(၆)
လှည်းတန်း၏မနက်ခင်းအသစ်က ပုံမှန်ထက်ထူးခြားမနေခဲ့ပါ။ တံခါးဖွင့်လိုက်သည်နှင့်လမ်းသွားလမ်း လာများပျားပန်းခတ်လှုပ်ရှားနေသည်ကိုမြင်ရမည်။ အစဉ်အလာကြီးမားသော လှည်းတန်းမီးပွိုင့်တွင် ကားများတန်းစီနေသည်ကိုမြင်ရမည်။ ရန်ကုန်တက္ကသိုလ်ဆီကို ဒီပလိုမာတန်းများလာတက်ကြသော ကျောင်းသူ ကျောင်းသားများ အပြေးအလွှားအချိန်လုသွားနေသည်ကိုမြင်ရမည်။ ကျီးကန်းတစ်ချို့ အမှိုက်ပုံနားတွင် ရစ်သီရစ်သီလုပ်နေသည်ကိုလည်းတွေ့ရမည်။ ထိုမနက်ခင်းများကို ကျွန်တော်ဖြတ် သန်းလာသည်မှာအချိန် တော်တော်ကြာပြီလေ။ ဒီနေ့ကတော့ ဆောင်တော်ကူး ဆိုင်ရှိရာဆီကိုကြည့် ဖြစ်သည်။ ခပ်လှမ်းလှမ်း မို့ သဲသဲကွဲကွဲမမြင်ရ။ ဆိုင်မဖွင့်သေးတာတော့ သေချာသည်။ ဆိုင်တံခါးပိတ် ထားတာကိုတော့ ကျွန်တော် မြင်နေရသည်။
ထူးမခြားနားမနက်ခင်းမှာပဲ ငြိမ်းရောက်လာခဲ့ပါသည်။ ထိုအရာသည် မထူးခြားအဖြစ်အပျက်များကို အထူး ခြားဆုံးဖြစ်အောင်ဆောင်ကျဉ်းပေးသောအရာပင်မဟုတ်ပါလား။ မနေ့ညက အမှတ်မထင်တွေ့ရှိခဲ့ သော ကောင်မလေးတစ်ယောက်။ ကျွန်တော်နှင့်ဘယ်တုန်းကမှမသိခဲ့ဖူးသည့် ကောင်မလေးတစ် ယောက် အခု လို အိမ်ပေါ်အထိရောက်လာခြင်းသည် ကျွန်တော့်မျက်နှာပေါ်က ဒဏ်ရာများကြောင့်ဆို သည်ကိုပြောစရာ မလိုတော့ပြီ။ ဆွဲဆောင်အားကောင်းလှသောမိန်းကလေးတစ်ယောက် အိမ်ပေါ်အထိ ရောက်လာသည့် အကြောင်းပြချက်ကဒဏ်ရာများဖြစ်ပါက နေ့တိုင်းသာ ဒဏ်ရာရချင်သည့် စိတ်ဖြစ်မိ လေသည်။
“ဟာ”
တံခါးဖွင့်လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်သည်အထိအံအားသင့်သွားမိလေသည်။ ငြိမ်းနှင့်အတူ အခြား အမျိုးသမီးငယ်တစ်ယောက်ပါတွေ့ရလေသည်။
“ငြိမ်း”
သူ့နာမည်ကို ကျွန်တော်ဘယ်မေ့လို့ရပါ့မလဲ။ မှတ်မှတ်ထင်ထင်အဖြစ်အပျက်ကို လောလောလတ် လတ်ဖြစ်ထားတာပဲလေ။ အပြုံးပန်းတစ်ပွင့်ကို ကျွန်တော်ရလေသည်။ အဲဒီနောက်တော့ ကျွန်တော့် မျက်နှာပေါ်က ဒဏ်ရာများကိုသူမျက်လုံးကစားပြီးကြည့်သည်။ စိုးရိမ်သည့်အမူအရာကို ကျွန်တော်မြင် နေရ၏။ ဘာပဲဖြစ်ဖြစ် သူ့ဂရုစိုက်မှုကို ကျွန်တော်ခံရပြီလေ။ မသိစိတ်က အကျေနပ်ကြီးကျေနပ်နေ မိသည်။ သိစိတ်ထဲတွင်တော့ ဒီကောင်မလေးမှာပိုင်ရှင်ရှိနေတာပါလား၊ ငါနဲ့မဆိုင်ဘူးလေ ဆိုတာကြီး ကိုတွေးနေမိလေသည်။
