“မြူခိုးရယ်…..ဝေ” အပိုင်း (၂၈)

(၂၈)

ဂျာကာတာမှ ရန်ကုန်အပြန်ခရီးတွင် စိတ်ခံစားချက်အသစ်များ၊ အဆင်ပြေပါ့မလားဆိုသည့် စိုးရိမ် စိတ်များနှင့်ထုံမွှန်းလို့နေလေသည်။ စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် ဂျက်စီကာ၏ လက်ကိုတင်းတင်း ကြီးဆုပ် ကိုင်ထားမိသည်။ ကျွန်တော် ထိုမျှလောက် သွေးပျက်နေလိမ့်မည်ဟု ချစ်သူကလည်းထင်ထား ပုံမရပါ။ တစ်ခါမျှမရောက်ဖူးသည့် သူစိမ်းနိုင်ငံကို ကြောက်ရွံ့နေသည့်ချစ်သူနှင့်အတူလိုက်ရသည့်ခံစား ချက်ကိုတွေးကာ သနားမိပြန်သည်။ သို့သော်လည်း ကိုယ့်ဝမ်းနာကိုယ်သာသိနေသည် မဟုတ်ပါလား။

“ကိုယ်အရမ်း စိတ်လှုပ်ရှားနေတယ် ဂျက်စီကာ”

ဂျာကာတာသည် ရန်ကုန်ထက် နာရီဝက်ပိုစောပါသည်။ မလေးရှားနိုင်ငံကွမ်လာလမ်ပူလေဆိပ်ကိုအရင် လာပြီးမှ ရန်ကုန်ကိုတစ်ဆင့်လာရခြင်းပင်။ ကွမ်လာလမ်ပူလေဆိပ်မှာတုန်းက အဲဒီလောက်ထိခံစားမှု မပြင်းထန်ခဲ့။ ရန်ကုန်ကိုလာသည့် လေယာဉ်ပေါ်တွင် ကျွန်တော့်စိတ်လှုပ်ရှားမှုကပိုဆိုးလာသည်။ သူ့ပခုံး ပေါ်ကို ကျွန်တော့်ခေါင်းလေးတင်ထားမိသည်။ လေယာဉ်မူးလို့လားဆိုသည့်ပုံစံနှင့် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြသော်လည်း ဂရုမစိုက်နိုင်တော့။

“ဘာကိုလဲဇော်ထင်၊ ဘာဖြစ်လို့လဲ အနားမှာ အိုင်ရှိတယ်လေ”

ချစ်သူလေးကတတ်နိုင်သမျှနှစ်သိမ့်ပေးပါသည်။

တကယ်လို့များ ငြိမ်းတို့နှစ်ယောက်ကိုသတ်သည့်တရားခံသည် ကျွန်တော်မှန်းသာသူသိခဲ့ပါလျှင် အဲဒီလို နှစ်သိမ့်ပါ့မလား။ ရန်ကုန်ကိုပြန်ဖို့ပူဆာပါ့မလား။ သေချာတာကတော့ဂျက်စီကာနှင့်ကျွန်တော်အခုလိုအ ဆင်ပြေမှာမဟုတ်ပါ။ လူသတ်ကောင်ကိုဘယ်သူက ရည်းစားတော်ချင်မှာလဲလေ။ ဂျက်စီကာဟာ အရာရာခွင့်လွှတ်နိုင်တယ်ထားဦး။ ကျွန်တော့်ကို ချစ်သူအဖြစ်ထားဖို့ လိပ်ပြာသန့်ပါ့မလားဆိုသည့်အ တွေးကလည်းရောက်လာတော့ လက်ရှိအခြေအနေဟာအကောင်းဆုံးပဲလို့မှတ်ယူလိုက်မိသည်။

လေယာဉ်သံကြီးကဆူညံလေလေ ကျွန်တော်စိတ်တွေတဝုန်းဝုန်းဖြစ်လေလေပါပဲ။ ရန်ကုန်ကိုအမြန် ရောက်ချင်နေတာလား၊ ဂျာကာတာဆီကိုပဲပြန်လှည့်ထွက်သွားချင်တာလားဝေခွဲမရတော့။ တိမ်တွေ နဲ့အတူ လွှင့်မျောသွားချင်လိုက်တာ။ လေယာဉ်ပြတင်းပေါက်ကနေတစ်ဆင့်မြင်ရသည့် တိမ်တွေအဆုပ် လိုက်အဆုပ်လိုက်က ကျွန်တော့်ကိုပေါ့ပါးမျောပါချင်စိတ်တွေပေးနေလေသည်။

