(၂၉)
တကယ်တော့ အံအားသင့်စရာကိစ္စသည် ငြိမ်းမှာကိုယ်ဝန်ရှိခဲ့တာတင်မဟုတ်တော့။ အဲဒီထက်ထူးခြား လို့နေခဲ့ပြီ။ လူဝင်မှုကြီးကြပ်ရေးကောင်တာကနေထွက်လာတော့ ကြည်သာကအသင့်စောင့်နေလေ သည်။ ဝမ်းသာအားရပွေ့ဖက်နှုတ်ဆက်ပြီး ဂျက်စီကာနှင့်မိတ်ဆက်ပေးလိုက်၏။
“ဒါ ငါ့ရဲ့ရည်းစား ဂျက်စီကာ…ဟင်”
“ဂျက်…စီ….ကာ”
ကျွန်တော်နှင့် တောက်လျှောက်ချစ်လာ ကြိုက်လာ အတူသွားအတူလာခဲ့သည့်ဂျက်စီကာသည် အရင်ကဂျက် စီကာမဟုတ်တော့။ ကျွန်တော်မြင်ဖူးနေကျရုပ်ပိုင်ဆိုင်ထားသည့် ဂျက်စီကာမဟုတ်တော့ ပါ။ ကျွန်တော့်ခေါင်းမိုက်ခနဲဖြစ်သွားပြီးနောက်ပိုင်း ဂျက်စီကာ၏ ရုပ်ရည်လည်း ပြောင်း သွားခဲ့လေပြီ။ ငြိမ်းနှင့် ခွဲမရအောင်တူသည့်ဂျက်စီကာမဟုတ်တော့။ အင်ဒိုနီးရှားသူရုပ်ရည်ပိုင်ဆိုင်ထားသော သာမန် မိန်းကလေးတစ်ယောက်ဖြစ်လို့နေခဲ့ပြီ။ အသားညိုညို မျက်နှာချွန်ချွန်၊ နှာခေါင်းချွန်ချွန်နှင့် ငြိမ်းနှင့်တစ် စက်ကလေးမျှပင်တူမနေတော့ပါ။
“ဇော်ထင် ဘာဖြစ်တာလဲ”
ကျွန်တော်အားနည်းနေသလား။ ဟန်ချက်ပျက်ပြီး ယိုင်လဲကျခါနီးကိုတော်တော်ထိန်းထားလိုက် ရ၏။ သေချာတာကတော့ ဂျက်စီကာ၏ပုံပန်းသဏ္ဍာန်ကိုသဲသဲကွဲကွဲမသိတော့ပြီ။
“ငါ ဂျက်စီကာ့ကိုသိတယ်ဇော်ထင်၊ မင်းပြောသလို ငြိမ်းနဲ့ခွဲမရအောင်တူတာမဟုတ်ပါဘူး၊ ဂျက်စီကာ ဟာ အင်ဒိုနီးရှားနိုင်ငံသူစစ်ဖြစ်ပြီး ငြိမ်းနဲ့ဘယ်လိုမှမတူဘူးဆိုတာ မင်းငါ့ကိုအွန်လိုင်းမှာပြကတည်းက သိနေခဲ့တယ်”
“ဟင် မဟုတ်ဘူးလေ ငါ..”
