“မြူခိုးရယ်…..ဝေ” အပိုင်း (၁၄)

(၁၄)

“ငြိမ်းနဲ့ ဇင်လင်းမောင်ဟာ မကြာခင်လက်ထပ်တော့မယ့်သူတွေပါ”

“ဟင်”

ကျွန်တော့် ကမ္ဘာပြိုသွားခဲ့သည်။

ပြင်းရှရှစကားတစ်ခွန်းခွန်းကြားရမည်ဟုတော့ မျှော်လင့်ထားခဲ့၏။ ဒါပေမဲ့ အဲဒီလောက်ထိပြင်းအား ကောင်းလိမ့်မည်ဟု မထင်ထားခဲ့။ ရင်ခုန်နှုန်းများ တစ်ဒိန်းဒိန်းတုန်ခါသွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ကျွန်တော့်မှာ အလုပ်ကလွဲရင်ခင်တွယ်စရာသူငယ်ချင်းများများစားစားရှိသည်မဟုတ်။ မိဘဆိုတာကလည်းမရှိတော့သည်မို့ သံယောဇဉ်တစ်ခုခုရလာလျှင် သူများထက်ပိုပြီးခင်တွယ်တတ်ခဲ့ သည်။ ကျွန်တော်ချစ်ရသော ငြိမ်းကို ဘယ်လောက်ထိလေးလေးနက်နက်ချစ်ရတယ်ဆိုတာ ပြောစရာ တောင်မလိုတော့။

ဒါပေမဲ့ ဒါကိုငြိမ်းမသိခဲ့ပါ။

ငြိမ်းကျွန်တော့်ကိုလှည့်စားခဲ့သည်။ ကျွန်တော့်အပေါ်ပစ်ပစ်ခါခါလုပ်ရက်သည်။ အိမ်ထောင်ပြုမယ် ဟူသည့် အစီအစဉ်ရှိရက်သားနှင့် ကျွန်တော်နဲ့ချစ်သူဖြစ်ခွင့်ကိုဘာလို့များပေးခဲ့ရက်တာလဲငြိမ်းရယ်။

“ဘာကြောင့်လဲ”

မေသန့်တို့ကို မေးမိသည်။

ကျွန်တော့်ဝမ်းနည်းနာကျင်မှုတွေက ရှိုက်ရှိုက်တက်လာခဲ့သည်။ ကျွန်တော်မျှော်လင့်တောင့်တခဲ့သည့် အရာတစ်ခု အလိုချင်ဆုံးအရာတစ်ခု တကယ်ပဲဆုံးရှုံးရခဲ့ပြီလေ။

“ကျွန်တော့်ကိုဘာလို့ အဲဒီလိုလုပ်ရက်ခဲ့တာလဲ”

စိတ်မကောင်းတာရော၊ မယုံကြည်ချင်တာရော၊ ဝမ်းနည်းတာရော အရာအားလုံးရောစွက်ကာ ငြိမ်း နှင့် သာမျက်နှာချင်းဆိုင်ဖြေရှင်းမိချင်သည်။

“အားနာပါတယ်ဇော်ထင်ရယ်၊ ကျွန်မတို့လည်း တော်တော်စိတ်မကောင်းဖြစ်မိတယ်၊ ဇော်ထင့်ကို လည်း အရမ်းသနားမိတယ်၊ ငြိမ်းအခုလိုလုပ်ရတာကလည်း ဇင်လင်းမောင်ကြောင့်ပါ”

“ဟုတ်ပါတယ်၊ သူတို့နှစ်ယောက်က ခဏခဏပြသနာတက် စိတ်တွေဆိုးနေကြတာလေ၊ ကျွန်မတို့နဲ့ လည်း ဇင်လင်းမောင်နဲ့တစ်စက်မှကိုမတည့်တာ၊ မျက်နှာချင်းဆိုင်ရင်တော့ သူ့ကိုမုန်းလွန်းလို့..”

