတ်ခိုင်းမှာလဲ၊ နင်တု့တွေ လိမ်နေကြတာပါ၊ နှင်းအိပ် ပျော်နေတာ . . . ဟုတ်တယ် . . . သူ တော်ကြာနိုးလာမှာ . . .”
“စောမင်းညိုရယ် . . . ငါ့ကိုခွင့်မလွှတ်ပါနဲ့၊ ငါသိရက်သားနဲ့ နင့်ကိုကြိုမပြောခဲ့မိဘူး၊ တကယ်တော့ . . . နှင်း ကားမှောက်တုန်း က နံရိုးတစ်ချောင်း ကျိုးသားခဲ့တယ်၊ အဲဒီကျိုးသွားတဲ့ နံရိုးက အသည်းကို စိုက်မိလို့ အသည်းမှာ အနာတရဖြစ်သွားခဲ့တယ်၊ ဒါဟာ ပွဲချင်း ပြီး သေနိုင်ပေမယ့် အံ့သြဖို့ကောင်း လောက်အောင် ဆန်းကြယ်ခဲ့တယ်၊ နှင်းမသေခဲ့ဘူး၊ နင်နဲ့ မင်္ဂလာဆောင်ဖို့ပဲ စိတ်အားထက်သန်နေ တယ်၊ တစ်ဖက်ကလည်း သူ့အခြေအနေ မကောင်းဘူးဆိုတာ သူ့ကိုယ်သူ့သိတယ်၊ ငါ့ကိုလည်း နင့်ကိုလုံးဝမပြောဖို့ တောင်းပန်ခဲ့ တယ်၊ အချိန်တန်ရင် သူသေရမယ့် အခြေအနေမှာ နင်စိတ်ညစ်တာကို မမြင်ချင်ခဲ့ဘူး၊ နှင်းဟာ နင့်ကိုသိပ်ချစ်ခဲ့တယ် စောမင်းညို . . .”
“ဒါဆို . . . အခုငါဘာလုပ်ရမလဲ . . . နှင်း . . . နှင်း ကိုယ့်အပေါ် သိပ်ရက်စကတယ် . . . ၊ ကိုယ်ဘယ်လို ဖြေရမလဲ နှင်းရယ် . . . ကိုယ်ဘယ်လိုရှင်သန်ရမလဲ . . . ”
ကိုယ်မသိအောင် ဝေဒနာတွေကို ကြိတ်မှိတ်ခံစားသားခဲ့တာလား နှင်းရယ်။ နှင်းနဲ့အတူ ဒုက္ခ၊ သုခတွေကို တစ်သက်လုံး အေးအတူ ပူအမျှခံစားလာပြီးမှကွယ်။ နှင်းသိရဲ့လား . . . ။

နှင်းသိပ်ရက်စက်တယ်။ နှင်းသိပ်မက်မောတဲ့ အောင်မြင်မှုကို ခဏတာပဲ နှင်းခံစားခဲ့ရပါလားနှင်းရယ်။
“ငါအရမ်းကို နောင်တရမိပါတယ် စောမင်းညိုရယ်၊ မင်္ဂလာဆောင်နေ့က နှင်းနဲ့ကားတစ်စီးတည်း တူတူစီးပြီး ပွဲချင်းပြီး သေသွားခဲ့ရင်ကောင်းမှာ၊ နှင်းဘဝရဲ့ အရေးအကြီးဆုံးနေ့မှာ ငါသူ့အနားမှာ မရှိဘဲ နောက်ကားနဲ့ လိုုက်ခဲ့ရတယ် . . .”
ဝေဒနာခံစားနေတဲ့ကြားထဲက ကိုယ်အရမ်းဖြစ်ချင်တဲ့ မင်္ဂလာဆောင်ကို အကောင်အထည်ဖော်ဖို့ မင်္ဂလာရက်ကို အရှေ့ ရွှေ့ခိုင်းခဲ့တယ်။ ကိယ့်ရှေ့မှာ ဒဏ်ရာတွေ နာနေရက်သားနဲ့တောင် သီချင်းညည်းပြတယ်။
“နှင်းရယ် . . .”
နှင်းရဲ့ အလောင်းဘေးမှာ ဒူးထောက်ထိုင်ချ။ ချုံးပွဲချပြီး ယူကျုံးမရ ငိုနေရုံမှတစ်ပါး ကိုယ်ဘာဆက် လုပ်ရမှန်း မသိတော့ပါဘူး နှင်းရယ်။
×××××××××××××
(၇)
နှင်းမရှိတော့ပေမယ့် နှင်းအကြောင်းရေးထားတဲ့ ဒိုင်ယာရီကတော့ ကိုယ့်ဘဝမှာ အမြဲတမ်းရှင် သန်နေမှာပါ။ နှင်းအတွက် ကိုယ်ရေးပေးခဲ့တဲ့ နှင်းဆိုထားတဲ့ “ကြယ်နဲ့သီတဲ့ည” သီချင်းလေးဟာလည်း ကိုယ့်ဘေးနားမှာ အမြဲတမ်းရှိနေမှာပါ။
×××××××××××××
အာရောဂျံ ၂၀၁၀။အောက်တိုဘာ။
မေတ္တာရိပ်မှာအေးချမ်းပါစေ။
တိမ်တိုက်ထွန်း (ကစ္ဆပနဒီ)