“ငါ ရန်ကုန်ကိုရောက်လို့ ဘာမှမဖြစ်ပါစေနဲ့လား”

တီးတိုးရေရွတ်မိသည်။ ဂျက်စီကာက ဘာပြောတာလဲဆိုပြီးလှမ်းမေးပေမယ့် ခေါင်းခါပြလိုက်၏။ ကျွန်တော်အဲဒီလိုပဲရေရွတ်နေကျပဲလေ။ အချိန်တွေတစ်ဖြည်းဖြည်းကုန်ဆုံးလာသည်။ လေယာဉ်ပေါ် မှာကျွေးသောအစားအစာကိုလည်း ဘာမျှမစားဖြစ်။ မူးယစ်ရီဝေချင်သည့် ဆန္ဒတို့ဖြင့်ဝိုင်များကို တစ်ခွက်ပြီးတစ်ခွက်တောင်း သောက်နေမိတော့သည်။ လေယာဉ်ပေါ်မှာရောင်းသည့်ပစ္စည်းပုံများပါဝင် သည့်ကတ်တလောက်စာအုပ်ကို ဟိုလှန်ဒီလှောကြည့်သည်။ သီချင်းနားထောင်ကြည့်သည်။ ရုပ်ရှင် ကြည့်သည်။ မရ။ နောက်ဆုံးစောင်တောင်းပြီးခြုံကာကွေးကြည့်သည်။ မရ။ ဂျက်စီကာက ဘယ်လိုပဲ ဆုပ်ကိုင်ထားဆုပ်ကိုင်ထား ကျွန်တော့်လက်များကအေးစက်လို့။ သူ့ကိုမှီထားသောကျွန်တော့် ဦးခေါင်း လည်းအငြိမ်မနေ။ ဟိုလုပ်ဒီလုပ် လိုက် ဂဏှာမငြိမ်တာမို့ ချစ်သူလေးကစိတ်မသက်မသာ ကြည့်နေပေးလေသည်။

စိတ်ငြိမ်ဆေးတစ်ခုခုများသောက်ရင်ကောင်းမလားတွေးမိပေမယ့် ဘာဆေးမှပါမလာခဲ့။ ဒီတော့ ဘုရား တရားကိုအာရုံပြုနေရုံမှတစ်ပါးလုပ်စရာမရှိတော့ပြီ။ စိတ်တွေတည်ငြိမ်ဖို့တရားဓမ္မမှတ်ရင်အဆင်ပြေ နိုင်ကောင်းပါရဲ့။

“မကြာမီအချိန်အတွင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်းသက်ပါတော့မယ်…”

အဲဒီအသံက ကျွန်တော်၏ စိတ်အလှုပ်ရှားဆုံးအခြေအနေကိုမြင့်တက်စေဆုံးဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ က ဆင်းမ်ကတ်ထည့်ထားသည့်ဖုန်းကိုကြည့်လိုက်မိ၏။ ရန်ကုန်လေဆိပ်ကိုရောက်ရောက်ချင်း ကြည်သာ့ ဆီကိုဖုန်းဆက်ရမည်။ သူလာကြိုမယ်တဲ့လေ။ လေယာဉ်ပေါ်က နေ့လည်စာကျွေးအပြီးအချိန်တွင် ဖုန်းဆင်းမ်ကတ် ကိုအဆင်သင့်ထည့်ထားခဲ့သည်။

“လေယာဉ်ကလည်းရောက်ပဲမရောက်နိုင်တော့ဘူး ကြာလိုက်တာ”

