(၂၄)
အင်ဒိုနီးရှားရဲ့အမှတ်အသားက ဂါရူဒါ ငှက်တဲ့။ ဂျာကာတာသည် ရန်ကုန်နှင့်ထူးမခြားနားပါပဲ။ လေထု ညစ်ညမ်းလှသည်။ နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့မှုတွေနနှင့်ကြုံရသည်။ ဒီထက်ဆိုးတာက မြို့တစ်ခုလုံး ရေ အောက်ကိုရောက်တော့မည့်ပြသနာရှိနေသည့်အဖြစ်ပါပဲ။ ဂျာကာတာမြို့တွင်းကိုစီးဝင် သည့်မြစ်ပေါင်း ၁၀ စင်း ကျော်ကျော်ရှိနေပြီး တစ်နှစ်ပတ်လုံးနီးပါးမိုးရွာတော့ မြို့တစ်ခုလုံးရေ အောက်ကိုရောက်သွားတော့မည့်ပြသနာကြီးထွားလာတာမဆန်းပါဘူး။ ဒါကိုကာကွယ်ဖို့ အမျိုးမျိုးကြိုး စားနေကြတာသတင်းများတွင် ဖတ်ရသည်။
ဂျာကာတာ၏ မိုးကရန်ကုန်လောက်မပြင်း၊ မကြီးပါ။ တစ်ခါ တစ်လေ တစ်ပြောက်နှစ်ပြောက် လောက် နှင့်ပြီးသွားသည်။ တစ်နှစ်ကိုရက်ပေါင်း ၃၀၀ လောက်မိုးရွာသတဲ့။ ကျွန်တော်နေသည့်ရက်တော် တော်များများလည်းမိုးရွာတတ်ပါသည်။ ညဖက်မိုးကြီးရွာသည့်ရက်များတော့မကြုံရသေး။ နေ့ခင်းဖက် ခဏရွာပြီးလျှင်ပြီးသွားတတ်၏။
“အင်ဒိုနီးရှားကိုသိမ်းပိုက်ခဲ့တဲ့ ဒတ်ချ်လူမျိုးတွေဟာ မြစ်ရေတွေစီးထွက်အောင်တူးမြောင်းတွေဖောက် လုပ်ခဲ့တယ်၊ ဒါပေမဲ့ နောက်ပိုင်းမြို့ကျယ်လာတဲ့အခါမှာတော့ အဆင်မပြေတော့ဘူး၊ တဖြည်းဖြည်းနဲ့ အမှိုက်တွေ ကျုးကျော်ရပ်ကွက်တွေနဲ့ ဂျာဗားပင်လယ်အောက်ကိုတစ်မြို့လုံးရောက်တော့မယ့်ပြသနာ ကိုကြုံလာရတော့တာပါပဲ”
ဂျက်စီကာရှင်းပြနေတာကိုနားထောင်ပြီးရန်ကုန်ကိုသတိရသွားသည်။ ကျွန်တော်နေထိုင်သောမြို့တော် ရန်ကုန်။ မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော်တွင်လည်း အလားသဏ္ဍာန်တူပြသနာမျိုးရင်ဆိုင်နေရာတာပါ ပဲ။ ယာဉ်ကြောပိတ်ဆို့တာခဏဖယ်ထား။ အမှိုက်ပြသနာပေါ့။ မိုးတွင်းဆို တစ်မြို့လုံးရေလျှံနေတော့ အမှိုက်တွေပေါလောမျော၊ ရေမြောင်းတွေပိတ်နေတော့ ရပ်ကွက်တွေမှာရေလျှံ။ မီးကြိုးတွေပြတ်တာ ကြောင့် လူတွေဓါတ်လိုက်သေဆုံးတာတွေလည်းဖြစ်တာမျိုးကြားရတာခဏခဏ။ ကြည်သာတို့နေတဲ့ ရပ်ကွက်ဆိုပိုဆိုးသည်။ သူတို့ရပ်ကွက်အဆုံး၊ လမ်းအဆုံးမှာလယ်ကွင်းပြင်ရှိသည်။ အဲဒီလယ်ကွင်း