ချစ်သူနှစ်ယောက်၏ ပြသနာက အခြားသူတစ်ယောက်ဘဝပျက်စေလောက်သည် အထိ ဖြစ်သင့်ပါရဲ့ လား။ ကျွန်တော့်ကို ဘာလို့ရွေးချယ်ခဲ့တာပါလိမ့်။ ငြိမ်းကိုမေးခွန်းတွေအများကြီးမေးချင်ပါသည်။ တ ကယ်တမ်း ငြိမ်းနှင့်တွေ့လျှင်တော့ မေးဖြစ်ချင်မှမေးဖြစ်လိမ့်မည်။ ကျွန်တော်သူ့ကိုမမေးရက်ဘူးလေ။ ကျွန်တော့်အပေါ်ဘာလို့ရက်စက်ရတာလဲဆိုသည့် ဖြေရှင်းချက်တော့လိုချင်မိပါသည်။

“ဇော်ထင်နဲ့ကာလအတော်ကြာတဲ့အထိ ချစ်သူရည်းစားဖြစ်တယ်ဆိုရင် ဇင်လင်းမောင်အချိုးတွေပြေ ပြီး ငြိမ်းကိုတောင်းပန်မလား၊ ငြိမ်းကို ပိုပြီးအလျှော့ပေးဂရုစိုက်မလားဆိုတဲ့သဘောနဲ့ ဇော်ထင့်ကို အသုံးချ ခဲ့တာပါ၊ ကျွန်မတို့လည်း အစတုန်းကတော့ တကယ်ပြတ်ပြီထင်ထားတာ၊ မင်္ဂလာဆောင်ကိစ္စ ကိုလည်း ဖျက်ပြီထင်ထားတာ၊ တကယ်တမ်း ခရီးကအပြန်ကျမှ သူ့ခံစားချက်ကိုဖွင့်ပြောလို့သိရတာ”

“အော်”

ဖြစ်နိုင်လျှင် ဟစ်အော်ပေါက်ကွဲပြလိုက်ချင်တာပေါ့။

ငြိမ်း၏အရှေ့ကိုသွားပြီး ဘာကြောင့်လဲသည့် တဲ့မေးခွန်းတစ်ခုတည်းကို ငြိမ်း၏ မျက်နှာကိုကြည့်ပြီးမေး ပစ်လိုက်ချင်တာပေ့ါ။ ထိုမေးခွန်းကိုတော့ ကျွန်တော်မေးရက်မှ ရမည်။ ကျွန်တော့်အတွက် စိတ်ကျေနပ် စေသည့်အဖြေတစ်ခုခု ငြိမ်းကိုပေးစေချင်ပါသည်။

“ငြိမ်းကိုယ်စားတောင်းပန်ပါတယ်ဇော်ထင်ရယ်”

“ရပါတယ်ဗျာ၊ ကျွန်တော်ဘာတတ်နိုင်မှာလဲ”

“ငြိမ်းကိုပြောပြီးဝန်ခံတောင်းပန်ခိုင်းမလို့ပါပဲ၊ ဒါပေမဲ့…”

“ကျွန်တော်နားလည်ပါတယ်ဗျာ”

“ဇင်လင်းမောင်က ကျွန်မတို့ဆိုင်ကိုဘယ်တော့မှမလာဘူးဇော်ထင်၊ ကျွန်မတို့နဲ့လည်းမတည့်ဘူး လေ၊ အဲဒါကြောင့် ဒီရက်ပိုင်း ငြိမ်းကအပြင်ထွက်ထွက်နေတာ”

“ကျွန်တော့်ကိုခွင့်ပြုပါဦးဗျာ”

သူတို့ဘာပြောပြော ကျွန်တော့်နားထဲမဝင်တော့။

နှုတ်ဆက်ပြီးတော့ထွက်လာလိုက်သည်။ အရာအားလုံးမပြီးဆုံးချင်သေးပါ။ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်လိုက်ပြီး ငြိမ်းဆီကိုဆက်လိုက်သည်။ ကိုင်မယ်လို့မထင်ထားပေမယ့် ငြိမ်း ကျွန်တော့်ဖုန်း ကိုကိုင်ပါသည်။

“ဇော်ထင် ငြိမ်းကိုတော်တော်စိတ်ဆိုးနေပြီလား”

စိတ်မဆိုးပါဘူး၊ အရာအားလုံးအဆင်ပြေတယ်၊ ခွင့်လွှတ်တယ်လို့ ကျွန်တော်ပြောမထွက်ပါ။ ကျွန် တော့်စိတ်ထဲမှာ ငြိမ်းကိုခုနေတာအမှန်တရားပဲ။

“သူတို့ပြောတာတွေအားလုံးက အမှန်ပဲလားငြိမ်းရယ်”

