(၂၂)
အလုပ်ကအပြန်တစ်ရက်တွင်တော့ သူ့ဆီကအခန်းသော့ငှားလာခဲ့သည်။ ကျွန်တော်နှင့်အတူတူ သူ အိမ်မပြန်နိုင်သောရက်မို့ အခွင့်သာသည့်အခိုက်အတန့်လို့ဆိုရမည်။ ဌာနစုံအစည်းအဝေးတစ်ခုလုပ်မှာမို့ ကျွန်တော်တို့ဌာနကိုယ်စား ဂျက်စီကာကနေခဲ့ခြင်းပင်။ အခန်းထဲကိုထိခိုက်နစ်နာအောင်ဘာမှလုပ်မှာ မဟုတ်ကြောင်း၊ မယုံရင်ပြန်ရောက်တဲ့အချိန်ပစ္စည်းပစ္စယတွေကိုစစ်ဆေးနိုင်ကြောင်း သေချာရှင်းပြ တော့ သူက ဒီလောက်ထိပြောစရာမလိုပါဘူးဆိုပြီးစိတ်ကောက်သေးသည်။
ခြေလှမ်းသွက်သွက်လှမ်းကာအခန်းဆီလာခဲ့၏။ တက္ကစီငှားလို့လည်းမြန်မှာမဟုတ်။ ဂျာကာတာမှာ ဒီ အချိန်ဆိုရင်ကားလမ်းပိတ်နေပြီလေ။ ကားတင်ပဲလားဆိုတော့မဟုတ်။ ဆိုင်ကယ်တွေလည်းတဝီဝီနဲ့။ သူတို့လမ်းကြောင်းကအလွယ်တကူဖြတ်ကူးသွားလာလို့မလွယ်။ ရန်ကုန်မှာဆိုပါလျှင် ကားကဘယ် ဘက် ကလာပါက ဘယ်ဘက်ကိုပဲကြည့်ပြီးလမ်းကူး၊ ညာဘက်ကြောကိုရောက်လျှင်လည်းညာဘက်မှာ ကားလာမလာကြည့်ပြီးလမ်းကူးရုံပင်။ ဂျာကာတာမှာတော့အဲဒီလိုမဟုတ်။
ကားလမ်းကဘယ်ဖက်ဆို ပေမယ့်လည်း ဆိုင်ကယ်တွေကညာဘက်ကနေလာချင်လာတတ်သည်။ အသိတစ်ယောက်လာတုန်းကဆိုင် ကယ်အတိုက်ခံဖူးသည်။ ဘယ်ဘက်ကနေကားသွားနေတော့ ကားလမ်း၏ဘယ်ဘက်ကိုပဲဂရု စိုက်ပြီးလမ်းကူးနေချိန် ညာဘက်ကဆိုင်ကယ်တစ်စီးလာပြီးတိုက်သွား ခဲ့သည်။ အရှိန်သိပ်မပြင်းလို့ထိခိုက် ပွန်းပဲ့ရုံပဲရှိခဲ့သည်။ သူလွယ်ထားသည့်ကင်မရာဘောင်ကတော့ပွန်းပဲ့ သွားခဲ့၏။ ဂျာကာတာ၏လမ်းတွေက အဲဒီလိုရှုပ်နေတော့ ခဏတစ်ဖြုတ်လာသည့်သူများအတွက် နားလည်ရခက်သောလမ်းတွေလို့ဆိုရမည်။
