“မြူခိုးရယ်…..ဝေ” အပိုင်း (၂၁)

(၂၁)

ဂျက်စီကာတို့အိမ်သည် မခမ်းနားလှသော်လည်း သေသပ်သာယာလှပါသည်။ အိမ်သားတွေက ရှေးရိုး ဆန်မည်ဟုထင်ထားသော်လည်း ကျွန်တော့်အထင်နှင့်အမြင် တက်တက်စင်အောင်လွဲမှားခဲ့ လေသည်။ ကျွန်တော်သိရသလောက်က ဘာလီနားတစ် ၀ိုက်တွင် ယဉ်ကျေးမှုထိန်းသိမ်းသည့်ဓလေ့ ရိုးရာအစဉ် အလာများကိုတန်ဖိုးထားတတ်သည့် ဓလေ့ကိုဦး စားပေးတတ်ကြသည်။ ဒေသခံလူများ၏ ဆက်ဆံရေး လည်း အဲဒီလိုရှေးရိုးဆန်ခဲ့မည်ဟု ထင်ထားခဲ့လေသည်။

ဂျက်စီကာ၏ မိသားစုဆက်ဆံရေးကနွေးထွေးလှသည်။ ခေတ်မီလှသည်။ သမီးမှာ ယောင်္ကျားလေး ဧည့်သည်ပါတယ်ဆိုပြီး အထူးတဆန်းဖြစ်မနေခဲ့ပါ။ ကျွန်တော်မခန့်မှန်းမိသောနေရာတစ်ခုတွင် ဂျက်စီ ကာတို့အိမ်တည်ရှိပါသည်။ မှတ်မှတ်ရရ စိမ်းစိမ်းလန်းလန်းစိုစိုပြည်ပြည်ပတ်ဝန်းကျင်ကိုဖြတ်သန်းရ သည်။ တောင်တန်းများကိုမှိန်ပျပျမြင်ရသည်။ ကားလမ်းမကဖြောင့်ဖြူးနေခဲ့ပါသည်။ ရပ်ကွက်က လည်း ရှုပ်ထွေးမနေပါ။ တစ်ထပ်တိုက်အိမ်သန့်သန့်လေးတွေချည်းစုဝေးရာနေရာဖြစ်လေသည်။

“မြို့လေးက ချစ်စရာလေးနော်”

သူ့ပတ်ဝန်းကျင်ကိုသဘောကျတယ်လို့ပြောတော့ ဂျက်စီကာက ပြုံးပြသည်။ အဓိကတော့ အမှိုက်များ လုံးဝကင်းစင်လို့နေသည့်အချက်ပင်။ ကွန်ကရစ်လမ်းမကြီးကနေခွဲထွက်လိုက်မည်ဆိုပါကလည်း လမ်း ကြားတိုင်းလမ်း ကြားတိုင်းလိုလို၌ အမှိုက်စတစ်တစ်လေမျှကိုမတွေ့ရပါ။ တစ်ချို့နေရာတွင် မြေနီလမ်း လေးဖြောင့်ဖြူးနေပြီးတစ်ချို့ နေရာမှာတော့ ကွန်ကရစ်လမ်းလေးတွေချည်းပင်။ ဂျက်စီကာတို့အိမ်အဝင် ဝတွင်တော့ မသေမသပ် ဆောက်ထားသော ဘိလပ်မြေအုတ်ခုံထူထူကိုတွေ့ရသည်။ လေးငါးပေအရှည် လောက်တော့ရှိမှာပေါ့။ ထိုနေရာသည် ယောင်္ကျားလေးများဂစ်တာထိုင်တီးသည့်နေရာဖြစ်ဖို့များသည်။

“လာ ဇော်ထင်၊ ဒါ အိုင်တို့အိမ်ပဲ”

