“မြူခိုးရယ်…..ဝေ” အပိုင်း (၂၆)

(၂၆)

ဂျက်စီကာနှင့် ဒေးဗစ်၏ တွေ့ဆုံခြင်းက ရိုးရှင်းပါသည်။ အပေါင်းအသင်းတွေကိုယ်စီနှင့် ညဖက် ပျော်ပါးကြသည့် အချိန်ပေါ့။ Kuta မှာရှိသည့် Legian လမ်းမှာပါ။ Legian လမ်းသည်ဘာလီ၏ အထင်ကရလမ်းဖြစ်သည်နှင့် အညီ ကမ္ဘာတစ်ဝန်းကဧည့်သည်များပျားပန်းခတ်လှုပ်ရှားကာ ညကို တန်ဆာဆင်တတ်ပါသည်။ အထူး သဖြင့် ဥရောပနိုင်ငံတွေကဧည့်သည်များကို ဘီယာပုလင်းလေးတွေ ကိုယ်စီကိုင်ပြီး ညအလှငေးမော ခံစားတတ်တာမြင်ရမှာပင်။ ဆိုင်ပေါင်းစုံ၊ ဖျော်ဖြေရေးပေါင်းစုံတန်းစီနေ သလို လူတွေလည်းအပြည့်မို့ ပျော်စရာကောင်းလှသည်။ ဂျက်စီကာနှင့်သူဆိုင်တစ်ဆိုင်မှာတွေ့ခဲ့တာပါ။ သူရောကိုယ်ရော လူငယ် တွေပီပီ သွက်သွက်လက်လက်နှင့်စကားတွေပြော မိတ်ဖွဲ့ကြ ရင်းနှီးမှုအတိုင်း အတာတစ်ခုအထိရခဲ့ကြသည်။ သူကလည်း ဂျက်စီကာတို့နေသည့်ရပ်ကွက်နှင့်မလှမ်းမကမ်းတွင် နေ သည်မို့ ပိုပြီးစကားစပ်မိကာရင်းနှီး ခဲ့တာပင်။

ကားတွေဆိုင်ကယ်တွေလူတွေ ပြည့်ကြပ်နေတတ်သည့် ညတော်တော်များများမှာ ဒေးဗစ်နှင့်ဂျက်စီကာ တို့ ချိန်းတွေ့တတ်ပါသည်။ တစ်ခါတစ်လေ သူငယ်ချင်းတွေစုပြီးကမ်းခြေကိုသွားကြသည်။ တစ်ခါတစ် လေတော့ ပျော်ပွဲစားထွက်ကြသည်။ လူငယ်ဘဝ လူငယ်အရသာကို ဘာလီမှာတစ်ပျော်တစ်ပါးကြီးခံယူ ခဲ့ကြသည်။ ဘာလီမှာ ဂျက်စီကာတို့လိုလူငယ်တွေအတွက်ပျော်စရာအများကြီးရယ်။ အင်ဒိုနီးရှားနိုင်ငံ သားတင်မဟုတ် အခြားကမ္ဘာတစ်ဝန်းလုံးကပါ ဟင်ခနဲဟာခနဲဖြစ်စရာကောင်းစေသောပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားသည်။ အဓိကဆွဲဆောင်မှုရှိသည့်အရာတစ်ခုကတော့ စျေးအရမ်းမကြီးတာလို့ ဂျက်စီကာ တော့ထင်မိသည်။ ဘာလီမှာ ငွေနည်းနည်းနှင့်တည်းခိုလို့ရသည်။ ပိုက်ဆံရှိရင်ရှိသလိုချဲ့သုံးနိုင်သည်။ မှော်ဆန်လွန်းသော တောတောင်သဘာဝ ရေတံခွန်တွေကိုလည်းပိုင်ဆိုင်ထားသည်။

“အလှတရားတွေ သဘာဝတွေနဲ့ပြည့်စုံတဲ့ပတ်ဝန်းကျင်မှာ ဂျက်စီကာတို့နှစ်ယောက်ချစ်သူဖြစ်ခဲ့ ကြ တယ်”

