(၅)
ကမ္ဘာပေါ်တွင် ရန်အဖြစ်ဆုံးသမီးရည်စားဟု ဆိုလာပါက ငြိမ်းတို့အတွဲက ထိပ်ဆုံးကပါလိမ့်မည်။ ခဏ ခဏ လည်းပြတ်ကြသည်။ ခဏခဏလည်းပြန်အဆင်ပြေပြန်သည်။ အဲဒီအချက်တွေကြောင့်ပဲ ငြိမ်းနှင့် ကျွန် တော်ချစ်သူတွေအနေအထားကိုရောက်လာခဲ့တာလို့ဆိုရမည်။ ကျွန်တော်ချစ်ရသောငြိမ်းသည် စတွေ့က တည်းက ချစ်သူရှိနှင့်နေခဲ့ပြီးသားပါ။ ဇင်လင်းမောင်ဟုခေါ်သည့် အင်မတန်အတ္တကြီးသည့် ကောင်နှင့် ချစ်သူဖြစ်နေခဲ့ခြင်းပင်။
အရာရာတိုင်းသည် ကျွန်တော်ကစပြီးဖန်တီးခဲ့သည်တော့မဟုတ်။ ငြိမ်း၏အနေအထား၊ ကျွန်တော့် အပေါ် ယုံကြည်မှုများကို အကြောင်းပြုပြီး ငြိမ်းနှင့်ကျွန်တော် ချစ်သူအဆင့်ကိုရောက်ရှိခဲ့ခြင်းပင်။
“မင်းသွားရဲရင် သွားကြည့် မင်းနဲ့ငါအပြတ်ပဲ”
ငြိမ်း၏ချစ်သူဆိုသည့်ကောင်သည် ငြိမ်းအပေါ်ကိုအမြဲတမ်းထိုကဲ့သို့ ခြိမ်းခြောက်တတ်သည်။ ကျွန်တော် နှင့်စတွေ့ကတည်းကလည်း ထိုအသံကိုကြားခဲ့တာပါ။ ညတော်တော်မှောင်နေပြီ။ ၉ နာရီခွဲလောက်တော့ ရှိပြီပေါ့။ အင်းလျားကန်နားတစ်ဝိုက်မှာ လူတွေစည်ကားလို့နေသော်လည်း ကျွန်တော်လျှောက်လာသည့် လမ်း မှာတော့ လူသူရှင်းလို့နေလေသည်။ အဲဒီမှာပဲ ငြိမ်းတို့ပြသနာတက်နေကြတာပင်။
“ပြတ်လေ ငြိမ်းကဂရုစိုက်ရမှာလား၊ ရှင်က ဘာကောင်မို့လို့လဲ”
“တောက်”
ရှေ့ကလမ်းပိတ်ပြီး အမှောင်ခပ်ကျကျနေရာမှာ ရန်ဖြစ်နေကြခြင်းဖြစ်သည်။ ကျွန်တော်ဆက်လျှောက် ၍အဆင်မပြေ။ သူတို့က လမ်းပိတ်ထားသည်မို့ ရပ်ပြီးကွက်ကြည့် ကွက်ကြည့်သာလုပ်နေမိတော့ သည်။ ဟိုဖက်ကားလမ်းကိုကူးပြီးရှောင်ထွက်သွားဖို့ကလည်းမသွားချင်။ သူတို့ဘာဆက်ဖြစ်မလဲဆိုသည့် စပ်စု ချင်စိတ်ကကြီးစိုးနေမိခဲ့သည်။
“ကောင်းပြီလေ ငါတို့လမ်းခွဲကြတာပေ့ါ”
အဲဒီကောင်က မိန်းကလေး၏ ပြန်အဖြေကိုတောင်မစောင့်တော့ပါ။ တစ်ဖက်ကားလမ်းကိုခပ်သွက် သွက်ပဲကူးသွားကာ အင်းလျားကန်ရှိရာဖက်ဆီကိုတိုးဝင်သွားခဲ့တော့သည်။ မိန်းကလေးကတော့ မိနစ် ပိုင်းလောက်အထိ ငြိမ်သက်တိတ်ဆိတ်ပြီး မတ်တပ်ရပ်နေဆဲ။ ပြီးတော့မှ ငိုသံခပ်သဲ့သဲ့ထွက်လာ ခဲ့ သည်။
