“မြူခိုးရယ်…..ဝေ” အပိုင်း (၁၉)

(၁၉)

အဲဒီညက အိပ်မက်ထပ်မက်ပြန်သည်။ ဒီတစ်ခါတော့ အရင်ထက်ပိုထူးဆန်းသည်။ ကျွန်တော်အိပ်မက် က အိပ်မက်တစ်ခုအဖြစ်သာမဟုတ်တော့။ ရုပ်ရှင်ပြကွက်တစ်ခုလို ကွင်းကွင်းကွက်ကွက်မြင်ရသည်။ ကျွန်တော်ဂျာကာတာကိုထွက်လာသည့် နေ့ ငြိမ်းတို့မင်္ဂလာဆောင်သည့်နေ့ကမြင်ကွင်းပေါ့။ ကျွန်တော် ပေးသည့်လက်ဖွဲ့ကိုဖောက်ဖို့ သူတို့နှစ်ယောက်ပြောနေကြတာ။

ငြိမ်း၏ဦးလေးက ကျွန်တော်ပေးသည့်လက်ဖွဲ့ကို သူတို့ဆီအရောက်ပေးနိုင်ခဲ့သည်။ အလှပြင်ပြီး ကားပေါ်သို့ တက်လာသည့်သူတို့နှစ်ယောက်နေရာနားတွင် ပါဆယ်ထုတ်ကိုချထားခဲ့သည်။

“ဘယ်သူ့လက်ဖွဲ့ကြီးလဲ”

“အေး ဇော်ထင်ပေးသွားတာလေ”

“အော်”

ဇင်လင်းမောင်က လက်ဖွဲ့ကိုကောက်ယူလိုက်ကာ ဖွင့်ဖို့ပြင်လိုက်သော်လည်း ငြိမ်းက ဇင်လင်းမောင်၏ လက်ထဲက ပါဆယ်ထုတ်ကိုပြန်လုလိုက်သည်။

“မင်္ဂလာဆောင်ပြီးမှ အေးဆေးဖောက်မယ်လေ ဘာလောနေတာတုန်း”

“အော် ငြိမ်းရယ်၊ အဲဒီကောင်ဘာလက်ဖွဲ့သလဲ သိချင်တာပေါ့ ဖောက်ခွင့်ပေးပါ”

“မရပါဘူး”

ငြိမ်းတို့နှစ်ယောက်အချေအတင်ဖြစ်နေကြတာကို ငြိမ်း၏ဦးလေးကပြုံးပြီးနားထောင်နေသည်။ ကားကို ခြံထဲကထွက်ပြီး လမ်းမပေါ်မောင်းထွက်ခဲ့သည်။ တော်တော်ကြာသည်အထိသူတို့နှစ်ယောက်က ငြင်းခုံ လို့ကောင်းတုန်း။

“သူ ငြိမ်းကိုဘယ်လောက်တန်ဖိုးထားသလဲဆိုတာ လက်ဖွဲ့မှာပါတယ်လို့ကိုယ်ထင်တယ်၊ အခြားသူ လက်ဖွဲ့ထက်ဒီကောင့်လက်ဖွဲ့ကိုအရင်ဆုံးဖောက်ဖို့တွေးထားတာ၊ အတော်ပဲ၊ ကိုယ့်ဆန္ဒလေးဒီတစ်ခု ကိုတော့ လိုက်လျောပေးပါငြိမ်းရာ”

ဇင်လင်းမောင်က ကလေးလေးတစ်ယောက်လိုငြိမ်းကိုဂျီကျနေသည်။ ငြိမ်းလည်းကြာကြာနားညည်းမ ခံတော့ဘဲလက်ဖွဲ့ကိုပေးဖောက်စေလိုက်တော့သည်။ သူတို့အတွက် ကံကြမ္မာဆိုးကအဲဒီကနေစတော့ တာပါပဲ။ လက်ဖွဲ့ထဲမှာဘာတွေပါသလဲဆိုတာကို ငြိမ်းရော ဇင်လင်းမောင်ရောစိတ်ဝင်တစားဖောက် ဖွင့်ကြည့်နေရုံတင်မက ငြိမ်းဦးလေးကပါ အသံကိုနားစွင့်နေခဲ့သည်။