ဒေးဗစ်နှင့်ကွဲကွာသွားရသည့်အကြောင်းကို ဇော်ထင့်ကိုပြောပြနေမိသည်။

ဘဝမှာအချစ်ဦးကိုမေ့လို့ရတဲ့သူဘယ်သူရှိဦးမလဲ။ ဒေးဗစ်ဟာ ဂျက်စီကာ၏ပထမဆုံးအချစ်ဖြစ် သည်နှင့် အညီ သဲသဲလှုပ်ဖြစ်ရသည်။ သူနှင့်ပတ်သက်လျှင် ဘာမဆိုအရူးအမူးပါပဲ။ အရမ်းလည်းတန်ဖိုး ထားသည်။ တစ်ခါတစ်လေ ဂျက်စီကာ၏အချစ်က ဒေးဗစ်၏တုန့်ပြန်မှုထက် နှစ်ဆလောက်ပိုနေ တယ်လို့တောင် ထင်မိခဲ့သည်။ အဲဒီလောက်ထိချစ်ခဲ့တာပါ။

ဂျက်စီကာတို့အိမ်နှင့် ဒေးဗစ်တို့အိမ်ကိုဆိုင်ကယ်စီးသွားလျှင် မိနစ်နှစ်ဆယ်လောက်ပါပဲ။ အဲဒီတော့ တွေ့ ဆုံရတာ အကြိမ်ရေစိပ်စိပ်လာသည်။

“ဘာလီဟာ ကိုယ့်အသက်ပဲ ဂျက်စီကာ၊ ဘာလီကိုခွဲပြီးဘယ်ကိုမှထွက်သွားဖို့စိတ်ကူးမရှိဘူး၊ ဒီမှာ ပဲ တစ်သက်လုံးနေမယ်”

“ဟိုးမှာတွေ့လား ဂျက်စီကာ၊ မိုးကုပ်စက်ဝိုင်းပြာလဲ့လဲကို အရှင်းသားမြင်နေရတယ်၊ ညာဖက်ကိုကြည့် လိုက်ဦး စိုက်ခင်းတွေ အထစ်ထစ်လေးနဲ့ဘယ်လောက်များလှသလဲ၊ မြစိမ်းရောင်လှေကားထစ်တွေက မိုးပေါ်အထိထောင်တက်နေသလားအောက်မေ့ရတယ်၊ ဒါမျိုးက ဘာလီမှာပဲရှိတာနော်”

“ရေအောက်သန္တာကျောက်တန်းကိုထွင်းဖောက်မြင်နေရတယ်နော်၊ အဲဒီလောက်ရေနက်တာတောင်မှ ရေအောက်ကိုသလင်းလိုကြည်ကြည်လင်လင်နဲ့မြင်ရတာ ဘာလီမှာပဲရှိတယ်”

ဒေးဗစ်ကဒေသကိုသိပ်ချစ်တတ်သည့်သူတွေထဲမှာပါသည်။ ကိုယ်ပိုင်စိုက်ခင်းလေးစိုက်ပြီး နိုင်ငံခြားသား ဧည့်သည်များကို ရိုးရာနှင့်ဆွဲဆောင်ရန်အိပ်မက်မက်ထားသူလည်းဖြစ်၏။

“ဘာလီကိုဘာကြောင့်လာကြတာလဲ၊ ခရီးသွားတွေဘာကြောင့်များရတာလဲ ရှင်းရှင်းလေးပါ၊ အလှတ ရားတွေ သမိုင်းတွေအများကြီးရှိတယ်၊ အမြဲတမ်းထူးခြားဆန်းသစ်နေတဲ့ပတ်ဝန်းကျင်ရှိတယ်လေ၊ အင် တာနက်ပေါ်မှာကြည့်လိုက်၊ ဘာလီရဲ့အလှအပထဲမှာ ပင်လယ်၊ တောင်တန်းတွေအပြင် စိုက်ခင်းစိမ်း စိမ်းလေးလည်းပါတယ်၊ ကိုယ်လိုချင်တာအဲဒါပဲ၊ စိမ်းနေတဲ့လှေကားထစ်စိုက်ခင်းလွင်ပြင်ကြီးထဲမှာ လူသွားလမ်းမြွေလိမ်မြွေကောက်လေးတွေဖြတ်လျှောက်သွားလို့ ဓါတ်ပုံရိုက်လို့ရအောင်ဖန်တီးမယ်၊ ဒရုန်းနဲ့ရိုက်ရင်တောင်မြင်ကွင်းအဆုံးကိုမမြင်နိုင်လောက်တဲ့ကိုယ့်စိုက်ခင်းစိမ်းစိမ်းရဲ့အလယ်မှာဒေသ ထွက်အစားအစာတွေရောင်းမယ်၊ ရိုးရာလက်မှုပညာပစ္စည်းတွေရောင်းမယ်ဂျက်စီကာ”

