(၁၁)
ထိုအဖြစ်အပျက်နောက်တော့ ငြိမ်းနှင့်ကျွန်တော်ကြားတွင် တံတိုင်းတစ်ခုခြားသွားသလိုခံစားလာ ရသည်။ သူအဆင် ပြေလျှင်ကျေနပ်ရမှာပေါ့ဆိုသည့် စိတ်နှင့် သူ့ကိုသွားတွေ့သည်။ မတွေ့ရလျှင် ကျွန်တော်မှမနေနိုင်တာ။ အဲဒီ တော့ ငြိမ်း၏အလုပ်နှင့်ဆက်နွယ်သည့် အကြောင်းပြချက်တစ်ခုခုကို အမှီသဟဲပြုပြီးသွားကိုသွားတွေ့သည်။
ကံကောင်းချင်တော့ ကျွန်တော်တင်ပေးသမျှထုတ်ကုန်များက Facebook မှာပေါက်သည်။ လူကြည့် အများဆုံးထုတ်ကုန်များဖြစ်လာသည်။ ဒီတော့ ငြိမ်းတို့ ကျွန်တော့်ကိုမကင်းနိုင်။ ကျွန်တော်ကလည်း စေတနာတွေဗလပွနှင့်ထပ်လုပ်ပေးတော့ မစားရအညှော်ခံသံသရာက လည်နေတော့၏။
“ခေါင်းစဉ်နဲ့ပုံကအဓိကကျတယ်၊ အရိုးရှင်းအပြတ်သားဆုံးခေါင်းစဉ်ကိုပေး၊ ဆွဲဆောင်မှုရှိတဲ့ပုံကိုသုံးဖို့ အဓိကပဲ၊ ကျွန်တော်တို့က Travel Blogger တွေလိုမျိုး ခရီးအကြောင်းအသေးစိတ်ပြောပြရေးပြနေလို့ မရဘူး၊ လိုရင်းတိုရှင်းပြတ်ပြတ်သားသားမှ စာဖတ်သူရင်ထဲရောက်မှာလေ၊ ကုန်ပစ္စည်းတွေကို လူစိတ် ဝင်စားအောင်ရေးရတာဆိုတော့ ပရိတ်သတ်ကကန့်သတ်ထားသလိုဖြစ်နေတယ်”
ဆောင်တော်ကူးဆိုင်၏ထုတ်ကုန်တွေဆန်းသစ်မှုကလည်း စာဖတ်သူကိုဆွဲဆောင်စေပါသည်။ အဲဒီ ဆိုင်၏ ထုတ်ကုန်များကို ဘန်ကောက်လိုနေရာကမဟုတ်ဘဲ ဟောင်ကောင်တို့ ထိုင်ဝမ်တို့ကနေတင် သွင်းတာမို့ ဒီဇိုင်းကထူးဆန်းလို့နေသည်။ စျေးနှုန်းကတော့ နည်းနည်းမြင့်တာပေါ့။ ဒါပေမဲ့ အခုနှစ် နောက်ပိုင်းတွင်တော့ ပစ္စည်းကောင်းဖို့ကိုပဲအလေးပေးဝယ်ယူလာတာတွေ့ရသည်။ အွန်လိုင်းပေါ်တွင် ထုတ်ကုန်တစ်ခုခုတင်လိုက်ပြီဆိုလျှင်ထို ထုတ်ကုန်၏အားသာချက်၊ အများနှင့် မတူသည့် ထူးခြားချက်များ ကို အသားပေးဖော်ပြလိုက်ကြည့်၊ ပစ္စည်းအထူးဆန်းလေးများကြိုက်တတ်သည့် သူဆိုအချင်းချင်းမျှဝေကြတာနှင့် အရောင်းကခဏလေးအတွင်းတက်လာကြသည်။ အဲဒါကိုပဲ သူတို့က ကျွန်တော်၏စွမ်းဆောင်ရည်အဖြစ် သဘောကျကြတာပင်။