မိနစ်ပိုင်းအကြာမှာတော့ ပေါက်ကွဲသံတစ်ခုကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။ ကားလမ်းမပေါ်ရှိလူများ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဆေးရုံကားခေါ်တဲ့သူခေါ်၊ ငြိမ်းတို့အသက်ရှိမရှိစစ်ဆေးတဲ့သူစစ် ဆေးနှင့် အားလုံး၏အာရုံက မင်္ဂလာဦးကားလေးဆီကိုပင်။ ကြည့်နေကြသည့်သူတော်တော်များများက စုတ်တသပ်သပ်ဖြစ်ကုန်သည်။ မင်္ဂလာဆောင်ကားလည်းဖြစ်၊ အဖြူရောင်ဝတ်ဆင်ထားသောသတို့သမီး၊ သတို့သားဝတ်စုံများတွင် သွေးအလိမ်းလိမ်းပေကျံပွလျနေသည်ကို ယူကြုံးမရလည်းဖြစ်တာကြောင့်ပင်။

“အသက်ရှိသေးရဲ့လား”

“ဆေးရုံကားမြန်မြန်ခေါ်လိုက်ပါ”

“မင်္ဂလာဆောင်လိပ်စာရှိရာကိုအကြောင်းကြားရမယ်”

အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်ကာ ၀ိုင်းကူသူကူ၊ စပ်စပ်စုစုကြည့်ပြီး ဖုန်းနှင့်ဓါတ်ပုံရိုက်ကာဖေ့စ် ဘုတ်ပေါ်တင်သူတင်နှင့်ပတ်ဝန်းကျင်တစ်ခုလုံးဆူညံလို့။ ပေါက်ကွဲသံကြောင့် အသံကိုတစ်စွန်းတစ်စ ကြားသူများလည်း အဝေးမှအပြေးတစ်ပိုင်းလာကြည့်ကြလေသည်။

ကျွန်တော့်မြင်ကွင်းထဲတွင်တော့ ငြိမ်း၏ပုံစံကိုကွင်းကွင်းကွက်ကွက်မြင်ခဲ့သည်။ ငြိမ်း၏အဖြူရောင် ဝတ်စုံပေါ်ကသွေးတွေ၊ ငြိမ်း၏ဘေးတစ်စောင်းလဲကျနေသည့်ခန္ဓာကိုယ်တစ်ခြမ်းလုံးတွင် ပါးပြင်ပေါ်က အစ သွေးများသည် ခြောက်ခြားဖွယ်အတိပါပဲ။ ပြီးတော့ ဇင်လင်းမောင်။ သူ့မျက်နှာတစ်ခုလုံးက သွေးညို မည်းမည်းတွေပေကျံလို့။

ရုတ်တရက် ကျွန်တော်အိပ်ရာပေါ်ကနေလန့်နိုးလာသည်။ ချွေးတွေတစ်ကိုယ်လုံးရွှဲနစ်လို့။ ကျွန်တော့် မျက်လုံးဖွင့်လိုက်သည့်ခဏ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ဝုန်းခနဲတက်လာပြီး ကျွန်တော့်ကိုလည်ပင်းညစ် တော့သည်။ ဇင်လင်းမောင်ပေ့ါ။ သူ ကျွန်တော့်အိပ်ရာပေါ်အထိလိုက်လာခဲ့ပြီ။ အရင်ညလိုပါပဲ။ ကျွန် တော်သူ့လက်ထဲက အတင်းရုန်းကန်ထွက်ရတော့သည်။ သရဲကားများထဲကလိုပါပဲ။

သူကျွန်တော့်ကိုယ်ပေါ်သို့ ရုတ်တရက်ဗြုန်းစားကြီးပေါ်လာကာ လည်ပင်းညှစ်သည့်အဖြစ်။

“အား”

ကျွန်တော့်အော်သံက ထင်သလောက်မကျယ်။ လည်ပင်းအစ်နေကာ သူ့လက်များကိုရုန်းကန်ဖယ် ရှားနေရသည်။

“မင်းသေစမ်း ဇော်ထင်၊ မင်း သေ”

သူက ကျွန်တော့်ကိုအငြိုးတကြီးနှင့်လုပ်ကြံနေလေသည်။

နောက်ဆုံး ကျွန်တော်ရုန်းထွက်နိုင်ခဲ့ကာ အခန်းထဲကမီးခလုတ်ကိုအပြေးအလွှားသွားဖွင့်လိုက် တော့ ၏။ မီးရောင်လင်းသည်နှင့်သူပျောက်ကွယ်သွားခဲ့သည်။ ကျွန်တော်လိုက်ရှာတော့လည်းမတွေ့တော့။ ရွှဲနစ်နေသည့်ချွေးများကို မသုတ်နိုင်သေးဘဲဖုန်းဆက်ရသည်။ ဂျက်စီကာဆီကို။