ပြင်ကနေဆက်သွားလျှင်လှိုင်မြစ်တည့်တည့်ပေါက်သည့်လမ်းပေါ့။ မိုးတွင်းကျတော့ လှိုင်မြစ်ထဲကရေက ကြည်သာတို့လမ်းအထိတက်ကာ ရပ်ကွက်ရေလျှံသည်။ ရေကျသွားတော့အမှိုက်တွေရေနှင့်ပါသွားပြီး လှိုင်မြစ်ထဲစီးဝင်သွား၏။ ဒါပေမဲ့ လွန်ခဲ့သောသုံးနှစ်လောက်က လယ်ကွင်းကျယ်ကြီးကိုအိမ်ရာစီမံကိန်း ကြီးတစ်ခုဆောက်ဖို့မြေလာဖို့တော့သည်။ မြေကြီးတွေဖို့ရုံနှင့်မပြီးသေး။ စီမံကိန်းပိုင်ရှင်က အနားတစ် ၀ိုက်မှာရှိသည့်ကျုးကျော်တဲများကိုစျေးကောင်းပေးပြီးလိုက်ဝယ်သည်။ အရင်တုန်းကဆို ကြည်သာတို့ ၏ အဲဒီလမ်းအဆုံးမှာ ဘာအိမ်မျှမရှိ။ နောက်ပိုင်း ရပ်ကွက်ကပိုင်ရာဆိုင်ရာတွေက ပိုက်ဆံသုံးလေးငါး သောင်းနှင့်ကျုးကျော်တဲများကိုနေခွင့်ပေးခဲ့သည်။ ဒီတော့ လမ်းအဆုံးမှာ ကျုးကျော်တဲများကိုအစီအရီ တွေ့ရတော့သည်။
စီမံကိန်းပိုင်ရှင်ကြောင့် ကျုးကျော်တဲများစျေးတက်ကုန်တော့သည်။ သောင်းဂဏန်းနှင့်ဝယ်ပြီးနေရသည့် မြေကွက်များသည် သိန်းရာချီစျေးပေါက်ကုန်တော့သည်။ စီမံကိန်းကလည်း ပိုက်ဆံမက်လုံးများနှင့်လိုက် ဝယ်ကာ အဲဒီနေရာတစ်ဝိုက်ကိုနယ်ချဲ့တော့သည်။ အခုကျတော့ အဲဒီနေရာဟာ အရင်တုန်းကလယ် ကွင်းအစား ကုန်းမြေမြင့်မြင့်နှင့် စီမံကိန်းတစ်ခုအဖြစ်မြင်ရတော့သည်။ မိုးတွင်းဆိုပါက လှိုင်မြစ်ထဲကနေ ရေတက်မည့်လမ်းကြောင်းမရှိတော့။ မိုးကြီးလျှင်ရပ်ကွက်ထဲကိုအိုင်နေသည့်ရေများကလည်း မြစ်ထဲ ကိုစီး ဆင်းဖို့လမ်းကြောင်းမရှိတော့။ ရေများအိုင်တော့သည်။ အမှိုက်များ ရေပုပ်များကြောင့် ရပ်ကွက်မှာ ခြင်များပေါတော့သည်။ ဂျာကာတာမှာရော အဲဒီပြသနာမျိုးရှိပါရဲ့လား။
“မိုးမျှော်တိုက်ကြီးတွေ ခမ်းနားတဲ့အဆောက်အဦတွေကြောင့် မြေအောက်ကိုမိုးရေစိမ့်ဝင်နိုင်မှုတော် တော်နည်းသွားတယ်၊ အဲဒါကြောင့် မြို့တော်ရဲ့မြေပြင်ကနိမ့်ကျလာတော့တာပေါ့၊ တစ်ဖက်ကလည်း ဂျာဗားပင်လယ်ဟာ ရာသီဥတုပြောင်းလဲမှုကြောင့်မြင့်တက်နေတယ်လေ၊ ဟောဟိုမှာတွေ့လားဇော် ထင်၊ ပင်လယ်အော်အစပ်က ကမ်းရိုးတမ်းနံရံတွေလေ၊ အဲဒါတွေဟာ ဂျာကာတာရဲ့ရေလွှမ်းမိုးမှုကို တစ်စိတ်တစ်ပိုင်းကာကွယ်ပေးနေတဲ့အရာတွေပေါ့”