စိတ်ကူးယဉ်ဆန်လှသော ဒေးဗစ်၏အတွေးကို ဂျက်စီကာသဘောကျတာမှန်ပေမယ့် အဲဒီလောက် အထိဖြစ်ဖို့ ဆိုတာက စိတ်ကူးလောက်မမြန်။ အချိန်ရင်းရမည်။ ငွေရောလူရောရင်းရမယ်လေ။

“ဘယ်မှာလဲ ကိုယ်ပိုင်ဝင်ငွေ၊ အိုင်ဒီယာချည်းရှိနေလို့မဖြစ်ဘူးဟန်နီ၊ အိုင်ဒီယာကိုအကောင်အထည် ဖော်မယ့် ပိုက်ဆံအရင်းအနှီးလည်းလိုသေးတယ်၊ ထောက်ပံ့မယ့်သူတွေလည်းလိုသေးတယ်လေ”

ဒေးဗစ်မှာ ကိုယ်ပိုင်ဝင်ငွေမရှိသေး။ မိဘလက်ငုတ်လက်ရင်းအလုပ်များကိုကူလုပ်ပေးသည့်အခြေအနေပဲ ရှိပါသည်။ ဒါကြောင့် ကိုယ်ပိုင်ငွေထူထောင်ဖို့လိုတယ်မဟုတ်လား။

“ချက်ချင်းတော့ဘယ်ရမလဲဂျက်စီကာ၊ ကိုယ်အိမ်ကိုသိမ်းသွင်းရမှာပေါ့”

“မှားနေပြီဟန်နီ၊ အိမ်ကတောင်းတာထက်ကိုယ့်မှာလည်းနည်းနည်းပါးပါးရှိဖို့လိုတယ်လေ၊ ဒီတော့ ကျွန် မတို့ အလုပ်ထွက်လုပ်ကြမယ်၊ ဒါမှမဟုတ်လည်း ဟန်နီ့အိမ်ကအလုပ်ကိုလုပ်ပြီးလစာတောင်းပေါ့”

သမားရိုးကျ၊ ယေဘုယျဆန်လွန်းသည့်ပြသနာတစ်ရပ်ဆိုပေမယ့် ဂျက်စီကာတို့အနေဖြင့်လေးနက်ခဲ့ကြ ပါသည်။

“ဂျာကာတာမှာအလုပ်ပေါတယ်၊ အဆက်အသွယ်တစ်ချို့လည်းရှိတယ်၊ အဲဒီကိုသွားပြီးအလုပ်လုပ်ကြ မယ်၊ ပြန်လာပြီးငွေနည်းနည်းပါးပါးစုဆောင်းမိရင် ဒီကိုပြန်လာကြမယ်၊ စိတ်ကူးတွေကိုအကောင်အ ထည်ဖော်ကြမယ်”

