မြန်မာနိုင်ငံက နှစ်ခုသော ရေပြာအိုင်

ရေပြာကိုမြင်ဖို့ ပင်လယ်နက်ကြီးဆီကိုသွားစရာမလိုပါ၊ မော်လဒိုက်ကမ်းခြေအထိခရီးဆန့်စရာ မလိုပါ။ ဖူးခက်ကမ်းခြေအလယ်အထိ ရေကစားစရာမလိုပါ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ရေပြာအိုင်တွေ ရေပြာ ကန်တွေရှိပါတယ်။ အဲဒီအထဲကမှ လူသွားအများဆုံးကတော့ ဒီးဒုတ်ရေပြာအိုင်နဲ့ ရှမ်းပြည် နယ်တောင် ပိုင်း ရွာငံကရေပြာအိုင်တို့ပဲဖြစ်ပါတယ်။

ဒီးဒုတ်ရေပြာအိုင်

မန္တလေး-ပြင်ဦးလွင် သွားတဲ့လမ်းမှာရှိပါတယ်။ ပြင်ဦးလွင်ဖက်ကိုအသွား တိုးဂိတ်ရောက်ရင်တစ်ချက် မေးကြည့်လိုက်ပါ။ လမ်းညွှန်တဲ့အတိုင်းမောင်းသွားရုံပါပဲ။ အချိန်ရရင် လမ်းမှာ ၇ မိုင်ကမ်းခြေတို့ ဝှက် ကားရေတံခွန်တို့တောင်ဝင်လို့ရသေးတယ်။ မန္တလေး- ပြင်ဦးလွင်လမ်း၊ အုန်းချောရွာ ၁၆ မိုင်လမ်းခွဲ ကနေ ရဲရွာရေအားလျှပ်စစ်ရုံ ဘက် သွားတဲ့ လမ်းမှာ တည်ရှိတာဖြစ်ပါတယ်။ အပန်းဖြေစခန်းတွေကို အသီးသီးကျော်ဖြတ်ပြီးတဲ့နောက် မှာ တော့ ဒီးဒုတ်ရေပြာအိုင်တည်ရှိရာနေရာကိုရောက်ပါပြီ။ ပွင့်လင်း ရာသီအချိန်ဆိုရင်တော့ လူမပြတ်ပါဘူး။ ပိတ်ရက်ရော ရုံးဖွင့်ရက်ရောလူတွေတစ်ဖွဲ့ဖွဲ့နဲ့ ပျော်စရာ ကောင်းပါတယ်။ တောင်တက်ခရီးဆိုပေမယ့် တောင်မြင့်မဟုတ်ဘဲ ပြေပြေလေးမို့ တက်လိုက် မောရင်နားလိုက် လမ်းဘေးဆိုင်တန်းတွေမှာ အအေးဝယ်သောက် မုန့်ဝယ်စားလိုက်နဲ့ အေးအေး လူလူပါပဲ။ တောင်တက်ခရီးမို့ ဖိနပ်ကောင်းကောင်းတော့ လိုတာပေါ့။

ရေပြာအိုင်ဆိုပြီးတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ အထပ်ထပ်နဲ့ တစ်ဆင့်ပြီးတစ်ဆင့်တက်သွားလို့ရတဲ့ အဆင့်တွေအဆင့်တွေအများကြီးရယ်။ ငါးထပ်၊ ရှစ်ထပ်၊ ဆယ်ထပ်ဆိုပြီးရှိပါတယ်။ ဆယ်ထပ်အထိ တက်ရဖို့ကတော့ မိနစ်သုံးဆယ်လောက် ကြာပါတယ်။ အမြင့်ဆုံး ဆယ်ထပ်ကတော့ ရှုခင်းအလှဆုံး လူသွားအများဆုံးပေါ့။ ဘယ်နှစ်ထပ်ကိုပဲတက်တက် အရမ်းလှတဲ့တောလမ်း၊ တောင်လမ်းနဲ့ တစ်ချက် တစ်ချက်မှာ ဒုဌဝတီမြစ်ဖြတ်သန်းစီးဆင်းနေမှုတွေကိုလည်း ပျောက်လိုက် ပေါ်လာလိုက်မြင်ရမှာပါ။ တောင်ပေါ်မှာစေတီလေးတစ်ဆူပါရှိပါတယ်။ နောက်ဆုံး ဆယ်ထပ်အထိမရောက်ခင်မှာပေါ့။
ရေတွေက ပြာလဲ့ကြည်တောက်နေပါတယ်။ ဒါပေမဲ့ လူအရမ်းများရင်တော့ရေတွေကနောက်သွား ရော။ အခုလိုမိုးတွင်းအချိန်ဆိုရင် ရေမပြာတော့ပါဘူး။ မိုးရေတွေနဲ့ရောသွားတာကြောင့် ရေကနောက်ကျိကျိ ဖြစ်နေပါတယ်။ အချိန်တော်တော်များများကတော့ ရေပြာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မြင်ရခဲတဲ့ တော်ရုံနဲ့မြင်ရဖို့ ခက်ခဲတဲ့ ရေပြာတွေက တောတောင် တစ်ဝိုက်ဖြတ်သန်းစီးဆင်းနေမှုကို လှလိုက်တာ မိုက်လိုက်တာဆိုပြီး အာမေဋိတ်သံရွတ် မျက်ဝါးထင် ထင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ဒါတင်ဘယ်က မလဲ။ ရေပြာအိုင်မှာ ဘောလေစီးပြီးရေကူးလို့လည်းရ တာပေါ့။ အဲဒီကပြန်ရင်တော့ ထုံးကျောက် လှိုဏ်ဂူထဲကိုဝင်ဖို့ အဆင်ပြေရင်တော့ မဖြစ်မနေသွား သင့်တယ်ဗျို့။ ဒီးဒုတ်သဘာဝ လှိုဏ် ဂူထဲမှာ ကျောက်စက်ပန်းဆွဲတွေ၊ ကျောက်သားနံရံတွေကို အံအားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။ အဲဒီနေရာက ဆယ်ထပ်ကနေတစ်ဆင့် လမ်းခွဲပြီးသွားရတာပါ။ သိပ်မဝေးဘူးရယ်။ ဒီးဒုတ်ရေပြာအိုင်ဟာ အချိန်ရရင် အသွားသင့်ဆုံးနေရာထဲမှာပါပါတယ်။ မန္တလေး ကနေတစ်ဆင့်သွားရင်အဆင်ပြေဆုံးဖြစ်ပြီး ကားစင်း လုံးငှားရင်တော့ လေးသောင်းဝန်းကျင်မှာရှိပါ တယ်။