ခြံတံခါးစေ့ထားရုံမို့တွန်းဖွင့်လိုက်သည်။ ဝင်ဝင်ချင်းမှာပဲ အမျိုးသားနှစ်ယောက်ကိုဆိုင်ကယ်တစ်စီးနှင့် အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။ ဆိုင်ကယ်ပျက်လို့ပြင်နေတာနဲ့တူပါရဲ့။ ဂွတွေကွင်းတွေ ကိုယ်စီနှင့်။ ခြံပတ်ဝန်းကျင်က စိမ်းစိမ်းစိုစိုရှိလှသည်။ စကားဝါပန်းပင်များ ၀ါးပင်၊ ပုန်းနားရိပ်ပင်များနှင့် အခြား အရိပ်ရသစ်ပင်တော်တော်များများကိုဖြန့်ကျက်ပြီးတွေ့ရလေသည်။ အမျိုးသားနှစ်ယောက်ဝတ် ထားသည်က ကျွန်တော်မြင်နေကျ ဂျင်းဘောင်းဘီများမဟုတ်။ ပုဆိုးများပင်။ အင်ဒိုနီးယားရိုးရာပုဆိုးနှင့် ဆင်တူသည့် အဝတ်အထည်ဖြစ်ပါလိမ့်မည်။

“ဟင် ဒါမျိုးဒီမှာလည်းဝတ်တာပါလား”

တီးတိုးရေရွတ်လိုက်သည်။ ဂျက်စီကာတော့ကြားမယ်မထင်ပါ။ ပုဆိုးဆိုပေမယ့် ကျွန်တော်တို့မြန်မာ နိုင်ငံကအဆင်တွေတော့မဟုတ်။ အင်ဒိုနီးရှားပါတိတ်လိုအဆင်တွေမို့ ဒီမှာဝတ်နေကျရိုးရာထည်တွေ လို့ ကျွန်တော်ကသတ်မှတ်လိုက်သည်။

“ဒီနေရာက ဂျာကာတာနဲ့ဘာကွာလဲ”

ဂျက်စီကာက အိမ်ထဲကိုဝင်သွားရင်း အမျိုးသားနှစ်ယောက်ကိုပြုံးပြနှုတ်ဆက်ရင်းကျွန်တော့်ကိုမေး လေသည်။

“အရောင်ဆန်းဆန်းအဝတ်စတွေကိုခါးမှာပတ်တာ၊ မိန်းကလေးတွေဆိုရင် နားမှာပန်းတစ်ပွင့်ပန်ကြ တာ၊ စိမ်းလန်းနေတဲ့လှေကားထစ်စိုက်ခင်းတွေ၊ အုန်းပင်တွေ၊ တောတောင်တွေ၊ ကျောက်သားနံရံမှာ ထွင်းထုထားတဲ့ပုထိုးတွေ၊ အင်း နောက်တော့ ဘာရှိသေးလဲ”

သူ ကျွန်တော့်အဖြေကိုသဘောကျသွားသည်။

“ခြံရှေ့မှာတွေ့တာ ဦးလေးနှစ်ယောက်လေ”

“အော်”

အိမ်ထဲလည်းဝင်ရော အမျိုးသမီးကြီးတစ်ယောက်က ဂျက်စီကာ့ကိုတွေ့ကာ လှိုက်လှိုက်လှဲလှဲပွေ့ဖက် နှုတ်ဆက်လေသည်။ သတိရနေတုန်း ဗြုန်းဆိုပေါ်လာလို့ဝမ်းသာသွားပုံလည်းရသည်။

“ဒါ ဇော်ထင်တဲ့ အလုပ်အတူတူပဲ၊ မြန်မာနိုင်ငံကဧည့်သည်ပေါ့”

ကျွန်တော့်ကိုအမျိုးသမီးကြီးနှင့်မိတ်ဆက်ပေးတော့ အမျိုးသမီးကြီးက ဟိုင်းဆိုပြီး ကျွန်တော့်ကိုပြုံးပြ သည်။ ပြီးတော့ အိမ်မှာရှိသည့်သူများကို သူတို့ဘာသာစကားနှင့်ခေါ်လိုက်လေသည်။ ခဏတွင်းချင်းမှာပဲ အိမ်သူအိမ်သားတွေအားလုံးရောက်လာလေသည်။ ဦးလေးနှစ်ယောက်၊ အမျိုးသမီးကြီးရယ်၊ ဂျက်စီ ကာ၏အဖေဖြစ်ပုံရသောလူကြီးရယ်၊ ဆယ်ကျော်သက်အရွယ်ချာတိတ်မလေးတစ်ယောက်ရယ်၊ ကျွန် တော်နှင့်မတိမ်းမယိမ်းအရွယ်ကောင်လေးတစ်ယောက်ရယ်၊ ကျွန်တော့်ထက်နည်းနည်းကြီးပုံရသည့် အစ်မ ကြီးတစ်ယောက်ရယ် အားလုံးခုနစ်ယောက်၊ ကျွန်တော်တို့နှစ်ယောက်နှင့်ဆို စုစုပေါင်း ကိုး ယောက်။

