“မြူခိုးရယ်…..ဝေ” အပိုင်း (၂၃)

(၂၃)

“ကြည်သာ အခြေအနေတွေဘာထူးသေးလဲ၊ ငါဒီမှာအခြေကျနေပြီ၊ အချိန်တိုလေးတစ်ခုအတွင်းမှာ အဲဒီလောက်ထိနေသားကျသွားလိမ့်မယ်လို့ငါ့ကိုယ်ငါမထင်ထားခဲ့ဘူး၊ အခုတော့ ဂျာကာတာဟာ ငါ့ အိမ်လိုဖြစ်နေပြီသူငယ်ချင်း၊ ဖြစ်နိုင်ရင်ပြန်တောင်မလာချင်တော့ဘူး”

ကျွန်တော့်မှာတိုင်ပင်ရင်ဖွင့်စရာ ကြည်သာတစ်ယောက်ပဲရှိသည်။ အရင်တုန်းကတော့ လုပ်ဖော်ကိုင် ဖက်၊ လုပ်ငန်းခွင်ထဲကအပေါင်းအသင်းတွေက ကျွန်တော့်ရင်ဖွင့်ဖော်ပေါ့။ ဒါပေမဲ့ အဲဒါတွေဟာ ခဏတာအတွက် အရက်ဝိုင်းမှာထိုင်သည့်အချိန်တိုလေးတစ်ခုအတွက်ပဲဖြစ်ခဲ့သည်။ လူတွေဟာဘာလို့ ကိုယ့်အကျိုးအတွက်သူတစ်ပါးကိုချနင်းတတ်ကြရတာလဲကျွန်တော်နားမလည်တော့။ ကိုယ့်အကျိုးစီး ပွားတစ်ခုဟာ သူတစ်ပါးအတွက် စိတ်ငြိုငြင်စရာ၊ စိတ်အနှောက်အယှက်ဖြစ်စရာဆိုရင် ဘယ်လောက် ပဲကောင်းမွန်နေပါစေ ရှောင်ကြဉ်ရမှာမဟုတ်ဘူးလား။ သူများဒုက္ခနဲ့ကိုယ်အသက်ရှုမှာထက်စာရင် သေဆုံးသွားတာကမကောင်းဘူးလား။ ကျွန်တော့်အပေါ် လုပ်ငန်းခွင်ကအပေါင်းအသင်းတွေသစ္စာမရှိ ခဲ့ပါ။ ငြိမ်းကရော..ပိုလို့တောင်သစ္စာမရှိခဲ့ပါ။ လူတစ်ယောက်ချင်းစီ၏အကြောင်းကိုစဉ်းစားရင်း ကျွန် တော့်အပေါ်အကောင်းဆုံးကဘယ်သူလဲတွေးမိသည့်အခါ ဂျက်စီကာဖြစ်သွားခဲ့၏။

“ဟိုသီချင်းလိုပါပဲ မင်းလောက်ကိုယ့်အပေါ်ဘယ်သူမှမကောင်းဘူး”