ငြိမ်းဆီကစကားတစ်ခွန်းက ကျွန်တော့်အတွက်သက်တောင့်သက်သာများဖြစ်မလားဆိုပြီး မျှော့်လင့် နေမိခဲ့သည်။ တကယ်တမ်းထွက်လာသောစကားက အပြင်းရှဆုံးစကားဖြစ်လေသည်။ ကျွန်တော့်အ တွက်အားအင်တွေမရှိတော့။ ငြိမ်းကျွန်တော့်ကိုလှည့်စားခဲ့တာအသေအချာပဲဖြစ်တော့သည်။

“ငြိမ်း လက်ထပ်တော့မယ်”

“အော်”

ဖုန်းချလိုက်မိသည်။

ဘာဆက်ပြောရမှန်းမသိတော့ပါ။ အဲဒီတော့ ဖုန်းချပြီး တစ်နေရာရာမှာ ခံစားနေရတာကပိုမကောင်းပေ ဘူးလားလို့တွေးမိပြန်သည်။ အဲဒီအချိန် ကြည်သာ့ကိုသွားသတိရသည်။ ကျွန်တော်၏ အခင်ဆုံးသူ ငယ်ချင်းတစ်ယောက်ပေါ့။ ကျွန်တော့်မှာ သူငယ်ချင်းများများစားစားမရှိပါ။ ရှိသည့် သူငယ်ချင်းကလည်း ကျွန်တော့်အကြောင်းကိုကောင်းကောင်းသိသလို ပွင့်ပွင့်လင်းလင်းပေါင်းသည့်ကောင်တွေချည်းပင်။

“ကြည်သာ”

ဒီကောင့်ဆီကိုဖုန်းဆက်လိုက်မိ၏။

ဘဝမှာ အခက်အခဲတစ်စုံတစ်ရာ၊ စိတ်ညစ်စရာတစ်စုံတစ်ရာကြုံလာခဲ့ပါက မိဘရင်ခွင်သည်အကောင်း ဆုံးဆိုပေမယ့် ကျွန်တော့်မှာမိဘတွေမရှိတော့ပါ။ ဒီတော့ အချစ်ဆုံးအခင်ဆုံးတွေသာ ကျွန်တော့် ရင်ဖွင့်ဖော်ရင်ဖွင့်ဖက်တွေဖြစ်လာသည်။

“မင်းဒီည ငါ့အခန်းဆီလာအိပ်ပါသူငယ်ချင်း၊ ငါတို့သောက်ရအောင်ကွာ”

အခန်းမှာထိုင်သောက် မူးရင်နေရာမှာတင်လဲချပစ်၊ နိုးလာရင်ပြန်သောက် စိတ်ရှိလက်ရှိလုပ်ပစ် လိုက်ရင်ကောင်းမလားတွေးမိသည်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ငြိမ်းကိုမမေ့ပျောက်နိုင်တာတော့ အသေအချာပါပဲ။

“အေးအေး ကောင်းပြီလေ”

ကျွန်တော် တစ်ခုခုဖြစ်နေပြီဆိုတာ ကြည်သာကောင်းကောင်းသဘောပေါက်ပါသည်။ ဘာမှမမေး ဘဲ ဖုန်းချသွားတော့၏။ ဒါဆိုရင်တော့ ညနေကျရင်သူ့ကိုကောင်းကောင်းရင်ဖွင့်လို့ရပြီ။

ကျွန်တော်ရုံးကိုပြန်မနေတော့။ ရုံးဆင်းချိန်လည်းရောက်ပြီမို့ အခန်းရှိရာဆီကိုပဲလာခဲ့လိုက်တော့ သည်။ အဲဒီမှာတင်ပြသနာနောက်ဆက်တွဲတစ်ခုကစသည်။ ကျွန်တော့်အခန်းရှေ့မှာ ရောက်နှင့်နေသည့် ဇင်လင်းမောင်တို့အဖွဲ့။

ဇင်လင်းမောင်နှင့်လူနှစ်ယောက်။

ကျွန်တော့်အခန်းရှေ့ကိုလာသည့် အကြောင်းရင်းကဘာလဲဆိုတာပြောစရာမလိုတော့ပြီ။ အခုဆိုပါလျှင် အခြေအနေများအားလုံးကို ကျွန်တော်သိသလိုအဲဒီကောင်လည်းသိပြီးဖြစ်မှာပေါ့။ ယောင်္ကျားအချင်း ချင်းပြသနာဖြစ်လာပါက အလွယ်ဆုံးဖြေရှင်းနည်းတစ်ခုကိုရှင်းဖို့ သူလာခဲ့တာမှန်းကျွန်တော်ကောင်း ကောင်းသဘောပေါက်တာပေါ့။ သူကျွန်တော့်ကိုပြသနာရှာတော့မယ်လေ။