ကျွန်တော် အိပ်မက်ဆိုးတွေမမက်တာသုံးရက်ရှိခဲ့ပြီ။ ဒါဟာလေးရက်မြောက်နေ့ပဲ။ ဂျာဗားပင်လယ်အ စပ်ကို ဂျက်စီကာက ကျွန်တော့်ကိုခေါ်လာခဲ့သည်။ ကျွန်တော့်ဘေးပတ်ပတ်လည်မှာ သင်္ဘောကြီးတွေ တစ်ချို့ကအပြာရောင် တစ်ချို့ကတော့မဟော်ဂနီရောင်။ ကျွန်တော်ရပ်နေသည့် သင်္ဘောကုန်းပတ်ပေါ် တွင် SUMDER REJEKI ဟု ရေးထားသည်။ ဒီထဲကသင်္ဘောတစ်စီးစီးကိုစီးသွားမည်ဆိုပါလျှင် ဂျာဗားပင် လယ်ထဲ အပန်းဖြေနိုင်ကောင်းပါရဲ့။ ဒီအချိန်ကလေမုန်တိုင်းလည်းမရှိ၊ မိုးလည်းအရမ်းမသည်းဘူးလေ။
“ကိုယ်တို့ဘယ်ကိုရောက်နေတာလဲ ဂျက်စီကာ”
ကျွန်တော်ဒီနေရာကိုဘယ်လိုရောက်လာတာလဲ။ ဘယ်သူကခေါ်လာတာလဲမသိတော့။ ဂျက်စီကာရှင်း ပြနေတာကိုပဲမြင်ရကြားရသည်။ သင်္ဘောကုန်းပတ်ပေါ်မှာမတ်တပ်ရပ်ရင်း စကားပြောနေကြခြင်းပင်။
“ဂျာဗားပင်လယ်အော်လေ၊ ဂျာကာတာရဲ့မြောက်ဘက်”
ဒီကနေဆက်သွားရင် ပင်လယ်ထဲရောက်မှာပေါ့။ ဒီပင်လယ်အော်ရဲ့ဘယ်ဘက်ထိပ်နဲ့ညာဘက်ထိပ်က ၂၅ မိုင်လောက်ဝေးသတဲ့။ အဲဒီအကွာအဝေးကြားထဲမှာ ခမ်းခမ်းနားနားအဆောက်အဦတွေဆောက်ဖို့ ဆောင်ရွက်ခဲ့ဖူးသည်။
ပင်လယ်ကိုမျှော်တဲ့နေရာကိုကျွန်တော်ရောက်နေတာပေါ့။ ရန်ကုန်မှာရော ရန်ကုန်မြစ်နဲ့နီးတဲ့နေရာကို ကျွန်တော်သွားဖူးပါရဲ့လား။ ဟင့်အင်း။ ကျွန်တော်ဟာ လှည်းတန်းနားတစ်ဝိုက်နဲ့ပဲအသားကျခဲ့သူပါ။ သူများတွေသွားနေကျ ဗိုလ်တစ်ထောင်ဆိပ်ကမ်းကိုလည်းမသွားဖူးပါ။ ကျင်ငယ်ရည်နံ့တွေထုံမွှန်းနေ တယ်လို့သတင်းထွက်ပြီးသကာလ တကူးတကသွားပြီးခံစားဖို့စားရင်းထဲကနေပယ်ဖျက်ခဲ့ရသည်။ ရန် ကုန်မြစ်ထဲကိုသင်္ဘောစီးဖို့တော့ စိတ်ကူးရှိခဲ့သည်။ အမှိုက်တွေကင်းစင်နေရဲ့လား။ သင်္ဘောကပေးတဲ့ ဝန်ဆောင်မှုကောကောင်းရဲ့လားဆိုတာတွေကိုကြည့်ချင်သေးတာပေါ့။ ရန်ကုန်နဲ့ပတ်သက်လို့အများ ကြီးမျှော်လင့်ချင်သည်။ ကျွန်တော်နေထိုင်ရာမြို့ကို သန့်ရှင်းတောက်ပြောင်စေချင်ခဲ့သည်။
“ဒီရေဘယ်လောက်နက်သလဲသိလား ဇော်ထင်”