ဟုတ်တယ်။ ဂျက်စီကာဟာ ကျွန်တော့်အတွက်အကောင်းဆုံးအဖော်မွန်ပါပဲ။ သူ၏နွေးထွေးလှသည့် အိမ်မှာ မိသားစုနှင့်ထမင်းလက်ဆုံစားခွင့်ရခဲ့သည်။ အင်ဒိုနီးရှားလိုနိုင်ငံမျိုးမှာနေထိုင်သည့် သူတို့မိသားစု ၏နွေးထွေးမှု ကို ကျွန်တော်ဘယ်လိုလုပ်မျှော်လင့်ခဲ့မှာလဲ။ လုံးဝကိုအံအားသင့်စရာကောင်းလွန်းခဲ့သည်။ ဂျက်စီကာ၏ ကျွန်တော့်အပေါ်ဆက်ဆံပုံလည်းထိုနည်းတူစွာပါပဲ။ စီနီယာ ဂျုနီယာဆိုတာထက် ကျွန်တော့်အ ပေါ်အရမ်းနားလည်မှုရှိသည့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို အလိုက်သိလွန်းသော ညီမ လေးတစ်ယောက် လို ကြင်နာတတ်သည့်ချစ်သူတစ်ယောက်လို အကောင်းတကာအကောင်းတွေချည်း စုနေသည့်အဖော်မွန် တစ်ယောက်ပါပဲ။ ဒါကြောင့် ကျွန်တော်ဂျာကာတာကနေမပြန်ချင်တော့ တာဖြစ်သည်။ ပတ်စ်ပို့သက် တမ်းကုန်ခဲ့ပါလျှင် ဂျာကာတာကနေပဲသက်တမ်းတိုးရင်ကောင်းမလား၊ မြန်မာနိုင်ငံကိုမေ့ထားလိုက်ရင် ကောင်းမလားလည်းတွေးမိပြန်သည်။ ထိုထိုအကြောင်းတွေစုရင်းနှင့်ပဲ မြန်မာကိုသတိရကာကြည်သာ့ ကိုသတင်းမေးဖြစ်ခဲ့ခြင်းပင်။

“အေး ဒီမှာတော့အေးအေးဆေးဆေးပါပဲ၊ ငါကမင်းကိုပဲစိတ်ပူနေတာ၊ အဆင်ရောပြေရဲ့လား၊ စာမလာ သတင်းမကြားလို့လေ၊ အခုလိုစာပို့ဖော်ရတော့ဝမ်းသာပါတယ်ကွာ၊ မင်းခရီးသွားတဲ့ပုံတွေတင်တာတွေ့ ပါတယ်၊ ပျော်နေတယ်ဆိုတာလည်းတွေးမိပါတယ်”

ကျွန်တော့်အပျော်များသူ့ကိုကူးစက်တယ်ဆိုလို့ဝမ်းသာမိတာအမှန်ပင်။ ကျွန်တော်က ဆိုရှယ်မီဒီယာ နှင့်ပတ်သက်လာလျှင် အပျော်ဖက်ကိုသုံးတာပိုများတတ်သည်။ ကိုယ်ပျော်နေသည့် ပို့စ်တွေကို ပဲတင်ဖြစ်သည်။ ဝမ်းနည်းမှုတွေကိုတော့ အတတ်နိုင်ဆုံးရှောင်ပါသည်။ တကယ်တော့ ဆိုရှယ်မီဒီယာ ဟာ ကိုယ့်ရဲ့ထွက်ပေါက်တစ်ခုဆိုပေမယ့် ကျွန်တော့်သူငယ်ချင်းစာရင်း (Friends List) ထဲကလူတွေကို တော့ ဒေါသထွက်တာမျိုး ဝမ်းနည်းစေတာမျိုးမဖြစ်စေချင်တာအမှန်ပင်။ ဒါကြောင့် ကျွန်တော်ခရီးသွား သည့်ပုံ ပျော်နေသည့်ပုံများတင်သည်။ တစ်ခါတစ်လေ ဆိုရှယ်မီဒီယာနှင့် ပတ်သက်သည့်ဆောင်းပါးများ ရွေးချယ်တင်ဖြစ်သည်။ ဥပမာအားဖြင့် အရောင်းအဝယ်လုပ်တာမျိုး အသက်မွေးဝမ်းကျောင်းကိစ္စမျိုး မဟုတ်ဘဲနှင့် ဆိုရှယ်မီဒီယာမှာဖုန်းနံပါတ်တွေတင်တာမျိုးမလုပ်ဖို့၊ အိမ်လိပ်စာ၊ ကိုယ့်အိမ်အတွင်းရေး တွေ တင်တာမျိုးမလုပ်ဖို့ အကြံပေးချက်လေးတွေပေါ့။

ကျွန်တော့်အလုပ်က Content writing ဆို တော့ Content writing နည်းလမ်းတွေကိုလည်းတတ် သလောက်မှတ်သလောက်တင်တတ်သည်။ အဲဒါကြောင့်ပဲ ကျွန်တော့်ဆီမှာအွန်လိုင်းမိတ်ဆွေများ ပေါပါ သည်။ တကယ့်အပြင်မှာတော့ ဆိုးတူကောင်းဖက်၊ ကိုယ့်အပေါ်အနွံတာခံပြီးပေါင်းသည့် သူကလက်ချိုး ရေလို့ရပါသည်။