ကျွန်တော့်အတွက်ကတော့ သူ့ကိုပြန်ခုခံထိုးဖို့ဆိုတာထက် စိတ်တွေလေနေလို့ ဘာလုပ်လို့လုပ်ရမှန်း မသိအောင်ဖြစ်နေသည့် အခိုက်အတန့်ပေါ့။

“အဲဒီကောင်ပဲ”

ဇင်လင်းမောင်က သူခေါ်လာသည့်လူနှစ်ယောက်ကို ကျွန်တော့်ဆီလက်ညိုးထိုးပြကာအချက်ပေး လိုက်၏။ အဲဒီလူနှစ်ယောက်က ကျွန်တော့်ဆီကိုပြေးလာပြီး လက်သီးပြင်းများနှင့် တစ်ဘုန်း ဘုန်းထိုးတော့ သည်။ တိုက်ခန်းဆိုတော့ ရပ်ကွက်လိုမဟုတ်၊ လူရှင်းလို့နေတာမို့ အော်ဟစ်အကူအညီ တောင်း၍ လည်းအဆင်မပြေ၊ ပြန်ထိုးဖို့ကလည်း အင်အားချင်းမမျှ။ ဒီတော့ သူတို့ထိုးလာသော လက်သီးပြင်းများကို လက်နှစ်ဖက်နှင့်အကာအကွယ်ယူရုံကလွဲလို့ ကျွန်တော်ဘာမှမတတ်နိုင်တော့။

“ချကွာ ချ”

သူတို့က အနိုင်ဖက်ကမို့ ကျားသံပေးပြီး ကျွန်တော့်ဆီကိုတရစပ်တိုက်ခိုက်နေတော့သည်။ ခဏကြာ တော့ သူတို့၏ထိုးချက်များတဖြည်းဖြည်းနှေးလာခဲ့သည်။ ကျွန်တော်လည်း ဘုန်းဘုန်းလဲကျပြီး မျက် နှာတွေ၊ နှုတ်ခမ်းတွေမှာ သွေးတွေထွက် တံတောင်ဆစ်တွေပွန်းပဲ့လို့။

“တော်တော့”

ဇင်လင်းမောင်က ရုပ်ရှင်ထဲကလူမိုက်ခေါင်းဆောင်ပုံစံနှင့် လက်ကာပြီး တော်တော့လို့ဆိုလိုက်သည်နှင့် ဟိုလူနှစ်ယောက်၏ထိုးစစ်ရပ်သွားခဲ့၏။ ကျွန်တော့်တစ်ကိုယ်လုံးကိုင်လှုပ်လို့မရအောင်နာကျင်လို့နေ ခဲ့လေပြီ။ သူတို့၏ ထိုးနှက်ချက်များကို လက်ဖြင့်ကာလိုက် တံတောင်ဖြင့်ကာလိုက် လုပ်သော်လည်းမရ။ တစ်ကိုယ်လုံးကတော့ စုတ်ပြတ်သပ်၍နေခဲ့လေပြီ။

“ဟိန်းဇော်ထင်”

သူ ကျွန်တော့်အင်္ကျီကို ဆောင့်ဆွဲပြီး ကျွန်တော့်ကိုသူ့အားနှင့် ဆွဲမလိုက်လေသည်။ တီရှပ်ဝတ်ထားသည် မို့ ကျွန်တော့်ခန္ဓာကိုယ်က သူ့ဆီကို တီရှပ်နှင့်အတူအလိုက်သင့်ပါသွားခဲ့၏။ မျက်နှာမှာလည်း သွေးများ ထွက်နေသည်မို့ ထူပူလို့နေလေသည်။

ခေါင်းထဲမှာလည်းမူးနောက်နောက်ခံစားရကာ ဇင်လင်းမောင်၏မျက်နှာကိုသိပ်မသဲကွဲဖြစ်နေခဲ့သည်။ မျက်လုံးထဲမှာ ကြယ်တွေလတွေကိုလည်းမြင်ရသည်။ ကျွန်တော်သေဆုံးတော့မလားလို့တွေးမိပေမယ့် အဲဒီလောက်တော့အခြေအနေမဆိုးနိုင်။