တီးတိုးရေရွတ်မိပြန်သည်။ လေယာဉ်ပေါ်ကတီဗီတွင်တော့ မြေပြင်ကိုဆိုက်ရောက်ဖို့ မိနစ်နှစ်ဆယ် လိုသေးတယ်လို့ညွှန်ပြထား၏။ ပြတင်းပေါက်ရှိရာကိုလှမ်းမျှော်ကြည့်လိုက်ပြန်သည်။ တိမ်တွေကင်းစင် နေပြီး အစိမ်းရောင်တောင်တန်းမှိန်ပျပျကိုမြင်ရသည်။ နီးစပ်နေပြီပဲ။ ကြည့်နေရင်းအချိန်မှာပဲ မြေပြင် နှင့်လေယာဉ်နီးကပ်လာသည်။ တန်းတန်းမတ်မတ်တည်တည်ငြိမ်ငြိမ်အသံတွေကနေ ဆူဆူညံညံအသံ တွေအဖြစ်ကို တစ်မုဟုတ်ချင်းပြောင်းလဲလာသည်။ လေယာဉ်ဆိုက်တော့မည့်အချိန်မို့လူတွေလည်း လှုပ် လှုပ်ရှားရှားဖြစ်လို့နေလေသည်။

သူများတွေတည်ငြိမ်နေသည့်အချိန်တွင် ကျွန်တော်စိတ်လှုပ်ရှားနေပြီး သူများတွေလှုပ်လှုပ်ရွရွဖြစ်နေ သည့်အချိန်ကျမှ ကျွန်တော့်စိတ်တွေတည်ငြိမ်သလိုဖြစ်လာတော့သည်။ ဂျက်စီကာ၏မျက်နှာလေးကို ကြည့်လိုက်တော့ ချစ်သူကတည်တည်ငြိမ်ငြိမ်ပဲပြုံးပြလို့နေ၏။

လေယာဉ်က မြေကြီးပေါ်ကိုဒုန်းခနဲမြည်ဟီးဆင်းသက်ချိန်မှာတော့ အမိမြန်မာနိုင်ငံကိုရောက်ပြီဆို သောအသိက အရာအားလုံးကိုနိုးကြားစေတော့သည်။ ကျွန်တော် ချစ်သူလေးကိုဦးဆောင်ခေါ်ရတော့ မည်။ ဂျက်စီကာ့အနေနှင့်တစ်ကြိမ်တစ်ခါမှမရောက်ဖူးသောနေရာကိုလာရတာမို့ ကျွန်တော်ကအခရာ ဖြစ်တော့သည်။

“ကဲ ဒါကိုယ်တို့နိုင်ငံပဲ ဂျက်စီကာ”

လေယာဉ်ပေါ်ကတောင်မဆင်းရသေး၊ ချစ်သူကို ကြွားလိုက်မိသည်။ စိမ်းညို့ညို့လယ်ကွင်းပြင်၊ ရွှေ ရောင်ဝင်းလက်နေသည့်စေတီပုထိုးတွေ၊ တောင်တန်းပြာတွေကို လေယာဉ်ပေါ်ကနေမြင်ပြီးသားဖြစ်မှာ ပါ။ ကျွန်တော် သူ့လက်ကိုဆုပ်ကိုင်ထားလိုက်ပါသည်။

“ဇော်ထင်”

သူ၏တိုးညှင်းညှင်းခေါ်သံကို ကျွန်တော် အင်း လို့ထူးလိုက်မိသည်။ ဂျက်စီကာ၏မျက်နှာလေးအားငယ် ဖျော့တော့လို့နေတာကိုမြင်လိုက်သည်။

“ဟင်”

မြေပြင်ကိုရောက်တော့မှ ရန်ကုန်ကိုဆိုက်ရောက်တော့မှ ဂျက်စီကာ၏အမူအယာကဘာလို့တစ်မျိုးဖြစ် သွားတာပါလဲ စဉ်းစားမိသည်။ အားငယ်လို့များလား။ သူကျွန်တော့်ကိုခေါ်လိုက်သည့်အသံသည် ပုံမှန် တော့မဟုတ်၊ အကြောင်းတစ်ခုခုများရှိနေလို့။

“ယူ့ကို အိုင် ချစ်တယ် ဇော်ထင်”

“ကိုယ်သိပါတယ်ဂျက်စီကာ၊ ကိုယ်သိပါတယ်”

လူတွေတစ်ယောက်ပြီးတစ်ယောက် လေယာဉ်ပေါ်ကနေဆင်းကြသည်။ ကျွန်တော်တို့နှစ်ယောက်က ထိုင်မြဲထိုင်နေခဲ့သည်။ ဂျက်စီကာက ကျွန်တော့်ကို ဘာဆက်ပြောမလဲဆိုတာ ကျွန်တာ်နားထောင်နေ မိ၏။