ဂျက်စီကာ၏အခန်းဆီကိုတိုက်ရိုက်မသွားသေးဘဲ ခြံထဲကဆောင်တော်ကူးပန်းပင်ရှိရာကိုလာခဲ့၏။ တစ်ပင်လုံးဖွေးဖွေးလှုပ်အောင်ပွင့်နေတာများ ဘေးအနားကဖြတ်သွားသူမှန်သမျှသမင်လည်ပြန်ငေး မကြည့်ဘဲမနေနိုင်လောက်အောင်ပင်။ ဂျာကာတာမှာ ဆောင်တော်ကူးပန်းပင်ဆိုလို့ဒီတစ်ပင်ပဲတွေ့ဖူး ပါသည်။ ဒီတစ်ပင်ကလည်းအပွင့်ဆုံးပါပဲ။ ကျွန်တော်နှင့်လက်လှမ်းမီသည့်ပန်းခက်များကိုတော့ ခူးဆွတ် ဖို့လိုပြီ။ ဂျက်စီကာအတွက်ပါ။
“မင်းဆောင်တော်ကူးပန်းတွေနဲ့အိပ်စက်ဖို့ ကိုယ်ဖန်တီးပေးမယ် ဂျက်စီကာ”
ပန်းခူးရသလား၊ မခူးရဘူးလား၊ ခြံပိုင်ရှင်များပြောမလား၊ ခူးရင်အပြစ်တစ်စုံတစ်ရာကျမလားဆိုတာမျိုး ကျွန်တော်စဉ်းစားမနေတော့။ လက်လှမ်းမီသည့်ပန်းခက်များကိုတစ်ခက်ပြီးတစ်ခက်ချိုးယူတော့သည်။ တစ်ချို့ကတော့ တစ်ပွင့်တစ်လေမှကြွေမကျဘဲကျွန်တော့်လက်ထဲရောက်လာသည်။ တစ်ချို့ကတော့ မြေပေါ်ကြွေခကုန်သည်။ ခူးလိုက် အနားမှာရှိသည့်ထိုင်ခုံပေါ်တင်လိုက်နှင့် လက်ထဲတစ်ပွေ့စာရသည့် အချိန်တွင်ဂျက်စီကာ၏အခန်းဆီလာခဲ့လိုက်သည်။ အခန်းထဲတစ်နေရာမှာ ပန်းများကိုပုံပြီး သန့်ရှင်းနေ အောင်တယုတယပြန်ခြွေရသည်။ ပုရွတ်ဆိတ်တစ်ကောင်တစ်လေမျှတောင်မပါအောင်ကြည့်ရသည်။ အရွက်များကိုခြွေပစ်လိုက်သည်။ တစ်ထွာလောက်အရွယ်ပန်းခက်လေးတွေအဖြစ်သေသေသပ်သပ် လုပ်ပြီးသည့်နောက်တွင် ကုတင်ပေါ်ကိုဖြန့်စီလိုက်၏။ ကျွန်တော်ခူးလာသည့်ပန်းများက ကုတင်၏ တစ်ဝက် လောက်သာဖြန့်နိုင်သည်မို့ ပန်းပင်ရှိရာကိုနောက်တစ်ခေါက်သွားရသည်။ ပန်းခက်လေး တွေခြွေရင်း ထွက်လာသည့်အမှိုက်များကိုတစ်စစီသိမ်းပြီး အမှိုက်ပုံးထဲသွားထည့်လိုက်သေးသည်။