ဂျက်စီကာက ကျွန်တော့်ကိုရေအောက်ကိုညွှန်ပြကာမေးလိုက်သည်။ ငုံ့ကြည့်လိုက်တော့ပြာလဲ့လဲရေ ပြင်ပေါ်မှာ ကျွန်တော့်အရိပ်ထင်နေလေသည်။ ရေအောက်ကိုမြင်ရလောက်အောင်ရေကကြည်မနေခဲ့။ ဒီနေရာနှင့်ခပ်ဝေးဝေးမှာတော့ ကျုးကျော်တဲလိုပုံစံတိုက်ခပ်စုတ်စုတ်လေးတွေကိုလည်းမြင်နေရသည်။ ကမ်းစပ်မှာ ဟိုတစ်စဒီတစ်စအမှိုက်တွေကိုလည်းတွေ့လိုက်ရသည်။ ဒါပေမဲ့ ပြောပလောက်အောင် တော့မဟုတ်။ အားလုံးခြုံကြည့်လိုက်ရင် သန့်ရှင်းသည့်နေရာလို့ပဲသတ်မှတ်လိုက်သည်။
“ဘယ်လိုလုပ်သိမှာလဲ”
“သိချင်ရင်လွယ်လွယ်လေး”
သူပြောသည့် လွယ်လွယ်လေးဆိုတဲ့စကားကိုကြားမှ ကျွန်တော်သတိပြုမိလိုက်သည်။ ဒါ ဂျက်စီကာပြော နေသည့်အသံမဟုတ်။ ကျွန်တော့်ကို ဗမာလိုပီပီသသကြီးပြောနေခဲ့တာပါလား။ ဂျက်စီကာက မြန်မာ လိုတစ်ခွန်းမှမှမတတ်တာ။
“ဟင်”
ဒါ..ငြိမ်းကလွဲလို့ဘယ်သူရှိဦးမှာလဲ။ ဘုရား ဘုရား။ ကျွန်တော်ဘုရားတလိုက်မိလေသည်။ ငြိမ်း…ကျွန် တော့်အနားကိုဘယ်လိုလုပ်ရောက်နေခဲ့တာပါလဲ။ ကျွန်တော့်ကိုရော ဘယ်လိုလုပ်ဒီနေရာကိုခေါ်လာ ခဲ့တာပါလဲ။
“ဇော်ထင်၊ ရှင် ခုန်ချလိုက်လေ”
ကျွန်တော့်ကိုပြုံးပြီး ရေအောက်ဆီကိုခုန်ချဖို့ပြောနေခဲ့၏။ ငြိမ်းဆိုတာ ရှင်းရှင်းလင်းလင်းကြီးသိလိုက် ရတဲ့နောက်မှာ ကျွန်တော်အကြောက်အကန်ငြင်းပြီးထွက်ပြေးဖို့ကြိုးစားလိုက်သည်။ ဒါပေမဲ့မရ။ ငြိမ်းက ကျွန်တော့်လက်မောင်းကိုတင်းကြပ်စွာကိုင်ထားပြီး တွန်းချဖို့လုပ်နေလေသည်။ ငြိမ်းရဲ့လက်တွေသန် မာလိုက်တာ။ ဒါ လူလက်မှဟုတ်ရဲ့လား။ ယောင်္ကျားရင့်မာကြီးတစ်ယောက်ရဲ့လက်ထက်တောင်သန် မာမယ်လို့ယူဆရသည်။
“ခုန်ချကြည့်မှ ရေအနက်ဘယ်လောက်ရှိသလဲဆိုတာကိုသိရမှာ ခုန်ချ”
“မင်း ဂျက်စီကာမဟုတ်ဘူး၊ ငြိမ်း ..ငြိမ်း ဘယ်တုန်းကရောက်လာတာလဲ”
“ရှင်နဲ့အတူတူလာတာပဲလေ ဇော်ထင်၊ ကျွန်မ ဂျက်စီကာပါ”
“ဟင့်အင်း ဂျက်စီကာက မြန်မာစကားမပြောတတ်ဘူး၊ ဗမာစကားမတတ်ဘူး၊ အချိန်တိုအတွင်းမှာလဲ သင်လို့မရဘူး၊ မင်းလိမ်နေတာ၊ ငြိမ်း…ငြိမ်းဘယ်တုန်းကရောက်လာတာလဲ၊ ငြိမ်းကွယ်လွန်သွားခဲ့ပြီပဲ၊ ဘာလို့ ကိုယ့်အနားမှာရှိနေတာလဲ”
“ရှင့်ကိုတွန်းချဖို့လေ”
“မလုပ်နဲ့လေ ဟေ့”
“ရှင်မခုန်ရင် တွန်းချမှာ”
“မလုပ်ပါနဲ့ ကျွန်တော်ရေမကူးတတ်ဘူးလေ ငြိမ်း”