“ဇော်ထင်”
“အင်း…မင်းမှားနေပြီကြည်သာ..ဂျက်စီကာဟာ ငြိမ်းနဲ့အရမ်းတူတာ လုံးဝနီးပါးတူတာကွာ ..အခုတော့ …အခုတော့”
ကျွန်တော်ဘာပြောရမှန်းမသိအောင်ဖြစ်နေတုန်းတွင်ပင် ကျွန်တော့်ဖြစ်ကြောင်းကုန်စင်ကိုကြည်သာ က တစ်ခုချင်းရှင်းပြနေသည်။ တကယ်တော့ ဂျက်စီကာသည် ငြိမ်းနှင့်လားလားမှမတူသောမိန်းကလေးတစ် ယောက်ပါ။ ကျွန်တော့်စိတ်ထဲတွင် ငြိမ်းကိုစွဲလမ်းနေမိသည့် အသိသည် ဂျက်စီကာကို ငြိမ်းနှင့်ခွဲမရ အောင်တူသောမိန်းကလေးတစ်ယောက်အဖြစ်မသိစိတ်ကဖန်တီးပေးခဲ့တာပင်။
“ဇော်ထင် စိတ်ကိုထိန်းပါသူငယ်ချင်း၊ မင်း စိတ်ကစဉ်ကလျားဖြစ်တတ်လို့ အဲဒီဆေးတွေပုံမှန်သောက် ရမှာ မသောက်ခဲ့ဘူး၊ ဂျာကာတာကိုသွားတဲ့ခရီးမှာ မင်းယူမသွားခဲ့ဘူးမဟုတ်လား”
“ဟာ ကြည်သာ၊ မင်း မင်းဘာတွေပြောနေတာလဲ၊ ငါ့မှာ ဘာရောဂါမှမရှိဘူး၊ ငါဘာဆေးသောက်စရာ လိုလို့လဲ၊ မသောက်ဘူး၊ ဘာဆေးမှမသောက်ဘူး၊ နေကောင်းတယ်၊ ငါအခြေအနေကောင်းလို့နိုင်ငံ ခြားမှာတောင် လနဲ့ချီအလုပ်သွားလုပ်တာပဲ၊ ရန်ကုန်မှာလည်းဘယ်ဆေးခန်းဆေးရုံမှမပြပါဘူး၊ မင်းက ဘာသိလို့လဲ၊ ဘယ်သူပြောလဲ မင်းကို”
ဂျက်စီကာက ကျွန်တော့်လက်မောင်းကိုလာကိုင်သည်။ ရုန်းထွက်လိုက်သည်။ ငြိမ်းနှင့်လုံးဝမတူသည့် မိန်းကလေးအဖြစ်မြင်နေရတာမို့ ဘယ်လိုမှကြည်ဖြူလို့မရတော့။ စိတ်ထဲမှာ ချစ်လို့မရတော့။ ကြည်သာက တော့ ကျွန်တော့်ကို စိတ်မကောင်းခြင်းကြီးစွာအကြည့်နှင့်ကြည့်နေလေသည်။ သက်ပြင်း များလည်းချလို့။ လူကြီးတစ်ယောက်က ကလေးဆိုးတစ်ယောက်ကိုစိတ်ပျက်ပျက်နှင့်ကြည့်သလိုပုံစံမျိုး။
“မင်းစိတ်ထဲမှာ ငြိမ်းကိုစွဲလမ်းနေခဲ့တယ်၊ တစ်ချိန်လုံးငြိမ်းပဲဖြစ်နေခဲ့တော့ ဂျက်စီကာနဲ့တွေ့တဲ့အချိန်မှာ ရုပ်ချင်းခွဲမရအောင်တူတယ်ဆိုပြီး စိတ်ကမှတ်နေခဲ့တယ်၊ ကွယ်လွန်သွားတဲ့သူနေရာမှာအစားထိုးပြီး ချစ်ရမယ့်သူတစ်ယောက်အဖြစ်ရှိနေခဲ့တယ်”
“ဓါတ်ပုံ”
ကျွန်တော့်ခေါင်းထဲ ဓါတ်ပုံကိစ္စရောက်လာပြီး ဂျက်စီကာ့ကိုကြည့်လိုက်မိသည်။ အိပ်ရာဘေးမှာတွေ့ ခဲ့သည့် ငြိမ်းနှင့်ဇင်လင်းမောင်တို့၏ဓါတ်ပုံကိစ္စ။
“ငြိမ်းတို့နှစ်ယောက်ရဲ့ဓါတ်ပုံလားဇော်ထင်၊ အေး အဲဒါ ငါနဲ့ဂျက်စီကာနဲ့လက်ချက်ပဲ၊ ငါ ဂျက်စီကာ့ကိုပို့ ပေးပြီးမင်းအိပ်ရာဘေးမှာ မသိမသာထားခိုင်းလိုက်တာ”
