“မြူခိုးရယ်…ဝေ” အပိုင်း (၇)

(၇)

“ဖေ့စ်ဘုတ်မှာ ကုန်ပစ္စည်းတွေကိုကြော်ငြာပြီး လူသိစေဖို့ကမခက်ပါဘူး၊ ဒါပေမဲ့ ကိုယ့်ပစ္စည်းရဲ့ အကြောင်းကို လူများများဖတ်ဖို့၊ ကြည့်ဖို့က အဓိကကျတယ်လေ”

ကျွန်တော့်စကားကို ငြိမ်းတို့သုံးယောက်လုံးလက်ခံလေသည်။ ထိုအလုပ်နှင့်အသက်မွေးဝမ်းကျောင်းလုပ် နေသောသူမို့ ကျွန်တော်သည် သူတို့ကိုဆရာလုပ်ပိုင်ခွင့် အပြည့်အဝရရှိခဲ့၏။ ငြိမ်းတို့လုပ်ငန်းငယ်က လေး တိုးတက်စေချင်သောစေတနာလည်းအပြည့်ရှိခဲ့ကာ သူတို့အတွက်ပံ့ပိုးလိုသည့်အာသီသလည်းပြင်း ထန်ခဲ့သည်ဟုဆိုရပေမည်။

“ဆောင်တော်ကူးဆိုင်က ပစ္စည်းတွေကချစ်စရာကောင်းတယ်၊ လူကြိုက်များမယ့်ပစ္စည်းတွေပေါ့၊ ဒါကို လူများများသိဖို့ဆိုရင် ပစ္စည်းတွေရဲ့အားသာချက်ကိုအရင်ပြောပြဖို့လိုတယ်”

“အားသာချက်တွေကိုတော့ သိတယ်၊ ကိုယ့်ဆိုင်ကပစ္စည်းတွေဘာကောင်းတယ်၊ ဘယ်လိုအရည် အသွေးရှိတယ်ဆိုတာတွေကို ကောင်းကောင်းနားလည်တယ်၊ ဒါပေမဲ့ ဆိုရှယ်မီဒီယာ အထူးသဖြင့် ဖေ့စ်ဘုတ်မှာကြော်ငြာမယ့်ဟာကိုတော့ သိပ်မသိဘူး”

မြန်မာနိုင်ငံ၌ ဆိုရှယ်မီဒီယာဆိုပါက ဖေ့စ်ဘုတ်ပေါ်ကိုပဲ အကုန်စုပြုံပြီးရောက်နေသုံးနေကြသည်မို့ ဖေ့စ်ဘုတ်တွင်လူသိများရင်ကို တော်တော်ဟုတ်နေပြီ။ ဒါကြောင့် ကျွန်တော်တို့ အလုပ်မှာလည်းဖေ့စ် ဘုတ်အတွက်ပဲအဓိကထားပြီး အလုပ်လက်ခံရသည်ကများလေသည်။ အချို့လုပ်ငန်းများက ကိုယ်ပိုင် ဝက်ဘ်ဆိုက်လည်းရှိမနေ။ ဆိုရှယ်မီဒီယာနှင့်ပင် လုပ်ငန်းတစ်ခုလုပ်နိုင်ပြီဟုအမှတ်နှင့် Content (ကြော် ငြာစာ) များလာအပ်ကြသည်လည်းဒုနှင့်ဒေး။

“အများကိုဆွဲဆောင်နိုင်တဲ့ စာနဲ့ပုံတွဲရက်တင်ဖို့ ဘာလိုမလဲ၊ ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုဖိုင်ဘယ်လို တင်မလဲဆိုတဲ့အချက်တွေကို နားလည်ရင်ဆိုရှယ်မီဒီယာမှာ လူတွင်ကျယ်လုပ်လို့ရပြီဗျ၊ ဒီဆိုင်ကပ စ္စည်းတွေကို တစ်နေ့တစ်မျိုးမရိုးအောင်တင်လို့ရပြီ၊ တစ်ခါတစ်လေစာနဲ့ပုံတင်လိုက်၊ တစ်ခါတစ်လေ တော့ ဗီဒီယိုဖိုင်လေးတင်လိုက်ပေါ့”