ဂျက်စီကာတတ်နိုင်သလောက်ဖျောင်းဖျပါသေးသည်။ အဲဒီတုန်းကတော့ ငယ်သေး၍ စကားလုံး အကောင်းစားကြီးတွေနှင့်မဖျောင်းဖျတတ်လို့ပေပဲလားမသိ။ ဂျက်စီကာ၏စကားကို ဒေးဗစ်နားမဝင် လွယ်ခဲ့ပါ။ ဘာလီကလွဲရင်အခြားနေရာမှာအလုပ်သွားလုပ်ဖို့အစီအစဉ်မရှိ၊ သူ့မိဘလက်ငုတ်လက်ရင်း အလုပ်ကလွဲရင် အခြားနေရာမှာအလုပ်မလုပ်ချင်။ ကိုယ်ပိုင်စိုက်ခင်းထောင်ဖို့က ဆယ်စုနှစ်တစ်ခုမက ကြာမှာကိုမကြောက်။ စောင့်မယ်တဲ့လေ။ အဲဒါကို စိတ်မရှည်ဆုံးပဲဖြစ်သည်။

“ကိုယ်မသွားဘူး၊ ဂျက်စီကာလည်းမသွားရဘူး”

“မသွားရင် အချိန်တိုအတွင်းအဆင်ပြေမှာမဟုတ်ဘူးလေ ဟန်နီ၊ အနာဂတ်ကောင်းဖို့အတွက်တော့ ပစု ပ္ပန်ကိုရင်းရမှာပဲမဟုတ်လား၊ အမြဲတစေ ဂျာကာတာမှာသွားနေမှာမှမဟုတ်တာကွယ်”

“ဒီမှာနေပြီး ပိုက်ဆံရှာရင်လည်းရတာပဲလေ”

“ဒီမှာတစ်လ သိန်း ၅၀ ရဖို့ဆိုတာမလွယ်ဘူးလေ၊ ဂျာကာတာမှာက စားသောက်ဆိုင်မှာ ဝန်ထမ်းလုပ်ရင် တောင် တစ်လကို သိန်း ၅၀ ရတယ်ဟန်နီရဲ့၊ ဖြည်းဖြည်းချင်းစုစုပြီး ဟန်နီလိုချင်တဲ့ဘဝကိုအကောင်အ ထည်ဖော်ရမှာလေ”

“ကိုယ့်သူငယ်ချင်းတွေလည်း အဲဒီလိုပဲ ခဏဆိုပြီး ဂျာကာတာကိုထွက်သွားကြတာပဲ၊ ဒါပေမဲ့ အခုထိပြန် လာတဲ့သူတစ်ယောက်မှမရှိကြဘူး၊ အားလုံးအဲဒီမှာပဲနေသွားကြတယ်”

“သူတို့က သူတို့ဘဝကိုယ်စီနဲ့လေ အခုက …..”

“တော်တော့ ကိုယ်မသွားချင်ဘူး ဂျက်စီကာလည်းမသွားရဘူးကွာ”

အချိန်အတိုင်းအတာတစ်ခုထိကတောက်ကဆဖြစ်ပြီးပြေလည်သွားမယ်လို့ထင်ထားခဲ့ပေမယ့် အဲဒီလို မဟုတ်ခဲ့ပါ။ ဒေးဗစ်၏တုန့်ပြန်မှုကအံအားသင့်စရာကောင်းခဲ့သည်။ ဂျက်စီကာ့အတွေးများကိုလက် မခံရုံတင်မက အခြားထွက်ပေါ်တစ်ခုကိုရှာဖွေခဲ့သည်။ တစ်ပတ်လောက်ကြာသည့်အချိန်တွင် သူနှင့် ဂျက်စီ ကာ၏ဆက်ဆံရေးက နည်းနည်းကျဲလာသည်။ တစ်နေ့ကိုဖုန်းသုံးခါပြောနေကျ နှစ်ခါပဲပြောဖြစ် တော့သည်။

ထို့နောက် တစ်ပတ်ကို နှစ်ခေါက်တွေ့နေကျ နှစ်ပတ်ကိုတစ်ခေါက်ပဲတွေ့ဖြစ်တော့သည်။

အသေးအမွှားမာနတစ်ခုက ဝေးကွာစေသည့်အနေအထားတစ်ခုကိုဖန်တီးပေးလိမ့်မယ်လို့ဘယ်တုန်းကမှ မထင်ထားခဲ့မိပါ။ သေချာတာကတော့ ဂျက်စီကာတို့နှစ်ယောက်ဝေးကွာနေတာပဲဖြစ်သည်။ အဲဒီအခြေ အနေထက် ပြင်းထန်သည့်အဖြစ်ဆီအထိတွန်းပို့ပေးလိုက်သည့်ရက်တစ်ရက်ကြောင့် ဂျက်စီကာစိတ်တွေ လေပြီး ဂျာကာတာကိုထွက်လာခဲ့ဖြစ်၏။