“အိုင်ဘာပဲလုပ်လုပ် ဇော်ထင့်ကိုချစ်တယ်ဆိုတာ ရင်ထဲမှာမှတ်ထားပေးပါနော်”

ဘာအဓိပ္ပါယ်နှင့်ပြောသလဲမသိသော်လည်း ကျွန်တော်ခေါင်းညိတ်လိုက်ပါသည်။ လူများကုန်သလောက် နီးပါးဖြစ်တော့သူ့လက်ကိုဆွဲရင်းလေယာဉ်ပေါ်ကနေဆင်းလာခဲ့သည်။ လေယာဉ်နှင့်လေယာဉ်ကွင်းကို ဆက်ထားသောတံတားမှန်ဘောင်ကနေ လေဆိပ်ဝန်ထမ်းအချို့ကိုအရင်ဆုံးမြင်လိုက်ရသည်။ အော်.. ရန်ကုန်ကိုရောက်ပြီပဲ။ ကျွန်တော် သက်ပြင်းချလိုက်မိသည်။

ငြိမ်းကိစ္စဖြစ်ပြီးချင်း ဂျာကာတာကိုသွားတုန်းကတော့ ဝမ်းနည်းပူဆွေးမှုများနှင့်။ အခုပြန်လာသည့် အခါ ကျတော့ အတွေးပေါင်းများစွာနှင့်။

“ဂျက်စီကာ၊ ကိုယ်မင်းကို ဘယ်ကိုအရင်ဆုံးပို့ပေးရမလဲ”

လည်ဖို့ပတ်ဖို့ကိုပဲဦးတည်မှာပေါ့။ ဂျက်စီကာက ရန်ကုန်ကိုပထမဆုံးရောက်ဖူးတာလေ။ သူကတော့ ပြုံး မြဲတိုင်းပြုံးနေလေသည်။ လေယာဉ်ပေါ်ကဆင်းသွားတဲ့သူတော်တော်များများက ဖုန်းပြောလို့ ဖုန်းလာ သံတွေညံလို့ပေါ့။ ကျွန်တော်တို့ရှေ့ကသွားနေသည့်ကောင်လေးက သီချင်းသံတိုးတိုးတောင်ဖွင့်လိုက် သေးသည်။ ကျွန်တော်အရမ်းကြိုက်သည့်သီချင်းတစ်ပုဒ်ပေါ့။ မီးနိုရဲ့ အနှောင်အဖွဲ့။

“အဆုံးသတ်ဖို့ခက်နေကြတဲ့ ဒီဇာတ်လမ်းမှာ အရင်အတိုင်းပဲ ရှေ့ဆက်သွားရင်ကော မဖြစ်ဘူးလား၊ ဆိုင်သူရှိနေတာ သိရက်နဲ့များ ဒါဆိုခဏလောက်သည်းခံစောင့်ဆိုင်းပေးပါ”

သီချင်းကိုလိုက်ညည်းနေမိတော့ ဂျက်စီကာက ကျွန်တော့်ပခုံးကိုမီပြီးပါးပြင်းလေးအပ်လိုက်ပါ သည်။

“နင်ပြောတဲ့ ကတိတွေ သစ္စာတွေငါမသိပါ ဒီအတိုင်းလေး တိတ်တိတ်လေး ရင်ခုန်နေဦးမှာ စေလိုရာရူးနေတာ ငါတို့အပြစ်တဲ့လား…အနှောင်အဖွဲ့တွေကြားမှာ နေခွင့်ပြုပါ”

ကျွန်တော့်ဘောင်းဘီအိတ်ထဲကဖုန်းသံလေးမြည်လာသည်။ ကြည်သာ့ဆီက။

“အေး ခုပဲရောက်တယ်၊ မင်းလေဆိပ်မှာလား”

“…”

“ငါ့ချစ်သူဂျက်စီကာပါလာတယ်ကွာ၊ ငြိမ်းနဲ့ဘယ်လောက်တူသလဲဆိုတာ မင်းကိုမျက်ဝါးထင်ထင် ပြမယ်၊ မင်းခဏတော့စောင့်ပေး”

