“မြူခိုးရယ်…ဝေ” အပိုင်း (၃)

(၃)

ညအမှောင်ထုကကြီးစိုးလာခဲ့သည်။ ဖွင့်ထားသည့်တံခါးများကိုပိတ်၊ မီးကိုပိတ်၊ ဘုရားရှိခိုးရင်း အိပ်ရန် ကြံရွယ်သည်။ ပင်ပန်းနေပြီမို့ ကျွန်တော်အိပ်သင့်ပြီလေ။ အပြင်ဖက်ဆီမှ ရရှိသော နီယွန်မီးမှိန်မှိန်က လွဲ၍ ကျွန်တော့်အခန်းတစ်ခန်းလုံးအမှောင်အတိဖြစ်သွားခဲ့သည်။ ထို့နောက်ကျွန်တော်အိပ်ပျော် သွားခဲ့ လေသည်။ တံခါးခေါက်သံကြားရသည်အထိပေါ့။ ည သုံးနာရီလောက်တော့ရှိလောက်ပြီ။ တံခါး ခေါက်သံကြောင့် လန့်နိုးလာသည်။ သို့သော်လည်း တံခါးသွားဖွင့်ရန်တော့ မထမိသေး။

အကြောဆန့်ရင်းထထိုင်လိုက်ကာစဉ်းစားမိလေသည်။ ကျွန်တော့ကိုလာနှိုးမည့်သူမည်သူရှိပါမည်လဲ။ ရုံး အဆောင်လာနေသည့် အခြားနိုင်ငံခြားသားများနှင့်လည်း သိပ်အဆက်အဆံမရှိ။ ညဉ့်တော်တော်နက်နေ ပြီမို့ အပြင်ကိုသွားရန်ခေါ်မည့်တစ်ယောက်ယောက်လည်းမဖြစ်နိုင်။ အကူအညီတစ်ခုခုလိုအပ်၍များလာ ခဲ့လေသလားဟုတွေးနေစဉ်တွင် ထိုအသံကြားခဲ့လေသည်။

“ဇော်ထင်”

အသံသြသြကြီးက တံခါးကိုဖောက်ထွက်ကာ ဗြုန်းခနဲ ကျွန်တော့်ကိုယ်ပေါ်ကိုရောက်လာလေသည်။ တံ ခါးသွားဖွင့်ရန်လည်းမလို ကုတင်ပေါ်ကဆင်းရန်လည်းမလိုခဲ့။ သူ၏ အလျင်က လျှပ်စီးလက်သကဲ့သို့ ဖျတ်ခနဲအတွင်း ဖြစ်ပျက်သွားခြင်းပင်။

“ဇင်လင်းမောင်”

သူ့နာမည်ကိုရေရွတ်ချိန်မှာ သူက ကျွန်တော့လည်ပင်းကိုညှစ်လိုက်ပြီ။ ကျွန်တော်ရုန်းသည်။ အားကုန် ရှိသမျှရုန်းသော်လည်း သူ့လက်များက ထင်မှတ်မထားလောက်အောင်သန်မာနေလေသည်။ နောက်ဆုံး လည်ပင်းအစ်ပြီး အသက်မရှုနိုင်လောက်တော့သည်အထိ၊ သေလုမျှောပါးဖြစ်သွားရသည်အထိပါပဲ။ ကျွန် တော့လည်ပင်းများနာကျင်လာသည်။ အစ်ရုံတင်မကဘဲ အသက်ရှု၍မရတော့လောက်သည်အထိမွမ်း ကြပ်လာကာ ရှိသမျှအားဖြင့် သူ၏သန်မာသောလက်များကိုရုန်းနေရသည်။

ထို့နောက် ကျွန်တော် အိပ်မက်ကနေလန့်နိုးလာသည်။ ကျွန်တော့်တစ်ကိုယ်လုံးချွေးများ ချွဲနစ်၍ နေလေ သည်။ ရေထသောက် ထပ်အိပ်ပြီး မှေးခနဲအိပ်ပျော်သွားခဲ့၏။ သိပ်မကြာလိုက် အလားတူအိပ်မက်မျိုး ထပ်မက်လေသည်။ ထိုတစ်ခါတော့ ငြိမ်းကောပါလာသည်။