ပြောပြောဆိုဆိုနှင့် ကျွန်တော့်ကို ရေထဲကိုအတင်းတွန်းချဖို့လုပ်တော့သည်။ အတင်းရုန်းရင်း သင်္ဘော ပေါ်ကနေ ကုန်းပေါ်ကိုတက်ဖို့ကြိုးစားမိသည်။ ဒါပေမဲ့မရ။ ငြိမ်း၏ အားက ကျွန်တော့်ထက်အဆ ပေါင်းများစွာသန်နေခဲ့သည်။ ရုန်းလိုက် တွန်းလိုက်နှင့် ကြိုစားအားယူရင်း ကျွန်တော်တို့နှစ်ယောက်ရုန်း ရင်းဆန်ခတ်ဖြစ်သွားခဲ့၏။ ကြာလာတော့ ကျွန်တော်အားမတင်းထားနိုင်တော့။ သူကတော့ ကျွန်တော့် ကို ကလေးတစ်ယောက်ရုန်းနေတာကိုဆွဲတဲ့လူသန်ကြီးတစ်ယောက်လိုဆောင့်ဆွဲတွန်းချဖို့လုပ်သည့် ခဏ တွင်တော့ ကျွန်တော်မျက်လုံးစုံမှိတ်လိုက်တော့သည်။ မရတော့ဘူး။ ကျွန်တော့်အလျှော့ပေးပြီး သူတွန်း ချရာကို အလိုက်သင့်ပစ်လဲကျဖို့လျှော့ချလိုက်တော့သည်။
“အား”
ရေထဲကိုပြုတ်ကျပြီ။ ရေ၏ကြမ်းပြင်အောက်ဆီကို ကျွန်တော့်ခေါင်း ဒါမှမဟုတ် ခြေတောက်တစ်ခုခုနှင့် ဆောင့်ထိမည်ဟု ထင်ထားခဲ့တာ။ တကယ်တော့ ကျွန်တော် ရေထဲကိုမကျပါ။ သင်္ဘော၏ ကိုယ်ထည် ထဲကို ပက်လက်လန်ကျသွားခဲ့ပါသည်။ အဲဒီလိုလန်ကျသွားအောင်လည်းတစ်ယောက်ယောက်ကဆွဲ ထားခဲ့ခြင်းပင်။
“ဇော်ထင် ရူးနေလား၊ ဒါဘာလုပ်လိုက်တာလဲ၊ အဲဒါကပင်လယ်နော် ဘယ်လောက်နက်သလဲမသိတဲ့ ပင်လယ်ရေပြင်၊ ဘယ်လောက်ရေကူးတတ်တတ် အဲဒီလိုခုန်ချဖို့ဆိုတာ တော်ရုံအသိဉာဏ်နဲ့ဘယ်သူမှ မစဉ်းစားမိတဲ့အလုပ်ပဲ”
အဲဒါကမှ ဂျက်စီကာရဲ့အသံအစစ်ဆိုတာသေချာသွားပြီ။ အင်္ဂလိပ်လိုပြောနေတာ။ အသံနေအသံထား ကလည်း ကျွန်တော့်အပေါ်ဂရုဏာဒေါသသံတွေနဲ့။
“ကိုယ်ဘာဖြစ်သွားလဲမသိဘူး ဂျက်စီကာ”
ဒီနေရာကို ဂျက်စီကာနှင့်အတူတူရောက်လာခဲ့သည်။ ဂျာဗားပင်လယ်ကိုမြင်ဖူးချင်တယ်ဆိုပြီး ကျွန်တော် ကပြောတော့ ဂျက်စီကာက နေ့လည်အလုပ်ခဏနားပြီးခိုးထွက်လာကြခြင်းပင်။ ဆိုင်ကယ်စီးပြီးထွက် လာကြတာ။ ကျွန်တော်ဆိုင်ကယ်မောင်းပြီး ဂျက်စီကာက အနောက်ကနေလမ်းပြပေးနေတာ။ လမ်းမှာ စကားတွေအများကြီးပြောဖြစ်ကြသည်။ ပင်လယ်အစပ်ကိုရောက်ပြီး သင်္ဘောဟောင်းတွေပေါ်တက် ကာ ဟိုဟိုဒီဒီငေးကြည့်စဉ်မှာပဲ ပြသနာကစတင်ခြင်းပင်။