ကျွန်တော်ခူးလိုက်လို့ ကျိုးတိုးကျဲတဲဖြစ်သွားသော ပန်းခြုံနေရာမှာမဟုတ်ဘဲ အခြားတစ်ဖက်ကိုသွားပြီး ပန်းခက်များကိုချိုးယူလိုက်သည်။ ဖြူလွလွပန်းများကတော့ ကျွန်တော်ခူးဆွတ်ရာနောက်အလိုက်သင့် ပါ လာ၏။ ဒီတစ်ခါတော့ ပထမတစ်ခါထက်များသည့်ပမာဏရောက်အောင်ခူးလိုက်သည်။ ထိုင်ခုံမှာတင် တစ် ခါတည်းသန့်စင်လာလိုက်တော့၏။ အရွက်တစ်ချို့ကိုခြွေ၊ ပိုလှသောအရွက်ဖားဖားလေးများကို တော့ချန် ထားပြီး ကုတင်တစ်ဝိုက်မှာဖြန့်ကြက်အလှဆင်မယ်ပေါ့။ ဒုတိယအကြိမ်မြောက်ပွေ့လာသည့် ပန်းများကို ကုတင်ပြည့်အောင်ချခင်း၊ အခန်းဝကနေပြီးကုတင်ကိုသွားသည့်လမ်းတစ်လျှောက်ကို အရွက်နှင့်ပန်းခက် တစ်ချို့ဖြန့်ကျဲလိုက်သည်။
“ကဲ ဂျက်စီကာ မင်းပြန်လာလို့ရပြီ”
ခပ်တိုးတိုးရေရွက်လိုက်သည်။ ဟော ကြည့်။ ကျွန်တော်ပြင်ထားသည့် ဂျက်စီကာ၏အိပ်ရာ။ အခန်းထဲကို ဝင်လိုက်သည်နှင့်ဆောင်တော်ကူးပန်းရနံ့ကသင်းခနဲရမည်။ ခင်းထားသည့်ပန်းများအပေါ်ကနေလျှောက် လာ ရင်း ကုတင်ကိုရောက်လာမည်။ ကုတင်ပေါ်ကဆောင်တော်ကူးမွေ့ရာပေါ် မွေ့ပျံ့လန်းဆန်းစွာ အိပ်စက် အနားယူနိုင်မည်။ ဘာလိုသေးလဲ ဂျက်စီကာ။
ကျွန်တော်သူ့ကိုဖုန်းခေါ်လိုက်သည်။ ပြန်လာနေပြီတဲ့။ ကျွန်တော့်အတွက်ညစာဝယ်လာခဲ့ရန်နှင့် ဒီနေ့ ညစာအတူစားဖို့ အခန်းမှာပဲချက်စားဖို့တောင်းဆိုရသည်။ ကျွန်တော်တောင်းဆိုသမျှကို ဂျက်စီကာက လိုက်လျောပေးပါသည်။ ဘယ်လောက်များချစ်စရာကောင်းလိုက်ပါသလဲ။ သူရောက်နိုင်သည့်အချိန်ကို ထွက်စောင့်ကာ သူ့ကိုခရီးဦးကြိုလိုက်၏။ ဘာတွေများစီစဉ်ထားလို့အခန်းသော့ကိုတောင်းရတာလဲ ဆို ပြီး ကျွန်တော့်ကိုမေးတော့ “You’ll see” လို့ပဲဖြေလိုက်ပါသည်။ သူ့ကိုအခန်းဆီကို ဦးဆောင်ခေါ်သွား ပြီး တံခါးဖွင့်ပေးလိုက်သည်။
တံခါးပွင့်လာတော့ ဘယ်ဘက်လက်ကရင်ဘတ်ကိုဖိ၊ ညာဖက်လက်ကိုဖြန့်ကာ သူလျှောက်မယ့် လမ်းကိုညွှန်ပြလိုက်ပါသည်။ သူ့လက်ထဲကိုင်လာသည့်အထုတ်အပိုးများကိုတော့ ကျွန်တော်ကိုင်ပေး ထားခဲ့သည်။