“မင်း ငါတို့ကိုလုပ်ကြံတယ်ဟုတ်လား၊ အေး မင်းတစ်သက် လုံး ချောက်ချားမှုတွေနဲ့ပဲဖြတ် သန်းရ မယ်မှတ်” ဆိုပြီး ဇင်လင်းမောင်က ကျွန်တော့်ကိုရက်ရက်စက်စက်လည်ပင်းညှစ် သတ်သည်။ ငြိမ်းက တော့ ကျွန်တော့်ကိုမသတ်၊ နာကြင်စွာနှင့်ပဲကြည့်နေခဲ့၏။ ဇင်လင်းမောင်ကတော့ အငြိုးတကြီးနှင့်ပင်။

“မင်းတို့ ငါ့ကိုလုပ်တဲ့စိတ်ဆင်းရဲမှုကြောင့် မင်းတို့ရဲ့အသက်ကိုပေးဆပ်လိုက်ရတာ၊ ငါတို့ ဒီလောက် နဲ့ကျေအေးလိုက်ကြပါစို့ကွာ၊ ငါ့ကိုဒုက္ခမပေးနဲ့တော့ မင်းတို့ငါ့ကိုတောက်လျှောက်စိတ်ဒုက္ခပေးခဲ့တာပဲ၊ ကျေနပ်ပါတော့”

ဇင်လင်းမောင်ကိုဦးတည်ပြီးပြောလိုက်သည်။

“မင်းငါတို့ကို သတ်လို့ဘာအကျိုးရလာဒ်ရလို့လဲ”

ကျွန်တော်နှင့် ဇင်လင်းမောင် စကားအပြန်အလှန်ပြောဖြစ်ကြသည်။ သူကတော့ပေါ့ပေါ့ပါးပါး ပြော နိုင်သော်လည်း ကျွန်တော်ကတော့ သူလည်ပင်းညှစ်ထားသည့် ကြားထဲက အားယူပြီးပြောနေရသည် ပင်။ ကျွန်တော့် ခန္ဓာတစ်ကိုယ်လုံးတွင် ချွေးများတစ်ဒီးဒီးစိုစွတ်လျှက်ရှိကာ ပူလောင်အိုက်စက်လို့နေ လေ၏။

“ငါမခံစားနိုင်လို့”

“ဘာ၊ ငါတို့ မင်းမခံစားနိုင်အောင်ဘာလုပ်ခဲ့လို့လဲ”

“ငါ..ငြိမ်း ကိုချစ်တယ်”

ငြိမ်းကျွန်တော့်ကို မျက်တောင်မခတ်ဘဲကြည့်နေသည်။ နံရံတောင့်မှာကပ်လျှက်၊ တုတ်တုတ်မှမလှုပ် ဘဲနှင့်ကြည့်နေလေသည်။

“ငြိမ်းမှ မင်းကိုမချစ်တာ”

“ဟင့်အင်း မင်းမသိလို့၊ သူငါ့ကိုချစ်ခဲ့တယ်၊ မေးကြည့်”

ကျွန်တော်အားအင်များကုန်ခါနီးပြီ။ သူကျွန်တော့်ကိုလည်ပင်းညှစ်သည့်ကြားထဲက အားယူပြီး ပြောနေ မိသည်မှာလည်း ပင်ပန်းလှပြီ။ ငြိမ်းကတော့ ဘာမျှဝင်မပြောသေး။

“မချစ်ဘူး၊ ငြိမ်း မင်းကိုဘယ်တုန်းကမှမချစ်ဘူး၊ ချစ်လည်းမချစ်စေရဘူး၊ ဘယ်ဘဝရောက်ရောက် မင်း ကိုငါလိုက်သတ်မယ် ဟိန်းဇော်ထင်”

