ကျော်တို့မြန်မာနိုင်ငံမှာ အံအားသင့်စရာကောင်းတဲ့ ရေပူစမ်းတွေအများကြီးရှိတယ်ဆိုတာယုံလား။ ဘယ်နှစ်ခုရှိသလဲ အတိအကျမသိပေမယ့် ကျော်ရောက်ဖူးတဲ့ရေပူစမ်းလေးတွေအကြောင်းပြောပြချင် တယ်ဗျ။ ပုံလေးတွေနဲ့ တစ်ချက်ရှိုးလို့ရတယ်နော့။
လာရှိုးရေပူစမ်း
ရှမ်းပြည်မြောက်ပိုင်းလာရှိုးမြို့မှာရှိတဲ့ရေပူစမ်းက လူသွားအများဆုံးထဲကတစ်ခုလို့ထင်ပါတယ်။ ကန် လည်းကျယ်တယ်။ အတိမ်အနက်လည်း ပြေပြစ်တယ်။ ဘေးအနားမှာစားစရာသောက်စရာ ဆိုင်တန်း တွေလည်းရှိပါတယ်။ Welcome to Lashio hot spring ဆိုတဲ့စာသားလေးနဲ့ အမျိုးတို့ ကိုကြိုဆိုနေပါလိမ့်မယ်။ ကားရပ်စရာကားပါကင် လည်းရှိပါတယ်။ ဆိုင်ကယ်နဲ့လာရင်လည်း ဆိုင် ကယ်ရပ်ထားလို့ရတယ်ဗျ။ ရေပူစမ်းကန်ကိုသစ်သား တံတားလေးတစ်စင်းလည်းဖြတ်ဆောက်ထားပြီး အဲဒီတံတားပေါ်ကနေ ဆယ်လ်ဖီလည်းရိုက်လို့ရတာ ပေါ့။ အငွေ့လေးတွေ တထောင်းထောင်းထနေတဲ့ ရေပူစမ်းကို လာရှိုးမြို့ရောက်ခဲ့ရင်မဖြစ်မနေသွား လည်ပါလို့အကြံပေးပါရစေ။
နေပြည်တော်ရေပူစမ်း
နေပြည်တော် ဇေယျာသီရိမြို့နယ်နဲ့ တပ်ကုန်းမြို့နယ်ကြား ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပေါ်မှာရှိတဲ့ ပင်လောင်းလမ်းခွဲကနေသွားလို့ရပါတယ်။ သဘာဝရေပူထွက်ကန် အမှတ် (၁) ၊ အမှတ် (၂) နဲ့ အမှတ် (၃) ဆိုပြီးရေလမ်းတွေသွယ်ကာ ရေချိုးလို့ရတဲ့နေရာတွေဆီကိုပို့လွှတ်ပေးနေပါတယ်။ သစ်ရိပ်ဝါးရိပ်အပန်းဖြေစရာနေရာတွေနဲ့ နေပြည်တော်ရေပူစမ်းမှာ ရေချိုးကန်တွေကို အမျိုးသား၊ အမျိုးသမီး သပ်သပ်ခွဲပေးထားပါတယ်။ အဲဒီကိုရောက်တာနဲ့ ကြက်ဥတွေဘဲဥတွေ ရေထဲစိမ်ပြီးပြုတ် စားကြလို့ထင်တယ်။ ကြက်ဥ မစိမ်ရ၊ မပြုတ်ရဆိုပြီးတော့ဆိုင်း ဘုတ်ကပ်ထားတာတွေ့ရပါတယ်။ အဲဒီမှာလေ သစ်ခွ၊ ပျားရည်၊ မျှစ်ချဉ် တို့ကိုလည်း လက်ဆောင် အဖြစ်ဝယ်လို့ရတယ်ဗျ။
SANYO DIGITAL CAMERA
ခေါင်တိုင်ရေပူစမ်း
တောင်ကြီး၊ အင်းလေး၊ ပင်းတယ ခရီးစဉ်သွားရင်တော့ ခေါင်တိုင်ရေပူစမ်းကမပါမဖြစ်ပါ။ ရှမ်းပြည် တောင်ပိုင်းထဲမှာရှိတာပေါ့။ သူကတော့ သီးသီးသန့်သန့်လေး ရေကောင်းကောင်းစိမ်လို့ရတဲ့နေရာ လေး ဖြစ်ပါတယ်။ ခရီးသွားလာမှုအများဆုံးတစ်နေရာလည်းဖြစ်တော့ ရေပူစမ်းမှာ သေသေချာချာ လေး ရေစိမ်နိုင်အောင်နေရာတကျလုပ်ပေးထားပါတယ်။
လင်းခေးရေပူစမ်း
