“ချစ်ခဲ့တဲ့ နှစ်နှစ်ကျော်ကိုသေချာပြန်စဉ်းစား၊ သုံးသပ်လိုက်လေနော့၊ အဆင်မပြေရင်လည်းအဆုံး သတ်ကြ တာပေါ့”
ချစ်သူရည်းစား ရန်ဖြစ်စကားများတိုင်းထိုစကားလုံးများအတိုင်းမဟုတ်သည့်တိုင် လမ်းခွဲခြင်းဆီကိုဦးတည်သည့် အဓိပ္ပါယ်မျိုးကို ကျွန်တော်တို့ ချစ်သူနှစ်ဦးပြောကြမြဲ။ ကျွန်တော်ကပိုပြီးပြောမြဲပင်။ သူက တော့ ဆယ်ခါတစ်ခါ လောက်မှပြောတတ်ပါသည်။ သူထိုသို့ပြောလာသည့်အခါ အင်မတန်ခံစားရပါသည်။ ဒေါသပဲထွက်သလား၊ ဝမ်းပဲနည်းသလား မဝေခွဲတတ်။ သေချာသည်ကတော့ လုပ်လက်စအ လုပ်ကို ဆက်မလုပ်ချင်၊ လျှောက်လက်စ လမ်းလည်း ဆက်မလျှေက်ချင်၊ ဘာမျှကို မလုပ်ချင်မကိုင်ချင် တွေဝေနေမိသည့်ခံစားမှုက ချစ်သူနှင့် အဆင် မပြေခြင်းနောက် ကပ်၍ပါလာလေသည်။
ကျွန်တော်တို့မတွေ့ဖြစ်သည်မှာ နှစ်ပတ်တောင်ကြာခဲ့ပြီ။ ကျွန်တော် သူ့ကိုလွမ်းသည်။ အမှန်အ တိုင်းပြောရလျှင် လွမ်းသည်ဆိုခြင်းထက်ပိုပါသည်။ မြို့ပြ၏ချစ်သူရည်းစားဘဝမှာ ထင်သလောက်မ လွယ်ကူပါ။ သူရောကိုယ်ပါ အလုပ်ကိုယ်စီနှင့်မို့ စိတ်ရှိတိုင်းမတွေ့ဖြစ်ကြ။ တစ်ရက်လျှင်သုံးလေး ခေါက်ပြောဖြစ်ကြသည့် ဖုန်းတောင်မှ ဖြောင့်ဖြောင့်ပြောရသည်မရှိ။ သူက အလုပ်အားသည့်အချိန်ဆိုလျှင်ကိုယ်ကမအား။ ကိုယ်အဆင်ပြေသည့် အချိန် ဆိုလျှင်လည်းသူက အလုပ်များနေတတ်သည့်အဖြစ်။ ညဖက်ကျပြန်တော့လည်း သူ့အိမ်ကိုယ့်အိမ်က ကျဉ်းကျဉ်း လေးတွေ မို့ မိသားစုကိုအားနာရသည်။ အိပ်တော့မည် စားပြီးပြီ ဆိုသည့်စကားလောက်သာပြောပြီး အိပ်ယာဝင် အသံပေးရုံသာ တတ်နိုင်၏။
“ချစ်သူနဲ့ တစ်လတစ်ခါ ဟိုတယ်သွားတယ်ကွာ၊ ဒါဘာဖြစ်လဲ၊ ကိုယ်ယူမယ့်သူနဲ့တစ်အိုးတစ်အိမ်မထောင်နိုင် ခင်မှာ အဆင်ပြေတဲ့နည်းလမ်းနဲ့အတူတူနေချင်တာသဘာဝပဲ၊ ဒါကအပြစ်လား၊ ဒါကို ဘာ ကိစ္စသုံးသပ်ရမှာလဲ”