ဒေးဗစ်၏ ချစ်သူနှင့်အဆင်မပြေမှုထွက်ပေါက်က ရည်းစားသစ်ရှာဖွေတွေ့ရှိခဲ့တာပင်။ ကိုယ့်ရည်းစား သူ များနှင့်ချိန်းတွေ့နေသည်ကို ဘယ်သူလက်ခံမှာလဲ။ ပေါက်ကွဲပစ်ခဲ့သည်။ ဒေါသထွက်ခဲ့သည်။ ခေတ်လူ ငယ်ပီပီခြေလွန်လက်လွန်လုပ်ပစ်ခဲ့မိသည်။ ဒေးဗစ်ကိုတွန်းထုတ် ဟိုမိန်းမကိုလက်ညိုးငေါက်ငေါက် ထိုးပြီးနင်ပဲငဆပြောပစ်ခဲ့သည်။ စိတ်လည်းအကြီးအကျယ်နာမိ၏။

အဲဒီနောက် ဂျာကာတာကိုထွက်လာခဲ့တော့သည်။ သာမန်ဖြစ်နေကျ သမီးရည်းစားတိုင်းဖြစ်နေကျ သဘောထားချင်းမတိုက်ဆိုင်မှုတစ်ခုဟာ ဒီလောက်ထိအခြေအနေဖြစ်လာခဲ့လိမ့်မယ်လို့ထင်မထား တာတော့အမှန်ပင်။ ညှိနှိုင်းမှုတစ်ခုခုတော့ရယူနိုင်လိမ့်မယ်လို့မသိစိတ်ကမျှော်လင့်ထားခဲ့ပေမယ့် ဒေး ဗစ်၏လုပ်ရပ်က ခွင့်လွှတ်ဖို့မဖြစ်နိုင်ခဲ့သည့်လုပ်ရပ်။

“သူဘာလီကိုချစ်သလို အိုင်လည်းချစ်တာပေါ့၊ အကြောင်းတစ်စုံတစ်ရာမရှိဘဲနဲ့များဘယ်သူက ကိုယ့် အရပ်ကိုယ့်ဒေသကိုစွန့်ခွာလာရမှာလဲ၊ ဇော်ထင်ဆိုရင်လည်း ရန်ကုန်ကနေဒီကို အကြောင်းကိစ္စမရှိ ဘဲ ဘယ်လာချင်မလဲ၊ အရာအားလုံးတစ်သားတည်းကျဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူးလေ”

အတိတ်ကိုပြန်တွေးရင်း အဖြစ်အပျက်တွေကမနေ့တစ်နေ့ကဖြစ်ပျက်ခဲ့သလိုခံစားရသည်။

“ဒေးဗစ် ပြန်လာတောင်းပန်သေးလား”

ယောင်္ကျားလေးတော်တော်များများ၏လုပ်ရပ်ကို ဇော်ထင်က ယောင်္ကျားလေးပီပီအတပ်သိနေခဲ့သည်။ လူမျိုးတွေ ဘာသာတွေကွဲနေပါစေ ယောင်္ကျားတွေရဲ့စိတ်ဓါတ်ကအဲဒီလိုပဲလားဂျက်စီကာတွေးမရခဲ့ ပါ။ သေချာတာတစ်ခုကတော့ ဇော်ထင့်မှာ နူးညံ့သိမ်မွေ့သောစိတ်ဓါတ်တစ်ခုရှိနေခြင်းပင်။ အရာအားလုံး ကိုမျှဝေခံစားပေးတတ်သလို သူကိုယ်တိုင်ကလည်းအားငယ်တတ်သည်။ ကြောက်တတ်သည်။ ဒါပေ မဲ့ လုပ်ငန်းခွင်မှာကျပြန်ရင်လည်း ဦးစီးဦးဆောင်ပြုနိုင်သည်။ အားကိုးရလောက်အောင်တော်လှထက်လှ ၏။ အတွေးအခေါ်အမြင်တွေလည်း အမြဲတမ်းဆန်းသစ်နေလေသည်။