“အိုးမိုင်ဂေါ့”
ဆောင်တော်ကူးပန်းအနံ့ကြောင့် သူအံအားသင့်သွားတာအသေအချာပင်။ မြို့ပြမှာအလုပ်လာလုပ်နေ သည့်မိန်းကလေးတစ်ယောက်၏အဆောင်ခန်းသည် သန့်ရှင်းသပ်ရပ်မနေပါ။ သို့သော် ကျွန်တော်၏ မွမ်းမံ ပြင်ဆင်ခင်းကျင်းမှုကတော့ သူ့အတွက်ခမ်းနားလိမ့်မည်။
“ဇော်ထင် ယူ ဘာတွေလုပ်လိုက်တာလဲ”
သူလျှောက်လာရာလမ်းတစ်လျှောက်ဖြန့်ခင်းထားသောဆောင်တော်ကူးပန်းတွေကြောင့် ကျွန်တော့်ကို နားမလည်နိုင်သလိုမေးလေသည်။ ကျွန်တော်ကတော့ ပြုံးပြနေရုံမှအပသူဘာဆက်ပြောမလဲဆိုတာကို စောင့်ကြည့်နေခဲ့၏။
ကုတင်အနားကိုရောက်သည့်အခါတွင်တော့ သူမနေနိုင်တော့။ ပန်းမွေ့ရာကသူ့ကိုဆွဲဆောင်အားကောင်း လွန်းစေခဲ့ပါသည်။
“အိုး”
သူ အော်လိုက်ကာ ကုတင်ပေါ်ကိုဒိုင်ဗင်ပစ်လိုက်တော့၏။ ဆောင်တော်ကူးပန်းတွေပေါ်မှာလူးလှိမ့်ရင်း ပျော်ရွှင်လို့နေလေသည်။ ကျွန်တော့်ဆီကအဲဒီလို စိတ်ကူးယဉ်ဆန်မှုကိုဘယ်မျှော်လင့်ထားပါ့မလဲ။ သူ ကုတင်ပေါ်ကနေဆတ်ခနဲထကာ ကျွန်တော့်ကိုစိုက်ကြည့်တော့သည်။
“ဘာလို့ အဲလောက်စိတ်ကူးယဉ်ဆန်ရတာလဲ၊ ဘာရည်ရွယ်ချက်နဲ့အခုလိုလုပ်လိုက်တာလဲဇော်ထင်၊ အိုင်ဖြင့် အံအားသင့်လို့မဆုံးတော့ဘူး”
“ဂျက်စီကာ”
ကျွန်တော်သူ့ကိုရီဝေစွာကြည့်လိုက်ပါသည်။
ယောင်္ကျားတစ်ယောက်က ကြင်နာမှု၊ ချစ်ခင်မှုတွေကို ပြသချင်တယ်ဆိုရင် အခုလို အနုအရွလေးတွေ လုပ်ပေးတတ်တယ်ဆိုတာ မင်းမသိဘူးလားဂျက်စီကာ။ မိနစ်ပိုင်းလောက်သာမြင်ရဖို့အတွက် နာရီနဲ့ ချီ ပြီးလုပ်ပေးခဲ့တာဟာ မင်းအပေါ်မေတ္တာရှိလို့ပေ့ါ။ ကျွန်တော် သူထိုင်နေတဲ့နေရာအနားမှာသွားထိုင် လိုက်ပါသည်။
“ကိုယ် မင်းကိုချစ်တယ်လေ ဂျက်စီကာ၊ မင်းကိုလိုအပ်နေတယ်..ကျေးဇူးပြုပြီး..”