“ဒီကောင် တော်တော်ရက်စက်တတ်တဲ့ကောင်ပဲ၊ ကောင်မလေးကိုတစ်ယောက်တည်းထားရက်တယ်၊ အဲလိုကောင်မျိုး မျက်ခွက်ချည်းပဲဆယ်ချက်လောက်ပိတ်ထိုးပစ်လိုက်ချင်တယ်”
ကျွန်တော်တစ်ယောက်တည်း တိုးတိုးလေးရေရွတ်မိပြီး အရှေ့ဖက်ဆီကိုလျှောက်လာတော့သည်။ ကောင်မလေးနှင့်တွေ့တော့လည်း မနေနိုင်မထိုင်နိုင်မေးမိတော့သည်။
“ခင်ဗျား အဆင်ပြေရဲ့လား”
ကောင်မလေးက ကျွန်တော့်ကို ခပ်စိမ်းစိမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။ ညမှောင်နေပြီဆိုသည်ကို အခု မှသတိထားမိဟန်တူပါရဲ့။ ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်နေသည်။ သူရပ်နေသည့်နေရာက မှောင်နေတော့ အလင်းရောင်ကောင်းကောင်းတစ်နေရာကိုသွားဖို့တော့လိုလိမ့်မည်။ ကန်ဘောင်နား ကလွဲရင် ကျန်သည့်နေရာမှာ လူရှင်းနေပြီလေ။ ကျွန်တော်ပြန်မည့် လှည်းတန်းနားမှာတော့ လူစည်ကား နေဆဲမို့ အဲဒီကိုခေါ်သွားချင်လာသည်။
“ဘယ်ပြန်မှာလဲ၊ လှည်းတန်းအထိလိုက်ခဲ့ပါလား၊ ဒီနေရာက လူပြတ်တယ်၊ မိန်းကလေးတစ်ယောက် တည်းမကောင်းဘူး”
“….”
သူဘာမှဆက်မပြောပါ။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိသည်နှင့် ပြောချင်ရာပြောပြီးထွက်လာဖို့ စိတ်ကူးမိတော့သည်။
“အင်းလေ ခင်ဗျားဘဲလာချင်လာမယ်လို့ထင်ပြီးစောင့်နေတာမှလား၊ စောင့်ပါ၊ ကျွန်တော်ကတော့ စေတနာနဲ့ပြောတာ”
သူ့ကိုကျော်ပြီး လေးငါးလှမ်းလောက်အပြီးမှာပဲ သူကကျွန်တော့်ကို ဒီမှာ ဆိုပြီးလှမ်းခေါ်လေသည်။
“ရှင် လှည်းတန်းဖက်ကိုလျှောက်မှာလား”
“ဟုတ်တယ်”
“လိုက်မယ်”
“အိုကေလေ”