“ဂျက်စီကာ ဂျက်စီကာ ဟေး ကျေးဇူးပြုပြီး ကိုယ့်အခန်းထဲကိုလာခဲ့ပေးပါ၊ ကျေးဇူးပြုပြီး”

သူဖုန်းကိုင်တာကိုပဲကျေးဇူးတင်ရသည်။

ကျွန်တော့်စိုးရိမ်သံကြောင့်သူရောက်လာမယ်လို့ တစ်ထစ်ချယုံကြည်ထားပြီးသား။ ကျွန်တော်အင်္ကျီလဲ လိုက်သည်။ ညအိပ်ဝတ်စွပ်ကျယ်နောက်တစ်ထည်လဲကာ ရေချိုးခန်းထဲသွားမျက်နှာသစ်ပစ်လိုက် သည်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံကြားတာကြောင့် တံခါးဆွဲဖွင့်လိုက်သည်။

“ဟင်”

ဂျက်စီကာမဟုတ်။ ငြိမ်းဖြစ်နေသည်။ ဘာလို့ငြိမ်းမှန်းအတပ်သိတာလဲဆိုတော့ မင်္ဂလာဝတ်စုံကြောင့်။ မင်္ဂလာဆောင်သည့်နေ့ကဝတ်စုံ။ ပြီးတော့ ပြီးတော့ ငြိမ်းတစ်ကိုယ်လုံးသွေးအလိမ်းလိမ်းနှင့် ကျွန်တော့် ဆီကိုတိုးဝင်လာနေသည်။ ငြိမ်းသည် ကျွန်တော့်ကို သေသေချာချာ စိုက်ကြည့်နေလေသည်။ မကျေနပ် သောအကြည့်များ၊ ကမ္ဘာမကျေသည့်မျက်ဝန်းများ။

“ဟာ ငြိမ်း ငြိမ်း”

သူ့ကိုကြည့်ပြီး နောက်ဆုတ်ရင်းဆုတ်ရင်းအော်မိလေသည်။

“မလုပ်ပါနဲ့ ငြိမ်း မလုပ်ပါနဲ့ ကိုယ်တောင်းပန်ပါတယ်”

ငြိမ်း၏လက်ထဲတွင် ဓါးတစ်ချောင်းနှင့်။

“သူများကိုကျတော့ ရက်ရက်စက်စက်သတ်ပစ်ခဲ့ပြီး ကိုယ့်အလှည့်ကျမှဘာကြောက်နေတာလဲ ဟိန်းဇော်ထင်၊ ရှင် သေမယ့်နေ့ရောက်လာပြီ၊ ရှင့်ကိုသတ်ပစ်မယ်”

ငြိမ်းက ရှေ့ကိုတိုးရင်း ကျွန်တော်ကနောက်ဆုတ်ရင်းနှင် ကျွန်တော့်တံခေါက်ကွေးက အိပ်ရာကုတင်နှင့် ထိမိလိုက်သည့်အချိန်တွင် ရပ်သွားခဲ့သည်။

“မလုပ်ပါနဲ့ငြိမ်းရယ်၊ ကိုယ် ငြိမ်းကိုသိပ်ချစ်လို့ ဇင်လင်းမောင်လက်ထဲအပါမခံနိုင်လို့ပါ၊ အဲဒီကောင်ကို အရမ်းမုန်းတယ်၊ သတ်ပစ်ချင်လောက်အောင်မုန်းတယ်၊ ငြိမ်းကိုတော့ သူ့ကိုမပေးနိုင်လောက်အောင် ချစ်တယ်၊ ကိုယ်မရလိုက်တဲ့ငြိမ်းကို သူ့လက်ထဲအပါမခံနိုင်လို့ပါငြိမ်း၊ ကိုယ့်ကိုနားလည်ပေးပါ၊ ကိုယ် တောင်းပန်ပါတယ်”

ကျွန်တော် ကုတင်ပေါ်ကိုပက်လက်လန်လဲကျသွားခဲ့သည်။ ငြိမ်းကျွန်တော့်ကိုသတ်ပြီအထင်နှင့် အော် မိသည့်အချိန်မှာပဲ ဂျက်စီကာရောက်လာခဲ့သည်။ ကျွန်တော့်ကိုကုတင်ပေါ်ကနေဆွဲထူပြီး သူ့ရင်ခွင့်ထဲ ထည့်ထားခဲ့သည်။

“ယူ အိုကေ ဇော်ထင်”