ငြိမ်းကို သူ့ချစ်သူဇင်လင်းမောင်နှင့်မကြာမကြာတွေ့ရသည်။ ဒါပေမဲ့ အနီးကပ်တော့မဟုတ်။ ဇင်လင်း မောင်လာကြိုတယ်ဆိုတာမျိုး၊ စောင့်နေပြီဆိုတာမျိုး အသံတွေကိုကြားလာရခြင်းပင်။ သူတို့အတွက် နိစ္စဓူဝကိစ္စမို့မထူးဆန်းပေမယ့် ကျွန်တော့်ရင်ထဲမှာတော့ ဇင်လင်းမောင်နှင့်ပတ်သက်သောအသံတစ်ခုခု ကြားလိုက်ရရင်ကိုပဲ ထိတ်ခနဲ ထိတ်ခနဲဖြစ်လို့။ ဘဝမှာ ကိုယ်အာရုံထားသည့် ကိစ္စတစ်ခုခုကိုအထိ အခိုက် အပွန်းအပဲ့မခံချင်တာလူ့သဘာဝဆိုပေမယ့် ကျွန်တော်ကအဲဒီထက်ပိုလေသည်။
အဲဒီလိုခံစားရင်းနှင့်ပဲငြိမ်းကိုကျွန်တော်မျှော်လင့်နေခဲ့သည်။
ကျွန်တော့်မျှော်လင့်ချက်များပြည့်လာသည့်တစ်နေ့ကိုလည်းရောက်မှန်းမသိရောက်လာခဲ့ပါသည်။ ထင် မှတ်မထားသောအခိုက်အတန့်မို့ ရင်လည်းခုန်ဝမ်းလည်းဝမ်းသာလှသည်။ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ငြိမ်းကိုကျွန်တော်လက်ခံသည်။ ချစ်တယ်လေ။
“ဇော်ထင် ငြိမ်းတို့ဆီကိုခဏလာခဲ့ပါလား အဆင်ပြေရင်၊ လှည်းတန်းမှာပဲ (…) ဆိုင်မှာ”
ငြိမ်းဖုန်းဆက်တော့ ကျွန်တော်ကအလုပ်ထဲမှာ။
“အိုကေ အိုကေ ကျွန်တော် အခုထွက်လာခဲ့မယ်”
ငြိမ်းတစ်ခုခုဖြစ်နေပြီဆိုတာ စိတ်ထဲကသိလိုက်၏။
ငြိမ်းတို့ဆီကိုဆိုတော့ တစ်ယောက်တည်းမဟုတ်တာလည်းသေချာလှသည်။ ရှိသမျှအလုပ်ကိုလက် စသတ်ထားလိုက်ကာ ငြိမ်းရှိရာဆီအပြေးလာခဲ့လိုက်ပါသည်။ ကျွန်တော်တို့၏တွေ့ဆုံခြင်းများ၊ ချိန်း ဆိုခြင်းများက လှည်းတန်းတစ်ဝိုက်မို့ ကားလည်းမကြပ်၊ လမ်းလျှောက်သွားရုံနှင့်ရောက်သည်မို့ လမ်းပမ်းဆက်သွယ်ရေးနှင့်ပတ်သက်၍ အဆင်ပြေခဲ့ပါသည်။ ကျွန်တော်နှင့်ငြိမ်း၏ဇာတ်လမ်းတွင် ဇာတ်ဝင်ခန်း တော်တော်များများက လှည်းတန်းနားတစ်ဝိုက်မှာပဲဆိုပါစို့။
“ငြိမ်း”
သူတို့ရှိရာဆိုင်ဆီကိုရောက်သွားတော့ မျက်နှာညိုးငယ်နေသည့်ငြိမ်းကိုတွေ့လိုက်ရသည်။