“ဆိုင်ကိုလာရင်းနဲ့ မနေ့ကကိစ္စတောင်းပန်ရင်း…”
“အိမ်ထဲကိုဝင်ပါခင်ဗျ”
ငြိမ်းရှက်နေပါသည်။ ကျွန်တော်က စကားဖြတ်ရင်းအိမ်ထဲကိုဖိတ်ခေါ်လိုက်သည်။ ဒါမှသူအဆင်ပြေ မယ်ထင်တယ်လေ။ ငြိမ်း၏သူငယ်ချင်းကလည်း ကျွန်တော့်ကိုပြုံးပြသည်။ ကျွန်တော်ဝတ်ထားသည့် တီရှပ်နှင့်ဘောင်းဘီတိုက ငြိမ်းတို့အိမ်ထဲဝင်လာရန် မရှက်ရွံစေသောအနေအထားပါပဲ။ ခါတိုင်းလို မနက် အိပ်ရာ ထလျှင် အင်္ကျီမပါဘဲ ညအိပ်ဝတ်ဘောင်းဘီတိုနှင့်သာဆိုလျှင်တော့ အပေါက်ဝကနေလှည့်ပြန် သွားလိမ့်မည်မှာအသေအချာပါပဲ။
ကျွန်တော်တစ်ယောက်တည်းနေမှန်းသိရင်ကော သူတို့လန့်သွားလေမလားဆိုသည့် စိုးရိမ်စိတ်ကလည်း ဝင်လာပြန်လေသည်။ ဒါပေမဲ့ ဒါဟာအမှန်တရားပဲလေ။
“ကျွန်တော်အဆင်ပြေပါတယ်ဗျ၊ ဘာမှမဖြစ်ပါဘူး၊ ဗွေလည်းမယူပါဘူး”
သည်းခံခြင်းသည် အောင်မြင်ရာ၏ဆိုသည့် နှလုံးကို ငြိမ်း၏မျက်နှာမြင်ကတည်းက စွဲမှတ်ထားလိုက်ပြီ လေ။ အရုပ်မလေးက ဆိုင်ကထွက်ပြီးကျွန်တော့်ကိုစကားလာပြောနေသလားလို့တောင် ငြိမ်းက ကျွန် တော့်အပေါ်ဆွဲဆောင်အားကောင်းလွန်းခဲ့ပြီ။ ဆံပင်ပျော့အိအိလေးများကိုသာ တယူတယကိုင်တွယ် ခွင့်ရရင်သိပ်ကောင်းမှာပဲဟုတွေးပြီး တစ်ဖက်ကလည်း သူများကောင်မလေးပါလားဟု ပြောနေမိလေ သည်။
“အို မဟုတ်တာ၊ ငြိမ်းနဲ့လည်းဘယ်တုန်းကမှမသိဘဲနဲ့ အခုလိုမျိုး ဒုက္ခဖြစ်သွားတာဘယ်စိတ်ကောင်း ပါ့မလဲ၊ တကယ်တောင်းပန်ပါတယ်နော်”
ကျွန်တော့်ဆီကိုငြိမ်းရောက်လာတာဟာ သုခပဲလို့ ကျွန်တော်ခံယူထားခဲ့လေသည်။
“ရပါတယ်၊ ကျွန်တော်စိတ်ထဲမှာမထားပါဘူး၊ သူငယ်ချင်းအသစ်ရဖို့ ကံကြမ္မာက ဒီအဖြစ်အပျက်ကို ဖန်တီးပေးတယ်လို့ပဲထင်ပါတယ်၊ ဒါနဲ့ ကောင်လေးနဲ့ပြန်ပြေလည်သွားကြပြီလား၊ ဘယ်လိုညှိလိုက်ကြ သလဲ”