“ငြိမ်းနဲ့ပတ်သက်လို့ ဘာသတင်းကြားသေးလဲကြည်သာ”

ကျွန်တော် ကြည်သာ့ကိုစကားသွားပြောသည့်အကြောင်းကနှစ်ခု။ ပထမတစ်ခုက ငြိမ်းနှင့်ပတ်သက် သည့်အကြောင်းအရာဘာထူးလဲဆိုတာနှင့် ဒုတိယတစ်ခုကတော့ ကျွန်တော်နှင့်ဂျက်စီကာ၏ အကြောင်းကြွားချင်တာဖြစ်လေသည်။

“ရဲကလိုက်စုံစမ်းနေတယ် ဇော်ထင်”

“အော်”

ရင်ထဲမှာတော့ ထိတ်ခနဲဖြစ်သွားမိသည်။

ဒါပေမဲ့ စိတ်မပူဖို့ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်လိုက်၏။ ကျွန်တော်လုပ်ခဲ့တာဘယ်သူကသိမှာလဲ။ အရာ အားလုံးကိုသေသေချာချာချာအကွက်ချစီစဉ်ခဲ့တာပဲလေ။ လက်လုပ်ဗုံးလုပ်နည်းလေ့လာခဲ့တာ သင် ယူခဲ့တာကိုလည်း အရင်းနှီးဆုံးကြည်သာတောင်မသိ။ အိမ်မှာပဲစမ်းသပ်ပြီး လက်တွေ့လုပ်တဲ့အခါလူ သူရှင်းသည့်နေရာတွင်တစ်ယောက်တည်းတိတ်တိတ်လေးသွားစမ်းခဲ့တာပါ။

မင်္ဂလာလက်ဖွဲ့သွားပေးတုန်းကလည်း ငြိမ်းတို့အိမ်ကလူတွေက လက်ဖွဲ့လာပေးတာမှန်းလုံးဝမသိခဲ့။ ငြိမ်း၏ဦးလေးတစ်ယောက်တည်းပဲသိခဲ့တာ။ သူ့ကိုလည်းအစဖျောက်ပစ်ခဲ့တာပဲ။ သူက အဲဒီညမှာ အ ခြားတစ်ယောက်ယောက်ကိုများပြောခဲ့သလားတွေးမိတော့လည်းမဖြစ်နိုင်။ ဘယ်သူ့ကိုမှမပြောဖို့ကျွန် တော်မှာထားခဲ့သည့်အတိုင်း သူပြောမည်တော့မဟုတ်။ အဲဒီတော့ ကျွန်တော့်ကိုဘယ်သူကသံသယ ဝင်မှာ လဲ။ ကျွန်တော့်ဖက်ကတော့ အတတ်နိုင်ဆုံးအစဖျောက်ပစ်ခဲ့တာပဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှုရှိနေလေပြန်သည်။ ဘယ်သူမှမသိနိုင်။ ဟိန်းဇော်ထင်ဟာ ငြိမ်းကွယ်လွန်သွားလို့ အရမ်းဝမ်းနည်းကြေကွဲ ယူကျုံးမရဖြစ်နေတယ်ဆိုတာပဲ အားလုံးခေါင်းထဲမှာရှိနေလိမ့်မည်။

“ဒါပေမဲ့ အခုချိန်ထိတော့ဘာမှမထူးတော့ပါဘူးကွာ၊ ငါထင်ပါတယ်၊ ကြာတော့လည်းကွယ်ပျောက် သွားမှာပါပဲ၊ အခုတောင်နေသားကျနေပါပြီ၊ ရက်လည်ဆွမ်းသွပ်အလှူအဒါန်းတွေလုပ်အမျှတွေဝေပေး ပြီးပြီ၊ ဆောင်တော်ကူးဆိုင်လည်းပုံမှန်လည်ပတ်နေပါပြီ”

