“မြူခိုးရယ်…ဝေ” အပိုင်း (၁)

(၁)

ကျွန်တော်နှင့် ငြိမ်း၏ ဇာတ်လမ်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နောက်ဆုံးအဖြစ် အဆုံးသတ်ပြီဟု ထင်ထား ခဲ့သော်လည်း တကယ်တမ်းတွင်တော့ ဇာတ်လမ်းအစသာရှိပါသေးသည်။ ထို ဇာတ်လမ်းအစကို ပျိုးရန်အတွက် ကျွန် တော် ဂျာကာတာကိုသွားရသည်မှန်း ကိုယ်ကိုယ်တိုင်တောင် မသိခဲ့ပါ။ သေချာတာသည့်အချက်ကတော့ ကျွန်တော်ငိုနေခဲ့သည်။ ကျွန်တော့်မျက်ဝန်းထဲတွင် မျက်ရည် များပြည့်လျှံနေပါလိမ့်မည်။ ပတ်ဝန်းကျင်ကို မျက် ရည်များကာ ပြီးကြည့်နေရသည့်အခါ အရာရာ ဝိုးတဝါးဖြစ်လို့။ မြူခိုးများပိန်းပိတ်အောင်မှောင်နေသည့်လမ်းတွင် မတ်တပ်ရပ်နေရသလို အရာရာ ဝေဝါးလျှက်။ လေဆိပ်ရှိထိုင်ခုံများတွင် လူအပြည့်တန်းစီနေသယောင်၊ မည်သူမျှမရှိဘဲ ကျွန်တော် တစ်ယောက်သာရှိနေသယောင် စိတ်ထင်ယောင်ထင်မှား၍သာရှိတော့သည်။

“ငါလုပ်ချင်တာလုပ်ခဲ့ပြီးပြီပဲ၊ ဘာလို့ငိုနေရတာလဲ”

တစ်ယောက်တည်း တီးတိုးရေရွတ်မိသည်။ ကျွန်တော့်ဘဝတွင် တစ်ယောက်တည်းစကားပြောမိသည်မှာ ယခုအကြိမ်မှမဟုတ်။ ဘဝတစ်လျှောက်လုံး။ ဘဝတစ်လျှောက်လုံးပဲဆိုပါစို့။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 ထဲတွင် ကျွန်တော်ရောက်နေပါသည်။ လူဝင်မှုကြီးကြပ်ရေးကောင်တာကိုလည်း ဖြတ်ပြီးပြီ။ လေယာဉ်ထွက်မည့်အချိန်ကို စောင့်နေသည့် ထိုင်ခုံတန်းများထဲမှ  တစ်နေရာတွင် ကျွန်တော်ထိုင်နေမိပါသည်။ လေ ယာဉ်ထွက်ချိန်တစ်နာရီလောက်လိုသေးသည်မို့ လူအများအပြားမရှိသ လောက်နည်းနေသေးသည်။ လေယာဉ် ချိန်က ၁၂ နာရီ ၁၅ မိနစ်။ မလေးရှားနိုင်ငံကွမ်လာ လမ်ပူမြို့ကိုအရင်သွားပြီး ထိုမှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျာကာတာကိုထပ်ပြောင်း စီးရမှာ ပင်။

“ဘာလို့အဲဒီအချိန်ကိုတမင်ရွေးခဲ့တာလဲ” ဟု တစ်ယောက်ယောက်ကမေးမည်ဆိုပါက အကြောင်းတစ်ခု ခုရှိကြောင်း ကျွန်တော် သေသေချာချာရှင်းပြမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ငြိမ်း မင်္ဂလာ ဆောင်က နေ့လည် ၁၁ နာရီလေ။ ထိုမင်္ဂလာအချိန်နှင့် မတိမ်းမယိမ်းအချိန်ကိုတမင်ရွေးခဲ့ခြင်းဖြစ်လေ သည်။ သတင်းတစ်ခုကိုကြားချင်၍ တမင်ရွေးချယ်ခဲ့ခြင်းပင်။ ကျွန်တော် တစ်ချက်မဲ့လိုက်မိသည်။ ယခုအချိန်လောက်ဆိုဖြစ်နေမည့် အကြောင်းတရားများကို တွေးပြီးရင်း တွေးရင်း မဲ့နေမိသည်။