“ဘာလို့လဲ ဘာကြောင့်လဲ”
ကျွန်တော်သွေးပျက်နေခဲ့ပြီ။ သူတို့ ကျွန်တော့်အကြောင်းသိနေသလားလို့သံသယဖြစ်နေခဲ့ပြီ။ ဘယ် လိုငြင်းရမလဲ၊ ဘယ်လိုရုန်းထွက်ရမလဲဆိုတဲ့အတွေးတွေလည်းခေါင်းထဲဝင်လာသည်။
“အိုင့်ကို ခွင့်လွှတ်ပါဇော်ထင်၊ ယူ့ကိုအရမ်းချစ်ပါတယ်၊ ဒါပေမဲ့ ကြည်သာပြောပြလို့ ယူ့အကြောင်းတွေ အားလုံးကိုသိခဲ့ရတယ်၊ အဲဒီအကြောင်းတရားတွေကြောင့်ပဲ မြန်မာနိုင်ငံကိုပြန်လာဖို့လှုံ့ဆော်ခဲ့ရတယ်၊ တကယ်တော့ ကိုယ့်ချစ်သူကို ဒီလိုအဖြစ်ဆိုးဆီတွန်းပို့ဖို့ ဘယ်သူကလုပ်ချင်မှာလဲ”
“အဖြစ်ဆိုး”
ဘာကိုဆိုလိုတာလဲမသိပေမယ့် ကျွန်တော်ကတော့ ကျွန်တော်လူသတ်ခဲ့တာကိုပဲခေါင်းထဲပေါ်လာ သည်။ သူတို့သိနေပြီလား။ ဘာတွေလဲ။
ဂျာကာတာအခိုက်အတန့်များသည် ကျွန်တော့်ဘဝအတွက် ဘယ်သောအခါမျှမေ့နိုင်လိမ့်မည်မဟုတ် သော အမှတ်တရများဖြစ်လိမ့်မည်။ ငြိမ်းနှင့် (ဂျက်စီကာနှင့်) ကျွန်တော်သွားခဲ့သောပုံရိပ်များ၊ နွေးထွေး ကြင်နာမှုများသည် ဘဝ၏ အချိုမြိန်ဆုံးသောအရာများပင်။ သို့သော်လည်း ရန်ကုန်လေဆိပ်သို့ရောက် လာသည့်အခါတွင်တော့ထိုအရာများသည် အတုအယောင်များပမာဖြစ်သွားခဲ့ရသည်။ ငြိမ်းနေရာကိုအ စားထိုးခဲ့သည့်ကျွန်တော်မြတ်နိုးလွန်းလှသော ဂျက်စီကာသည် ငြိမ်းနှင့်လုံးဝမတူတော့ဘဲ အင်ဒိုနီးရှားသူ တစ်ယောက်၏ ရုပ်ရည်သွင်ပြင်လုံးလုံးဖြစ်နေလေသည်။
ထိုထက်ဆိုးသည်က ကြည်သာနှင့်သူ အချိတ်အဆက်လုပ်ကာ ကျွန်တော့်ကိုရန်ကုန်ကိုရောက်အောင် ခေါ်လာခဲ့ခြင်းပင်။ ဘာကြောင့်လဲ။
“ဇော်ထင်”
“အင်း”
“ငါတို့ကိုခွင့်လွှတ်ပါသူငယ်ချင်း”
“ဘာကိုလဲ၊ ဘာကိုခွင့်လွှတ်ရမှာလဲ”
“မင်း ငြိမ်းတို့ကိုသတ်ခဲ့တဲ့ကိစ္စအားလုံးသိပြီးပြီ”
“ဟာ”
ကျွန်တော် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ လူတွေတော်တော်များများ၏အကြည့်က ကျွန် တော့်ဆီမှာ။ သူတို့တွေ ကျွန်တော့်အကြောင်းအားလုံးသိထားကြတာလား၊ ဘာလို့အဲဒီလောက် အထိ စိုက်ကြည့်နေကြတာလဲ။
“ဟားဟား မင်းဘာတွေပြောနေတာလဲ ကြည်သာ”
“ဇော်ထင်၊ မင်းအပြစ်အတွက် အချိန်လေးတစ်ခုတည်းပဲပေးဆပ်ရမှာပါ၊ နောင်တစ်ချိန်ကျရင် မင်းရော ဂါကိုအပြတ်ကုပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖို့….”