သူ့အားများကပိုပြင်းလာသည်။

ကျွန်တော်လည်း အားကုန်ရုန်းရသည်။ ရှိသမျှအားများ အကုန်လုံးစုစည်းပြီး တစ်ချက်တည်းရုန်းထွက် လိုက်မိသည်။ ကျွန်တော် အားခနဲတစ်ချက်အော်လိုက်ပြီး အိပ်ရာထဲက ဆတ်ခနဲထမိလေသည်။

နောက်ဆုံး တဘတ်ယူပြီး ချွေးများကိုပြောင်အောင်သုတ်၊ အင်္ကျီအဖြူတစ်ထည်ဝတ်လိုက်သည်။ အသက်ကိုမှန်မှန်ရှုကာ စိတ်ကိုတတ်နိုင်သမျှလျှော့ပစ်လိုက်၏။ ထို့နောက်ဘုရားရှိခိုး၊ မေတ္တာသုတ်ရွတ် ဖတ်ရသည်။ တတ်သမျှမှတ်သမျှဘုရားစာအားလုံးကို အလှည့် ကျရွတ်ဆိုသည်။ အမျှဝေပေးသည်။ ထို့နောက်တော့ ကျွန်တော်နှစ်နှစ် ခြိုက်ခြိုက်အိပ်ပျော် သွားခဲ့ပါသည်။ နောက်နေ့ လုပ်ငန်းခွင်ရှိရာဆီကို အားအင်ပြည့်ပြည့်နှင့်သွားနိုင် လောက်သည်အထိ။

ဂျာကာတာ၏ မနက်ခင်းက အေးစိမ့်စိမ့်လေးပင်။ ညတုန်းက အိပ်မက်မက်စဉ်ကလို ပူလောင်အိုက် စက်မနေတော့။ ရေအဝချိုးလိုက်တော့ လူကလန်းဆန်းလို့နေလေသည်။ လေလေးတစ်ချွန်ချွန်နှင့် ကြော့ နေအောင်ပြင်ဆင်ပြီး အလုပ်ဆီကိုလာခဲ့လိုက်သည်။

ကျွန်တော်နေရသည့်နေရာနှင့် လုပ်ငန်းခွင်နှင့်က မဝေးလှပါ။ ကားစီးသွားစရာမလို။ ဆယ်မိနစ်ခန့် လမ်း လျှောက်ရုံနှင့်ရောက်သည်။ မြို့လယ်အချက်အချာနေရာလည်းဖြစ်သည်။ အနီးအနားတစ်ဝိုက်စျေးဝယ် စင်တာများ၊ ပန်းခြံများတွေ့ရလေသည်။ ပုံမှန်တွေ့နေကျလုပ်ငန်းခွင်ကလူတွေက ကျွန်တော့်ကိုဝမ်း ပန်းတသာကြိုဆိုလေသည်။ မလာတာကြာပြီနော်၊ မတွေ့ရတာကြာပြီနော် အလ္လာပ္ပ သလ္လာပတွေကြား ထဲ ခဏတာနစ်မျှောသွားခဲ့သည်။

လုပ်ငန်းခွင်တွင် ယခင်အချိန်များကလိုပင် အေးအေးလူလူပဲဖြတ်သန်းရမည်ဟုထင်ထားခဲ့သော်လည်း ကျွန်တော်အံအားသင့် စရာကောင်းသည့်အဖြစ်အပျက်တစ်ခုနှင့်တွေ့ရပြန်သည်။ ကျွန်တော်အလုပ် လုပ်ရမည့်ဌာန၌တွေ့ လိုက်ရသော အမျိုးသမီး။

“ငြိမ်း”

တီးတိုးရေရွတ်မိသည်။ ပါးစပ်ကလည်းအဟောင်းသားဖြစ်သွားမိ၏။ ပထမတော့ သွေးပျက်မတတ်စိတ် လှုပ်ရှားမိသော်လည်း အတွင်းသဏ္ဌန်ကို အပြင်မထွက်စေရအောင်တတ်နိုင်သမျှထိန်းချုပ်ရင်းကမှ သူ သည် ငြိမ်းနှင့်အလွန်တူသည့်ငြိမ်းဖြစ်နေကြောင့် ခန့်မှန်းမိလာသည်။