“အင်း၊ အိုင် ဂျာကာတာကိုလာဖို့နှစ်ရက်လောက်အလိုမှာ သူအိမ်ကိုလာခဲ့တယ်၊ အိမ်ကလည်းရိပ်ဖမ်း သံဖမ်းတော့သိမှာပေါ့၊ ဒါပေမဲ့ ဂျာကာတာမှာအလုပ်သွားလုပ်မယ့်အကြောင်းကို သိလို့တားဖို့ သူလာ ခဲ့တာမဟုတ်ဘူး၊ ရှင်းပြဖို့ တောင်းပန်ဖို့ပေါ့”

“ဟိုကောင်မလေးနဲ့ပြတ်သွားတာလား”

“အဟုတ်ပဲ၊ အဲဒီကောင်မလေးနဲ့ခဏလေးတွဲတာတဲ့၊ အိုင်နဲ့စိတ်အဖုအထစ်ဖြစ်နေတုန်းမှာခဏတာ စိတ်ထွက်ပေါက်အဖြစ်တွဲမိတာတဲ့လေ၊ အချိန်တိုတစ်ခုအတွင်းမှာပြတ်သွားလို့ အိုင့်ကိုလာတောင်းပန် တာတဲ့၊ အိုင်လောက်သူ့အပေါ်ချစ်တဲ့ချစ်သူမရှိတော့ဘူး စသည်ဖြင့်ပေါ့ ဇော်ထင်ရယ်”

ဇော်ထင်ပြုံးပါသည်။ အတပ်သိနေသောအပြုံးပေါ့။ အချိန်တိုတစ်ခုအတွင်းမှာ ဂျက်စီကာတို့နှစ်ယောက် အခုလိုအတိုင်းအထက်အလွန်ရင်းနှီးနေတာက ထူးဆန်းလွန်းလှသည်။ ဂျက်စီကာကိုယ်တိုင်လည်း ဇော်ထင့်ကိုနှစ်လိုလက်ရရှိခဲ့သည်။ ဒါပေမဲ့….။

“အော်၊ သူနောင်တရနေပြီပေ့ါ”

“သူ့နောင်တကို အိုင်မယုံခဲ့ပါဘူး၊ ဘာလို့ယုံရမှာလဲ၊ သူ့လုပ်ရပ်တွေကနောင်တစ်ချိန်မှာလည်းအဲဒီလို ပုံစံထပ်လုပ်ခဲ့မယ်ဆိုရင်ကောဆိုတဲ့အတွေးဝင်လာတယ်၊ ခွင့်လွှတ်လို့မရဘူး၊ သူ့ကိုလက်မခံခဲ့သလို သူပြောတာတွေတစ်ခုမှမယုံကြောင်းပြောခဲ့တယ်၊ ဂျာကာတာကိုသွားတော့မယ့်အကြောင်း၊ နှုတ်ဆက် တဲ့အကြောင်းလည်းပြောခဲ့တယ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲတောင်းပန်တောင်းပန်ခွင့်မလွှတ်နိုင်ဘူးလို့အပြတ် ပြောလိုက်တယ်”

“ကောင်းတယ်”

“အရာအားလုံးပုံအောချစ်ခဲ့ပြီးမှ အဲဒီလိုပြတ်သားနိုင်တာကို ကျေနပ်မိတယ်၊ အိုင်ကအဲဒီလိုပဲ ချစ်ရင် ဇွတ်ချစ်တယ်၊ စိတ်နာရင်တော့လှည့်မကြည့်ချင်တော့ဘူး၊ ဒါကြောင့်ပဲပြတ်သားနိုင်ခဲ့တာ”

“အိုး ကိုယ်နဲ့ပတ်သက်ရင်ကော စိတ်နာစရာတစ်ခုခုရှိမနေဖို့ ကိုယ်ဆုတောင်းရမှာပဲ”