ကျွန်တော် သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ကျွန်တော်နဲ့စကားပြောနေတာ ဂျက်စီကာမဟုတ်တော့။ ဂျက်စီကာပြောနေကျ အင်္ဂလိပ်စကားသံမဟုတ်တော့။ မြန်မာစကားသံ၊ ဗမာစကားသံဖြစ်သွားခဲ့ သည်။ ကျွန်တော်ပဲငိုင်ပြီးမှားသွားတာလား၊ ဂျက်စီကာ့ကိုပဲ ငြိမ်းရဲ့ဝိဉာဉ်ဝင်ပူးသွားတာလားဝေခွဲမရ တော့ပါ။ သေချာတာကတော့ ကျွန်တော် ပင်လယ်ထဲခုန်ချဖို့ တစ်ယောက်ယောက်ကတွန်းအားပေးခဲ့ အတင်းကာရောစီစဉ်ခဲ့တာပင်။ အဲဒါဟာ ဂျက်စီကာတော့မဟုတ်။ ငြိမ်း၊ ငြိမ်းရဲ့ဝိဉာဉ်။
“ကိုယ်ကြောက်တယ် ဂျက်စီကာ”
ကျွန်တော့်တစ်ကိုယ်လုံးချွေးတွေပြန်လာကာ ဂျက်စီကာ၏ ပခုံးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထား လိုက်မိသည်။ ဘာလို့အဲဒီလိုခြောက်ချားမှုတွေခပ်စိပ်စိပ်ကြုံတွေ့နေရတာပါလဲ။ ကျွန်တော် ဂျာကာတာ တွင်နေထိုင်ရသည်မှာ ပျော်သည်ဟုယေဘုယျအားဖြင့်ပြော၍ရပါသည်။ ဘာကြောင့်ပျော်နေသည်လဲဟု ဆန်းစစ်ကြည့်သောအခါ ဂျက်စီကာက အကြောင်းရင်းခံဖြစ်နေလေသည်။
သို့သော် မပျော်ရသောအကြောင်းတရားလည်းရှိနေပြန်လေသည်။ ငြိမ်းတို့နှစ်ယောက်သည် ကျွန်တော့် အတိတ်ဆိုးဖြစ်လေသည်။ ထိုအတိတ်ဆိုးသည် အတိတ်မှာမကျန်ခဲ့ဘဲ ကျွန်တော့်အနာဂတ်နှင့် ပစုပ္ပနေ့ ရက်များတွင် လိုက်လံနှောက်ယှက်နေလေသည်။ သာမန်နှောက်ယှက်ခြင်းမျိုးမဟုတ်ဘဲ ကျွန်တော့်အ သက်ကိုပါထိခိုက် ခြိမ်းခြောက်မှုများအဖြစ် အမြဲတစေလိုလိုကြောက်လန့်နေရတော့သည်။
“ယူ ရန်ကုန်ကိုပြန်ဖို့လိုအပ်နေတယ်ထင်တယ် ဇော်ထင်”
ဂျက်စီကာက ကျွန်တော့်ကို အဲဒီလိုစကားထူးထူးဆန်းဆန်းပြောတော့ အံအားသင့်သွားမိပြန်သည်။ ကျွန်တော့်ပုံစံ ကျွန်တော့်သွေးပျက်မှုများကို သူလည်း ကြာတော့စိတ်ပျက်လောက်ပြီပေါ့ ဟုထင်လိုက်မိ သော်လည်း သူ ကျွန်တော့်အတွက်တွေးပေးနေသည်မှန်း စိတ်ထဲကသိနေလေသည်။
“ဘာလို့လဲ”
“ဂျာကာတာမှာနေရင် အဲဒီလိုကြောက်ရွံမှုတွေနဲ့ပဲဖြတ်သန်းနေရတယ်မဟုတ်လား၊ အဲဒီတော့ ရန်ကုန် ကိုပြန်ပြီး ငြိမ်းနဲ့ပတ်သက်တဲ့အကြောင်း၊ စိတ်ဖြေစေမယ့်အကြောင်းတစ်ခုခုလုပ်စေချင်တယ်၊ ဥပမာ ဘာသာရေးကိစ္စမျိုးပေါ့”
“ကိုယ်..”
ဂျာဗားပင်လယ်ဆီက အော်သံတစ်ချက်ကြားလိုက်ရသည်။
မိုးရွာတော့မယ်ထင်ပါရဲ့။
>>>>>