စကားလုံးများနှင့် နည်းနည်းတော့ချုပ်လိုက်မိသည်။ ငြိမ်းနှင့် ချစ်သူဖြစ်ခွင့်မျှော်လင့်တာထက် သူငယ် ချင်း ဖြစ်ခွင့်က ပိုနီးစပ်တယ်မဟုတ်လား။ ဆိုတော့ကာ ကျွန်တော်ဟာ ငြိမ်း၏အချစ်ဆုံးသူငယ်ချင်း ကောင်း တစ်ယောက်ဖြစ်ခွင့်ရှိတယ်လေ။
“ပြတ်သွားပါပြီ”
“ဟာဗျာ”
ပြတ်သွားဖို့ကိုတော့ ကျွန်တော်တကယ်မျှော်လင့်မထားခဲ့။ ချစ်သူရည်းစားများပြတ်စဲသွားကြသည်ကို တော့ ကျွန်တော်သဘောမကျမိပါ။ ငြိမ်းမှာ ပိုင်ရှင်မရှိတော့ဘူး၊ ချစ်သူမရှိတော့ဘူး ဆိုတာကိုတော့ သဘောကျမိလေသည်။
“အဲဒီလိုလူနဲ့ ဘယ်သူကချစ်သူဖြစ်ချင်မှာလဲ၊ ကိုယ့်အတ္တကိုပဲကြည့်တဲ့သူလေ၊ ထားပါ၊ ဘယ်လိုပဲဖြစ် ဖြစ် ရှင့်ကိုတော့ကျေးဇူးတင်ပါတယ်”
“အာ ရပါတယ်၊ ဒါနဲ့ တစ်ခုခုလိုက်ကျွေးမယ်လေ၊ ကျွန်တော့်အိမ်မှာတော့ တစ်ယောက်တည်းနေ တော့ဘာမှမရှိဘူးဗျ၊ ဆိုင်ကိုလိုက်ကျွေးမယ်၊ အဆင်ပြေလား၊ အဲဒီကနေပြီးတော့မှ ငြိမ်းတို့ဆိုင်ကို သွားပေါ့၊ အဆင်ပြေရင် ကျွန်တော်လိုက်လည်မယ်လေ”
ကျွန်တော့်စကားများ အပြုအမူများက နည်းနည်းများလွန်ရာကျမလားတွေးမိသည်။ ငြိမ်းနှင့်အတူတူ မနက်စာစားမည်၊ ငြိမ်းတို့ဆိုင်ကိုလိုက်လည်မည် ဒီအဖြစ်အပျက်ကိုငြိမ်းလက်ခံပါ့မလား။
“အိုကေလေ”
သဘောတူလက်ခံမှုကိုရအပြီးမှာတော့ ကျွန်တော်တို့မနက်စာအတူစားဖြစ်ကြသည်။ လှည်းတန်းက အိုင်တီလက်ဖက်ရည်ဆိုင်မှာသွားစားကြသည်။ စကားတွေပြောဖြစ်ကြသည်။ ဦးထွန်းလင်းခြံလမ်းထဲ မှာ လက်ကမ်းစာစောင်တွေဝေတဲ့အကြောင်း၊ အမှိုက်ပုံးတွေထားပေးလို့လမ်းမှာ အမှိုက်တွေရှင်းလင်း သွားတဲ့အကြောင်း၊ လှည်းတန်းမှာ အမှိုက်အရမ်းပေါတဲ့အကြောင်း၊ ကားကြပ်တဲ့အကြောင်းနှင့် လူတွေ စည်းကမ်းမရှိအမှိုက်ပစ်တဲ့အကြောင်းတွေစုံလို့ပါပဲ။
ပြီးတော့ အစားအသောက်အကြောင်းဆီရောက်သွားပြန်သည်။ ဆီတွေမသန့်တဲ့အကြောင်း၊ အစားအ သောက်တွေထဲမှာ ဆီတွေအိုင်အောင်ထည့်ပြီးရောင်းကြတဲ့အကြောင်း၊ လှည်းတန်းနားတစ်ဝိုက်မှာ အလုပ်လာလုပ်တဲ့ဝန်ထမ်းတွေအကြောင်းလည်းပါလေသည်။
“ကိုဇော်ထင်ကဘာလုပ်တာလဲ”