သူ ကျွန်တော်မထင်မှတ်သည့်အလုပ်တစ်ခုလုပ်လိုက်လေသည်။ ထိုင်နေရာကနေ ဆတ်ခနဲထလိုက်ပြီး ကျွန်တော့်သိုင်းဖက်လိုက်ခြင်းပင်။ ကျွန်တော်ပြောနေသည့်စကားရပ်တန့်သွားရအောင်ဆွံ့အခဲ့ရသည်။ မထင်မှတ်သည့်အခိုက်အတန့်ပါပဲ။ သူ့အပြုအမူက ကောင်းခြင်းဆီကိုဦးတည်နေမှန်း မပြောဘဲနှင့် သိလိုက် ရတာပေါ့။ သူ့ဆံနွယ်စတွေဆီက ခေါင်းလျှော်ရည်နံ့သင်းသင်းကို ရှုရှိုက်မိသည်။
“ယူ အိုင့်ဘေးမှာ တစ်သက်လုံးရှိပေးနိုင်မှဒီစကားကိုပြောစေချင်တယ် ဇော်ထင်၊ ယူဟာ အိုင့်အလုပ်ရဲ့ စီနီယာပါ၊ ပြီးတော့ နိုင်ငံခြားသားတစ်ယောက်ပါ”
သူ့အတွေးအခေါ်ကိုကျွန်တော်လေးစားသွားရပြန်သည်။ အဲဒီလောက်အထိတွေးထားလောက်အောင် ကျွန်တော့်အပေါ်လေးနက်တာပါလား။
“မနက်ဖြန်တိုင်းမနက်ဖြန်တိုင်းမှာ မင်းနဲ့အတူရှိချင်တာပါ ဂျက်စီကာ”
သူ ကျွန်တော့်ကိုတွန်းထုတ်လိုက်တော့သည်။ ကျွန်တော် ကုတင်ပေါ်ကိုပက်လက်အနေအထားလဲကျ သွားကာ ဆောင်တော်ကူးပန်းတွေကြားထဲ လှဲမိရက်သားဖြစ်သွား၏။ သူကလည်း ကျွန်တော့်အနား လိုက်လှဲကာ နှစ်ယောက်သား ကုတင်ပေါ်မှာ ပက်လက်လှန်ရက်မျက်နှာကျက်ဆီကိုငေးကြည့်မိနေကြ လေသည်။
“အိုင့်မှာ အရမ်းချစ်တဲ့သူငယ်ချင်းတွေရှိခဲ့ဖူးတယ်ဇော်ထင်၊ အချိန်တန်တော့ကွဲကွာသွားကြရတာပဲ၊ ယူ နဲ့ကျတော့ အဲဒီလိုကွဲကွာခြင်းမျိုးမဖြစ်ချင်တဲ့စိတ်တွေပေါ်ပေါက်လာတယ်၊ ဒါဆိုရင်တော့ ယူ့ကို အိုင် ဘယ်လိုသဘောထားသလဲ ခန့်မှန်းမိမှာပါ”
“ကျေးဇူးတင်ပါတယ်ဂျက်စီကာ”
သူ ကျွန်တော့်အချစ်ကိုလက်ခံလိုက်ပြီပေ့ါ။ ပျော်ရွှင်ကြည်နူးမှုကိုကျေကျေနပ်နပ်ကြီးခံယူရင်းသူနှင့် စကားတွေအများကြီးပြောဖြစ်သည်။ အဲဒီအထဲမှာ ဂျက်စီကာပြောသောအချစ်ဆုံးသူငယ်ချင်းတွေအ ကြောင်းလည်းပါတာပေါ့။ ကျွန်တော့်မှာလည်း အရမ်းချစ်ရတဲ့သူငယ်ချင်းတွေရှိခဲ့သည့်အကြောင်းကို သူ့ ကိုပြောပြဖြစ်သည်။