“ငါ့အတွက်လည်းစိတ်မပူနဲ့ကြည်သာ၊ ငါလည်းအစစအရာရာအဆင်ပြေနေပါပြီ၊ ရန်ကုန်မှာ ငြိမ်းနဲ့ပတ် သက်တဲ့ ငါ့ဇာတ်လမ်းလည်းဘယ်တော့မှရှင်သန်တော့မှာမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ငါဒီမှာ ရည်စားရနေပြီကြည်သာ”

“ဟာ”

ကြည်သာပို့တဲ့စာကတစ်လုံးတည်း။ ဟာ တဲ့။ ကျွန်တော်ပြုံးမိလေသည်။ ဘယ်သူကထင်ထားမှာလဲ။ ဘဝမှာ အရေးအကြီးဆုံး၊ အချစ်ဆုံးလို့သတ်မှတ်ထားသည့်သူတစ်ယောက်ကိုဆုံးရှုံးခဲ့လို့ ဂျာကာတာကို လာသည့်အခိုက်တွင်နောက်ရည်းစားရမယ်လို့။ ကျွန်တော့်ကို တော်တော်အပြောင်းအလဲမြန်လွန်းသည့် ကောင်လို့ ကြည်သာထင်နေပြီ။

“မင်းအံသြသွားတယ်မဟုတ်လားကြည်သာ၊ ငါ့ချစ်သူရဲ့ပုံစံကိုမင်းသိရင်ပိုတောင်အံသြသွားလိမ့်မယ်”

“အေး ပြောပါဦး၊ ချစ်လှပါချည်ရဲ့ဆိုတဲ့သူသေဆုံးပြီးအချိန်တိုတစ်ခုအတွင်းမှာနောက်တစ်ယောက်ရ သွားတဲ့အကြောင်း၊ ငါထပ်ပြီးအံအားသင့်မယ့်အကြောင်း”

ဂျက်စီကာ၏ပုံတစ်ပုံတောင်မှ ကျွန်တော့်ဖေ့စ်ဘုတ်အကောင့်မှာမတင်ဖူးသေးပါ။ သူ့ဆီကခွင့်ပြုချက် တောင်းဖို့လည်းလိုသေးတယ်ဆိုပြီးတွေးမိခဲ့တာကြောင့်ပင်။ ကျွန်တော်မတင်သင့်သေးဘူးမဟုတ် လား။ ဂျက်စီကာဟာ ငြိမ်းနှင့်သိပ်တူနေတယ်လေ။ ကျွန်တော်တို့နှစ်ယောက်ပုံတင်လိုက်ရင် ငြိမ်းနှင့်ပတ် သက်၍ ဂယောက်ဂယက်တွေထပ်ဖြစ်မှာကိုလည်းမလိုလားပါ။ မြန်မာနိုင်ငံမှာ ငြိမ်းနှင်ပတ်သက်၍ အရာရာတည်ငြိမ်နေချင်သည်။ ဘယ်သူကမှ ဘာအကြောင်းအရာကိုမှမပြောတော့သည့်အခြေအနေတစ် ခုမှာ ကျွန်တော်ပြန်ချင်သည်။ အဲဒီအချိန်တော့မှ ဂျက်စီကာဟာငြိမ်းနဲ့သိပ်တူတာပဲဆိုသည့်စကားတစ် ခွန်းကို ပေါ့ပေါ့ပြောပြီးလေထဲပျောက်ကွယ်သွားကြမှာလေ။