သူတို့ဆိုင်မှပစ္စည်းများကိုကြော်ငြာပေးရမည်ဆိုပါက ပရောဂျက်အပေါ်လိုက်ပြီး ဒေါ်လာထောင်ချီ တောင်း၍ရသည်။ ကုမ္ပဏီအနေနှင့် ပရောဂျက်အအပ်ခံပြီးပိုက်ဆံရမည့်အလုပ်ဆို သော်လည်း ကျွန်တော်ကတော့ ငြိမ်း၏ဆွဲဆောင်အားနှင့်အခမဲ့ပေါ့။

“အွန်လိုင်းပေါ်မှာကြော်ငြာမယ်ဆိုရင် အရင်ဆုံးခေါင်းစဉ်ကိုစဉ်းစားရမှာပေါ့၊ ဖေ့စ်ဘုတ်ပွတ်နေတဲ့ လက်၊ ကွန်ပျုတာရွှေ့နေတဲ့မောက်စ်တွေကို ဖျတ်ခနဲရပ်ပြီး ကိုယ့်ကုန်ပစ္စည်းကြော်ငြာကိုဖတ်နိုင်စေတဲ့ ခေါင်းစဉ်ဖြစ်ဖို့ ပထမဆုံးအချက်ပဲ၊ ဆိုတော့ ခေါင်းစဉ်ဟာတိုတိုတုတ်တုတ်၊ ရှင်းရှင်းလင်းလင်းဖြစ်ရ မယ်၊ ဖတ်လိုက်တာနဲ့ ဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်ဖြစ်ရမယ်တဲ့ အလွယ်ဆုံးနည်းနဲ့ပြောရရင် ဖတ်တဲ့သူ ကိုသုံးစက္ကန့်အတွင်းဆွဲဆောင်နိုင်တဲ့ ခေါင်းစဉ်ဖြစ်ရမယ်လို့ ကျွန်တော်တို့ကသတ်မှတ်ထားတယ်ဗျ၊ ပုံမှန်မဟုတ်တဲ့အကြောင်းအရာလေးတွေကို စိတ်ဝင်စားအောင်ပြောတာမျိုးပေါ့”

ဖေ့စ်ဘုတ်သုံးရာမှသည် လုပ်ငန်းတစ်ခုလုပ်နိုင်သည်အထိ တွင်ကျယ်လာသည့် Content Marketing အခြေခံကိုတော့ ငြိမ်းတို့နားလည်အောင်သေသေချာချာရှင်းပြဖြစ်ပါသည်။ ကျန်သည့်အစိတ်အပိုင်းများ ဖြစ်သည့် ဒီဂျစ်တယ်မာကတ်တင်းအပိုင်းကတော့ ကျွန်တော်လုပ်ဆောင်ပေးမည်မို့ ပြသနာမရှိပါ။

“ကိုယ်က ကိုယ့်ပေ့ချ် (Page) ပေါ်မှာ ပစ္စည်းတစ်ခုတင်ရောင်းတော့မယ်ဆိုပါစို့၊ ပစ္စည်းနဲ့ပတ်သက်တဲ့ စာ နဲ့ပုံရေးရတော့မယ်၊ ဒီတော့ စာက လိုရင်းတိုရှင်းဖြစ်ရမယ် ထိမိရမယ်၊ ပြီးတော့ စာရဲ့အဆုံးမှာ CTA (Call to Action) ထည့်ရမယ်ပေါ့၊ ပစ္စည်းပုံရိုက်တင်တဲ့နေရာမှာလည်း အများနဲ့မတူတဲ့ အမြင်ဆန်းတဲ့ရှု တောင့်ကနေဖြစ်ရမယ်၊ ဉပမာ ပန်းအိုးလေးတစ်အိုးကိုရိုက်မယ်ဆိုပါစို့ ဘေးတိုက်ရိုက်မယ့်အစားအပေါ် စီးကရိုက်တာမျိုး၊ ပန်းပွင့်ကို Focus ဖြတ်ပြီး အိုးကိုဝါးပေးလိုက်တာမျိုး အစရှိသည်ဖြင့် ကြည့်လိုက်ရတဲ့ သူအပေါ်ဖျတ်ခနဲတစ်ချက်မှာ ဖမ်းစားနိုင်တာမျိုးပေါ့”