“ဇော်ထင်၊ ရောက်ပြီလား၊ မင်းကိုဂျာကာတာလာဖို့ တော်တော်ခက်ခက်ခဲခဲခေါ်ရတယ်နော်၊ အခု တစ် ခါရောက်လာတာ အံသြမိတယ်”

ကျွန်တော်တို့က ပီအာအေဂျင်စီ (PR Agency) လုပ်ငန်းဖြစ်ပြီး အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတွင် အဓိက ထားပြီးအလုပ်လုပ်ကြသည်။ အဓိကရုံးချုပ်ကတော့ ဂျာကာတာမှာ။ မြန်မာနိုင်ငံတွင်တော့ ဝန်ထမ်း ၁၅ ယောက်သာထားသည်။ ကျွန်တော့်အပိုင်းက အလုပ်အတွက် ကြော်ငြာများ၊ ဇာတ်ညွှန်းများရေး ရသည့် အလုပ်ပင်။ ဂျာကာတာရုံးတွင်ရော မြန်မာပြည်ရုံးတွင်ပါ ထိုနေရာအတွက် စုစုပေါင်း လူသုံး ယောက်သာ ရှိသည်မို့ အလုပ်အများဆုံးနေရာဆိုလည်းမမှားပေ။ ဒါပေသိ ကျွန်တော်ကတော့ ၀ါသနာပါသည့် အလုပ် မို့ အေးအေးလူလူပင်လုပ်နိုင်ပါသည်။

“သူက ဟိန်းဇော်ထင်လို့ခေါ်တယ်၊ အေဂျင်စီအတွက် ကြော်ငြာသတင်းတွေရေးတယ်၊ ရုပ်သံကြော် ငြာပေးရမယ်ဆိုရင် ဇာတ်ညွှန်းတွေရေးတယ်၊ မြန်မာနိုင်ငံသား၊ အင်္ဂလိပ်လိုလည်းကောင်းကောင်းရေး တတ်တယ်၊ ဒါကြောင့်မို့ အင်္ဂလိပ်ဘာသာနဲ့ ပစ္စည်းကြော်ငြာ (Content Writing) ရေးဖို့လိုအပ်တဲ့ ကြော်ငြာရှင်တွေအတွက် ဒီကိုလှမ်းခေါ်လိုက်တာ၊ ခေါ်နေတာတော့ကြာပြီ၊ ဂျာကာတာကိုသူမလာချင် တဲ့အကြောင်းပြချက်တွေအများကြီးပဲ၊ အခုရောက်လာတော့ အားလုံးက အံသြနေကြတာ”

ရုံးချုပ်၏ ဌာနအကြီးအကဲက ကျွန်တော့်ကို ငြိမ်းနှင့်မိတ်ဆက်ပေးပါသည်။

“သူက ဂျက်စီကာလို့ခေါ်တယ်၊ ဇော်ထင်နဲ့အလုပ်တွဲလုပ်ရမယ့်သူပေါ့၊ အလုပ်ဝင်တာမကြာသေးဘူး”

သူ့နာမည်က ငြိမ်းမဟုတ်။ ဒါပေမဲ့ ငြိမ်းနှင့် တစ်ထေရာတည်းတူနေသည့်အမျိုးသမီးတစ်ယောက်မှန်း ကျွန်တော်သိခဲ့ရလေသည်။ သူနှင့် ကျွန်တော်သည် အလုပ်အတူတူတွဲလုပ်ရမည်ဆိုသည်ကို လည်း ရင်ခုန်စွာနှင့် သိရပြန်တော့ ဂျာကာတာနေ့ရက်များကို စိတ်လှုပ်ရှားမိ၏။

“ဟုတ်ကဲ့”

ငြိမ်း၏အပြုံးလေးကိုတွေ့လိုက်ရသည်။ တစ်ထေရာတည်းပါပဲ။ တကယ်ကိုချွတ်စွပ်ပဲ။ ဘာလို့အဲဒီ လောက်တောင်တူနေရတာလဲ။ ရုပ်ရှင်ထဲကလို ငယ်ငယ်ကတည်းကကွဲသွားတဲ့ညီအစ်မတွေများလား။ သေသေချာချာကိုစိုက်ကြည့်နေမိသည်။ ကျွန်တော့်အကြည့်ကလွန်များလွန်သွားသလားမပြောတတ်။ သူ ရှက်သွားလေသည်။