ချစ်သူအသစ်ပဲဖြစ်ဖြစ်၊ လက်ရှိချစ်သူပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာပေါ်ကို အားလုံးက တက်ကြွားချင်ကြ တာပဲလေ။ ကျွန်တော်လည်းလူထဲကလူပဲ။ သိပ်ကြွားချင်တာပေါ့။ အခုခေတ်က လူတိုင်းကိုသတင်း ပေးချင်ရင်လွယ်လွယ်လေး။ ဖေ့စ်ဘုတ်ပေါ်ကိုသာတင်လိုက်။ တစ်ဆင့်စကားတစ်ဆင့်နားနဲ့အားလုံး ဆီကိုသတင်းရောက်ကိုရောက်သည်။ အသိတစ်ယောက် ရည်စားထည်လဲတွဲတတ်သည်။ တွဲတိုင်း လည်းဆိုရှယ်မီဒီယာပေါ်ကိုတက်ကြွားတတ်၏။ ခြောက်လတစ်ခါလောက် RS ပြောင်းတတ်တော့ မိန်းကလေးတွေက တစ်ဆင့်စကားတစ်ဆင့်နားနဲ့သူ့ကိုချဉ်ကုန်တော့သည်။ ကျွန်တော် ကြည်သာ့ကို ပြောတာကျတော့ ရင်ဖွင့်ရုံသပ်သပ်ရယ်ပါ။ ဒီကောင်ကလည်းအခြားသူကိုပြောမှာမဟုတ်ဘူးဆိုတာ အတပ်သိနေလေသည်။

“ငါ ငြိမ်းနဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့မိန်းကလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေတာ ကြည်သာ”

ကျွန်တော့်စာကို ကြည်သာမြင်ပြီးသည့်နောက်မှာတော့ မဖြစ်နိုင်ဘူးဆိုပြီးမှတ်ချက်ပြုသည်။

“ရုပ်ရှင်ထဲကအကွက်တွေသုံးနေပြန်ပြီဇော်ထင်၊ အရမ်းရိုးပါတယ်ကွာ၊ ချစ်သူသေသွားတယ်၊ စိတ်လေ ပြီးအခြားနေရာကိုလျှောက်သွားတယ်၊ အဲဒီမှာ သေသွားတဲ့ချစ်သူနဲ့ရုပ်ချင်းခွဲမရအောင်တူတဲ့သူတစ် ယောက်နဲ့ထပ်တွေ့ပြီးချစ်သူဖြစ်သွားတယ်၊ အဲဒါက ရှေးရုပ်ရှင်တွေမှာပဲရှိတာကွ၊ မင်းဟာက မှန်မှန် လိမ်စမ်း”

“ငါအတည်ပြောတာပါကွာ၊ သူက ငြိမ်းနဲ့တကယ်ကိုတူတဲ့၊ မတူတာဆိုလို့ သူကငါ့အပေါ်အရမ်းဂရုစိုက် တာရယ်၊ အရမ်းချစ်တာရယ်ပဲ”

“ကြည့်လည်းလုပ်ပါဦးမောင်ရင်၊ မင်းချစ်သူက မြန်မာလူမျိုးပဲလား၊ ငြိမ်းမှာ အမွှာညီအစ်မတွေဘာတွေ ရှိတယ်လည်းမကြားမိပါလား၊ ငယ်ငယ်ကတည်းကကွဲပြီး ဂျာကာတာကိုရောက်သွားတာထင်တယ်၊ ရန်ကုန်မှာသူ့အမျိုးတွေရှိမရှိမေးကြည့်ပါလား”

ဒီကောင်မယုံကြည်နိုင်။ ဂျက်စီကာ၏ဖေ့စ်ဘုတ်အကောင့်လိပ်စာကိုသူ့ကိုပေးလိုက်ဖို့ဆုံးဖြတ်လိုက် သည်။ အဲဒါမှ ဒီကောင်ပါးစပ်အဟောင်းသားဖြစ်သွားမှာ။

“အေးပါ၊ မင်း သူ့ပုံမြင်သွားရင်ဒီလိုလှောင်တော့မယ်မထင်ဘူး၊ သေချာတာတစ်ခုတော့ပြောလိုက်မယ် ကြည်သာ၊ ငါသူ့မိသားစုနဲ့လည်းတွေ့ပြီးပြီ အရမ်းနွေးထွေးဖော်ရွေတယ်၊ သူကမြန်မာလူမျိုးတော့မ ဟုတ်ဘူး၊ အင်ဒိုနီးရှားသူ၊ ဂျာကာတာကမဟုတ်ဘူး၊ ဘာလီမှာရှိတဲ့မထင်မရှားမြို့လေးတစ်မြို့မှာနေ တယ်၊ ဂျာကာတာကိုအလုပ်လာလုပ်တာ၊ ငါနဲ့အလုပ်အတူတူပေါ့ကွာ”