“မင်္ဂလာဆောင်ဆိုပေမယ့် မင်္ဂလာလည်းဆောင်ရမှာမဟုတ်ပါဘူး၊ အခုလောက်ဆိုရင်တော့ သူတို့မိ သားစုကမ္ဘာကြီးမီးလောင်နေလောက်ပြီ”

လက်ထဲကဖုန်းကိုပွတ်ကြည့်ရင်း တီးတိုးရေရွတ်မိပြန်သည်။

ခါတိုင်းနိုင်ငံခြားသွားနေကျဆိုပါက ယခုချိန်လောက်ဆိုဖုန်းဆင်းမ်ကတ်ကိုထုတ်ပြီး အိတ်ထဲသိမ်းပြီး သွားလေပြီ။  ဒါပေမဲ့ ယခုတစ်ခါမှာတော့ မလေးရှားလေဆိပ်ကိုရောက်မှ ဆင်းမ်ကတ်ထုတ်တော့မည်။ အရေးကြီးဖုန်းခေါ်ဆိုမှုများကို ကျွန်တော်နားထောင်ရမည်လေ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ယောက်ဒါမှမဟုတ် ငြိမ်းသူငယ်ချင်းများက ကျွန်တော့်ကိုဖုန်းခေါ်မှာအသေအချာပေါ့။ ကျွန်တော့်သူ ငယ်ချင်းဆိုလို့ ရှားရှားပါးပါး ကြည်သာတစ်ယောက်ပဲရှိပါလိမ့်မည်။

ကျွန်တော်မျှော်လင့်ထားသလိုပါပဲ။ ဖုန်းလာသည့်အချိန်က သိပ်မကြာလိုက်ပါ။ တွေးပြီး ငါးမိနစ် လောက်မျှသာ။ ကျွန်တော့်လက်ကိုင်ဖုန်းသံ မြည်လာခဲ့သည်။ ကြည်သာ့ဆီကပေါ့။ ကြိုတင်မျှော်လင့် ထားသည့်အရာမို့ မဲ့ပြုံးတစ်ချက်ပြုံးရင်း ဖုန်းကိုင်လိုက်မိသည်။ ရင်ထဲတွင်တော့ လှိုက်ကာလှိုက်ကာဖြင့် တစ်ခုခုကို စိုးရိမ်သယောင်၊ စိတ်လှုပ်ရှားသယောင်ယောင်ဖြင့် ဆောက်တည်ရာမရသည်ကတော့ အသေ အချာပင်။

“အေး ပြော”

ကျွန်တော့်လေယာဉ်မထွက်သေးမှန်းကြည်သာ သိကောင်းသိပါလိမ့်မည်။

“မင်း ငြိမ်းအကြောင်းကြားပြီးပြီလား”

သူပြောလာသမျှကို အံသြခြင်းကြီးစွာနှင့် နားထောင်ရမည်ဆိုပြီး ကြိုဇာတ်တိုက်စဉ်းစားထားသည်မို့ ဖုန်း နားထောင်ရသည်မှာ ထင်သလောက်တော့သိပ်မခက်ခဲလှပါ။ သို့သော်လည်း ကြည်သာပြောမည့် စကား များကို ကြိုသိနေသည့်တိုင် ဝမ်းနည်းခြင်းများက ကြီးစိုးမိနေလေသည်။ ထိုအတွေးပေါင်းသောင်း ခြောက်ထောင်ကြောင့်သာ ကျွန်တော် မျက်ရည်ဝဲနေခဲ့ခြင်းပင်။

“ဘာတဲ့လဲ”