ကျွန်တော့်အလုပ်ကို ငြိမ်းက စိတ်ဝင်တစားမေးလေသည်။ အခုဆိုရင် ငြိမ်းနှင့်ရော၊ ငြိမ်း၏သူငယ်ချင်း နှင့်ပါ အတော်အသင့်ရင်းနှီးနေပြီလေ။ ငြိမ်းသူငယ်ချင်းနာမည်က အိသဲချိုတဲ့။
“ဒီဂျစ်တယ်မာကတ်တာ”
ကျွန်တော်လုပ်နေသည့်အလုပ်နှင့် ငြိမ်းတို့လိုအပ်နေသည့် အလုပ်က ကွက်တိဖြစ်လေခဲ့တာ ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ဆုံဆည်းရင်းနှီးဖို့ အကြောင်းဖန်ပေးခဲ့ခြင်းပင်။ ငြိမ်းတို့၏ဆိုင်က အခုမှစပြီး ဖွင့်တာ ဆိုတော့ ကျွန်တော့်လိုမျိုး ဒီဂျစ်တယ်မာကတ်တင်းလုပ်ပေးမယ့်သူလိုအပ်နေတာပေါ့။ လက်ရှိ မြန်မာနိုင်ငံမှာက ဆိုရှယ်မီဒီယာအရမ်းရေပန်းစားနေတယ်လေ။ အဲဒီအထဲကမှ ဖေ့စ်ဘုတ်ကို မသုံးရရင် မနေနိုင်လောက်အောင်ဖြစ်နေတဲ့သူတွေအများကြီးမှ အများကြီးပါပဲ။ ဖေ့စ်ဘုတ်မှာ ပေါက်အောင် ကြော်ငြာပေးဖို့က ကျွန်တော်တို့လို ဒီဂျစ်တယ်မာကတ်တာတွေအလုပ်ပဲမဟုတ်ပါလား။
“ကုန်ပစ္စည်းတွေကို အွန်လိုင်းမှာကြေညာပေးတယ်၊ ဖေ့စ်ဘုတ်မှာလူတွေအများကြီးကြည့်အောင် လုပ်ပေးတယ်၊ Like များများရအောင် Boost လုပ်ပေးတယ်၊ လူအဖတ်များစေတဲ့ ကြော်ငြာစာသား လေးတွေရေးပေးတယ်၊ အဲလိုမျိုးလုပ်တာပေါ့၊ ကျွန်တော်တို့ကုမ္ပဏီလည်း လှည်းတန်းမှာပဲလေ”
“ကျွန်မတို့ဆိုင်ကိုရော ကူညီပေးပါလား”
အိသဲချို၏ စကားကြောင့် ငြိမ်းကကျွန်တော့်ကို အားတုံ့အားနာနှင့်ကြည့်လေသည်။ အရုပ်မလေး၏ ထို အကြည့်ကို ကျွန်တော်ရင်ခုန်မိ၏။
“ဘယ်လိုကူညီရမလဲပြောပါ”
“ဆိုင်ကအသစ်ဖွင့်ခါစဆိုတော့ လက်ကမ်းစာစောင်ဝေပြီးကြော်ငြာတာ၊ ဖေ့စ်ဘုတ်မှာ Boost လုပ်တာ လောက်ပဲသိတယ်၊ ဆိုင်ကိုလူသိများဖို့ လူတွေများများလာဝယ်ဖို့ဘယ်လိုလုပ်ရမလဲ”
“ကျွန်တော်တတ်သလောက်မှတ်သလောက်ကူညီပေးပါ့မယ်၊ လောလောဆယ်တော့ ဆိုင်ကိုလိုက် လည်မယ်လေ၊ ဘယ်လိုလုပ်ရမလဲဆိုတာလည်းတစ်ခါတည်းသိသွားအောင်ပေါ့”
အကြောင်းရင်းတစ်ခုမရှိဘဲနှင့်ငြိမ်းနှင့်ကျွန်တော် ရက်ရှည်ကြီးဘယ်လောက်ထိပတ်သက်နိုင်မှာလဲ။ အဲဒီ တော့ ငြိမ်းတို့ဆိုင်ကို ဒီဂျစ်တယ်မီဒီယာပေါ်တွင်ပေါက်အောင်၊ အောင်မြင်အောင်၊ လူသိများအောင် လုပ်ပေးရန် အကြောင်းပြချက်ကြီးတစ်ခုက ကျွန်တော်တို့နှစ်ယောက်ကို အနီးစပ်ဆုံးအနေအထားဖြစ် အောင်လုပ်ဖို့ အကြောင်းဖန်လာခဲ့သည်ပင်။