ကျွန်တော်တို့ရှိနေသည့်နေရာက အင်းလျားကန်ဘောင်နှင့်လှည်းတန်းကြားမှာမို့ လမ်းလျှောက်၍ ကောင်းသည့်နေရာလည်းဖြစ်လေသည်။ သူစိတ်ညစ်နေမည်မှာအသေအချာပဲမို့ စိတ်ပြေလက်ပျောက် စကားပြောရန် တော့လိုမယ်ဆိုပြီး ကျွန်တော်တွေးမိသည်။ ကောင်မလေးပုံစံမှာ ဒေါသတော်တော် ထွက်နေပုံ။ ထိုအရာလေးကပဲ ချစ်စရာကောင်းလွန်းနေလေသည်။ အသားဖြူဖြူ၊ မျက်နှာပြည့်ပြည့်လေး နှင့်ဆံပင် များက အရုပ်မလေးလိုပျော့အိစင်းနေ၏။ မီးရောင်အောက်ကိုရောက်လာတော့ သူ့အလှက ပေါ်လွင် လာသည်။ မျက်လုံးများလည်းဝိုင်းစက်လို့၊ နှာတံစင်းစင်လေးနှင့် စီးတီးမတ်က အရုပ်မလေးကို သွားပြီး မြင်ယောင်မိ၏။
“ကျွန်တော်က GYM သွားပြီးပြန်လာတာ၊ ဒီလမ်းက လာနေကျတော့မဟုတ်ဘူး၊ ဒီနေ့မှ ပျင်းပျင်းရှိတာ နဲ့ လျှောက်ရင်းခင်ဗျားတို့ကိုတွေ့တာပါ၊ အစတုန်းကတော့ ရှောင်ထွက်သွားမလို့ပဲ၊ ဟိုဖက်ကားလမ်း ကိုကူးပြီးတော့လေ၊ ဒါပေမဲ့ ဘာဆက်ဖြစ်မလဲ ကြည့်ချင်သေးတာနဲ့ စောင့်နေမိတာ”
အမှန်အတိုင်းပဲဝန်ခံလိုက်ပါသည်။ သမီးရည်းစားတွေရန်ဖြစ်ရင် ဘယ်လိုပြသနာရှင်းကြမလဲဆိုသည့် အချက်မှာအလွန်စိတ်ဝင်စားစရာကောင်းသောကိစ္စမဟုတ်ဘူးလား။ သူက ကျွန်တော့်ကိုဘာတစ်ခွန်းမျှ ပြန်မပြော သေးဘဲ နားထောင်လို့သာနေလေသည်။
“မနေ့ကလည်း အမဲအူပြုတ်ဆိုင်မှာအတွဲတစ်တွဲပြသနာဖြစ်သေးတယ်ဗျ၊ အသက်လေးဆယ် ကျော် လောက်တော့ရှိပြီ၊ ကုလားကြီးနဲ့ကုလားမကြီး၊ အမဲအူပြုတ်မှာပြီး စားခါနီးကျမှပြသနာတက်ကြတာ၊ အစ်မကြီးရဲ့ဖေ့စ်ဘုတ်မှာ ပုံလှလှလေးတင်ဖို့အစ်ကိုကြီးကိုရွေးခိုင်းတာလေ၊ အစ်ကိုကြီးက ဘယ်သူ့ ကိုမြူဆွယ်ချင်လို့ အဲလိုပုံတွေတင်ရတာလဲဆိုပြီး စိတ်ကောက်ပြီး မှာထားတဲ့ အမဲအူပြုတ်ကို ဆက် မစားတော့ဘူး၊ ဆိုင်ကလူတွေလည်းများလာ၊ နေရာကလည်းကြပ်လာပြီ၊ သူတို့ကလည်းစိတ်ကောက် နေကြဆဲ၊ ဆိုင်ရှင်လင်မယားလည်း သူတို့ကိုသိပ်မကြည်တော့ဘူး၊ နောက်တော့ အစ်မကြီးက အူကြမ်းတစ်ဖတ်ကိုဇွန်းနဲ့ခပ်ပြီး အစ်ကိုကြီးပါးစပ်ထဲခွံ့ကျွေးလိုက်တယ်၊ စားလေ စိတ်မဆိုးပါနဲ့လို့ လည်းပြောတော့ အစ်ကိုကြီးကစားတယ်၊ ပါးစပ်ကလည်း ဘာမှန်းမသိဘူး၊ ပုံတင်ဖို့ပဲတွေးနေတာပဲ ၊ စိတ်တိုအောင်လုပ်တယ်ဆိုပြီး ပြောလိုက်တော့ ဘေးနားက စားတဲ့သူတွေအားလုံးပြုံးမိကြတယ်၊ ကုလားကြီးက နှုတ်ခမ်းမွှေးကြီးတွေနဲ့ အဲလိုကြီးမူနေတော့ ဘေးကလူတွေသဘောကျကြတာပါ၊ သမီး ရည်းစားတွေပြသနာဖြစ်ရင် အဲဒီလိုဘာမဟုတ်တဲ့ကိစ္စနဲ့ဖြစ်ကြတာများတယ်နော်”