“ကြိုဆိုပါတယ်”

အားလုံးသံပြိုင်ရွတ်ကြပြီး ကျွန်တော့်ကိုနှုတ်ဆက်လိုက်တော့ ကြက်သီးမွှေးညှင်းတွေတောင်ထသွား ရသည်အထိ ဝမ်းသာသွားရသည်။ နွေးထွေးလိုက်တာ။ အဲဒီခံစားမှုမျိုးဘဝမှာရတောင့်ရခဲပင်။ အဲဒီ နောက် ဧည့်ခန်းမှာထိုင်စေတာ တစ်ယောက်ချင်းစီမိတ်ဆက်သည်။ ဦးလေးနှစ်ယောက်၊ ဂျက်စီကာ၏ အမေနှင့် အဖေ၊ ညီမလေး၊ မောင်လေး၊ အဒေါ်။

သူတို့မြန်မာနိုင်ငံကိုကောင်းကောင်းသိကြပါသည်။ လာလည်ဖို့ကိုတော့သိပ်စိတ်မဝင်စားကြ။ ကျွန် တော့်ကိုတော့ သူတို့ဆီလာလည်သည့်အတွက်ဝမ်းသာကြလေသည်။

“ဂျက်စီကာရဲ့ကောင်လေးလား”

ဦးလေးတစ်ယောက်က တည့်တည့်ကြီးမေးလိုက်တော့ ကျွန်တော်ရှက်သွားရသည်။ ဂျက်စီကာက တော့ အဲဒါကိုရှက်ရကောင်းမှန်းသိပုံလည်းမရ။ ဦးလေးကဘယ်လိုထင်လဲလှမ်းမေးသည်။ နာရီဝက် လောက်ကြာတော့ ဂျက်စီကာ၏မောင်လေးနှင့်ကျွန်တော် ဂိမ်းကစားဖော်တွေဖြစ်သွားကြသည်။

ဧည့်ခန်း ထဲတွင် အဆင်သင့်ရှိနေသည့်ဂိမ်းစက်ကို ကျွန်တော်တို့နှစ်ယောက်အပိုင်သိမ်းလိုက်ကြသည်။ ဦးလေးနှစ် ယောက်ကတော့ ဆိုင်ကယ်ပြင်ဖို့ အိမ်ရှေ့ကိုထွက်သွားကြကာ ဂျက်စီကာ၏ ညီမလေး ဖြစ်သူကတော့ ကျွန်တော်တို့ ဂိမ်းဆော့သည်ကိုထိုင်ကြည့်နေကြသည်။ ကျန်သည့်သူများကတော့ မီးဖိုချောင်ဝင်တဲ့သူဝင်၊ အခြားသူတို့လုပ်စရာရှိတာကိုလုပ် စသည်ဖြင့်ပုံမှန်အနေအထားဖြစ်သွားကြပြန် သည်။

နေ့လည်စာစားချိန်ရောက်တော့ အတူတူဝိုင်းဖွဲ့ပြီးထမင်းစားသောက်ကြသည်။ လူစုံတက်စုံထမင်းဝိုင်း မို့ ကျွန်တော့်အတွက်ရှက်ရမ်းရမ်းတော့ဖြစ်မိလေသည်။ ကျွန်တော့်ဘဝမှာ အဲဒီလိုမိသားစုထမင်းဝိုင်း ကိုမရတာဘယ်လောက်တောင်ကြာပြီလဲ။ မိသားစုနွေးထွေးမှု၊ အဲဒီခံစားချက်ကဘယ်လောက်တောင် များကောင်းလိုက်ပါသလဲ။ ပြီးတော့ အင်ဒိုနီးရှားအစားအစာ။ ကျွန်တော်သိပ်ကြိုက်သည့်အစားအစာများ ဖြစ်နေလေသည်။