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ရန်ကုန်တွင် ရည်းစားထားရသည်က ငှက်ပျောသီးအခွံခွာသလောက် လွယ်ကူ သည်ဟုဆိုကြသည်။ တက်တက်စင်အောင်မှားပါသည်။ ရန်ကုန်တွင်ရည်စားထားရသည့်ကိစ္စကကမ္ဘာ့အခက် အခဲဆုံးကိစ္စထဲတွင်မပါရုံတမယ်ဟုသာဆိုချင်ပါသည်။ အခုတွေ့ အခုချစ် အခုညားကြ သည့်တစ်ကဏ္ဍတော့ ထားဦး။ ကျွန်တော်တို့ကဲ့သို့ အချိန်အတန်အသင့်ကြာချစ်သူနှစ်ဦးအဖို့ အိမ်ထောင်တစ်ခု ကြံ့ကြံ့ခိုင်ဖို့ အခြေ တည်နေသူအဖို့တော့ မြို့ပြ၏မွမ်းကြပ်မှုဒဏ်ကို အချစ်လမ်းကြောင်း တွင် အလူးအလဲခံစားကြရပါသည်။
နယ်မှလာသည့် တစ်ကိုယ်ရေတစ်ကာယသမားများအဖို့တော့ အိမ်ထောင်သည်အဆောင်ကဲ့သို့အတူနေအဆောင် ငှားပြီး အတူနေချစ်သူဘဝကိုဖြတ်သန်းကြသည်။ လစာအတော်အသင့်ကောင်းသူသမီး ရည်းစားများအဖို့ကတော့ တစ်လ တစ်သိန်းခွဲနှစ်သိန်းတန်တိုက်ခန်းလေးငှားပြီးအတူနေကြသည်။ ကျွန်တော်ရော သူရောက ရန်ကုန် အခြေစိုက် မိသားစုကိုယ်စီနှင့်ဆိုတော့ မိသားစုကိုငဲ့ကွက်ပြီးတိုက် ခန်းလည်းမငှားနေနိုင်ကြ၊ အဆောင်လည်း မငှားကြ။ တစ်လလျှင်တစ်ကြိမ်ခန့်တော့ ဟိုတယ်ကိုအတူ သွားနေကြပါသည်။ သည်လိုကိစ္စမျိုးဆိုသည်ကလည်း အခုခေတ်မှာ အဆန်းတကြယ်လုပ်မနေကြ တော့သည်မို့ အထူးတလည်မပြောကြတော့ပါ။ သူငယ်ချင်းအပေါင်း အသင်းများလည်းသိသည်။ ရေးကြီးဂွင်ကျယ်လုပ်ပြီးတော့ပြောဆိုမနေကြတော့သလို အထင်သေးအမြင်သေး လည်းမရှိကြတော့ပါ။ အရာရာအဆင်ပြေလှသည်ဟုထင်သော်လည်း တကယ်တမ်းပြသနာမှာ ကျွန်တော်တို့ နှစ်ယောက်ကြားတွင်သာ ရှိနေခဲ့သည်ပင်။
“ပိုက်ဆံကုန်တယ်၊ အလုပ်လည်းမအားဘူး၊ ဒီတစ်ပတ်ပိတ်ရက်က မင်္ဂလာဒုံကအမျိုးတွေဆီကိုသွားရမှာ၊ အမေ လည်းပါတယ်”
အလုပ်အားသည်က တစ်ပတ်လျှင်တနင်္ဂနွေတစ်ရက်။ ထိုရက်တွင်ရှိသမျှအိမ်အလုပ် ဗာဟီရအလုပ်ကို သိမ်းကျုံး လုပ်ရသည်။ ဟိုတယ်ကိုအချိန်ပိုင်းသွားဖို့ဆိုသည်ကလည်း ရုပ်ပေါက်သည်မို့ သူရောကိုယ် ရောမသွားချင်ကြ။ ဆိုတော့ တစ်ညအိပ်ခရီးတိုသဘောမျိုးနှင့် ဟိုတယ်ကိုသွားပြီး အတူ နေဖြစ်ကြပါသည်။ တစ်လလျှင်တစ်ကြိမ်။ မသွားဖြစ်သည့်လလည်းရှိပါသည်။ ထိုကဲ့သို့မသွားဖြစ်တော့လျှင် ကျွန်တော်ကချစ်သူကို ပြသနာရှာဖြစ်တော့ သည်။ သူက မိသားစုကိစ္စများ၍ ပိုက်ဆံကုန်၍ အစရှိသည်ဖြင့် အကြောင်းပြချက်များပေးသော်လည်း ကျွန်တော် ကတော့မယုံကြည်။ ကျွန်တော့်ကို မချစ်တော့၍လား အလေးအနက်မထားတော့၍လား အခြားတစ်ယောက် ယောက်နှင့်များ ဒိတ်တင် (Dating) လုပ်သလား ဆိုသည့်သံသယအမျိုးမျိုးဝင်တော့သည်။ နောက်ဆက်တွဲ အနေဖြင့် ချစ်သူကို ပြောဆိုမိတော့သည်။
“နင်င့ါကို စော်ကားတာပဲ၊ အဲလောက်ကြီးမိုက်ရိုင်းနေရင်လည်းငါ့ကိုမတွဲနဲ့တော့၊ မယုံကြည်တဲ့ဆက်ဆံ ရေးမျိုးကို ငါရောနင်ရောမလိုချင်ဘူး” ဆိုပြီး ဒေါသထွက် လမ်းခွဲခြင်းဆီဦးတည်သည့်စကားလုံးများကို ပြန်လည်ရရှိတော့ သည်။
ကျွန်တော် မည်သူ့ကိုအပြစ်တင်ရမည်လဲ။ နောက်ဆုံးတော့ မြို့ပြလူနေမှုကိုသာအပြစ်မြင်မိတော့သည်။ ချစ်သူ နှစ်ဦး၏ ချစ်ခြင်းတရားခိုင်မြဲမှု၊ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုများမှာ ကာယကံရှင်နှင့်သာ သက်ဆိုင် ပါသည်။ သို့သော်လည်း ကျွန်တော်၏အတွေးမှာ မြို့ပြ၏နည်းလမ်းမကျမှုများကြောင့် ချစ်သူနှင့်ရန်ဖြစ်ရသည် စကားများရသည်ဟုယူဆအပြစ်တင် မိတော့သည်။
ရန်ကုန်သည် အမြဲတမ်းအလုပ်များနေသောမြို့။ အမြဲတမ်းရုန်းကန်နေရသောမြို့ပင်။ စက်ရုပ်နှင့်တူ သောလူသား အများစု ရန်ကုန်တွင်နေကြသည်။ သူငယ်ချင်းအပေါင်းအသင်းကောင်း ရှားပါးလှသောမြို့။ ကိုယ့်အရေးထက် သူ့အရေးကို ဦးစားမပေးနိုင်သောမြို့ပင်။ ထိုသို့ဆိုလျှင် ဘာကြောင့် အခြားမြို့များတွင်သွားရောက် မနေထိုင်ပါသနည်းဟု မေးစရာရှိပါသည်။ ရန်ကုန်တွင် ကျွန်တော်သဘောကျနှစ်သက်သောအရာများစွာရှိပါ သေးသည်။ ကျောင်းပြီးသော်လည်း ဘွဲ့လွန်ပ ညာရပ် ဒီပလိုမာပေါင်းများစွာကိုသင်ယူနိုင်သည့် ရန်ကုန်တက္ကသိုလ် ကြီးရှိသည်။ အသက်မွေးဝမ်းကျောင်းပညာရပ်များအတွက် ငွေအနည်းငယ်ပေးလျှင် အချိန်တိုအတွင်း တတ် မြောက်နိုင်သည့် သင်တန်းအတော်များများရှိသည်။