Content ရေးသည့်အခါ မမှားသင့်ဆုံးသော အမှားများ ကို ပြောပြဖြစ်သည်။

“မြန်မာစာရေးတတ်တယ်၊ အတွေ့အကြုံလည်း နှစ်နှစ်သုံးနှစ်ရှိတယ်၊ Brand တွေလည်းတော်တော်များ များကိုင်ဖူးတယ် ဆိုရုံနဲ့ Content ရေးတတ်ပြီလို့ ကျွန်တော်ကတော့ မသတ်မှတ်ပါဘူး၊ နံပါတ် (၁) စာလုံးပေါင်းလုံးဝမမှားအောင် ဂရုစိုက်ရပါမယ်၊ အစဥ်အမြဲကို အဆင်အမြဲ၊ Thank you ကို Thanks you, ပညာတတ် ကို ပညာတက်၊ ကျောင်းတက် ကို ကျောင်းတတ်၊ စော်(ကောင်မလေး) ကို ဆော်၊ မဟုတ်ဘဲ ကို မဟုတ်ပဲ၊ အဖက်လုပ် ကို အဖတ်လုပ်၊ အသုပ် ကို အသုတ် အစရှိသည်ဖြင့် တက်တက်စင်အောင်မှားရေးတာမျိုးတွေ အများကြီးမှ အများကြီး ပါပဲ။ ကိုယ်ရေးတာမသေချာရင် စာလုံးပေါင်းသတ်ပုံကျမ်းတွေကြည့်နိုင်ပါတယ်။ စာလုံးပေါင်းမှားတာမျိုး က Content ရေးတဲ့သူအတွက် မဖြစ်သင့်ဆုံးအလုပ်ပေါ့”

ထိုစကားအဆုံးတွင် “ဟဲ့ ပြသနာပဲ ငါက ကမ္ဘာပေါ်မှာစာလုံးပေါင်းအမှားဆုံးသောလူသားလေ၊ တော်ပြီ page ကိုင်တဲ့အလုပ်ငါမလုပ်ဘူး” ဟူသည့်စကားသံထွက်ပေါ်လာလေသည်။ ကျွန်တော်ပြုံးမိလေသည်။ ငြိမ်းကတော့ ကျွန်တော့ကို ရွှန်းရွှန်းစားစားကြည့်ကာ ကျေနပ်နေသည့်ဟန်အပြည့်ဖြင့်ပင်။