ဒီကောင့်ကို ဂျက်စီကာ၏အကြောင်း အမွှန်းတင်ပြီးမှ ဖေ့စ်ဘုတ်အကောင့်ပေးလိုက်သည်။ ဝင်မွှေပြီး ကြည့်ပါစေ။ ကျွန်တော်ပြောချင်တာပြောလိုက်ရ၍ ရင်ထဲပေါ့သွားလေသည်။ ကောင်းသောညပါဟု နှုတ်ဆက်ပြီး အိပ်ရာဝင်ဖို့ပြင်လိုက်ပါသည်။

အဲဒီမှာပဲ ငြိမ်းနှင့်တွေ့ခဲ့ပြန်သည်။ ငြိမ်းအစစ်ပေါ့။

ရေချိုးခန်းတံခါးနားမှာမတ်တပ်ရပ်နေသည့်ငြိမ်း။ ငြိမ်းအရမ်းလှနေပါသည်။ သတို့သမီးဝတ်စုံဖြူလွှလွှကို ဝတ်ဆင်ထား၏။ ဒါ သူသေဆုံးသွားသည့်နေ့ကဝတ်ထားသောအဝတ်အစားဟု ကျွန်တော်ထင်မိသည်။

“ဂျက်စီကာ”

အစတုန်းကတော့ ဂျက်စီကာအမှတ်နှင့်ပြုံးပြလိုက်သည်။ သတို့သမီးဝတ်စုံဝတ်လာလို့အံအားသင့်ရသည့် အကြောင်းကိုပြောမည်အတွေးနှင့်ပါးစပ်ဟလိုက်စဉ်မှာပဲ အကြည့်များကိုသတိထားမိသွား၏။ ဒါဟာ ဂျက်စီကာ ကျွန်တော့်ကိုကြည့်နေကျအကြည့်မှမဟုတ်တာ။ ပြုံးရွှင်နေသောမျက်လုံး၊ ဝမ်းသာကြည်နူးမှု၊ စိတ်ချမ်း သာမှုများတစ်ဖက်လူကိုကူးစက်သွားအောင်ချိုမြိန်စွာပြုံးတတ်သည့် ဂျက်စီကာ၏အကြည့် မဟုတ်ခဲ့။ အေး စက်စက်၊ စိမ်းစိမ်းကားကားနှင့်ကျွန်တော့်အပေါ်မမြင်မကြည်စွာကြည့်နေတတ်သည့် အကြည့်ရယ်ပါ။ ရုပ်ချင်း ဘယ်လိုပဲတူနေပါစေ။ အကြည့်တစ်ချက်က ငြိမ်းလား ဂျက်စီကာလားခွဲခြား တတ်အောင်ကွဲပြားခဲ့လေ သည်။

“ဟိန်းဇော်ထင်၊ ရှင်သိပ်ပျော်နေတယ်မဟုတ်လား၊ ဒီမှာ ငြိမ်းနဲ့ရုပ်ချင်းတူတဲ့ချစ်သူတစ်ယောက်ရပြီဆို ပြီး ကျေနပ်နေတယ်မဟုတ်လား၊ အေး မကောင်းမှုဆိုတာ အချိန်တန်ရင်ပေါ်လာတတ်စမြဲပဲဆိုတာ သိ အောင်လာပြောတာ၊ ရှင် လူသတ်တဲ့အဖြစ်ကိုဘယ်သူ့မှမသိဘူးမထင်နဲ့၊ အရာရာတိုင်းမှာသဲလွန်စဆို တာကျန်တတ်တယ်၊ ရှင်တစ်နေ့ဒုက္ခရောက်လိမ့်မယ်”