အခက်အခဲကြုံလာလျှင် ဦးခိုက်ပူဇော်ပြီး လိုအင်မှန်သမျှတိုင်တည်နိုင်သည့် ရွှေတိဂုံဘုရားကြီးရှိသည်။ ဒါတင်မက သေးပါ။ အခြားဒေသများတွင်မရနိုင်သည့် ဆီဥထောပတ်အစားအသောက်ပေါင်းစုံရန်ကုန် တွင်ရနိုင်သည်။ မိုးမျှော်တိုက်ကြီးများ၊ စျေးဝယ်စင်တာများမှာ မြန်မာတစ်နိုင်ငံလုံးရှိအခြားမြို့များက အားကျရသည့် ပြယုဂ်များပင်။ ထိုထိုသောအချက်များကြောင့် ရန်ကုန်မြေမှမခွဲနိုင်မခွာရက်ဖြစ်ခြင်းပင်။ သို့သော်လည်း ချစ်သူနှင့် ကတောက်ကဆဖြစ်ရခြင်းကိစ္စ ရာခိုင်နှုန်းအများစုမှာ ရန်ကုန်ကပါဝင်ပတ် သက်ခဲ့ပါသည်။ အမြဲတစေအလုပ်များ နေတတ်သည့်လုပ်ငန်းခွင်များ ရန်ကုန်တွင်ရှိသည်။ လူတိုင်းက အလုပ်ဇောကပ်နေတတ်ကြသည်။ ရုံးသွားရုံးပြန်ကို ငါးပိသိပ်ငါးချဉ်သိပ်ဘတ်စ်ကားများ တိုးဝှေ့စီးရ သည်။ ရသည့်ဝင်ငွေနှင့် ထွက်သည့်ဝင်ငွေမျှတအောင် ရုန်းကန်ကြရသည်။ ထိုအထဲတွင် ကျွန်တော် ၏ ချစ်သူကအဆိုးဆုံး၊ ကမ္ဘာ့အဆိုးဆုံးလူသားပင်။
ရုံးသွားရုံးပြန်ကားကြပ်၍ ဒေါသထွက်သည်။ ဆိုတော့ စိတ်မကြည်လင်ဖြစ်ကာ ကျွန်တော်နှင့်ဖုန်းပြော လျှင် ကတောက်ကဆဖြစ်ရတော့သည်။ “ကားကြပ်ပါတယ်ဆိုမှ ဘယ်လိုလုပ်အေးဆေးဖုန်းပြောနိုင် မလဲ” ဟု အအော် အငေါက်ခံရသည်။ လုပ်ငန်းခွင်တွင် ကျော်ခွ မရိုးသားတတ်သည့်လူတစ်ချို့ကြောင့် စိတ်ပျက်စိတ်တို တာမျိုးနှင့် ကြုံလာပြန်လျှင်လည်း စိတ်မကြည်လင်တာမို့ ကျွန်တော်နှင့်ဖုန်းပြောရင်း ရန်ဖြစ်ရတော့သည်။
“စိတ်က မကြည်ပါဘူးဆိုမှ ဘယ်လိုလုပ်စကားကောင်းကောင်းပြောနိုင်မလဲ၊ တစ်နေရာမှာစိတ်မကြည်ရင် အခြား နေရာမှာပါ သက်ရောက်မှုရှိတတ်ပါတယ်ဆိုနေ”
ကျွန်တော့်မှာ သူ့အလုပ်အဆင်ပြေဖို့ သူကားမကြပ်ဖို့ နေ့စဉ်နှင့်အမျှဆုတောင်းမေတ္တာပို့ရသည်။ သည် ကြားထဲ သူ့အမေဆေးခန်းသွားသည့်နေ့ဆိုလျှင်ဖုန်းမပြောရ၊ အမေနှင့်ဆေးခန်းတွင်အတူထိုင်စောင့် ပေးနေရ၍ ဖုန်းပြော ရာတွင်အဆင်မပြေဟု သူကဆိုသည်။ ယောက္ခမကြီးနေကောင်းပါစေဟုလည်း နေ့စဉ်ဆုတောင်း ပေးပါသည်။ ဆေးခန်းတွင် တန်းစီရလွန်း၍လည်း သူကစိတ်တိုတတ်တာမို့ လူသားအားလုံးကျန်းမာဖို့ ဆေးခန်းတွင်တန်းစီ မနေဖို့ ကျွန်တော်က ဆုတောင်းပေးပါသည်။ သူ့အိမ်တွင် သူကအကြီးဆုံးမို့ တစ်အိမ်လုံး၏ ကိစ္စအဝဝ ကိုလည်းသူကလုပ်ရသည်။ အိမ်တွင်ဖုန်တက်တာကအစ မီးချောင်းပျက်တာ၊ မီးဖိုပျက်တာ၊ ရေတိုင်ကီ ဆေးသုတ်တာ၊ ပန်းကန်ဆေးတာ၊ အဝတ်တွေချုပ်စရာရှိတာမျိုးအထိ အစအဆုံးသူပါဝင် တတ်တာမို့ အဲဒါတွေ အားလုံးအဆင်ပြေချောမွေ့စေဖို့လည်းဆုတောင်းပေးရပါသည်။