“နံပါတ် (၂) ဗန်းစကားတွေ ပြွတ်သိပ်နေအောင်သုံးတာမျိုးမလုပ်ပါနဲ့၊ ပို့စ်တွေမှာ ဗန်းစကားတွေ သုံးတာ ကိုစာဖတ်သူတော်တော်များများကမကြိုက်တော့ပါဘူး၊ ဒါကိုသတိပြုမိပြီး ဗန်းစကားတွေကို လိုအပ်သ လောက်သာသုံးသင့်ပါတယ်၊ အထူးသဖြင့် ခေါင်းစဥ်မှာ ချိမတို့ ချိဖတို့ရေ.. အသည်းလေးတို့ ..အချော လေးတို့..ချစ်တို့ရေ…စတာမျိုးတွေက ရိုးသွားတဲ့အချိန်ရောက်နေပါပြီ၊ (၃) ခေါင်းစဥ် အရှည်ကြီး မပေးပါနဲ့၊ ဒီဂျယ်တယ်ခေတ်မှာ အချိန်ရှားပါတယ်။ ခေါင်းစဥ်ရှည်ရှည်ဆို တော်တော်များ များက မဖတ် ဘဲကျော်သွား တာမျိုး ၁၀ ခေါက်မှာ ၉ ခေါက်လောက်ကြုံဖူးတာမို့ ခေါင်းစဥ်ရှည်ရှည်ပေးတာမျိုး ကိုအားမပေးချင်ပါ ဘူး၊ လိုတိုရှင်းနဲ့ ခဏတာမြင်လိုက်တဲ့အချိန် ဆက်ပြီးဖတ်ချင်လာအောင် ဆွဲဆောင် မှုရှိလွန်းတဲ့ခေါင်းစဥ်တို သာဖြစ်သင့်ပါတယ်၊ (၄) အချက်ကတော့ ကာစတန်မာကိုဆွဲဆောင်ဖို့ Sexy စကားလုံးတွေလုံးဝမသုံးပါနဲ့နော်၊ ဒါမျိုးပို့စ်တွေကတော့ လူသတိထားမိတာများပေမယ့် Content သမားအချင်းချင်းမှာတော့ အထင်ကြီး မှု လျော့ကျစေတာအမှန်ပါပဲ၊ Customer တွေကို ဆွဲဆောင်ဖို့ Sexy word တွေသုံးတာထက် ကိုယ့်ပစ္စည်း အကြောင်းကို Simple word လေးတွေနဲ့ရှင်းပြ တာကပိုမကောင်းဘူးလား”

သူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပြန်သည်။ ထိုစဉ်တွင်ပဲ အပြင်ဖက်ဆီမှအသံတစ်ခုခု ကြားလိုက်ရသည်။

“နေဦး…ငါထွက်ကြည့်လိုက်မယ်”

အိသဲချိုက ပြောရင်းမှ ဖျတ်ခနဲထကာ ဆိုင်အပြင်ဆီထွက်သွားပြီးမျက်စိမျက်နှာပျက်လျှက်ပြန်ဝင်လာ လေသည်။ အားလုံးက သူ့မျက်နှာကို မမှိတ်မသုန်စိုက်ကြည့်နေရင်းမှပင် သူက စကားဆိုသည်။

“ဇင်လင်းမောင်ရောက်နေတယ်”

“ဟင်”

ကျွန်တော်ကသာ ဟင်ခနဲဖြစ်သွားသော်လည်း ကျန်သူများက အေးအေးလူလူပြန်ဖြစ်သွားကြသည်။

“ဆက်ပြောပါ ဇော်ထင်၊ သူ့ကိုဂရုမစိုက်နဲ့၊ ဒီမှာ အာရုံတွေအရမ်းရနေပြီ”

“ဟုတ်တယ်၊ ဆက်သင်ပါ”

သူတို့က ကျွန်တော့ကိုအားနာ၍ပဲလားမပြောတတ်။ ကျွန်တော်တွန့်ဆုတ်နေမိသော်လည်း တောင်းဆိုမှု ကြောင့် ဆက်ပြောပြဖြစ်လေသည်။

“နံပါတ် (၅) ကတော့ Content Calendar ဆွဲရမှာပါ၊ အနည်းဆုံးတစ်ပတ် သို့မဟုတ် တစ်လလောက်ကြိုပြီး Content Calendar ဆွဲပြီး အိုင်ဒီယာတွေစဥ်းစား Visual တွေလုပ်ထားသင့် ပါတယ်၊ အကောင်းဆုံးကတော့ တစ်ပတ်နှစ်ပတ်စာလောက်ကြိုတင်ပြီး Content တွေဖန်တီး Schedule ထားသင့်ပါတယ်၊ ပြီးမှ နေ့စဥ် Update and Adjust လုပ်စေချင်ပါတယ်၊ နောက်ဆုံးအချက်နံပါတ် (၆) ကတော့ ဝါကျအထားအသိုတက်တက်စင်အောင်လွဲမနေဖို့ပါပဲ၊ ဝါကျအထားအသိုနည်း နည်းလေးမှား တာနဲ့ ပြောင်းသွားလိုက်တဲ့ အဓိပ္ပယ်ကမြင်မကောင်းဘူးရယ်နော်၊ ဒါကြောင့် ကိုယ်ရေးတဲ့ စာကို အနည်းဆုံးသုံးခေါက်လောက်တော့ ပြန်ဖတ်စေချင်ပါတယ်”