အရွက်စုံသုပ်တဲ့။ အာလူး၊ ဆလတ်ရွက်၊ ပဲပင်ပေါက်နည်းနည်း၊ ကြက်ဥတွေကိုမြေပဲအနှစ်နဲ့ရောမွှေ ပြီး သုပ်ထားတာဖြစ်သည်။ တို့ဖူးကြော်ကြွတ်ကြွတ်ကို မြေပဲအနှစ်နဲ့တို့ဆလပ်ရွက်၊ အာလူးတို့ကိုဇွန်း နဲ့ ခပ်ပြီး စားရတဲ့အရသာလောက်ကောင်းတာဘာရှိဦးမှာလဲ။ ပြီးတော့ အမဲသားလုံးဟင်းချိုတဲ့။ ဒါက တော့ ဂျာကာတာကအစားအသောက်နဲ့တူသည်။ အမဲသားလုံးခပ်ကြီးကြီးတွေကို ကြာဆံနည်းနည်း ရောထား တဲ့ဟင်းချိုထဲရောပြုတ်ထားတာဖြစ်သည်။ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ်တို့ရောထည့် ပြီးမွှေးမွှေး လေးသောက်ရတာပင်။ အဲဒါကတော့ အလည်တည်ဇလုံကြီးကနေ ကိုယ်တာခွက်ကလေး ထဲထည့် သောက်ရတာမို့ ဟင်းချိုခပ်ပေးတဲ့တာဝန်ကို ဂျက်စီကာကရယူခဲ့၏။

နောက်ဟင်းတစ်မျိုးက တော့ ရိုးရာမပျက်တဲ့ဟင်း ကန်ဇွန်းရွက်ကြော်ပေါ့။ မြောင်းကန်ဇွန်းသေးသေး လေးတွေကို ငရုတ်သီး အနှစ်နဲ့ရောကြော်ထားတာမို့ ရှုးရှုးရှဲရှဲစားလို့သိပ်ကောင်း။ မပါမဖြစ်အမဲနှပ် ကတော့ လက်ဝါးအရွယ် အတုံးကြီးကြီးတွေကိုအိနေအောင်နှပ်ထားတာပင်။ အနှစ်ကတော့လုံးဝမပါ။ ပြုတ်ပြီးနှပ်ထားသလား တောင်ထင်ရသည်။ အရသာကတော့ ခပ်စပ်စပ်လေး။

ထမင်းဝိုင်းထဲမှာတော့ ဟိုလူ့ကိုစလိုက် ဒီလူ့ကိုစလိုက်နဲ့ ပျော်စရာကောင်းလှ၏။ စားရတာအဆင်ပြေ ရဲ့လား၊ မြန်မာနဲ့ဘာကွာလဲ စသည်ဖြင့် ဟိုတစ်ခွန်းဒီတစ်ခွန်းမေးတာကို ကျွန်တော်ကဒိုင်ခံဖြေရသူ ပေါ့။ သူတို့ရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုလည်း လေးစားရပါသည်။ အိမ်သားတွေအားလုံးနည်းနည်းပါးပါး ပြော တတ်တဲ့သူတွေချည်းပဲ။ ကျွန်တော်ကတော့ ဂျက်စီကာကိုကြည့်လိုက်တိုင်းမှာ ကျေးဇူးတင်ပါတယ် ဆိုတဲ့ မျက်ဝန်းတွေနဲ့ပဲဖြစ်ပါလိမ့်မည်။

“ကျွန်တော်အရမ်းပျော်တယ်ဂျက်စီကာ၊ ဒီလိုမျိုးနွေးထွေးခဲ့လိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့ဘူး၊ အရမ်းပျော်စရာကောင်းတဲ့နေ့လေးပါပဲ၊ အခွင့်ရမယ်ဆိုရင်ထာဝရနေချင်တဲ့နေရာလေးပါ”

စိတ်ထဲက ကျေးဇူးတင်စကားတွေပြောနေမိသည်။

အင်ဒိုနီးရှားအစားအစာကို အပြတ်တွယ်ပြီးသည့်နောက်မှာတော့ ကျွန်တော့်ဗိုက်ကလေးလံပြီး မျက်လုံး များကော့စင်းလာလေသည်။ ကျွန်တော်နှင့် ဂျက်စီကာ၏ မောင်လေး ဂိမ်းဆက်ကစားနေတုန်း ညီမဖြစ် သူက အာလူးကြော်ပန်းကန်လာချပေးလေသည်။ ဂိမ်းတစ်ပွဲပြီးတော့ ဆိုဖာပေါ်ကိုခဏအိပ်ပျော်သွား ခဲ့သည်။ ဂျက်စီကာ ကျွန်တော့်ပခုံးကိုပုတ်ပြီးလာနှိုးသည့်အချိန်အထိပေါ့။

“သွားရတော့မယ်”