တစ်ယောက်တည်းတော့မဟုတ်။ ဇင်လင်းမောင်နဲ့ပေါ့။ ဇင်လင်းမောင်မျက်နှာကတော့ စူပုပ်မည်း နက်လို့နေလေသည်။ ဒီတော့ သူတို့စကားများထားတာအသေအချာပဲပေါ့။ ကျွန်တော်နှင့်ဇင်လင်းမောင် တွေ့ဆုံလိုက်တိုင်း အသာတကြည် ပြုံးလို့ရွှင်လို့ဆိုတာမရှိသလောက်နည်းပါသည်။ စတွေ့ကတည်းက အဖွင့်မှမလှခဲ့ကြတာကိုး။ ကျွန်တော့်ကိုလည်းမြင်ရော အဲဒီကောင်မျက်နှာပိုပြီးပုပ်သိုးသွားလိုက်တာ မြင်မကောင်း။
“ရောက်ပြီလား ဇော်ထင် လာထိုင်”
ငြိမ်းက ကျွန်တော့်ကို လေသံဖျော့ဖျော့လေးနှင့် ဖိတ်ခေါ်ပြီးထိုင်စေသည်။
သေချာပါတယ်။ သူငိုထားတာ။ ငြိမ်းငိုထားတာအသေအချာပါပဲ။ မျက်ရည်စတစ်ချို့ကို မျက်ဝန်းမှာ တွေ့လိုက်ရသည်။ ကျွန်တော်မြတ်နိုးလှသော ငြိမ်း၏ပါးပြင်ပေါ်က သွေးကြောလေးတွေအတိုင်းသားမြင် နေရပြီး အနည်းငယ်ရဲတွတ်လို့နေလေသည်။
“ကဲ ဇင်လင်းမောင် အဲဒါငြိမ်းရဲ့ချစ်သူပဲ၊ ယုံအောင်တမင်ခေါ်ပြတာ”
ငြိမ်းက ကျွန်တော့်လက်မောင်းကိုဆတ်ခနဲကိုင်လိုက်ပြီး ဇင်လင်းမောင်ကို ခပ်ကြွားကြွားပြောလိုက် တော့သည်။ ရုတ်တရက်မို့ ကျွန်တော်ငေးကြောင်သွားမိတာအမှန်ပင်။ သုံးယောက်သားထိုင်နေရက် အနေအထားမို့ ဆိုင်ထဲကိုရောက်နေတာမို့ ဇင်လင်းမောင်က ဒေါသမျက်ဝန်းနှင့်ကြည့်ရုံမှအပ ကျွန် တော့်ကိုဆွဲထိုးလို့အဆင်မပြေပါ။
ငြိမ်းဘာကြောင့်အခုလိုပြောလိုက်ရတာလဲဆိုတာ ရုတ်တရက်နားမလည်ပေမယ့် တွေးကြည့်ရင်း တစ်ဖြည်းဖြည်းသဘောပေါက်လာရသည်။ သူတို့နှစ်ယောက်ပြတ်ပြန်ပြီပေါ့။ ကျွန်တော့်ကို လှလှပပ ကြီးအသုံးချလိုက်တာပေါ့။
“ထင်သားပဲ မင်း ဒီကောင်နဲ့ငြိနေလိမ့်မယ်ဆိုတာ”
ဇင်လင်းမောင်က သိပ်အံအားသင့်သည့်ပုံမပြ။ ဒေါသထွက်နေသည့်ပုံသာပြလေသည်။
“ဇော်ထင် အခုလိုလုပ်လိုက်ရတဲ့အတွက်တောင်းပန်ပါတယ်၊ သူ့ကို ငြိမ်းရဲ့နားကဖယ်ထုတ်ဖို့ဒီနည်း လမ်းပဲရှိလို့ခေါ်လိုက်တာပါ၊ သူက ငြိမ်းတို့ချစ်သူတွေဖြစ်နေတာကြာပြီဆိုတာ မယုံချင်ယုံချင်ဖြစ်နေ လို့လေ”