ထို့နောက် ခေါင်းစဉ်တပ်ရန် အိုင်ဒီယာရှာနည်းဆီကို ဆက်သွားရန်ပြင်သည်။ သို့သော်

“အစ်မ”

ကျွန်တော်တို့ရှိနေသည့်နေရာသို့ ဝန်ထမ်းကောင်မလေးဝင်လာခဲ့သည်။

“တောင်းပန်ပါတယ်၊ ဆိုင်ရှေ့မှာ ဟိုအစ်ကိုကြီးက အတင်းနှောက်ယှက်နေလို့”

ပြောပြနေသည့်အရှိန်ကရပ်တန့်သွားတော့သည်။

ငြိမ်းကဆက်သင်ဟုဆိုလာပါကလည်း ကျွန်တော့အာရုံကိုပြန်လည်စုစည်းရန်မဖြစ်နိုင်တော့။ အားလုံး ကလည်း ကျွန်တော့ကိုအားနာကြောင်းမျက်ရိပ်မျက်ကဲဖြင့်ပြနေတော့သည်။

“ငြိမ်းထွက်တွေ့လိုက်တာကောင်းမယ်”

ငြိမ်းကို ထင်မြင်ချက်ပေးမိလေသည်။ အမှန်တော့ သူတို့ကိစ္စ သူတို့ဆုံးဖြတ်ရမည်မဟုတ်ပါလား။ ငြိမ်းတို့ သူငယ်ချင်းသုံးယောက်က တီးတိုးတီးတိုးလုပ်ကြပြန်သည်။ သို့သော်လည်း သူတို့စကားများကို ကျွန် တော်က အတိုင်းသားကြားနေရသည်ပင်။

“ငြိမ်း နင်ဘယ်လိုလုပ်ချင်လဲ”

“ငါမှမတွေ့ချင်တာ”

“ဟဲ့ ငါတို့လည်းမတွေ့ချင်ဘူးလေ”

“နင်တို့တစ်ယောက်ယောက်ထွက်တွေ့ပေးတာ ပိုမကောင်းဘူးလား”

“မကောင်းဘူး အဲကောင်ကိုကြည့်လို့မရဘူး”

“အေး ငါလည်း အဲအကုသိုလ်ကောင်ကို တစ်ချက်မှ မျက်နှာချင်းဆိုင်ချင်တာမဟုတ်ဘူး”

“ငါလည်းတူတူပဲ”

“ဟဲ နင့်ရည်းစားလေ”

“မဟုတ်တော့ဘူးလေ အခု”

“မရဘူး သွားတွေ့ဟာ”

“ဟိုဟာလေ…”

ကျွန်တော် မဝံ့မရဲပင်ပြောဖို့ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော်တို့၏ လက်ချာက ဆက်၍မဖြစ်တော့ သည်မို့ ဝင်လာသည့်ပြသနာကို အတူတူရင်ဆိုင်သင့်သည်မဟုတ်ပါလား။ ကျွန်တော်ပြောမည့်အကြောင်း အရာကို အားလုံးက စိတ်ဝင်တစားနားထောင်နေပြန်လေသည်။

“ကျွန်တော်….ကျွန်တော် ထွက်တွေ့ပေးရမလားလို့ပါ”

“ဟာ”