ကျွန်တော့်တစ်ကိုယ်လုံးချွေးတွေပြန်လာပြန်သည်။

“ဂျက်စီကာ”

ကျွန်တော် ဂျက်စီကာ့ကိုမော့ကြည့်လိုက်သည်။ သူက အုပ်ထိန်းသူတစ်ယောက်လိုချော့မြူဖို့ အဆင် သင့်အနေအထားနှင့်။

“သူတို့နှစ်ယောက်စလုံး ဆုံးပြီတဲ့”

“အိုးမိုင်ဂေါ့”

ကျွန်တော် ဒီအတိုင်းဆက်နေပါလျှင် ဂျက်စီကာရိပ်မိသွားလိမ့်မည်။ ဒီတော့ ကျွန်တော့်အခြေအနေကို သူ သံသယမဖြစ်အောင်အကြောင်းဖန်ဖို့အရေးကြီးတယ်မဟုတ်လား။

“မင်္ဂလာဆောင်အပြီး ဟန်းနီးမွန်းထွက်ဖို့ခရီးအစမှာ ကားမှောက်ခဲ့တာ၊ နှစ်ယောက်စလုံးသေသွားခဲ့ ပြီ ဂျက်စီကာ၊ ကိုယ် ညနေကပဲသတင်းရတယ်၊ ပြီးတော့ ပြီးတော့ သူတို့ကိုယ့်အိပ်မက်ထဲအထိလိုက်လာ ခဲ့တယ်၊ ကိုယ့်ကို သူတို့နောက်ကိုအပါခေါ်တယ်၊ ကိုယ့်ကိုသတ်မယ်တဲ့”

ကျွန်တော် တော်တော်ကြောက်နေမှန်းဂျက်စီကာကောင်းကောင်းသိပါသည်။

ကျွန်တော့်ကိုကုတင်ပေါ်ကိုသိပ်၊ ရေအေးတစ်ခွက်ခပ်တိုက်၊ ချွေးတွေသုတ်ပေးနှင့် အပြုစုအယုအယ ကောင်းလွန်းခဲ့သည်။ ပြောသည့်စကားများကိုလည်းသေသေချာချာနားထောင်ပေးခဲ့သည်။ ဂျက်စီကာ ဟာ ကျွန်တော်လိုချင်သည့်ငြိမ်းအစစ်အမှန်ပါပဲ။

“ဒါဟာ အိပ်မက်ပဲလေ၊ ဘာကိုကြောက်နေတာလဲ”

“သူတို့သေတာ အထူးသဖြင့် ငြိမ်းသေဆုံးသွားတာ ကိုယ်ဘယ်လိုဖြေရမလဲဂျက်စီကာရယ်”

“အိုင်နားလည်ပါတယ်ဇော်ထင်၊ ဒါပေမဲ့ ဒါပေမဲ့ ဒါဟာပြီးသွားပြီပဲလေ၊ ဘာလုပ်လို့ရတော့မှာလဲ”

သူကျွန်တော့်ကိုနှစ်သိမ့်နေပေမယ့် ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေတာ၊ မျှဝေခံစားပေးနေတာ ကို ကျွန်တော်မြင်နေရပါသည်။

“ဒါကြောင့်မို့ အခုရက်ပိုင်းဘာကိုခြောက်ခြားနေမှန်းမသိခြောက်ခြားနေတာ၊ ကိုယ်အရမ်းကြောက်နေ တာပါဂျက်စီကာ၊ နေ့လည်တုန်းက ကိုယ်ဇင်လင်းမောင်ကိုတကယ်တွေ့ခဲ့တာပါ၊ သူ ဂျာကာတာမြို့ ဟောင်းကိုတကယ်လာခဲ့တယ်၊ ကိုယ့်ကို သူ့ခန္ဓာကိုယ် ကိုယ်ထင်ပြခဲ့တယ်၊ ခေါင်းစွပ်အင်္ကျီနဲ့ ဂျင်း ဘောင်းဘီကိုလည်းဝတ်ထားတယ်”

“အိုး ကိုယ်ယုံပါတယ် ဇော်ထင်”

သူ့ကို ကလေးတစ်ယောက်ကိုတိုင်တည်ပြောဆိုနေမိသည်။

သူ့ကတော့ ကျွန်တော့်ငယ်ပေါင်းကြီးဖော်လို ကျွန်တော့်ကိုအရာရာနားလည်ပေးသည့်သူတစ်ယောက် လို အကြည့်များနှင့်။