“အော်”
ကျွန်တော်ဘာဆက်ပြောလို့ပြောရမှန်းမသိအောင်ဖြစ်နေမိ၏။
“ဘယ်ကတည်းကလဲ”
ဇင်လင်းမောင်မေးပြီ။ ကျွန်တော် သူတို့နှစ်ယောက်ကိုတစ်ယောက်တစ်လှည့်စီကြည့်ရင်း အသုံးချခံ နေမိလေသည်။
“ရှင်နဲ့ကတောက်ကဆဖြစ်တိုင်း သူက ဘေးနားမှာ သူငယ်ချင်းတစ်ယောက်အဖြစ်ရှိနေပေးကတည်း က သံယောဇဉ်တွေပိုခဲ့တာလေ”
ငြိမ်း၏အဖြေကမတိကျပေမယ့် ဇင်လင်းမောင်ကိုတော့ အရှိုက်နာစေပါသည်။ တရှူးရှူးတရှဲရှဲဖြစ်ပြီး ကျွန်တော်တို့နှစ်ယောက်လုံးကို ကိုက်စားတော့မတတ်ကြည့်နေတော့သည်။
“ဇော်ထင် ဘာကြောင်ကြည့်နေတာလဲ၊ ငြိမ်းကို ဘယ်လိုသဘောထားထဲ ဇော်ထင့်ရင်ထဲမှာဘာရှိသ လဲဆိုတာ အမှန်အတိုင်းပြောပြလိုက်လေ၊ အားမနာပါနဲ့၊ ပွင့်ပွင့်လင်းလင်းပြောဖို့ ငြိမ်းတို့သဘောတူ ထားပြီးသား၊ ရင်ထဲရှိတဲ့အတိုင်းသာပြောပြပေးပါ”
စိုင်ကော်လို့ခြုံပေါ်ရောက်တာလား၊ အသုံးချခံရတာလား ဝေခွဲမရ မဆုံးဖြတ်နိုင်ဖြစ်နေသည့်အချိန်လေး မှာ ပဲ ငြိမ်းကို ကျွန်တော်ဘယ်လောက်မြတ်နိုးကြောင်းဝန်ခံဖြစ်ခဲ့ပါသည်။ မိန်းကလေးတစ်ယောက်ကို မြတ်မြတ်နိုးနိုးချစ်တယ်ဆိုသည့်အကြောင်းကို အဲဒီမိန်းကလေး၏ရည်းစားရှေ့မှာ ပြောရခြင်းက ကမ္ဘာပေါ်တွင် ခပ်ရှားရှားအဖြစ်အပျက်မျိုးလို့ ကျွန်တော်ထင်မြင်မိလေသည်။
“ကျွန်တော်”
သူတို့နှစ်ယောက်စလုံးက ကျွန်တော့်စကားသံကိုအာရုံစွင့်လို့နေလေသည်။
“ကျွန်တော် ငြိမ်းကိုမြတ်မြတ်နိုးနိုးချစ်နေမိခဲ့တာပါ၊ ညဖက် အင်းလျားလမ်းနားမှာစတွေ့ကတည်းက”
ငြိမ်းကို စတွေ့ပြီးမြင်မြင်ချင်းကြွေသွားခဲ့တာ သူ့ချစ်သူနဲ့အတူရှိနေကတည်းက။ အခုချစ်ကြောင်း ကြိုက် ကြောင်းပြောတော့လည်း သူ့ချစ်သူရှေ့မှာ။ တွေးကြည့်တိုင်းအထူးအဆန်းကိစ္စလိုဖြစ်နေလေ သည်။
“တောက်”