“ဆိုင်ကပစ္စည်းတွေကို အိမ်တိုင်ရာရောက်ပို့တဲ့စနစ်လုပ်ပေးလား”
ငြိမ်းတို့၏ဆိုင်ကို လက်ကမ်းစာစောင်ကနေတစ်ဆင့် ကျွန်တော်သိခဲ့သည်။ ဆိုရှယ်မီဒီယာပေါ်တွင် တော့ ဒီထက်ပေါက်အောင်လုပ်ဖို့လိုနေသည်ဟုထင်မိသည်။
“လုပ်ပေးတယ်၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့နှုန်းထားတစ်ခုအထိဝယ်မှပို့ပေးတယ်၊ နှစ်သောင်းကျော်ဖိုး ဝယ်မှပို့ပေးတယ်၊ ဒါတောင် ရန်ကုန်တွင်းပဲ”
ငြိမ်းတို့ဆိုင်ကပေးသည့် ဝန်ဆောင်မှုများ၊ ဆိုင်မှာရောင်းသည့်ပစ္စည်းများ၏ အားသာချက်၊ အားနည်း ချက်များကို သိအောင်အရင်လုပ်ထားရန်လိုအပ်သည်မို့ ဟိုဟိုဒီဒီလိုက်မေးမိသည်။ ငြိမ်းတို့သူငယ် ချင်းသုံးယောက် ပေါင်းပြီးဖွင့်ထားသည့်ဆိုင်လေးတဲ့။ ဆောင်တော်ကူးဆိုင်လေးက ချစ်စရာကောင်း သည်။ အဲဒီလိုပဲဆိုင် ရှင်ကောင်မလေး ငြိမ်းလည်းချစ်စရာကောင်းပါသည်။
ဆိုင်ကိုရောက်တော့ နောက်ထပ်သူငယ်ချင်းတစ်ယောက်ဖြစ်သည့် မေသန့်နှင့် ခင်မင်ခွင့်ရသည်။ မေသန့် ရယ်၊ ငြိမ်းရယ်၊ အိသဲချိုရယ် သုံးယောက်စလုံးက ကျွန်တော့်ကိုဖော်ဖော်ရွေရွေပဲဆက်ဆံပါသည်။ သူ တို့ဆိုင်ကို အရောင်းတက်အောင်လုပ်ပေးမည့်သူတစ်ယောက်လိုလည်း အားကိုးကြသည်။ အဲဒီအား ကိုးမှုကိုပဲ ကျွန်တော်နှစ်သက်သည်။ အထူးသဖြင့် ငြိမ်း၏အားကိုးမှုကိုပိုလိုလားသည်။ သူတို့ကျွန် တော့်ကိုအထင်ကြီးထားသလိုပဲ လုပ်ပြဖို့လည်းစိတ်ကူးမိပါသည်။ ဒီဂျစ်တယ်မာကတ်တင်းဆိုတာ ကျွန်တော့အသက်မွေးဝမ်းကျောင်းအလုပ်မို့ အရမ်းကြီးမခက်ခဲပါ။
“ကျွန်တော် နောက်နေ့ဆိုင်လာခဲ့ပါဦးမယ်၊ ဘာဆက်လုပ်ကြမလဲ စဉ်းစားကြတာပေါ့”
ငြိမ်းတို့၏ဆိုင်တွင် နာရီဝက်လောက်နေပြီး ပြန်လာတော့ ငြိမ်းက ဆိုင်ရှေ့ထိထွက်ပြီးလိုက်ပို့သည်။ မနက်ဖြန်ပဲ သူတို့ဆိုင်ကိုတစ်ခေါက်ထပ်လာဖို့ ကျွန်တော်စိတ်ကူးမိပါသည်။ ဆိုင်ရှင်အရုပ်မလေးကို ကျွန်တော် ဝယ်ချင်နေပြီ။ ပိုင်ရှင်မရှိတုန်း၊ ဝယ်မယ့်သူလွတ်နေတုန်း ကျွန်တော်အမိအရဝယ်ယူဆုတ် ကိုင်ထားမှဖြစ်မည်။ ကျွန်တော့်ဆန္ဒတွေပြည့်ဝဖို့အတွက် ငြိမ်းနှင့်အမြဲအတူရှိနေဖို့လိုအပ်တယ်လေ။