“အရမ်းချစ်ရတဲ့သူ သုံးယောက်ရှိခဲ့ဖူးတယ်ဂျက်စီကာ၊ တကယ့်ညီအစ်ကိုလို သူငယ်ချင်းကောင်းလို ချစ်ကြတာလို့ ကိုယ်ခံယူထားခဲ့တယ်၊ သူတို့က အလုပ်အတူတူပဲ၊ လုပ်ငန်းခွင်ကသူတွေဟာ ကိုယ့်အ ပေါ်ကို ငယ်သူငယ်ချင်းတွေထက်ပိုနားလည်တယ်လို့ ကိုယ်သတ်မှတ်ထားလို့ သူတို့နဲ့စားအတူသွား အတူပေါင်းခဲ့တာပေါ့”
“အခုရော ရှိသေးတာလား”
“သူတို့လား ရှိတယ်လေ၊ ဒါပေမဲ့ သူငယ်ချင်းမဟုတ်တော့ဘူး”
“ဘာကြောင့်လဲ”
ဘဝမှာ မထင်မှတ်ထားတဲ့အရာတွေဖြစ်ပျက်တတ်တဲ့သဘာဝကို သူ့ကိုပြောပြဖြစ်သည်။ ဂျာကာ တာ၏ရုံးခွဲအဖြစ် လူနည်းနည်းသာထားသည့် မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အားများများစားစားမရှိခဲ့ပါ။ အဲ ဒီထဲကမှ လုပ်ငန်းခွင်သူငယ်ချင်းသုံးယောက် ကျွန်တော်နှင့်နှစ်နှစ်ဝန်းကျင်လောက်အတူတွဲခဲ့ဖူးသည့် သူ တို့အကြောင်း ကိုပြောပြဖြစ်သည်။
“သူတို့တွေက ကိုယ့်ထက်အသက်ငယ်တယ်၊ လစာလည်းနည်းတယ်၊ ကိုယ့်ဂျူနီယာတွေလည်းဖြစ် တယ်၊ အဲဒီတော့ ကိုယ်ကသူတို့ကိုတွဲခေါ်ပေးတယ်၊ အလုပ်နဲ့အံဝင်ဂွင်ကျမဖြစ်တဲ့နေရာတွေအတွက် လိုအပ်တဲ့သင်တန်းတွေတက်ဖို့ ပိုက်ဆံစိုက်ပေးပြီးတက်ခိုင်းတာလည်းရှိတယ်၊ အလုပ်အဆင်မပြေရင် ပြေတဲ့နေရာဆီကိုရောက်အောင်တွန်းပို့ပေးတယ်၊ ငွေရေးကြေးရေးအဆင်မပြေတာတွေရှိရင်လည်း အတတ်နိုင်ဆုံးကူညီပေးတယ်၊ ဒါတွေဟာပြန်လည်ရယူပိုင်ဆိုင်လိုစိတ်နဲ့မဟုတ်ဘူး၊ သူငယ်ချင်း၊ ညီ အစ်ကိုလိုဆိုတဲ့အကန့်နဲ့ပဲ၊ သူတို့ကလည်းကိုယ့်ကိုခင်တယ်၊ ချစ်တယ်၊ အရာရာသွားအတူလာအတူ စားအတူပဲ၊ နောက်ဆုံးကွာ တစ်ပတ်နှစ်ခါသုံးခါလောက်အရက်ဆိုင်သွားရင်လည်းအတူတူပဲ၊ လေး ယောက်တစ်ကိုယ်ပုံစံနဲ့ရှိခဲ့တာပေါ့”
ကျွန်တော့်ဆီမှာ သူငယ်ချင်းကောင်းရှားခဲ့တာကြာပါပြီ။ ကြည်သာတစ်ယောက်တည်းကိုပဲတစိုက်မတ် မတ်ပေါင်းခဲ့တာဟာ သူငယ်ချင်းတော်တော်များများက ကျွန်တော့်အပေါ်ကောင်းကျိုးမပေးခဲ့လို့ပါပဲ။ အ ခန်းထဲမှာအရက်လာသောက်သည့်အခြားဘော်ဒါများလည်းရှိပေမယ့် ကျွန်တော်နှင့်အရမ်းကြီးကိုအတွင်း ကျကျမပေါင်းခဲ့ပါ။