ဇင်လင်းမောင်လည်း လက်ဆမှန်းထားပြီးသားနေမှာပေ့ါ။ ကျွန်တော့်ကိုသေလောက်အောင်တော့မလုပ်၊ မှတ်လောက်သားလောက်အောင်အထိလောက်ပဲစဉ်းစားထားပုံရသည်။

“ဟေ့ကောင် ငါခေါ်တာကြားလား”

သူ ကျွန်တော့်ကိုဆောင့်ဆွဲလိုက်ပြန်သည်။

သူမျက်နှာကို မှန်းဆပြီးစေ့စေ့ကြည့်နေရုံမှအပ ပြန်မပြောနိုင်ခဲ့။

“ငြိမ်းနဲ့လက်ထပ်မယ့်သူဟာ ဇင်လင်းမောင်ဆိုတဲ့ငါပဲ အဲဒါမသေမချင်းမှတ်ထား၊ ငြိမ်းနဲ့ငါနဲ့ စိတ် ကောက်တယ်၊ စိတ်ဆိုးတယ် ဒါတွေဟာခဏပဲ၊ အချိန်တန်ရင်ငါတို့က မင်္ဂလာဆောင်မှာ လက်ထပ် ကြမှာကွ”

“…”

“မင်းဟာ ငါနဲ့ငြိမ်းစိတ်ကောက်တုန်း ကစားကြတဲ့အရုပ်ကလေးတစ်ရုပ်ပဲ ဟိန်းဇော်ထင်၊ ဒီထက်ပိုပြီး တက်မလာနဲ့”

ကျွန်တော် သူ့ကိုတစ်ခုခုပြောဖို့အားယူလိုက်ပေမယ့် မရ။

“မင်းရဲ့ခြေလှမ်းတွေဒါနောက်ဆုံးဖြစ်ပါစေ၊ အဲဒါသတိလာပေးတာ၊ နောက်ထပ်ခြေလှမ်းတစ်လှမ်း တိုးလာမယ်ဆိုရင် မင်းအသက်ကိုဖက်နဲ့သာထုတ်ထားတော့”

သူ့ကိုကျွန်တော်စေ့စေ့ကြည့်လိုက်ပါသည်။

မြင်ကွင်းတွေဝေ၀ါးနေတယ်ဆိုပေမယ့် ကျွန်တော့်အကြည့်ပြင်းပြင်းက ဘာသဘောဆောင်သလဲဆို တာ သူကောင်းကောင်းသဘောပေါက်မှာပါ။ ဇင်လင်းမောင်၏ဒေါသကိုလည်း ကျွန်တော်ခန့်မှန်းမိ သည်။ ကိုယ်ချင်းစာဖို့တော့မစဉ်းစားပါ။ သူကအနိုင်ရရှိထားတဲ့သူပဲ။ ကျွန်တော့်ကိုနှိပ်စက်နေတဲ့ ကောင်ပဲ။ ငြိမ်းကိုရထားတဲ့သူတစ်ယောက်အနေနဲ့အရာရာအသာစီးကပဲလေ။

“ကြားလားဟေ့ကောင်”

သူ ကျွန်တော့်ကိုဆောင့်ပြီးလွှတ်ချလိုက်သည်။ အုန်းခနဲတစ်ချက်မြည်ပြီး ကျွန်တော့်ခေါင်း သံမံတ လင်းနဲ့ထိချက်ကြောင့် နာကျဉ်သွားခဲ့၏။

“ငြိမ်းရေ” လို့သာ စိတ်ထဲကတလိုက်ပြီး သူ့ကိုကြည့်နေမိခဲ့သည်။

အဲဒီနောက် သူတို့ထွက်သွားခဲ့ပါသည်။ သွေးစသွေးနကြားထဲ ကျွန်တော်လဲကျလျှက်ဖုန်းကိုလိုက်ရှာ စမ်းကြည့်ရင်း ကြည်သာ့ဆီကိုဆက်မိသည်။

ရှိသမျှအင်အားတွေစုပြီး စကားတစ်ခွန်းပြောရမည်။ ဖုန်းဆက်ဖို့အားယူရမည်။

“ကြည်သာ ငါ့ဆီအခုလာခဲ့ပါ”

>>>>>