“ကျေးဇူးတင်ပါတယ်နော်”
သူ၏ခပ်ချွဲချွဲကျေးဇူးတင်သံလေးက ကျွန်တော့်နားထဲကို သကာရည်လောင်းထည့်သလို အီဆိမ့်သွား ခဲ့လေသည်။
“ရပါတယ်၊ ကျွန်တော်တို့နှစ်ယောက် ဒီထက်ပိုပြီးရင်းနှီးဖို့ ကံကြမ္မာက အကြောင်းဖန်ပေးခဲ့တာကိုပဲ ကျွန်တော်လည်းကျေးဇူးတင်နေတာ”
“ဟင်”
“ကျွန်တော် ငြိမ်းနဲ့အရမ်းခင်ချင်ပါတယ်”
ကျွန်တော့်စကားဘယ်အထိသဘောပေါက်သွားသလဲ ကျွန်တော်တွေးမနေတော့။ ပြောချင်တာပြော လိုက်ရ၍ကျေနပ်နေတော့တာပါပဲ။
“ဒဏ်ရာတွေ ဂရုစိုက်ဦးနော်” တဲ့။ ကျွန်တော့်ကိုနှုတ်ဆက်ရင်းလှမ်းမှာသည့် စကားသံလေး ဘယ်မေ့လို့ ရတော့မှာလဲလေ။ ပျို့မှာတမ်းကို မောင်ကြီးဘယ်မှာ မေ့ရက်ပါ့မလဲငြိမ်း။ ခဏတာအခိုက်အတန့်မှသည် ထာဝရတာဖြစ်လာရန် အကြောင်းဖန်လာသည့်အခါ ကျွန်တော် အဘယ်မှာ လက်လွှတ်ချင်အံ့မည်နည်း။
ငြိမ်းနှင့် ကျွန်တော်၏တွေ့ဆုံးခြင်းဇာတ်လမ်းသည် အဲဒီလိုအစပျိုးခဲ့တာပါ။ သာယာ ဖြောင့်ဖြူးတာမျိုး ရှိလိုက် မုန်တိုင်းထန်လာလိုက်တော့ ခဏခဏကြုံရပါရဲ့။ ဒါပေမဲ့ ကျွန်တော်ကျေနပ် ခဲ့တာပါပဲ။
ကုန်ပစ္စည်းများကို အွန်လိုင်းပေါ်တွင် ဘယ်လိုကြေညာမလဲ၊ လူတွေအများကြီးဖတ်ချင်သည့်စာသားဖြစ် အောင်ဘယ်လိုလုပ်မလဲ ဆိုသည့် ငြိမ်းတို့လိုချင်သောပစ်မှတ်ကို ထိအောင်ပစ်နိုင်ဖို့ နောက်နေ့မှာပဲ ဆောင် တော်ကူးဆိုင်လေးဆီကို ကျွန်တော်ရောက်သွားဖြစ်ခဲ့ပါသည်။ ကျွန်တော့်အလုပ်က ထမင်းစား နားသည့်အချိန်လေးပေါ့။
“ကျွန်တော်ကံကောင်းပါစေငြိမ်းရေ၊ အရုပ်မလေးကို ပိုင်ဆိုင်ချင်နေပြီ”
အိပ်မပျော်သောညတစ်ညကို ကျွန်တော်ပိုင်ဆိုင်ခွင့်ရလေသည်။ နောက်တစ်နေ့မှာငြိမ်းနှင့်ဘာတွေဆက် ဖြစ်လာမလဲဆိုသည်ကိုတွေးရင်းပေါ့။ ဇာတ်လမ်းက ကျွန်တော်ထင်သလောက်တော့ ငြိမ်မနေခဲ့ပါ။ ဗီ လိန်က ရက်စက်လွန်းစာပါဝင်ခဲ့သည့်အခါတွင်တော့။
>>>>>