ကျွန်တော်ပြောချင်ရာပြောပြီးဖုန်းချလိုက်သည်။

လူဝင်မှုကြီးကြပ်ရေးကောင်တာကိုလျှောက်ထာခဲ့တော့၏။ ကျွန်တော်တို့နှစ်ယောက်က နောက်ဆုံးမှာ တန်းစီလိုက်သည်။ အပေါ့အပါးသွားဦးမလားဂျက်စီကာလို့မေးလိုက်ပေမယ့် သူကခေါင်းခါပြသည်။

“ခုနကဖုန်းဆက်တာကြည်သာလား”

“အင်း ဟုတ်တယ်..ဟင်”

သူကြည်သာ့ကိုဘယ်လိုလုပ်သိသလဲ။ ကျွန်တော်များပြောပြထားသလားစဉ်းစားမိသည်။ ဂျက်စီကာနှင့် ကျွန်တော် စကားတွေအများကြီးပြောဖြစ်တာပဲ၊ ကြည်သာ့အကြောင်းတော့ပါမှာပါဆိုပြီး တော့တွေး လိုက်မိသည်။

“ကြည်သာ့ကို ဘယ်လိုသိလဲ”

“ယူပြောပြတာပဲ”

“ဟုတ်လား ဆောရီး”

ကျွန်တော့်စိတ်တွေပြန်ပြီး ဂဏာမငြိမ်ဖြစ်ရပြန်သည်။ ဂျက်စီကာ၏ ကျွန်တော့်အပေါ်အပြုအမူ၊ စကား တစ်ချို့ကိုလည်းအလိုလိုနေရင်းသံသယဝင်လာပြန်သည်။ ဟုတ်တယ်။ တစ်ခုခုတော့ထူးခြားနေတဲ့ လက္ခဏာပဲ။ လူဝင်မှုကြီးကြပ်ရေးကောင်တာတွင် တန်းစီနေသည့်လူကအများကြီး။ ကျွန်တော်တို့ အလှည့်ရောက်ဖို့အနည်းဆုံးမိနစ် ၂၀ လောက်တော့လိုတန်ကောင်းပါရဲ့။

စိတ်ထဲမှာဖြစ်နေသောသံသယကို ဖော်ထုတ်ချင်လာသည်။ ဂျက်စီကာ့ကိုမေးရင်လည်းဘာထူးမှာလဲ၊ အနီးစပ်ဆုံးက ကြည်သာပဲရှိတာမို့ ကြည်သာ့ဖုန်းကိုခေါ်လိုက်မိသည်။

“အေး ငါအပြင်မှာစောင့်နေတယ်၊ ခဏနေရင် မင်းတို့အထုတ်ယူတဲ့နေရာကို ပြောပြီးဝင်လာခဲ့မယ်”

“ကြည်သာ၊ ငါ့စိတ်ထဲတစ်ခုခုလေးနေတယ်၊ မင်းတို့ငါ့ကို သိုဝှက်ထားတာတစ်ခုခုများရှိလား”

ကျွန်တော့်စိတ်ထဲခံစားနေရသည်များကိုပြောချလိုက်၏။

ကြည်သာ၏အသံငြိမ်သက်သွားသည်ကိုသတိပြုမိသည်။ ပြီးတော့ သူငြင်းဆိုလာသည်။

“ဘာဖြစ်လို့လဲ ဘာမှမရှိပါဘူးကွာ မင်းကလည်း”

“ငါ့စိတ်ထဲဖြစ်နေတာ ကြည်သာ၊ လေဆိပ်မှာ ငြိမ်းနဲ့ပတ်သက်တဲ့အငွေ့အသက်တွေငါရနေတယ်၊ စိတ်တွေလည်းဂဏှာမငြိမ်ဖြစ်နေတယ်၊ ဂျက်စီကာကလည်း မင်းကိုကောင်းကောင်းသိနေတာကို သံ သယဝင်မိတယ်၊ အရာရာတိုင်းက ငါ့ကိုလှောင်ရယ်တဲ့အနေအထားနဲ့ကြည့်နေသလိုပဲကြည်သာ၊ ဘာ တွေထူးခြားတာလဲ ဘာဖြစ်တာလဲ တစ်ခုခုတော့ငါ့ကိုပြောပါဦးကွာ”