“ဆောရီး၊ ကျွန်တော်တို့ အရင်ကတွေ့ဖူးသလားလို့ပါ”

တောင်းပန်လိုက်ရသည်။

“တွေ့ဖူးတယ်လေ”

“ဟင်”

သူ့ဆီကထွက်လာသည့် အသံကလည်း ငြိမ်းနှင့်တစ်ထေရာတည်းပါပဲ။ ငြိမ်းမှငြိမ်းပါ။ မြန်မာနိုင်ငံမှာသာ ရှိလျှင် ငြိမ်းနှင့်မှားမှာအသေအချာပါပဲ။ ကြည်လင်ဩရှရှအသံကို ကျွန်တော်အလွတ်မရဘဲနေပါ့မလား။ သူမြန်မာလိုပဲပြောပြော အင်္ဂလိပ်လိုပဲပြောပြော ထွက်လာသည့်အသံက အတူတူမို့ ကျွန်တော်ကောင်း ကောင်းမှတ်မိနေသည်လေ။

“ညတုန်းကတွေ့ဖူးတယ်လေ”

“အော်”

ကျွန်တော်အမြင်မမှားခဲ့သည်မှာအသေအချာပါပဲ။ ညတုန်းကတွေ့ခဲ့သည့် ငြိမ်းသည်သူပါပဲ။

“ကျွန်တော့်အသိတစ်ယောက်နဲ့လုံးဝကိုတူနေလို့”

ထိုအကွက်မျိုးက နည်းနည်းတော့ရိုးမှာပေါ့။ သို့သော်လည်းဒါအမှန်တရားပါ။

“ယူက အဲဒီမှာတည်းတာပေါ့”

“ဟုတ်တယ်လေ၊ ခင်ဗျားရော အဲဒီမှာနေတာလား”

“ဟုတ်တယ်၊ ရုံးကပေးထားတဲ့အဆောင်လေ”

ကျွန်တော်တို့နှစ်ယောက် ရင်းနှီးစပြုတော့ ဌာနအကြီးအကဲကကျေနပ်သွားလေသည်။ အလုပ်လုပ် ရမည့်နေရာဆီကိုသွားပြီး တစ်နေ့တာလုပ်ငန်းအတွက်ပြင်ဆင်ရသည်။ တိုင်ပင်ရသည်။ ထို့ကြောင့် ကျွန်တော်၏ ဂျာကာတာနေ့များကို ငြိမ်းနှင့်အတူတူ ဖြတ်သန်းရတော့မယ်ပေါ့။ ထိုသို့တွေးလိုက်သည့် အခါ စိတ်ချမ်းသာရလေသည်။ ငြိမ်းက ကွယ်ပျောက်မသွားဘူးပဲ။ ကျွန်တော့ဖုန်းတွင် သိမ်းဆည်းထား သည့်ငြိမ်း၏ပုံကို ဂျက်စီကာ့ ကိုပြလိုက်မိသည်။

“မင်းနဲ့အရမ်းတူတဲ့တစ်ယောက်ပေါ့၊ ကိုယ့်ကောင်မလေး၊ အခုတော့ ဆုံးသွားပြီ”

“အိုး စိတ်မကောင်းပါဘူး”

ဂျက်စီကာ က ကျွန်တော့်ဖုန်းထဲကပုံများကိုယူကြည့်သည်။ ငြိမ်းနှင့် တစ်ထေရာတည်းတူသည့် သူ့ပုံများ ကို ကြည့်ပြီး အံအားသင့်ကာ ပြုံးနေလေသည်။ ဖုန်းကိုယူလိုက်သည့်လျှပ်တစ်ပြက်အမူအရာ၊ ပုံများကို သေသေချာချာကြည့်နေသည့် အခိုက်အတန့်၊ မျက်ခုံးများပင့်ကာပင့်ကာ စူးစမ်းနေသည့်အမူအရာများ အလုံးသည် ငြိမ်းအသစ်တစ်ယောက် ပြန်လည်မွေးဖွားလာခဲ့လေသလားဟုတောင် ထင်မှတ်စရာဖြစ်လေ တော့သည်။