“ငြိမ်းရော ဇင်လင်းမောင်ရော ဆေးရုံရောက်နေတယ်”

“ဘာ”

ကျွန်တော်မျှော်လင့်ထားခဲ့သည်နှင့်တော့ လွဲခဲ့ပြီး။ ဆေးရုံရောက်သည်ဆိုသည့်စကားကို တစ်ယောက် ယောက်ကပြောလာခဲ့အောင် ကျွန်တော်ဖန်တီးခဲ့သည်မဟုတ်။  နှစ်ယောက်စလုံးပွဲချင်းပြီးသေဆုံးဖို့ ဖန်တီးခဲ့ခြင်းပင်။ ဘာကြောင့် ဆေးရုံရောက်နေရသနည်း။ လူသေအလောင်းကိုဆေးရုံခေါ်သွားခြင်း သာဖြစ်ပါလိမ့်မည်။

“အေး ဟုတ်တယ်၊ မင်္ဂလာဆောင်အသွား လက်ဖွဲ့ပစ္စည်းတစ်ခုဖောက်မိလိုက်တာတဲ့၊ လက်ဖွဲ့ကလက် လုပ်ဗုံးတွေထည့်ထားတာဖြစ်နေတယ်”

“ဟင်”

“အေး ချက်ချင်းပဲပေါက်ကွဲသွားတာ ကားဆရာရောအဆစ်ပါသွားတယ်၊ ဆေးရုံကိုအားလုံးဝိုင်းပို့တာပဲ ဒါပေမဲ့ မမီဘူး၊ ပွဲချင်းပြီးပဲ၊  ငါအခုသွားကြည့်နေတယ်”

“ဟာကွာ”

ဘယ်လိုပဲဖြစ်ဖြစ်ဆေးရုံတော့တင်ရမယ်မဟုတ်လား။ သေဆုံးသွားတာတော့ သေဆုံးသွားတာပေါ့။ ကျွန်တော်ဖန်တီးခဲ့သည်မှာ အောင်မြင်ပြီပေါ့။ ငြိမ်း။ ကျွန်တော်အသက်တမျှချစ်ရသည့်ကောင်မလေး။ အခုတော့ သေဆုံးခဲ့ပြီလေ။ ဘုရား၊ ဘုရား။ တကယ်သေဆုံးခဲ့ပြီပဲ။ ကျွန်တော်ဘုရားတမိသည်။ ကမ္ဘာ ပေါ်တွင် ကျွန်တော်အချစ်ဆုံး၊ ဘယ်တော့မှလည်း ကျွန်တော်သူ့အပေါ်ခွဲမသွားဘူးဟု ဆုံးဖြတ်ထားတာ အခုကျတော့လည်း သေဆုံးခဲ့ပြီတဲ့လေ။ အဆိုးဆုံးအချက်မှာ သူသေဆုံးမှုသည် ကျွန်တော့်လက်ချက်။ ကျွန် တော်ဖန်တီးခဲ့ခြင်းဖြစ်လေသည်။

“ဇော်ထင်”

ကျွန်တော်မှင်သက်တွေဝေနေခဲ့မည်မှန်း ကြည်သာသိတာပေါ့။ ကျွန်တော် ငြိမ်းကိုဘယ်လောက်ချစ် သလဲဆိုတာ ဒီကောင်အသိဆုံးပဲလေ။ ဒါပေမဲ့ ကျွန်တော်ငြိမ်းတို့ကို သတ်ခဲ့မှန်း ဒီကောင်ဘယ် သိ ပါ့မလဲ။ ကြည်သာတင်မဟုတ်ပါဘူး။ အခြား ဘယ်သူမှလည်းသိမှာမဟုတ်ပါဘူး။ သံသယလည်းဖြစ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဟုမေးလာပါက ငြိမ်းကိုကျွန်တော်အရမ်းချစ်ရပါသည် ဆိုသည့်အကြောင်းပြ ချက်တစ်ခု က သံသယများအားလုံးကိုကွယ်ပျောက်စေလောက်အောင်ဖူလုံစေခဲ့ သည်ပင်။