“ထင်လို့ပါ”
“ဘယ်လိုပဲဖြစ်ဖြစ် ညဖက်ကြီး မိန်းကလေးကိုတစ်ယောက်တည်းမထားခဲ့သင့်ဘူးထင်တယ်”
ကျွန်တော် ဆေးသွားထိုးမိပြီထင်ပါရဲ့။ ကောင်မလေး၏မျက်နှာပိုထန်သွားလေသည်။ သူ့ရည်းစား အကြောင်းကို တွေးမိသွားပြီထင်ပါရဲ့။ အမြန်ဆုံးနည်းနှင့်စကားလမ်းကြောင်းလွှဲဖို့ပြင်ရသည်။
“အော် ကျွန်တော်ဘယ်အထိလိုက်ပို့ရမလဲဟင်”
“ရတယ်၊ ငြိမ်း လှည်းတန်းအထိပဲ၊ ဆိုင်ကိုပဲပြန်မယ်”
“ဟုတ်တယ်၊ လှည်းတန်းဘယ်နားလဲ”
“အသစ်ဖွင့်တဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်လေ၊ ဆိုင်နာမည်က ဆောင်တော်ကူး”
“အိုး သိပြီ”
အဲဒီဆိုင်က ကျွန်တော့်အိမ်နားလေး၊ အလုပ်နားလေးမှာတင်ပါ။ အရုပ်များ၊ ဖန်စီနာရီများ၊ ပန်းအိုးများ၊ အမှတ်တရပို့စကတ်ပုံစံများ အစုံရသည်။ ကျွန်တော်နေသည့်တိုက်ခန်းကနေလှမ်းကြည့်ပါက ထိုဆိုင်ကို ခပ်မှိန်မှိန်လေးမြင်ရပါသည်။
“အဲဒီဆိုင်ကခင်ဗျားတို့ဆိုင်လား၊ ဖွင့်ထားတာမကြာသေးဘူးလေ၊ ပစ္စည်းတွေလည်းတော်တော်ချစ်စ ရာကောင်းတယ်လို့ကြားတယ်၊ မရောက်တော့မရောက်ဖူးသေးဘူး၊ အိမ်နဲ့နီးနီးလေးလေ၊ ကျွန်တော်က (….) အိမ်ရာမှာနေတာဗျ၊ ကျွန်တော့်အခန်းက တိုက် (A)၊ ဘယ်ဘက် လေးလွှာဆိုတော့ ခင်ဗျားတို့ ဆိုင်ကို မှိန်မှိန်လေးမြင်နေရတယ်”
ကျွန်တော်နေသည့်လိပ်စာကိုတော့ ပြောမိလိုက်ပြီ။ ဒါဟာ သူ့ကို ကျွန်တော့်အပေါ်ယုံကြည်စေအောင် လုပ်လိုက်ခြင်းလည်းဖြစ်သည်။ ကျွန်တော် သူ့အပေါ်မဟုတ်တာမလုပ်ဘူးဆိုသည်ကို သူသိစေချင် သည်။ ကိုယ်သည် ဂုဏ်သရေရှိအမျိုးကောင်းသားယောင်္ကျားတစ်ယောက်ပါပေါ့။
“အော် ရှင်က အဲဒီအိမ်ရာမှာနေတာလား”
“ဟုတ်တယ်”
သူ ကျွန်တော့်ကို နည်းနည်းတော့ယုံသွားပုံရသည်။