ဇင်လင်းမောင်၏တောက်ခတ်သံက တစ်ဆိုင်လုံးကိုလွှမ်းသွားခဲ့သည်။
ဆိုင်မှာထိုင်နေသည့် လူတစ်ချို့ကွက်ကြည့်ကွက်ကြည့်လုပ်နေကြ၏။ သုံးယောက်စလုံးဆက်နေလို့ မဖြစ်တော့တာအသေအချာပါပဲ။
“ကြောင်တောင်နှိုက်”
ဇင်လင်းမောင်က ကျွန်တော့်မျက်နှာတည့်တည့်ကိုကြည့်ပြီး သူသောက်လက်စကော်ဖီခွက်နှင့်ပက်ထည့် လိုက်တော့သည်။ ကျွန်တော့် မျက်နှာနှင့်ရင်ဘတ်တစ်ဝိုက် ကော်ဖီများရွှဲစိုကုန်တော့၏။ ပြီးတော့ သူ ထွက်သွားခဲ့သည်။ ကျွန်တော်သိတာပေါ့။ ဆိုင်ပြင်မှာဆိုပါက ဒီကောင်ကျွန်တော့်ကိုဆွဲထိုးမှာ။ ဆိုင်ထဲ မှာဆိုတော့ ဘာမှလုပ်လို့မရသည့်အဆုံးကော်ဖီခွက်နဲ့ပက်ခဲ့တာပေါ့။ ဒီကောင်ကိုးရီးယားကားကြည့် တယ် ထင်ပါရဲ့။
ကျွန်တော်ဘာမှပြန်မလုပ်မိ။ ပြန်လုပ်ဖို့လည်းမစဉ်းစား။ မျက်စိမှိတ်ပြီးငြိမ်နေလိုက်ရသည်။ ကော်ဖီနံ့ က ကျွန်တော့်တစ်ကိုယ်လုံးဆီမှာ ထောင်းခနဲ။
“ဇော်ထင်”
ငြိမ်း၏တောင်းပန်သံကိုကျွန်တော်မလိုချင်တာမို့ လက်ကာပြလိုက်သည်။ ဇင်လင်းမောင်ဆိုသည့်ကောင် ထွက်သွားရင်ကျေနပ်ပါပြီ။ ဒီဝိုင်းထဲကထွက်သွားရုံမကဘဲ ငြိမ်း၏ဘဝထဲကပါအပြီးအပိုင်ထွက်သွားလျှင် ကျွန်တော်ကျေနပ်ပါပြီလေ။
“ကျွန်တော် ဒါတွေသွားဆေးလိုက်ဦးမယ်၊ ငြိမ်းကိုကျွန်တော်ပြန်လိုက်ပို့မယ်”
အိမ်သာထဲဝင်ပြီး မျက်နှာသစ်ချပစ်လိုက်သည်။ လက်နှစ်ဖက်နှင့် မျက်နှာကိုအုပ်၊ ဆံပင်ကိုဆွဲသပ်တင် ရင်း စဉ်းစားမိသည်။
“ငါဘာလဲ၊ ငါဘာဆက်လုပ်ရမလဲ၊ ငြိမ်း အခုနကပြောတာတွေကတကယ်လား၊ ငါ့ကိုအသုံးချတာလား၊ ဘာဆက်လုပ်ရမလဲ”
ကော်ဖီနံ့ကပြင်းတာမို့တော်ရုံဆေးချလို့မရ။ မျက်နှာတစ်ပြင်လုံးကိုသစ်ပြီးတော့ပဲထွက်လာလိုက်တော့ သည်။ အင်္ကျီတစ်ဝိုင်ပေနေသည်ကိုတော့ အိမ်ပြန်ပြီးအသစ်လဲမှရမယ့်ပုံ။
“သွားစို့ ငြိမ်း”
“ရှင် အဆင်ပြေရဲ့လား”
ခေါင်းညိတ်ပြလိုက်ပါသည်။