“အေး ကြည်သာ”

“မင်း အရမ်းစိတ်မကောင်းဖြစ်သွားမယ်ဆိုတာ ငါသိပါတယ်၊ ကိုယ်ချင်းလည်းစာတယ်၊ ဒါပေမဲ့ မင်း အခု ခရီးသွားနေတာဆိုတော့ တရားနဲ့ဖြေပါကွာ၊ ငါလည်း အဲဒီလောက်ပဲနှစ်သိမ့်တတ်တယ်၊ မင်းအခု ဘယ်ရောက်နေပြီလဲ၊ လေဆိပ်သွားနေပြီလား၊ အဆင်ပြေရဲ့လား”

“ငါအဆင်ပြေပါတယ်၊ အခုလေယာဉ်စောင့်နေတာ”

“အေး၊ ငြိမ်းမင်္ဂလာဆောင်ရှိတယ်ဆိုကတည်းက မင်းတော်တော်စိတ်မကောင်းဖြစ်နေတာငါသိပါတယ်၊ အဲဒီမင်္ဂလာဆောင်ကိုမသွားချင်လို့ ဂျာကာတာကိုသွားတယ်ဆိုတာလည်းငါသိပါတယ်၊ မင်း ရှောင်ဖယ် ချင်ခဲ့တဲ့ ငြိမ်းဟာ အခုတော့လည်းမင်းတစ်သက်လုံးရှောင်စရာမလိုတော့အောင် ကံကြမ္မာ ကဖန်တီးခဲ့ တာပါပဲ သူငယ်ချင်းရာ”

“ရုတ်တရက်တော့ ဖြေဖို့ခက်တယ်ကြည်သာ၊ ငါ… ငါ အခု မင်းဆီလာခဲ့မယ်၊ ငြိမ်းဆီကိုသွားချင်တယ်”

တကယ်တမ်းကျွန်တော်ဘယ်သွားပါ့မလဲ။ ကြည်သာ တားလိမ့်မည်မှန်း အတပ်သိနေ၍ ထိုစကားကို ပြောထွက်ခဲ့ခြင်းပင်။

“အေး ငါထင်တာတော့ မင်းလာရင်လည်းဘာမှမထူးဘူးလေ၊ မင်းစိတ်ညစ်ရတာပဲအဖတ်တင်မယ်၊ မင်း ဒီမှာမရှိဘူးဆိုတာ အားလုံးကသိထားကြတာနဲ့အညီ မလာတာကမကောင်းဘူးလားကွာ၊ တကယ်လို့ မင်းက ငြိမ်းရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ချင်တယ်ဆိုရင်တော့ လာခဲ့ပါ၊ ဂျာကာတာကို ရက်လည်ပြီးမှ သွားပေါ့”

“အေးလေ၊ ဟုတ်တော့ ဟုတ်ပါတယ်၊ ငါလာတော့ရော ငါ့ဝေဒနာတွေတိုးတာထက်အပြင်ဘာရှိဦးမှာလဲ၊ မလာတော့ပါဘူး၊ လေယာဉ်ချိန်လည်းနီးနေပြီဆိုတော့ ငါ ဂျာကာတာကိုပဲသွားလိုက်တော့မယ် ကြည်သာ၊ ငြိမ်းရဲ့နောက်ဆုံးခရီးကို ငါ့ကိုယ်စားလိုက်ပို့ပေးလိုက်ပါ သူငယ်ချင်း”

“အေး အေး၊ ငါ အစအဆုံးမင်းကိုအသေးစိတ်ပြောပြပါ့မယ်၊ စိတ်ချပါ”

“ကျေးဇူးပါကွာ၊ ဒါပဲနော်၊ လေယာဉ်က ခေါ်နေပြီ”