“ဘယ်လိုပဲဖြစ်ဖြစ်တွေ့ရတာဝမ်းသာပါတယ်၊ ကျွန်တော် ဟိန်းဇော်ထင်ပါ”
“ငြိမ်းပါ”
ကျွန်တော် သူ့ကိုလက်ကမ်းပေးလိုက်သည်။ သူကကျွန်တော့်ကမ်းလှမ်းမှုကိုလက်ခံကာ ကျွန်တော် တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ အဲဒီမှာပဲ ပြသနာကစတင်ခဲ့ခြင်းဖြစ်သည်။ ကျွန် တော်တို့နှစ်ယောက်အနားကို ကားတစ်စီးက ဝုန်းခနဲရပ်လာကာ ကားပေါ်ကနေ ငြိမ်း၏ကောင်လေး ဆင်းလာခဲ့၏။ သိပ်မှတ်မိတာပေါ့၊ အဲဒီကောင်ကို။ ချစ်သူကို အမှောင်ထဲမှာတစ်ယောက်တည်းထားခဲ့ ပြီးထွက်သွားတဲ့ကောင်။
“ဟေ့ကောင် မင်းဘယ်ကကောင်လဲ”
သူက ကားထဲကနေ ကမူးရှူးထိုးဆင်းပြီး ကျွန်တော့်တီရှပ်အင်္ကျီကိုဆောင့်ဆွဲကာ ကျွန်တော့်ကိုဆွဲ ထိုးတော့သည်။ ခွပ်ခနဲတစ်ချက်မြည်ပြီး ကျွန်တော့်မျက်နှာ ကြယ်တွေလတွေဖြာသွားခဲ့၏။ သူကတစ် ချက်တည်းနှင့်မကျေနပ်။ ကျွန်တော့်ကို ဆင့်ကာဆင့်ကာထိုးတော့သည်။ လူတစ်ချို့မြင်ပြီး ကွက်ကြည့် ကွက်ကြည့်လုပ်သွားကြသော်လည်း ဘယ်သူ့မှလာတားဖော်ဆွဲဖော်မရ။ ငြိမ်းတစ်ယောက်သာ သူ့ဘဲကို အနောက်ကနေလှမ်းဆွဲလေသည်။
အဲဒီလိုကောင်မျိုးကို မျက်ခွက်ချည်းဆယ်ချက်လောက်ပိတ်ထိုးချင်တာဆိုပြီး ခုနက ကြုံးဝါးခဲ့သည်။ ဒါ ပေမဲ့ တကယ်တမ်းမှာတော့ ကျွန်တော်ကသာ ခံနေရ၏။
“ကြာကူလီကောင်”
သူက ပါးစပ်ကလည်းပြော လက်ကလည်းဆင့်ကာဆင့်ကာဆွဲထိုးသည်မို့ ကျွန်တော်အလူးအလိမ့်ခံ နေရသည်။ နှုတ်ခမ်းစမှာရော၊ နှာခေါင်းမှာရော သွေးများထွက်လာသည်အထိ။ မခံနိုင်တော့သည့်အဆုံး သူ့ကို တွန်းထုတ်ပစ်လိုက်မိသည်။ ငြိမ်းက သူ့ကိုဆွဲနေဆဲမို့ ငြိမ်းရော သူရော ဟန်ချက်ပျက်ကာ ပက်လက်လန်ကျတော့မည့်အနေအထားဖြစ်သွား၏။
“မင်းလွန်နေပြီနော်”
ကျွန်တော် ထိုတစ်ခွန်းပဲပြန်ပြောနိုင်ပြီး သွေးစများကို လက်ခုံနှင့်သုတ်ပစ်နေမိသည်။ ဒါပေမဲ့ သွေး ထွက်နှုန်းကကများနေသည်မို့ တီရှပ်လက်နှင့်ပါသုတ်ရသည်။ ကျွန်တော့်အင်္ကျီစပေါ်တွင် သွေးစသွေးန များ စိုရွှဲလာလေသည်။ ငြိမ်းကတော့ ကျွန်တော့်ကို အားနာသနားသည့် အကြည့်များနှင့်ကြည့်နေ လေသည်။