ကျွန်တော်ဆုံးရှုံးခဲ့ပြီဟု ထင်မှတ်ထားသည့်အရာသည် ပြန်လည်အသက်ဝင်လာခဲ့၍ မည်သည့်အချိန် တုန်းကမျှမခံစားဖူးသော ကြည်နူးဝမ်းသာခြင်းပုံစံအသစ်ကို ခုံမင်စွာရရှိခဲ့လေသည်။ အရာအားလုံးကို ဆုံးရှုံးသွားပြီ၊ ဘယ်အရာကမှ ကျွန်တော့်ဘဝအတွက် အဓိပ္ပါယ်မရှိတော့ပြီဆိုသည့် စိတ်နှင့် ဂျာကာတာ ကိုထွက်လာခဲ့ခြင်းပင်။ အခြေအနေတစ်ခုကို ကျွန်တော်ကိုယ်တိုင်ဖန်တီးခဲ့ပြီး ထိုဖန်တီးမှု အတွက်လည်း ယူကြုံးမရဖြစ်နေမိသည့်အခိုက် အတန့်ပင်။

အခုတော့ ငြိမ်းမဟုတ်သောငြိမ်းနှင့်အလုပ်အတူတူလုပ်ရမည်။ ဂျာကာတာ၏ ရက်စွဲများကို အတူတူဖြတ် သန်းရမည်။ ကံကြမ္မာကြီးက ကျွန်တော့်အတွက်ဘယ်လိုဖန်တီးမှုတွေယူဆောင်လာမလဲ ဆိုသည်ကို မျှော်လင့်ဖို့ အခွင့်အရေးများကို မထင်မှတ်ဘဲ လက်ဝယ်ပိုင်ဆိုင်ရရှိခဲ့ပြီဖြစ်သည်။ ထို့အတွက် ကျွန်တော့ကျေနပ်မှုများကို ဘယ်သူသိနိုင်မှာလဲ။

“သိပ်မတူပါဘူး၊ မင်းကောင်မလေးက ပိုလှတယ်”

သူက ပုံများကိုကြည့်ပြီး မှတ်ချက်ပြုလေသည်။

“ကျေးဇူး”

ကျွန်တော်တို့နှစ်ယောက်၏တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အသိအမှတ်ပြုမှုက ထိုနေ့ကနေ စတင်ခဲ့သည်ပင်။ ထိုအရာသည် သမားရိုးကျအခြေအနေတစ်ခုဟုမည်သူကပြောမှာလဲ။ ထိုအခြေအနေ ထက် မပိုလာနိုင်ဘူးဟုဘယ်သူပြောနိုင်ပါသလဲ။

အမှန်ပင်။ ကျွန်တော့နေ့ရက်များကို ငြိမ်းမဟုတ်သောငြိမ်း၊ ဂျက်စီကာဆိုသောကောင်မလေးက အသာ ယာဆုံး အလှပဆုံးဖြစ်အောင်ဖန်တီးပေးဖို့အစပြုခဲ့ပါသည်။ ရန်ကုန်ကငြိမ်းဘာကြောင့်သေသွားခဲ့သလဲ၊ ကျွန်တော်နှင့်ငြိမ်း၏ ကြားတွင် ဘယ်လိုအကြောင်းအရာများ ရှိခဲ့သလဲဆိုသည့် အတိတ်က ကိစ္စများကို လည်းဂျက်စီကာကိုပြောဖို့အကြောင်းဖန်လာခဲ့သည်။ တစ်ခုသောအကြောင်းအရာကိုတော့ ဘယ်သော အခါမျှ မပြောရန်ဆုံးဖြတ်ထားပါသည်။

ထို့နောက်။

>>>>>