ကျွန်တော်ဖုန်းချသင့်ပြီလေ။

ကျွန်တော်ထိုင်နေသည့်နေရာ ဝန်းကျင်တစ်ဝိုက်ဆူဆူညံညံဖြစ်လို့လာသည်။ လေယာဉ်ချိန်နီးပြီမို့ လူ များတစ်ဖွဲဖွဲရောက်လာကြပြီ။ မြန်မာစကားသံ၊ အင်္ဂလိပ်စကားသံ၊ အခြားဘာသာစကားသံများ ရော စွက်လို့ ပတ်ဝန်းကျင်က ညံစီညံစီဖြစ်လာပြီ။ ထိုပတ်ဝန်းကျင်ထဲတွင် ကျွန်တော်နှင့်သိသည့် သူတစ် ယောက်မှ မရှိပါ။ အကယ်၍များရှိမည်ဆိုပါက ထိုလူကိုကျွန်တော်ပြေးဖက်ပြီးငိုမိလိမ့်မည်။

ဆုံးရှုံးရမည်ဆိုသည်ကို ကြိုတင်သိရက်နှင့် တကယ်တမ်းဆုံးရှုံးလိုက်ရသည့် အခါတွင်တော့ ဝမ်းနည်း သည့် ခံစားမှုကတစ်စက်က လေးမှလျော့ကျမသွားပါ။ ငြိမ်းတကယ်သေဆုံးခဲ့ပြီလေ။ ငြိမ်းတင်မဟုတ်ပါ ဘူး။ သူ့အမျိုးသားလောင်း ရော အဆစ်ပါသွားသည်။ ဇင်လင်းမောင်၏သေဆုံးမှုကို တော့ စိတ်မကောင်း ဖြစ်ရုံကလွဲရင် ဝမ်းမ နည်းပါ။ ထိုကောင့်ကို ကျွန်တော်ဘယ်လိုလုပ်ကြည့်ရမှာလဲ။ ကိုယ့်ချစ်သူ၏ အမျိုးသားကိုကြည့်လို့ရမည့် အကြောင်းပြချက်တစ်ခုခုများရှိခဲ့ပါကလည်း သိလိုလှသည်။ စတွေ့က တည်းက ဇင်လင်းမောင်သည် ကျွန် တော့်အပေါ်တစ်စက်ကလေးမှမကောင်းခဲ့။ ငြိမ်းအပေါ်ကိုလည်း ကျွန်တော့်လိုချစ်တတ်သည့် သူဟုလုံးဝ ထင်ခဲ့မိ။ သူလုပ်ချင်တာလုပ်နေရရင်ပြီးရော ငြိမ်းကိုအရာရာ ခြယ်လှယ်စိုးမိုးနေရရင်ပြီးရောဆိုပြီး သဘောထားတတ်သည့်ကောင်လို့ပဲမြင်မိသည်။ ကျွန်တော်က တော့ ငြိမ်းကိုသဝန်တိုတာကလွဲရင် ဒီကောင့် ထက်အပုံကြီးသာတာပေါ့။

ခဏကြာတော့ လေယာဉ်ပေါ်ကိုတက်ရသည်။ လေယာဉ်ကမထွက်သေးသည်မို့ လေယာဉ်ပေါ်တွင် အင်တာနက်သုံးဖို့ကြံရွယ်လိုက်၏။ ကျွန်တော်အရင်ဆုံးလုပ်ရမည့်အလုပ်က ငြိမ်း၏ ဖေ့စ်ဘုတ်စာ မျက်နှာဆီကိုသွားကြည့်ရန်ဖြစ်လေသည်။ ယခုလောက်ဆိုပါက ငြိမ်းတစ်ယောက်ကွယ်လွန်ခြင်း ဆု တောင်းစာများပလူပျံနေပြီပေါ့။ လူအားလုံးက ငြိမ်းသေဆုံးခြင်းကို နှမြောတသဖြစ်နေကြပြီပေါ့။ ထိုလူ အားလုံးထက် ခံစားရအခက်ဆုံးလူမှာ ဟိန်းဇော်ထင်ဆို သည့်ကျွန်တော်မှန်း ငြိမ်းသိပါလေစ။