“ယူ ဒီညတော့ အိုင်အဖော်ပြုအိပ်ပေးမှရတော့မယ်” တဲ့။ ကုတင်ပေါ်မှာ သူ့ကိုအိပ်စေရင်း ကျွန်တော် ကတော့ ကုတင်ဘေးကဆိုဖာမှာအိပ်ရင်း အဲဒီညကိုဖြတ်သန်းခဲ့လေသည်။ နောက်တစ်နေ့ကျတော့ သူ ကျွန်တော့်ကို တစ်နေရာကိုလိုက်ပို့ပေးခဲ့သည်။

Istiqlal Mosque ဗလီရှိရာနေရာကိုပေါ့။ အရှေ့တောင်အာရှရဲ့အကြီးဆုံးဗလီဖြစ်သော (Istiqlal Mosque) သည် ဂျာကာတာမြို့တော်ထဲမှာတည်ရှိ ပါသည်။ အထွဋ်အမြတ်နေရာဖြစ်တာကြောင့် ဘာတွေထူးခြားမှုရှိသလဲဆိုတာကို လည်း လေ့လာသင့်တယ်ဆိုသည့်ပုံစံနှင့်လိုက်ပို့ပေးခြင်းပင်။ အဲဒီနေ့ က အလုပ်ဆင်းရပါသည်။ နေ့လည်ထမင်းစားချိန်ခဏလစ်ထွက်လာပြီး ကျွန်တော့်ကိုလေ့လာစေခြင်း ပင်။ တကယ်တော့ အဲဒီနေရာက ရုံးပိတ်ရက်ဆိုပါလျှင် လူတွေများလို့ စည်ကားလှသည်။ ဒါပေမဲ့ ကျွန်တော် ရောက်သည့် အချိန်တွင်တော့ တိတ်ဆိတ်ငြိမ်သက်လို့။

Istiqlal Mosque ကို ၁၉၇၈ ခုနှစ်မှာစတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၉ ခုနှစ်မှာပြန်လည်ပြင်ဆင် ခဲ့ရသေးတယ်တဲ့။ တည်ဆောက်စဉ်ကာလက ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၂ သန်းရှိကာ ၉၉.၆၆ မီတာ (၃၁၇.၁ ပေ) အမြင့်ရှိသည်။ စကျင်ကျောက်များနှင့်တည်ဆောက်ထားသော အဆောက်အဉီမို့ အရမ်းခမ်းနားလှ၏။ တိတ်ဆိတ်ငြိမ်သက်သောပတ်ဝန်းကျင်မှာမို့ ကျွန်တော့်စိတ်များခဏတော့ငြိမ် သက်သွားခဲ့သည်။

“ယူ အနားယူဖို့လိုနေပြီ”

“ဟုတ်တယ် ဂျက်စီကာ၊ ကိုယ်ခရီးတိုလေးတစ်ခုတော့ထွက်သင့်တယ်”

အပြန်လမ်းတွင် သူကျွန်တော့်အတွက်စီစဉ်ထားသည့် အစီအစဉ်ကိုပြောပြခဲ့သည်။ တကယ်တော့ ဂျာကာ တာတွင်နေရသည့်ရက်က အရမ်းအကြာကြီးမဟုတ်သေးသော်လည်း ဂျက်စီကာနှင့် ကျွန်တော် ၏ရင်းနှီးမှုအတိုင်း အတာက ထင်ထားတာထက်ပိုလွန်းခဲ့သည်။

“ယူ့အတွက် စီစဉ်ထားတာတစ်ခုတော့ရှိပါတယ်၊ ဒီတစ်ပတ်ပိတ်ရက်စောင့်ပေးမလား”

“အိုကေလေ၊ ဘယ်နေရာလဲ”

“ယူ့ခန္ဓာကိုယ်ကို သန့်စင်ဖို့လိုတယ်လေ၊ Holy Spring Water Temple ပေါ့၊ ကိုယ့်မွေးရပ်မြေနဲ့လည်း နီးတယ်”

“အိုးမိုင်ဂေါ့”

ကျွန်တော်အသွားချင်ဆုံးနေရာပေါ့။ ဂျက်စီကာဟာ အဲဒီနေရာမှာနေမှန်းသိလိုက်သည့်ခဏတွင် ကျွန်တော် အံအားသင့်မှုကအတိုင်းအထက်အလွန်ပိုနေခဲ့ပြီ။ ဘာလီကိုမရောက်ဖူးချင်သည့် သူဘယ်သူ ရှိမှာလဲ။ ကျွန်တော် ဂျက်စီကာနှင့်အတူ ဘာလီကိုရောက်ဖူးတော့မည်လေ။

>>>>>