“အဝတ်တွေလျှော်နေလို့မကြားဘူးဟေ့၊ ဘယ်လိုဖြစ်လို့ ဖုန်းကို ခဏခဏခေါ်နေရတာလဲ၊ အချိန်တန်လို့ မြင်ရင် ပြန်ကိုင်မှာပေ့ါ၊ အနားမှမရှိလို့မကိုင်တာနားလည်လေ”
သူစိတ်ကြည်နေစေဖို့ ကျွန်တော် အရာအားလုံးဖန်တီးပေးနိုင်သည့် အလာဒင်မီးခွက်စောင့်ဖြစ်ချင်ပါသည်။ စျေးသွားနေလျှင်လည်း ဖုန်းမကိုင်၊ အိမ်တွင် ဧည့်သည်ရောက်နေလျှင်လည်း ဖုန်းမကိုင်။ မီး ပျက်နေလျှင် စိတ်မကြည်၊ ရပ်ကွက်မြောင်းတွေကြောင့် ခြင်တွေပေါလျှင်လည်းဒေါသထွက်၊ အငယ်ကောင်အိမ်ပြန်နောက် ကျလျှင်လည် စိတ်တို ဆိုတော့ အလာဒင်မီးခွက်စောင့်ကသာဒါတွေဖြေရှင်းပေး နိုင်မည်မဟုတ်လား။ ကျွန်တော် လုပ်နိုင်သည်ကတော့ သူ့အိမ်တွင်ဧည့်သည်မလာဖို့၊ မီးအမြဲလာစေဖို့၊ သူတို့တစ်မိသားစုလုံးကျန်းမာပြီး ခြင် မကိုက်ဖို့၊ အိမ်တွင်ရှိသမျှပစ္စည်းအားလုံး တစ်စွန်းတစ်စမပျက်စီးဖို့ ၊ ဖုန်မတက်ဖို့၊ ရေခဲသေတ္တာထဲတွင် ဟင်းသီး ဟင်းရွက်သားငါးအမြဲတစေပြည့်နေစေဖို့၊ အငယ်ကောင် အိမ်ပြန်စောပြီး အိမ်ကိုသိတတ်နားလည်သည့်လူ လိမ်မာဖြစ်ဖို့၊ သူ့အလုပ်တွင်အစစအရာရာအဆင်ပြေ စေဖို့ ….ဆုတောင်းမေတ္တာပို့လွှတ်ရုံပင်။ ထိုအတူ ရန်ကုန်ကြီး သာယာဝပြောဖို့လည်း ဆုတောင်းရပါသည်။
ရုံးသွားရုံးပြန်ကားအမြဲကြပ်မနေစေဖို့၊ ဖုန်းလိုင်းများအမြဲကြည်လင်နေစေဖို့၊ စည်ပင်သာယာများအမှိုက် ပုံမှန် သိမ်းနိုင်ဖို့၊ လျှပ်စစ်မီးအမြဲတမ်းလာစေဖို့ စတဲ့ အဓိကအချက်တွေကိုလည်းချစ်သူအတွက် ဆု တောင်းမေတ္တာပို့ ၃၁ ဘုံဆီကိုအမျှဝေရပါသည်။ ချစ်သူအဆင်ပြေစေဖို့ ရန်ကုန်ကြီးကျန်းမာပါစေ။
ရန်ကုန်ကြီးကျန်းမာလျှင် ကျွန်တော်တို့ Relationship အဆင်ပြေပြီမဟုတ်လား။
×××××
ချစ်ခြင်းအပြိုင်းအရိုင်းနှင့် …
ထင်ဒိုင်းအောင်