“မင်းဘာတွေပြောနေတာလဲ”
ကျွန်တော် အသံကျယ်ကျယ်အော်ပစ်လိုက်ကာ ကြည်သာ့အင်္ကျီစကိုဆောင့်ဆွဲလိုက်မိသည်။ ကြည်သာ က အသာတကြည်ပင် ကျွန်တော့်လက်ကိုဆုတ်ကိုင်ကာပြန်လွှတ်စေလေသည်။
“ဘေးမှာလူတွေအများကြီးပဲဇော်ထင် မင်းကို ဝိုင်းကြည့်နေကြပြီ”
ကျွန်တော် လက်ကိုပြန်ရုပ်သိမ်းလိုက်ရ၏။
“မင်းပြောနေတာ မင်းလုပ်နေတာကို ငါတစ်ခုမှနားမလည်ဘူး”
“အေးပါ သူငယ်ချင်းရာ ဒါပေမဲ့ ငါလုပ်နေတာမင်းကောင်းဖို့အတွက်ပါ”
“ဘာကောင်းဖို့လဲ ငါဘာကောင်းဖို့လဲ”
“မင်း အဲဒီဆေးတွေပုံမှန်မသောက်တော့ စိတ်တွေဘယ်ငြိမ်တော့မလဲ ဟိုတွေးဒီတွေးလျှောက်တွေးပြီး အရာရာချောက်ချားနေတော့မှာပေါ့၊ ရန်ကုန်ပြန်လာပြီး ပုံမှန်အနေအထားဖြစ်အောင် စိတ်တည်ငြိမ် အောင်အရင်လုပ်ရမယ်လေ သူငယ်ချင်းရယ်”
“ဟေ့ကောင် မင်းငါ့ကို စိတ်ကျန်းမာရေးချွတ်ယွင်းတဲ့သူလို့ထင်နေတာလား”
“ငါက မင်းကိုဆေးပုံမှန်သောက်စေချင်တဲ့စိတ်ပဲရှိတာပါ၊ အခြားအဓိပ္ပါယ်မဆိုလိုဘူး”
“ကြည်သာ မင်း မင်း..”