ကျွန်တော်တို့ ညအိပ်၍မရပါ။ ညဖက်လေယာဉ်ကို ဂျက်စီကာကစီစဉ်ခဲ့ခြင်းပင်။

“ပျော်လို့မဝသေးဘူး”

ကျွန်တော်က ကလေးတစ်ယောက်လို ဇောဒကတက်လိုက်တော့ သူက နှစ်သိမ့်ပြုံးပြုံးပြလေသည်။

“ညဖက်လေယာဉ်စီစဉ်ထားတာလေ၊ အခုချိန်ထွက်မှအဆင်ပြေမှာ၊ လေဆိပ်ကိုခရီးအဝေးကြီးသွား ရဦးမယ်၊ နောက်တစ်ခါလာပေါ့”

“ကျေးဇူးတင်ပါတယ် ဂျက်စီကာ”

အိမ်သားတစ်ယောက်ချင်းစီကိုနှုတ်ဆက်ခဲ့သည်။

သူတို့တွေ၏လှိုက်လှဲဖွေရွေသောအပြုံးနှင့် နွေးထွေးမှုများအောက်တွင် ကျွန်တော်ရုန်းမထွက်ချင် တော့ ပါ။ ဒီနေရာကိုနောက်တစ်ခေါက်လာချင်သေးသည်။ အခုလိုမျိုးနွေးထွေးသည့်ဆက်ဆံမှုမျိုးခံယူ ချင်ပါ သေးသည်။

ဘာလီ၏နှုတ်ဆက်ခြင်းက ဝမ်းနည်းစရာကောင်းလှသည်။ အလာတုန်းကမြင်ခဲ့ရသောပတ်ဝန်းကျင်၊ တောတောင်ရေမြေသာယာမှုသည် လွမ်းဆွေးစရာ၊ တမ်းတစရာများ တစ်ပုံကြီးပေးစွမ်းနေခဲ့လေသည်။ ဘဝရဲ့အမှတ်တရထဲမှာ ဒီရက်လေးကမပါမဖြစ်ပေါ့။

“အိမ်က တစ်ခုခုများသံသယဝင်မလား၊ ကိုယ့်ကိုကြည်ဖြူပါ့မလားဆိုတာ စိုးရိမ်မိနေတာ၊ အဆင်ရော ပြေပါ့မလားစိတ်ပူနေတာ၊ အခုတော့ ပြန်လည်တမ်းတစရာတွေချည်းပဲ၊ ကိုယ်အရမ်းပျော်တယ် ဂျက်စီကာ၊ အရမ်းကျေနပ်တယ်”

“အိမ်ကလည်း ယူ့ကိုသဘောကျပါတယ်”

“တကယ်၊ ဘယ်လိုပုံစံသဘောကျတာလဲ”

ဂျက်စီကာနှင့် ကျွန်တော် အဲဒီအိမ်မှာ တပူးပူးတတွဲတွဲမနေခဲ့ပါ။ ကျွန်တော်ရှိနေသည့်အချိန် ဧည့်ခန်းထဲတွင် ထိုင်နေတဲ့အချိန်များဆိုပါလျှင် ဂျက်စီကာက သူ့အိမ်မှာသူလုပ်စရာ စကားပြော စရာတွေကို သူမိသားစုနှင့် ပြောဆိုနေခဲ့တာပဲလေ။ ကျွန်တော်ကတော့ ဧည့်ခန်းထဲမှာ ဂိမ်းပဲဆော့နေခဲ့ တာမဟုတ်လား။

“ယဉ်ကျေးတယ်၊ ရိုးသားတယ် တဲ့”

“အိုးမိုင်ဂေါ့၊ သူတို့ ဒီအချိန်ခဏလေးနဲ့ ကိုယ့်စိတ်ကိုမှန်းတတ်တယ်ပေါ့လေ”

“ဒါပေါ့ ဘာလီကလူတွေက စိတ်ဖတ်တတ်ကြတယ်”

“တကယ်လား”

နှစ်ယောက်သားရယ်မိကြသည်။ ရယ်မောမှုအောက်မှာ ဆုံးဖြတ်ချက်တစ်ခုချမိ၏။ ကျွန်တော် အကောင်အထည်ဖော်ရမည်။ ဂျာကာတာရောက်ရင်မဖြစ်မနေလုပ်ရမယ့်အလုပ်တစ်ခုပေါ့။ အဲဒါက တော့ ကျွန်တော် ဂျက်စီကာကိုချစ်ခွင့်ပန်မယ်။