ငြိမ်း၏အသံက ကျွန်တော့်အပေါ်မနာလိုသည့်အသံ၊ အငြိုးနှင့်ပြောနေသည့်အသံပင်။ ကျွန်တော် မကောင်းမှု လုပ်ခဲ့တယ်ဆိုပေမယ့် လုပ်သင့်တယ်ထင်လို့လုပ်ခဲ့တာ။ ဇင်လင်းမောင်ဆိုတဲ့ကောင်။ ကျွန်တော့်ကို အမြဲတမ်းဒုက္ခပေးတဲ့ကောင်ကို ကျွန်တော်မသတ်ရင်ဘယ်သူ့ကိုသတ်ရမှာလဲ။ ကျွန်တော့် ကိုချစ်ဟန် ဆောင်ပြီး လှည့်စားသွားတဲ့ငြိမ်းကိုခွင့်လွှတ်နိုင်တယ်ပဲထား၊ သူတို့နှစ်ယောက်လက်ထပ်မယ့် အဖြစ်ကို တော့ ဘယ်လိုမှရင်မဆိုင်နိုင်ပါ။

“ငြိမ်း ဟင့်အင်း၊ ဘာဒုက္ခမှမရောက်ဘူး၊ မင်းထွက်သွားတော့ငြိမ်း၊ သွားတော့”

ငြိမ်း၏အကြည့်များကပိုပြီးစူးရှလာသည်။ ကျွန်တော့်ကိုမျက်တောင်လုံးဝမခတ်ဘဲစိုက်ကြည့်နေလေ သည်။ ကြာတော့ ကျွန်တော်ကြောက်လာမိ၏။ ဘေးမှာရှိသည့် ပန်းအိုး၊ စာအုပ်၊ စားပွဲတင်အရုပ်များနှင့် ငြိမ်းကိုပစ်ပေါက်လိုက်မိသည်။ ကျွန်တော်အချစ်ဆုံးမိန်းမကိုအဲဒီလိုဘယ်လုပ်ရက်ပါ့မလဲ၊ ဒါပေမဲ့ အခု တော့ ကျွန်တော့်ကိုဒုက္ခလာပေးနေတာဖြစ်လေသည်။

“ထွက်သွား မင်းသွားပါတော့ ငြိမ်း”

ကျွန်တော်ပစ်ပေါက်သမျှကိုရှောင်းတိမ်းရင်း အဲဒီနေရာမှာမတ်တပ်ရပ်လို့နေလေသည်။ ဒီတော့ ဂျက်စီ ကာ့ဆီကိုဖုန်းဆက်ဖို့ ဖုန်းလိုက်ရှာရတော့သည်။

အပြေးအလွှားနှင့် ဖုန်းကိုဟိုစမ်းဒီစမ်းလုပ်ရင်း တုန်တုန်ယင်ယင်ဖြစ်နေမိလေသည်။ နောက်ဆုံးတော့ ဂျက်စီကာ့ကိုဖုန်းခေါ်နိုင်ခဲ့လေသည်။

“ဂျက်စီကာ၊ ကိုယ့်အခန်းဆီအမြန်လာပါ သူ သူတို့ရောက်နေတယ်ဂျက်စီကာ ကိုယ့်ဆီလာပါ”

“ဇော်ထင်”

“သူရောက်နေတယ်”

“ဘယ်သူလဲ”

“ငြိမ်း၊ အမြန်လာပါ ကိုယ့်ဆီကိုအမြန်လာပါ ဂျက်စီကာ”

ဇင်လင်းမောင်ကိုတော့မတွေ့ရပါ။ ဖုန်းဆက်လိုက်သည့်ခဏအတွင်းမှာပဲ ဂျက်စီကာရောက်လာခဲ့သည်။ သူလည်းအခန်းထဲကိုဝင်ရော ငြိမ်းက လှစ်ခနဲကွယ်ပျောက်သွားတော့သည်။ ကျွန်တော် သူ့ကိုသိမ်း ကျုံးဖက်ထားလိုက်မိ၏။

“ကိုယ့်ကိုခွဲမသွားပါနဲ့ ဂျက်စီကာ”

>>>>>