“မောင် ရှင်လွန်နေပြီနော်၊ အဲဒါကူညီပေးတဲ့သူ၊ ရှင်တော်တော်လွန်နေပြီနော်”
ငြိမ်းက သူ့ရင်ဘတ်ကိုတွန်းထုတ်ပြီး ဒေါသတကြီးပြောနေသည်။ သူက ငြိမ်းလက်ကိုဆတ်ခနဲကိုင်ကာ ကားပေါ်ကိုဆွဲတင်သည်။ ကားမောင်းသူနေရာမှာသူဝင်ထိုင်သည်။ အဲဒီနောက်မှာတော့ ကားကိုဝုန်း ခနဲမောင်းထွက်သွားတော့သည်။ ကျွန်တော့်ကိုတော့ အကြည့်ပြင်းပြင်းတွေနှင့်ကြည့်သွားခဲ့၏။ စားတော့ ၀ါးတော့မည့် ကျားတစ်ကောင်လိုပေါ့။
ငြိမ်းကတော့ ကျွန်တော့်ကိုအားနာနေမှာအသေအချာပါပဲ။ မျက်နှာက ဇီးရွက်လောက်သာရှိတော့၏။
“တောက်”
ကျွန်တော် သက်သက်မဲ့ခံလိုက်ရတာ။ ဒေါသထွက်မိပေမယ့် ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ။ ငြိမ်းကို တော့ ကျွန်တော်အပြစ်မတင်ရက်ပါ။ ချစ်သူနဲ့ရန်ဖြစ်လို့ ချစ်သူက အမှောင်ထဲမှာထားသွားခဲ့တာ၊ ကျွန် တော့်ကို အားကိုးတကြီးနဲ့ လှည်းတမ်းကိုခေါ်သွားဖို့ပြောပြီးလိုက်လာတာ။ လမ်းမှာကျွန်တော်ပြော သမျှ နားထောင်ခေါင်းညိတ်ပေးခဲ့တာ။ ငြိမ်းသည် အပြစ်မရှိသူ သနားစဖွယ်မိန်းကလေးသက်သက်မျှသာ။ ကိုယ့် ရည်းစားဖြစ်သူ၏ ဉပေက္ခာကိုတဒင်္ဂခံခဲ့ရသူသက်သက်သာဖြစ်လေသည်။
ဘုရား၊ ဘုရား။ ထိုခဏတာ အခိုက်အတန့်များကိုကျွန်တော်ဘာလို့အသေးစိတ်အမှတ်ရနေခဲ့တာပါလဲ။ ငြိမ်းနှင့်ပတ်သက်၍ ကျွန်တော့်စိတ်ထဲတွင် တံဆိပ်ရိုက်သလိုစွဲထင်နေခဲ့ရပြီ။ ငြိမ်းသည်ကျွန်တော့်ကို စိတ်ဝင်စားစေခဲ့ပြီ။ ဘာလို့ပါလိမ့်။
“အော် …ငြိမ်းတဲ့လား”
သူ့နာမည်ကိုရေရွတ်လိုက်သည်။
“ငါဘာဖြစ်နေတာလဲ”
လက်ခုံနှင့်သွေးစသွေးနာများကိုကိုသုတ်ပစ်ရင်း စဉ်းစားနေမိသည်။ အမှတ်တမဲ့အရာတစ်ခု အမှတ်တမဲ့ သာပြီးသွား ဖို့ တွေးခဲ့မိသော်လည်း နောက်ဆက်တွဲများပါလာခဲ့လေသည်။ ငြိမ်းနှင့်ကျွန်တော်၏ ပုံပြင်က ထိုအဖြစ်အပျက်မှ အစပြုခဲ့ခြင်းဟု ဆိုနိုင်ပေသည်။
>>>>>