“မင်းဘာဖြစ်နေတာလဲ ဇော်ထင် ခဏနေရင်ပဲငါတို့တွေ့ရတော့မယ်ဟာကို”

“မင်း ငါ့ကိုပြောစရာတစ်ခုခုရှိနေတာသေချာတယ်”

“အေးဟုတ်တယ်၊ ခဏလေးပဲစောင့် တွေ့မှပြောမယ်လေကွာ”

“ဟာ မရဘူးကြည်သာ ငါအခုသိချင်နေတယ် အခုပြော”

“ဇော်ထင် မင်းကတော့ ဇွတ်ပဲ”

ဖုန်းပြောသည့်အသံများထဲတွင် သူ့နာမည်လည်းပါတာမို့ ဂျက်စီကာက ကျွန်တော့်ကိုမျက်လုံးပြူးပြီး ကြည့်နေလေသည်။ ကျွန်တော်အခုလိုဖြစ်နေတာကို ခရီးအစကနေအဆုံးအထိလိုက်ပါလာသည့် သူက အသိဆုံးနေမှာပါ။

“အေး ငြိမ်းအလောင်းကိုစစ်တုန်းက ငြိမ်းမှာ ကိုယ်ဝန်ရှိနေကြောင်းတွေ့ခဲ့တယ်ဇော်ထင်”

အဲဒီကိစ္စနှင့်ပတ်သက်၍ သံသယဖြစ်ခဲ့ဖူးပါသည်။ ငြိမ်းကျွန်တော့်ကို ရုတ်တရက်ကြီးထားသွားပြီး ဇင် လင်းမောင်ကိုလက်ထပ်ခဲ့တာအကြောင်းတစ်ခုခုရှိလို့လား ကိုယ်ဝန်များရှိနေတာလားပေါ့။ အခုတော့ ထင်ခဲ့ဖူးတဲ့အတိုင်းပဲပေါ့။ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။ ကျွန်တော့်စိတ်ထဲတွင် ငြိမ်းနှင့် ပတ်သက် ပြီးအတွေးများဝင်လာပြန်သည်။ ငြိမ်းရယ်။ ဒါဆို သူကျွန်တော့်ကိုတကယ်ချစ်ခဲ့တာလား၊ ငြိမ်းကျွန် တော့်ကိုချစ်ခဲ့ပြီးမှ မဖြစ်နိုင်သည့်အခြေအနေတစ်ရပ်ကိုလက်ခံပြီး ဇင်လင်းမောင်နှင့် လက် ထပ်ခဲ့တာလား။

“ငါ အံအားသင့်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ပါဘူးကွာ”

“အေး ဘာမှပြောမနေနဲ့တော့ ငါ အထုတ်ရွေးတဲ့ကောင်တာကိုရောက်နေပြီ မင်းကိုလှမ်းမြင်ရတယ်၊ မြန်မြန်သာလာခဲ့ကြတော့”

ကြည်သာဖုန်းချသွားသည်။ ကျွန်တော် အရုပ်ကြိုးပြတ်နှယ် ငြိမ်သက်နေမိသည်။ ကျွန်တော်သတ်ခဲ့တာ လူသုံးယောက်အပြင် ကမ္ဘာလောကကြီးကိုရောက်မလာသေးသောကလေးတစ်ယောက် ပါသွားမှန်းသိ လိုက်သည့်အခါတွင်တော့ ကျွန်တော့်ခေါင်းတွေမူးလာသည်။ အတွေးတွေမိုက်ခနဲဖြစ်လာသည်။

“ဇော်ထင်”

ဟန်ချက်ပျက်ပြီး လဲကျတော့မည့်အခြေအနေကို ဂျက်စီကာက ဝင်ထိန်းလိုက်သည်။ ကျွန်တော့်လက် မောင်းကိုကိုင်ရက် အဆင်ပြေလားလှမ်းမေးသောဂျက်စီကာ့မျက်နှာကို ကျွန်တော် သဲသဲကွဲကွဲမမြင်ရသ လို ဂျက်စီကာသည် ငြိမ်းနှင့်သိပ်တူလွန်းနေသည့် ဂျက်စီကာမဟုတ်ဘဲ အခြားမိန်းကလေးတစ်ယောက် လို ပုံစံဖြစ်လာသည်။

>>>>>