“အချိန်တစ်ခုကိုဖြတ်သန်းလာတော့ သူတို့ရဲ့ကိုယ့်အပေါ်သဘောထားတွေကို တစ်ဖြည်းဖြည်းနဲ့မြင် လာခဲ့တယ်ဂျက်စီကာ၊ ကိုယ်ကသူတို့အတွက်မကောင်းလို့မလုပ်စေချင်တဲ့အရာတွေကို ကိုယ်မသိ အောင်ခိုးလုပ်တယ်၊ တစ်ချို့နေ့တွေဆိုရင်ကိုယ့်ကိုချန်ထားပြီးသူတို့ချည်းအရက်ဆိုင်သွားတယ်၊ သူတို့ ချည်းစုပြီးပိုက်ဆံဖြုန်းတဲ့အချိန်ရှိပေမယ့် ကိုယ်နဲ့အတူသွားတဲ့အခါမှာတော့ ဘိုင်ပြတ်နေတယ်၊ ပိုက် ဆံမစိုက်နိုင်ဘူးဆိုတဲ့အကွက်တွေနင်းတယ်၊ ကိုယ့်အပေါ်ကို မလှိမ့်တပတ်တွေလုပ်တယ်၊ အဲဒီလိုအ ဖြစ်အပျက်တွေကို အခါပေါင်းများစွာ ဖြတ်သန်းခဲ့ရတယ်ဂျက်စီကာ”
ကျွန်တော့်လေကြောမှာ သူနစ်မျှောနေခဲ့ပြီ။
“စဉ်းစားကြည့်၊ ကိုယ်ကအရုပ်မဟုတ်ဘူး၊ ခံစားချက်ရှိတယ်လေ၊ ကြာလာတော့ဘယ်သည်းခံနိုင် ပါတော့မလဲ၊ သူတို့အကျိုးရလာဒ်အတွက်ချည်းပဲ ကိုယ်ကအသုံးချခံသပ်သပ်ဆိုတာသိလာရတော့ ကိုယ်သူတို့ကိုခွာလိုက်တယ် ဂျက်စီကာ”
ညစာပြင်ရမယ့်အချိန်ရောက်ပြီမို့ ကျွန်တော်စကားကိုအတိုချုံးလိုက်တော့သည်။
ဒါပေမဲ့ ဂျက်စီကာကတော့ဆက်ပြီးနားထောင်ချင်ပုံရသည်။ ကျွန်တော့်ကိုမေးခွန်းတွေတစ်ခုပြီးတစ်ခု မေးလေသည်။ သူမေးသမျှကို ကျွန်တော်ကဘယ်ငြင်းရက်ပါ့မလဲ။ အမှန်တော့ ဘဝမှာသူငယ်ချင်း ကောင်းဆိုတဲ့ခေါင်းစဉ်နှင့်ပတ်သက်၍မေ့ထားခဲ့ချင်တာ။ ကြည်သာကလွဲရင်ပေါ့လေ။
“သူတို့ကရော ယူ ခွာပြီးတဲ့နောက်မှာ ပြန်လည်ချဉ်းကပ်တာမျိုးတွေလုပ်သေးလား”
“ကိုယ်အံအားသင့်တာအဲဒါပဲ ဂျက်စီကာ၊ သူတို့တွေကိုယ့်အပေါ်အမှန်တကယ်ခင်တယ်ဆိုရင် တစ် နည်းမဟုတ်တစ်နည်းလာမှာပဲလေ၊ ကိုယ်လိုချင်တာပိုက်ဆံမဟုတ်ဘူး၊ ပကာသနမဟုတ်ပါဘူး၊ ခင် တွယ်မှုပါ၊ ကိုယ့်မှာ မိဘသံယောဇဉ်တွေလည်းမရှိတော့ အဖော်မက်တယ်၊ သူငယ်ချင်းကိုကမ္ဘာလို့ ထင်တယ်၊ ကိုယ်ဖြစ်စေချင်တာက သူတို့ ကိုယ်အလုပ်လုပ်နေတဲ့ခုံနားကိုလာပြီးတော့ဖြစ်ဖြစ် နေ့လည် စာအတူစားဖို့ခေါ်တာမျိုး ညဖက်အတူတူသွားသောက်ဖို့ လှိုက်လှိုက်လှဲလှဲခေါ်တာမျိုးခင်မင်တဲ့ကမ်း လှမ်းမှုတစ်ခုလေးပေါ့၊ ဒါပေမဲ့ သူတို့မလုပ်ခဲ့ဘူးဂျက်စီကာ၊ အဲဒါပါပဲ၊ ဘဝမှာ ကိုယ့်အတွက်သာတယ် ထင်ပြီးပေါင်းတဲ့သူငယ်ချင်းတွေဟာ ပတ်ဝန်းကျင်မှာရော လုပ်ငန်းခွင်မှာပါ ဒုနဲ့ဒေးပဲ၊ ကိုယ်တို့မြန်မာ စကားပုံတောင်ရှိသေးတယ် သာပေါင်းညာစားတဲ့၊ အဓိပ္ပါယ်က ကိုယ့်အကျိုးရလာဒ်တစ်စုံတစ်ရာရှိမှာ အဲဒီလူကိုအပေါင်းအသင်းလုပ်ပြီး သူ့ဆီကအရာတွေကို မြှောက်ပင့်ပြီးရယူတဲ့သဘောပေါ့”
“တစ်ချို့တွေကလည်းပေါင်းသင်းဆက်ဆံရေးညံ့ကြတယ်လေ”
“အင်းပေါ့၊ သူတို့ရဲ့ပေါင်းသင်းဆက်ဆံရေးညံ့တာကြောင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ကိုယ်နဲ့ ပတ်သက်လို့ပေါ့၊ သူတို့အချင်းချင်းကတော့ ပေါင်းသင်းဆက်ဆံရေးကောင်းကြပါတယ်”
လူအချင်းချင်းလှည့်ပတ်ခြင်းကင်းဝေးကြပါစေ ဆိုတဲ့ဆရာလေးဆွမ်းခံကြွသံဟာ အမှတ်တမဲ့ကနေ ဘယ်တော့မှမမေ့နိုင်သည့်အမှတ်တရတွေဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တစ်ယောက်ကို တစ်ယောက်ချနင်းပြီးမှအောင်မြင်မှုယူနေသူတွေ သူတစ်ပါး၏အလေးအနက်ထားမှုကိုအပေါစားဆန် ဆန်ပြုမှုတတ်သည့်သူများသည် မနက်ဖြန်တိုင်းမနက်ဖြန်တိုင်းမှာရှိနေဦးမှာပါပဲ။
“သူတို့တွေနဲ့ကြုံတွေ့မှုဟာ ပိုက်ဆံနဲ့ဝယ်ယူလို့မရတဲ့အတွေ့အကြုံတွေလို့ပဲသတ်မှတ်လိုက်ပါတယ်၊ ကိုယ်ဘက်ကလည်း ကိုယ့်အပါ်ထာဝရအလေးအနက်ထားပေးဖို့တောင်းဆိုချင်ပါတယ် ဂျက်စီကာ”
သူ ကျွန်တော့်ပါးပြင်ကိုဖွဖွလေးနမ်းလိုက်ပါသည်။ နူးညံ့ကြင်နာခြင်းတွေအပြည့်နှင့်ပေါ့။ အဲဒီနောက် ကျွန်တော်တို့ ညစာပြင်ကြပါသည်။ ဂျက်စီကာဝယ်လာသည့် အသီးအရွက် အသားများကိုဆေးကြော လှီးချွတ်ပြီး ချစ်သူဖြစ်ခြင်းအထိမ်းအမှတ်ညစာကိုဆင်နွဲကြပါသည်။
ဆောင်တော်ကူးပန်းမွေ့ရာပေါ်မှာလှဲအိပ် မျက်နှာကြက်ကိုကြည့်ရင်းစကားတွေအများကြီးပြောဖြစ်ကြ သည်။ ဂျက်စီကာ၏သူငယ်ချင်းအကြောင်းတွေလည်းပါသည်။ ကြည်သာ့အကြောင်းလည်းပါလေ သည်။
>>>>>