သူ့ကိုကူညီခြင်းသည်ကျွန်တော်နှလုံးသားအထိနာလှသည်။ တကယ်ပြောတာဖြစ်ပါစေလို့ပဲစိတ်ထဲက ဆုတောင်းရင်း အရဲစွန့်မေးမိ၏။
“အခုနကပြောတဲ့စကားတွေက တကယ်လားငြိမ်း”
“ဘာကိုလဲ”
ဆိုင်၏အပြင်ဖက်ဆီမှာတော့ ထုံးစံအတိုင်းပူလောင်အိုက်စက်လို့နေလေသည်။ လှည်းတန်း၏နေ့လည် ခင်းက အခြားနေရာတွေလိုခြောက်ကပ်မနေပါ။ သင်တန်းလာတက်သည့်လူငယ်များ၊ တက္ကသိုလ်နယ် မြေဆီကိုသွားလာနေသောကျောင်းသား၊ ကျောင်းသူများ၊ အလုပ်လာလုပ်ကြသည့်ဝန်ထမ်းများ၊ ဆိုင် များ၊ ဆူညံသံ၊ အော်သံ၊ ကားသံများနှင့် လှုပ်လှုပ်ရှားရှားစည်ကားလို့နေဆဲ။
“ကျွန်တော်နဲ့ငြိမ်းချစ်သူတွေဆိုတာ”
ငြိမ်းမျက်နှာလေးရှက်သွေးဖြာသွားလေသည်။ ဒါကိုပဲ ကျွန်တော်မြတ်နိုးလှ၏။
“လူတစ်ယောက်ကိုယုံကြည်အားကိုးမှုမရှိဘဲနဲ့၊ စိတ်ထဲကသံယောဇဉ်မပါဘဲနဲ့ အခုလိုပြသနာမျိုး ကိုဆွဲ ခေါ်ပါ့မလား”
“ကျွန်တော်သဘောမပေါက်ဘူး”
တကယ်တော့ အ,ချင်ယောင်ဆောင်လိုက်တာပါ။
“ငြိမ်း ရှင့်ကို ပုံမှန်သံယောဇဉ်ထက်ပိုပြီးခင်တွယ်တယ်၊ အဲဒါတော့သေချာတယ်၊ ဒီကြားထဲ ငြိမ်းရဲ့ ဘေးမှာ ငြိမ်း ရဲ့ချစ်သူအဖြစ်ရှိနေခွင့်ပေးပါ၊ အဲလောက်ပဲ ငြိမ်းပြောတတ်တယ်”
“ဟား”
ကျွန်တော်ကျေနပ်ပြီ။
အဲဒီအဖြေကိုပဲကျွန်တော်ကျေနပ်ပါပြီဗျာ။ ငြိမ်းဘေးမှာနေလာခဲ့သည့်သက်တမ်းတစ်လျှောက်မှာ ပျော် ရွှင်ချမ်းမြေ့ရဆုံးအခိုက်အတန့်လေးပါပဲ။
“ကျွန်တော် ဝမ်းသာလိုက်တာ ငြိမ်းရယ်”
တကယ်တော့ ကျွန်တော့်ကိုငြိမ်းပေးလိုက်သည့်အဖြေက ပြီးပြည့်စုံသည့်အဖြေတော့မဟုတ်ခဲ့ပါ။ မလူးသာ မလွန့်သာအခြေအနေတစ်ရပ်ပဲဖြစ်လေသည်။ အဲဒါကိုပဲ ကျွန်တော်ကအကျေနပ်ကြီး ကျေနပ် နေခဲ့ရ တာပါ။
“ကျေးဇူးတင်ပါတယ်”
ငြိမ်းက သူ့ကိုကူညီသည့်သူတစ်ယောက်အနေနှင့်သာ ကျွန်တော့်ကိုမြင်နေလေသည်။ အဲဒီနေ့က ကျွန် တော် ငြိမ်းကိုစကားတစ်ခွန်းပြောခဲ့လေသည်။ အရဲစွန့်ပြီးပြောခဲ့တာပါ။
“မချစ်ဘဲနဲ့တော့ အောင့်မနမ်းပါနဲ့ ငြိမ်းရယ်”
>>>>>