ကျွန်တော့်ကို ဘာလို့ရူးနေတယ်လို့ဒီကောင်ထင်တာလဲ။ အဲဒီဆေးတွေမပြတ်သောက်နေရတာကို သူ ဘာလို့လူရှေ့မှာပြောနေရတာလဲ။ ဂျက်စီကာဟာ ဘာလို့ငြိမ်းနဲ့မတူတော့တာလဲ။ အရာအားလုံးကို စဉ်းစားရင်းခေါင်းနောက်လာကာ ဒူးထောက်ထိုင်ချလိုက်မိသည်။ ခေါင်းတွေမူးနောက်ရီဝေလာကာ နား နှစ်ဖက်ကိုပိတ်ထားရတဲ့အထိ အူဝေလာမိလေသည်။
“ငြိမ်းတို့အိမ် ကားရပ်ထားတဲ့နေရာတည့်တည့်မှာ CCTV တပ်ထားတယ်ဇော်ထင်၊ ပြီးတော့ ငြိမ်းတို့ရဲ့ မင်္ဂလာဆောင်သွားတဲ့ကားမှာလည်း CCTV ရှိတယ်”
သူတို့အားလုံးသိပြီးပြီဆိုတာ သံသယဖြစ်စရာမလိုတော့ပြီ။ အခြေအနေတွေလည်း ဘယ်လိုမှမကောင်း နိုင်တော့။ ဘေးပတ်ဝန်းကျင်မှာ ယူနီဖောင်းဝတ်အရာရှိတွေ ကျွန်တော်ရှိရာဆီကိုလှမ်းလာနေသည်။ ဒါ ကျွန်တော့်ဆီလာတာပေါ့။ ကျွန်တော်ဘာလုပ်ရမလဲ။
“ငြိမ်း”
ငြိမ်း ကျွန်တော့်ကိုလာခေါ်ဖို့ဆုတောင်းနေမိသည်။ ငြိမ်းကိုတမ်းတနေမိသည်။ ဘာလို့လဲ။ ဘာလို့လဲ ငြိမ်းရယ်။ မင်းတို့ကိုယ့်အပေါ်သစ္စာဖောက်သွားတာကို ကိုယ်ပြန်ပြီးတုန့်ပြန်ခွင့်မရှိဘူးလား။ ဘာလို့ ကိုယ့်ကိုအပြစ်ပေးရတာလဲ။
ကိုယ်ဟာငယ်ငယ်လေးကတည်းက မိဘတွေမရှိဘူးငြိမ်း။ ဘဝကိုတစ်ယောက်တည်းရုန်းကန်ခဲ့ရ တယ်။ ဆွေမျိုးသားချင်းလည်းမရှိတော့အဖော်မင်တယ်။ သူငယ်ချင်းတွေကိုအားကိုးတယ်၊ ဒါပေမဲ့ သူငယ်ချင်း တွေအားလုံးနီးပါးလည်းသစ္စာဖောက်ကြ ကိုယ့်အပေါ်မကောင်းကြတာချည်းပဲ။ ဒီတော့ ကိုယ်ချစ်မိတဲ့ ငြိမ်းကိုသံယောဇဉ်တွေအားလုံးပုံအောပြီးချစ်ခဲ့ရတာပါ။ ကိုယ်ချစ်တဲ့ငြိမ်းကလည်း ကိုယ့် အပေါ်ကို သစ္စာဖောက်တော့ ဘယ်လိုရှင်သန်ရတော့မှာလဲ။ ဘာဆက်လုပ်ရတော့မှာလဲ။ ငြိမ်းကိုမရ မှတော့ ဇင်လင်းမောင်လည်းမရစေအောင်သတ်ပစ်ခဲ့တာ ကိုယ်မှားလားငြိမ်းရယ်။
“အား”
ကျွန်တော့်မြင်ကွင်းများဝေဝါးလာသည်။ ခေါင်းက မိုက်ခနဲ မိုက်ခနဲဖြစ်ကာ ဘေးပတ်ဝန်းကျင်တစ်ခွင် လုံးနှင်းမြူခိုးများဝေနေသလို ကျွန်တော်နှင့်လူ့ပတ်ဝန်းကျင်သည် ဇာပဝါတစ်ထပ်ခြားထားသလိုအမြင် မကြည်လင်မသဲကွဲပဲရှိနေလေ၏။
ကျွန်တော်သွေးရူးသွေးတန်းဖြစ်ပြီး လေဆိပ်တစ်ဝိုက်ပြေးလွှားနေတော့သည်။ ကျွန်တော့်ကိုကြည်သာ နှင့် ဂျက်စီကာက ထိန်းချုပ်ဖက်ကုပ်ထား၏။ ရဲအရာရှိတွေလည်းကျွန်တော့်နားကိုနီးသည်ထက်နီးလာ လေသည်။
ကျွန်တော်ဘာလုပ်ရမလဲ။
>>>>>
ပြီးပါပြီ
ချစ်ခြင်းအပြိုင်းအရိုင်းနှင့် ထင်ဒိုင်းအောင်