အားလုံးသံပြိုင်အော်လိုက်ကြသည်။ ပြသနာတက်မည်ကို သူတို့အတပ်သိနေသည်လေ။ ဇင်လင်းမောင် ဆိုင်ထဲတော့ဝင်မလာသေးပါ။ အိသဲချိုတို့ကိုပဲ ကြောက်၍လားမပြောတတ်။ ကိုယ့်ချစ်သူက ဆိုင်ထဲတွင် ရှိနေမှန်းသိရက်နှင့် ဝင်မခေါ်ပုံထောက်တော့ ပြသနာတစ်ခုခုတော့ရှိနေရမည်လေ။ ထိုပြသနာမှာ ငြိမ်း နှင့်မဟုတ်သည့်တိုင် ဆိုင်ကိုတစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော ငြိမ်းသူငယ်ချင်းများနှင့်လည်းဖြစ်နိုင်ရန်အ ခွင့်အလမ်းများလေသည်။

“မဖြစ်ဘူးလေ ကွိုင်တက်မှာပေါ့”

“ဇော်ထင်တော့မသွားပါနဲ့၊ ကဲပါ ငါပဲထွက်တွေ့လိုက်မယ်”

“အေး ဖြစ်သင့်နေတာပဲကို”

ငြိမ်းက သက်ပြင်းတစ်ချက်ချကာ ဆိုင်အပြင်ဖက်ဆီကိုထွက်သွားရန်ဟန်ပြင်သည်။ သူငယ်ချင်းနှစ်ဦးက လည်း ငြိမ်းကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်နေကြပြန်သည်။

“အေး နင့်မလည်း အဲအကုသိုလ်နဲ့ပဲလုံးပန်းနေရတယ် ငါ့သူငယ်ချင်း”

ပုံမှန်အားဖြင့် ချစ်သူထိဓါးထိသည့် မိန်းကလေးများကို ကျွန်တော်တွေ့ဖူးသော်လည်း ငြိမ်းကတော့ သူ့ သူငယ်ချင်းများ၏ ဇင်လင်းမောင်အပေါ်သဘောထားကို မည်သို့မှမတုန့်ပြန်။ ဆိတ်ဆိတ်နေပြီးလက်ခံ သည့်သဘောတွင်ရှိလေသည်။

ကျွန်တော့သဘောကလည်း အိသဲချိုတို့သဘောအတိုင်းပင်။ ငြိမ်းသည် ထိုအကုသိုလ်ကောင်ကို တကယ် ပဲ ပြတ်ခဲ့ပြီလားဟူသည့် သိလိုဇောကပ်ကာ ဆိုင်ပြင်ထွက်သွားမည့်ငြိမ်း၏ စကားသံများကိုနားစွင့်လိုလှ လေသည်။

“အေး တွေ့မယ်အဲကောင်”

“ပါးလေးချက်လောက်ချပစ်ခဲ့ဟာ” ဟူသည့် အိသဲချို၏ စနောက်သံကို ငြိမ်းက ရယ်သွမ်းသွေးသွားခဲ့ပြီး ဇင်လင်းမောင်ရှိရာဆီကိုထွက်သွားတော့သည်။ ထိုအချိန်တွင် ဟိုကောင်က ဆိုင်ထဲတွင်စတင်ဝင်ရောက် လာပြီဖြစ်သည်။ ငြိမ်းသည် ဆိုင်ပြင်သို့ထွက်စရာမလိုဘဲ သူနှင့်ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့တော့သည်။

ကျွန်တော်တို့ကလည်းငြိမ်းကို စိတ်မချ၍ ဆိုင်ပြင်သို့လိုက်ကာ ငြိမ်းနှင့်ထပ်ကြပ်မကွာရှိနေရန်မလို တော့။ ပြသနာကို ကျွန်တော်တို့ရှေ့တွင်ပင် သူတို့နှစ်ယောက်ရှင်းနိုင်တော့သည်။

>>>>>