“မရှိဘူး ဒါပေမဲ့ ဘဝမကျတာတစ်ခုရှိတယ်”

“အို တကယ်လား”

“အင်း၊ အိုင့်ကို မြန်မာနိုင်ငံကိုအလည်ခေါ်သွားပါဇော်ထင်၊ တစ်ရက်နှစ်ရက်လောက်ဖြစ်ဖြစ်လိုက် လည်ချင်တယ်၊ အခုလိုအခြေအနေမျိုးမှာ ပြောရတာတော့စိတ်မကောင်းပါဘူး၊ ဒါပေမဲ့ ကိုယ့်ချစ်သူရဲ့ နိုင်ငံကို ကြားဖူးရုံကလွဲရင်နကန်းတစ်လုံးမှမသိသေးတဲ့အဖြစ်မျိုးဆိုတော့လေ”

သူစဉ်းစားနေတာတွေ့ရ၏။ ဘာကိုစဉ်းစားနေတာလဲ ဂျက်စီကာတွေးကြည့်မိပါသည်။

ဇော်ထင့်ကို ဂျက်စီကာသိပ်ချစ်တာပေ့ါ။ ဒေးဗစ်တုန်းကလိုမနူးမနပ်သဲသဲလှုပ်ချစ်တာမျိုးမဟုတ်ဘဲ တည်တည်ငြိမ်ငြိမ်နှင့် အရာရာကိုစဉ်းစားတွေးခေါ်ပေးချင်သည့်ပုံစံမျိုးချစ်ခြင်းပင်။ ဇော်ထင်က ဂျက်စီ ကာ့အတွက် ကလေးလေးတစ်ယောက်လို လုပ်ငန်းခွင်မှာဆိုရင်အထက်လူကြီးတစ်ယောက်လို၊ တစ်ခါတစ်လေ ရင်ဖွင့်ဖော်သူငယ်ချင်းတစ်ယောက်လိုပေ့ါ။ အရာအားလုံးကိုနှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တော့ ဒေးဗစ်ထက်ဇော်ထင့်ကိုပိုလေးနက်ပါသည်။

“ဒီရက်ပိုင်းသွားချင်တာလား”

“အင်း၊ ရန်ကုန်ပြန်ပြီး ဗီဇာသက်တမ်းတိုးလိုက်ပါဇော်ထင်၊ အိုင်ရောတစ်ခါတည်းလိုက်ခဲ့ချင်လို့၊ တစ် ရက်နှစ်ရက်လောက်နေပြီးရင်ပြန်လာကြမယ်လေ၊ အဲဒီလောက်အထိတော့ရမယ်လို့ထင်ပါတယ်”

“ရပါတယ်၊ ကိုယ်ခံစားနေရတာတွေဟာ မင်းအပေါ်အနှောက်အယှက်မဖြစ်စေချင်လို့ပါဂျက်စီကာ၊ နား လည်ပေးပါ၊ မင်းအနေနဲ့အရမ်းသွားချင်တဲ့စိတ်ပြင်းပြတယ်ဆိုရင်တော့ ကိုယ့်ကိုတစ်ရက်နှစ်ရက် လောက်တော့ ခဏတာစဉ်းစားခွင့်ပေးပါလား”

“အိုကေ အဲဒါဆိုစဉ်းစားလေ၊ ချစ်သူရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုုင်မယ်လို့မျှော်လင့်ပါတယ်”

ဂျက်စီကာ၏စကားလုံးများအောက်တွင် သူရုန်းမထွက်နိုင်အောင်ပြောဖို့စဉ်းစားထားသည်။ ဒီရက်ပိုင်း အတွင်းပေါ့။ မပြောချင်မလုပ်ချင်သောအရာတွေမို့ စိတ်လုံးဝမကောင်းပါ။ ဂျက်စီကာဟာ ဇော်ထင့်ကိုချစ် တာတော့ အသေအချာပါပဲ။ လေးလေးနက်နက်ကြီးကိုချစ်တာပါ။

>>>>>