ဒီနေရာကတော့ ကျော် လောလောလတ်လတ်ရောက်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ ရှမ်းပြည်တောင် ပိုင်း လင်းခေးမြို့မှာရှိတာပေါ့။ ရေပူစမ်းကန်ကနေတစ်ဆင့် ရေတွေစီးကျလာတာကို လမ်းကြောင်း လေးလုပ်ထားပေးပါတယ်။ အဲဒီလမ်းကြောင်းလေးတွေကို သံပိုက်လုံးတွေနဲ့သွယ်တန်းလိုက်တဲ့အခါ ရေ ချိုးခန်းထဲမှာရေဘားဖွင့်ပြီးရေချိုးသလိုချိုးလို့ရတဲ့အနေအထား ဖြစ်သွားပါတယ်။ ပိုက်ထဲက ကျနေတဲ့ ရေပူစမ်းနွေးနွေးလေးတွေကို စိမ်ပြေနပြေထိုင်ချိုးကြတာပေါ့ဗျာ။ တောထဲတောင်ထဲမှာ မို့သစ်ပင်တွေ အုံ့ဆိုင်းဆိုင်းနဲ့လူသွားလူလာလည်းနည်းပါတယ်။ စိတ်အေးချမ်းတာပေါ့ဗျာ။ လူသွား လူ လာများခဲ့ရင် အမှိုက်တွေမပစ်ကြဖို့ သဘာဝကိုထိန်းသိမ်းကြဖို့တော့စိုးရိမ်မိပါရဲ့။
ဘားအံဘုရင့်ညီဂူ ရေပူစမ်း
ရန်ကုန်မှာနေတဲ့သူတွေအတွက် သွားလို့အလွယ်ဆုံးရေပူစမ်းလို့ဆိုချင်ပါတယ်။ သဘာဝအကျဆုံးလို့ လည်းတင်စားချင်ပါတယ်။ အခြားရေပူစမ်းတွေလို ကိန်းကြီးခန်းကြီးမရှိဘူး။ ကျောက်တောင်တွေ ဘုရားစေတီတွေရဲ့ခြေရင်းမှာရှိတဲ့ရေပူစမ်းလည်းဖြစ်ပါတယ်။ ရေအတိမ်အနက်မညီတော့ ဒီမှာရေ စိမ်ရင် အနက်ကြီးအထိမဆင်းဖို့ ကျော် အကြံပြုချင်ပါတယ်။ ဘားအံခရီးကိုသွားရင် ဘုရင့်ညီဂူကို အရင်ဆုံးဝင်တတ်ကြပါတယ်။ အဲဒီဘုရားပေါ်ကိုတက်ဖို့ ရေပူစမ်းကန်ကိုဖြတ်သွားရပါတယ်။ ကျော် တို့ကတော့ ဘုရားပေါ်မတက်ခင်မှာ ရေအရင်စိမ်ခဲ့ကြတယ်ဗျ။
မလိဝမ်း ရေပူစမ်း
ကော့သောင်းမြို့မှာရှိပါတယ်။ မလိဝမ်းရေပူစမ်း၊ ရေတံခွန်ဟာ ကော့သောင်းဘက်ကိုသွားတဲ့သူတွေ အတွက် အထင်ကရနေရာတစ်ခုထဲမှာပါဝင်ပါတယ်။ ကော့သောင်းမြို့ရဲ့မြောက်ဘက် မလိဝမ်းကျေး ရွာမှာရှိပါတယ်။ အောင်သပြေရေပူစမ်းလို့ဒေသခံတွေကခေါ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့သွားမယ် ဆိုရင်တော့ အဲဒီရေပူစမ်း၊ ရေတံခွန်ခရီးစဉ်နဲ့ကော့သောင်းမြို့ City tour ကိုတွဲဖက်ပို့ဆောင်ကြတာ တွေ့ရပါတယ်။ ရေစိမ်လို့ရအောင် အမိုးအကာလေးတွေနဲ့သေသေချာချာဆောက်ထားတာတွေ့ရပါ တယ်။

ရေပူစမ်းမှာရေစိမ်ရင်ဘာအကျိုးကျေးဇူးရမလဲ
ဒါကတော့ ကျော်ဆရာကြီးလုပ်တာမဟုတ်ပါဘူး။ အွန်လိုင်းပေါ်မှာရှာဖွေမွှေနှောက်ထားတဲ့အကျိုး ကျေးဇူးတွေကို ပြန်လည်ဝေမျှတာဖြစ်ပါတယ်။ ရေပူစမ်းထဲမှာ ကယ်လ်စီယမ်၊ ဆိုဒီယမ်ဘိုင်ကာဘွန် နိပ် အစရှိတဲ့ အမျိုးအစားမတူတဲ့သတ္တုဓါတ်အမျိုးမျိုးပါဝင်တာကြောင့် အသားအရည်လှတယ်၊ သွေး လည်ပတ်မှုအားကောင်းတယ် နှလုံးအတွက်ပါမက ခန္ဓာကိုယ်မှာရှိတဲ့အခြားသော တစ်သျှူးတွေကို သန်မာကြံ့ခိုင်စေတယ်လို့ဆိုပါတယ်။ စိတ်ဖိစီးမှုကိုပြေပျောက်စေတယ်၊ ကောင်းမွန်တဲ့အိပ်စက်ခြင်း အတွက်အထောက်အပံ့ပေးတယ်၊ ကြွက်သားနာကျင်မှုတွေသက်သာစေတယ်၊ အရေပြားသက်တောင့် သက်သာဖြစ်စေတယ် လို့ဆိုပါတယ်။ သူငယ်ချင်းဆရာဝန်တစ်ချို့ကတော့ပြောတယ်ဗျ။ ဗိုက်ကြီး သည်တို့ နေမကောင်းတဲ့သူတို့ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်ပြီးမှစိမ်ပါတဲ့။
ကဲ မေတ္တာရိပ်မှာအေးချမ်းပါစေဗျာ။ တိမ်တိုက်ထွန်း။
×××××