ဂျက်စီကာရှိနေရင် ငြိမ်းတို့နှစ်ယောက် ကျွန်တော့်အနားလာမှာမဟုတ်တော့။ ကျွန်တော့်ကိုအိပ်မက်တွေ နဲ့ ခြိမ်းခြောက်မှာမဟုတ်တော့ပါ။ သေချာပါသည်။ ကျွန်တော်အင်ဒိုနီးရှားမှာရှိနေသည့်ကာလပတ်လုံး ဂျက်စီကာနှင့်အတူဖြတ်သန်းမည်။ ပြီးတော့ သူ့ကို မြန်မာနိုင်ငံကိုခေါ်သွားဖို့စိတ်ကူးလိုက်သည်။ ကျွန် တော်တစ်ယောက်တည်းနေသည့် အခန်းလေးထဲ၌ သူနှင့်အတူဖြတ်သန်းမည်။ လှည်းတန်း၏ နေ့ရက် များကို ဂျက်စီကာနှင့် အတူချိန်မြိန်စေမည်။ အဲဒီအချိန်ကျရင် ငြိမ်းဆိုတာကိုလည်းမေ့လောက်ပြီးပေါ့။ တစ်သက်လုံးမမေ့နိုင်သည့် ငြိမ်းကကျွန်တော့်အနားမှာရှိနေပြီလေ။ ဆောင်တော်ကူးဆိုင်ကိုသွားပြီး ငြိမ်း ၏ သူငယ်ချင်းများနှင့်ဂျက်စီကာကိုမိတ်ဆက်ပေးမည်။ အရာအားလုံးလှလှပပဇာတ်သိမ်းစေမည်။

“ဂျက်စီကာ၊ ညနေခင်းတစ်ရက်လောက်တော့ မင်းအခန်းသော့ ကိုယ့်ကိုခဏငှားမလား၊ မင်းအပြင် သွားမယ့်အချိန် ပေါ့၊ တကယ်လို့များ အပြင်မသွားဘူးဆိုရင်လည်း ကိုယ်မင်းအခန်းကိုလာမယ့် အချိန် လေးတစ်ခုမှာ ခဏတာထွက်ပေးပေါ့”

“ဘယ်လို”

ကျွန်တော် သူ့ကိုနားလည်အောင်မရှင်းပြတော့ပါ။ သူကလည်း ကျွန်တော့်ကိုထပ်မမေးတော့။ ကျွန် တော့်အလိုကျလိုက်လျောပေးမယ့်မျက်နှာပေးနှင့် ပြုံးနေလေသည်။ ဂျက်စီကာ၏အပြုံးကသိပ်လှတာပဲ။ ငြိမ်း ကျွန်တော့်ကိုပြုံးပြနေတာပါပဲလေ။ တူလိုက်တာ။ ကမ္ဘာပေါ်မှာ အဲဒီလောက်ချွတ်စွတ်တူတဲ့လူတွေ ဘာလို့ရှိတာပါလဲ။ ကျွန်တော်ငယ်ငယ်တုန်းကဖေဖေပြောပြတဲ့စကားကိုအမှတ်ရမိသည်။

ကမ္ဘာပေါ်မှာ ကိုယ်နဲ့ချွတ်စွတ်တူတဲ့သူက ခုနစ်ယောက်စီရှိကြတယ်တဲ့။ နိုင်ငံမတူ၊ စရိုက်မတူ စတဲ့ မတူညီကွာခြားမှုတွေရှိချင်ရှိမယ် ရုပ်ကတော့လုံးဝချွတ်စွတ်ပဲတဲ့။ ငယ်ငယ်တုန်းကဆိုတော့တကယ် ပဲအောက်မေ့ခဲ့တာ။ အချိန်ကြာလာတော့ မဟုတ်မှန်းဆင်ခြင်နိုင်ခဲ့သည်။ အခုကျတော့ တကယ်ဟုတ် တယ်ဆိုတာ သက်သေကမျက်စိရှေ့တင်ရောက်နေလေပြီ။

“ကိုယ်နားမလည်တော့ဘူးဂျက်စီကာ၊ မင်းဟာ ငြိမ်းနဲ့ဘာလို့အဲဒီလောက်တူနေတာလဲ”

မတူလှသည့် အချက်တစ်ခုတော့ရှိသည်။ ကျွန်တော့်အပေါ်ကြင်နာမှု။

>>>>>