“ဟင့်အင်း၊ ငါမမှားဘူး၊ ငါလုပ်ခဲ့တာမမှားဘူး”

ခေါင်းခါပစ်လိုက်ကာ မျက်ရည်ရစ်ဝဲလာသည်ကို လက်ခုံနှင့်သုတ်ပစ်လိုက်သည်။

“ရှင်”

ကျွန်တော့်ဘေးနားမှာထိုင်နေသည့် အမျိုးသမီးက သူ့ကိုစကားပြောနေသည် အထင်နှင့်လှမ်းထူးတော့ ဘာမှ မဟုတ်ဘူးဆိုပြီး တောင်းပန်လိုက်ရသေးသည်။

“ကျွန်တော် တစ်ယောက်တည်းစကားပြောနေမိလို့ပါ၊ ဆောရီး”

ခပ်ကြောင်ကြောင်ကောင်တစ်ကောင်ပါဆိုသည့် အထာနှင့် ခပ်မဲ့မဲ့မျက်စောင်းထိုးသွားသည်။ ဂရုမစိုက် နိုင် ပါ။ ငြိမ်း၏ပုံများကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာဖြစ်နေသည့် အလုပ်ကလွဲရင် ကမ္ဘာပေါ် မှာ အရေးအကြီးဆုံးအလုပ်မရှိတော့ဘူးဟု ထင်ထားသည့် အခိုက်အတန့်ပင်။

ဖေ့စ်ဘုတ်မတ်စင်ဂျာပေါ်ကနေ အသံမြည်လာသည်။ ကြည်သာ့ဆီကပေါ့။ ငြိမ်း၏ကွယ်လွန်သေဆုံး ခြင်းပုံများကို ကျွန်တော့်ဆီပို့ပေးနေလေသည်။

“အိုး အဲဒီလောက်အထိတောင်ရုပ်ပျက်သွားတာပဲ”

ဘေးနားကအမျိုးသမီးက ကျွန်တော့်ကိုကြည့်ပြန်သည်။ ဒီတစ်ခါတွင်တော့ သူရော ကျွန်တော်ရော ဘာမှမပြောကြတော့။ ကျွန်တော်က ကြည်သာပို့လိုက်သည့်ပုံမှာကိုပဲ မဲကြည့်နေလေသည်။ ငြိမ်းဟုခေါ် သည့်မိန်းကလေးတစ်ယောက်မှန်းထိုပုံများကို ကြည့်ကာဘယ်သူကသိမှာလဲ။

“ဆောရီးပါ၊ လေယာဉ်ထွက်တော့မှာမို့ ဖုန်းလေးပိတ်ထားပေးပါ”

လေယာဉ်မယ်လေး၏ အသံကြောင့် ကျွန်တော်ဖုန်းပိတ်ဖို့အချိန်တန်ပြီမှန်းသိလိုက်ပါပြီ။

“အိုကေ”

ကမ္ဘာကြီးနှင့် အဆက်အသွယ်ခဏပြတ်သွားပြီလေ။ ရင်ထဲတွင်တော့ ငြိမ်းနှင့် ပတ်သက်သမျှအရာများ ကို စုပြုံ သတိရနေဆဲ။ ခေါင်းစွပ်အင်္ကျီဝတ်ထားသည် မို့ခေါင်းစွပ်ကိုမျက်လုံး ကျော်ကျော်လောက်အထိ ဆွဲချပြီး ဖုံးထားလိုက်သည်။

ကျွန်တော်ငိုချင်နေပြီ။ အရာအားလုံးအတွက်ငိုချင်နေပြီ။ ယောင်္ကျားဖြစ်ပြီး စိတ်ပျော့တယ်ပဲပြောပြော၊ ကိုယ်လုပ်တဲ့အလုပ်ပဲဘာဝမ်းနည်းစရာရှိလို့လဲပဲပြောပြော ကျွန်တော်ငိုချလိုက်ချင်နေပြီ။