ရွာငံက ရေပြာအိုင်

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့အနီးမှာ ရွာငံရေပြာအိုင်ရှိပါတယ်။ ကလော-တောင်ကြီး ခရီးစဉ် ဆိုရင် အဲဒီကိုလိုက်ပို့တတ်ကြပါတယ်။ ရေကူးချင်တာမဟုတ်ဘဲနဲ့ သဘာဝရေပြာကိုခံစားကြည့်ရှုချင် တယ်ဆိုရင်တော့ ရွာငံရေပြာအိုင်ကိုညွှန်းချင်ပါတယ်။ မြသပိတ်ရေပြာအိုင်လို့လည်းခေါ်ကြပါတယ်။ အဝင်လမ်းမှာ မြသပိတ်ရေပြာအိုင်အနီးပတ်ဝန်းကျင်မှာ အမှိုက်တွေစွန့်ပစ်ခြင်း၊ မတော်မလျှော်ပြော ဆိုခြင်း၊ ရေချိုးရေခပ်ခြင်း၊ ခြေလက်ဆေးခြင်းမပြုရ ဆိုပြီး တောကျယ်ကျောင်းဆရာတော်နဲ့ရွာသူရွာ သားတွေက ကြေညာထားပါတယ်။

ရွာငံရေပြာအိုင်က အခြားရေပြာအိုင်တွေထက်ထူးခြားပါတယ်။ မှန်လိုကြည်လင်တောက်ပနေတဲ့ရေ ပြာအိုင်ရဲ့အောက်ခြေကိုထွင်းဖောက်မြင်နေရပါတယ်။ ရေအိုင်ထဲမှာ သစ်ပင်တွေ ငါးတွေရှိနေတာကို လည်းသေသေချာချာမြင်နေရပါတယ်။ ဒေသခံတွေကတော့ ရေပြာအိုင်ရဲ့အောက်မှာမြသပိတ်တစ်လုံး ရှိပြီး နတ်တွေက နောက်ပွင့်မယ့်ဘုရားရှင်ကိုပူဇော်ထားတယ်လို့ ဆိုကြပါတယ်။ ရေပြာအိုင်ကိုကြည့် ရတဲ့အခိုက် စိတ်အေးချမ်းခြင်း၊ မျက်စိပသာဒဖြစ်ခြင်း၊ မြန်မာနိုင်ငံမှာဒီလိုအံအားသင့်ဖွယ်ရှိနေတာပါ လားဆိုတဲ့အပေါ်ဂုဏ်ယူခြင်း စတဲ့ရသပေါင်းစုံကိုခံစားရစေပါတယ်။
ရေပြာအိုင်ကိုကြည့်ရုံတင်မကဘဲ အဲဒီနားတစ်ဝိုက်မှာရှိတဲ့တောကျယ်ရေတံခွန်ကိုလည်း သွားလည် လို့ရသေးတယ်။ ဓါတ်ပုံလှလှရိုက်လို့ရပါသေးတယ်။

ရေပြာအိုင်တွေသွားရင်ဆင်ခြင်စရာ

ဆင်ခြင်စရာကတော့ ရေပြာအိုင်တွေတင်မဟုတ်ပါဘူး အခြား လူသွားလူလာများတဲ့ မြန်မာနိုင်ငံရဲ့ အထင်က ရနေရာတွေသွားရင် အမှိုက်မပစ်ချစေချင်ပါဘူး။ အပေါ်မှာပြောခဲ့သလိုပါပဲ။ ဖိနပ်ကောင်း ကောင်းဆောင်သွားပါ၊ ရေဘူးဆောင်သွားပါ၊ ရေပြာအိုင်အနီးတစ်ဝိုက်မှာရောင်းချနေတဲ့ ဒေသထွက် အစားအစာတွေကို ဝယ်စမ်းမြည်းစားခဲ့ပါ။ ရေကူးဖို့အဝတ်အစားအပိုတွေယူသွားပါ။ ရွာငံရေပြာအိုင် မှာ ရေမကူးရပေမယ့် တောကျယ်မှာရေကစားလို့ရတယ်လေ။ ခရီးအတွက် ကျန်းမာရေးဒေါင်ဒေါင်မြည် နေဖို့တော့ အဓိကလိုအပ်တာပေါ့ခင်ဗျာ။
မေတ္တာရိပ်မှာ အေးချမ်းပါစေ။
×××××