“ငြိမ်း ကျွန်တော့်အပေါ်အရမ်းရက်စက်တယ်”

ဘေးနားကအမျိုးသမီးကြည့်ကောင်းကြည့်နေနိုင်ပေမယ့် ကျွန်တော်မမြင်ရတော့ပါ။ ကျွန်တော်ပြော ချင်တာ ပြောခွင့်ရှိသည်လေ။ သူ့ကိုဘာမှမထိခိုက်တာ။

“ကျွန်တော် ငြိမ်းကိုရက်စက်တာမဟုတ်ပါဘူး၊ ကျွန်တော်မခံစားနိုင်လို့ပါ၊ ငြိမ်းနဲ့အဲဒီကောင်နဲ့ တစ်ဘ ဝလုံးလက်တွဲပြီး သာယာတဲ့အိမ်ထောင်ရေးတည်ဆောက်ကြမှာကို ကျွန်တော်မခံစားနိုင်လို့ပါ၊ ကျွန် တော် ငြိမ်းကိုအရမ်းချစ်တယ်လေ၊ ငြိမ်းနဲ့ပတ်သက်ပြီး ကျွန်တော်အများကြီးမျှော်လင့်ထားခဲ့တယ်လေ၊ ကျွန်တော့်ကိုခွင့်လွှတ်ပါ ငြိမ်း”

ကျွန်တော်ဟာ လူသတ်ကောင်။ ငြိမ်းနှင့် ဇင်လင်းမောင်ကို ကျွန်တော်သတ်ပစ်ခဲ့သည်။ ကြိုတင်ကြံစည် ပြီးတော့ကို သတ်ပစ်ခဲ့တာ။ သူတို့၏ မင်္ဂလာဆောင်ကိုအသွားမှာတင် သေအောင်ဖန်တီးခဲ့တာ။ အဲဒါ ဟာ ကျွန်တော်မခံစားနိုင်လို့။ မခံစားနိုင်လို့ပါငြိမ်းရာ။

“ကျွန်တော့်ကိုခွင့်လွှတ်ပါငြိမ်း”

ထိုစကားကိုသာ အခါခါတီးတိုးရေရွတ်မိသည်။ ကျွန်တော် ရန်ကုန်မှာရှိနေပါက ငြိမ်း၏ အနားကိုသွားပြီး ပြောမိမလားမသိ။ အခုတော့လည်းတစ်မျိုးကောင်းပါတယ်လို့ပဲထင်ထားခဲ့သည်။ ဂျာကာတာရောက် ၍ အလုပ်လုပ်နေလျှင် ငြိမ်းကိုခဏတာတော့ မေ့ပျောက်မည်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ကျွန်တော်နှင့် ငြိမ်းတို့၏ ဇာတ်လမ်းသည် ဂျာကာတာတွင် စတင်ခဲ့ခြင်းများလား၊ ကျွန်တော်လိုချင်သည့် ငြိမ်းကို ဂျာကာတာတွင် ပီပီပြင်ပြင်တွေ့ခဲ့သည်များလား ဝေခွဲမရတော့ပါ။ သေချာသည့်အချက်က ငြိမ်းကို ကျွန်တော်ဂျာကာ တာတွင်တွေ့ရှိခဲ့ခြင်းပင်။ ဇာတ်လမ်းအသစ်တစ်ခု အစပျိုးခဲ့ခြင်းပင်။

ကျွန်တော့်ရင်ဘတ်ထဲက ငြိမ်းအဟောင်းကတော့ ဒီနေ့ပဲကွယ်လွန်ခဲ့ပြီ။ သူကွယ်လွန်အောင်ဘယ်သူ လုပ်ခဲ့သလဲဆိုတော့ ကျွန်တော်ကိုယ်တိုင်ပေါ့။ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာပါ။

>>>>>