(၉)
သူ့ချစ်သူကို ကျွန်တော်ကကြိုက်နေသည်မို့ သူ့ကိုတော့နည်းနည်းရှိန်မိတာတော့အမှန်။ ဒါပေမဲ့ ကြောက် စိတ်တော့လုံးဝမရှိပါ။ ဒီကောင့်ကိုဆွဲထိုးပစ်ချင်နေသည်မှာလည်းအမှန်ပါပဲ။
“ပြောပါဦး မင်း အဲဒီဆိုင်ရောက်နေရတဲ့အကြောင်းအရင်း”
ကျွန်တော့်ကို အဲဒီလိုအကြောကြီးနှင့်စစ်လားဆေးလားမေးနေတော့ ဘယ်သည်းခံချင်ပါ့မလဲ။ မင်း ဘာ ကောင်လဲ ငါဘာကောင်လဲဆိုပြီးဆွဲထိုးပစ်ဖို့ကလည်းအဆင်မပြေလောက်ဘူးဟုထင်မိသည်။ ဒီတော့ သူ့မေးခွန်းကိုမဖြေဘဲ ပခုံးတွန့်ပြလိုက်၏။ ငြိမ်းနှင့်မပတ်သက်ခဲ့လျှင်တော့ ကျွန်တော့အပြုအမူများ သည်ထိုကဲ့သို့အေးစက်နေလိမ့်မည်တော့မဟုတ်ပါ။
“ဟေ့ရောင် ငါမေးနေတယ်လေ”
သူ့အသံကပုံမှန်ထက်ကျယ်သွားတာမို့ ကျွန်တော်နည်းနည်းရှက်သွားပြီး ဘေးပတ်ဝန်းကျင်ကိုကွက် ကြည့်ကွက်ကြည့်လုပ်လိုက်မိသည်။
“မင်းမရှက်ဘူးလား”
သူ့ကိုဆရာလေသံနှင့်ပြန်မေးလိုက်တော့ သူ နည်းနည်းတော့ကြောင်သွားခဲ့လေသည်။
“ဘာကွ”
“မင်း မရှက်ဘူးလားလို့မေးလိုက်တာ၊ ဘာလဲကွာ၊ မင်းရည်းစားကိုမင်းနိုင်အောင်ထိန်းပေါ့၊ ဘာလို့ ငါ့ကိုလာပြီး ပြသနာရှာချင်ရတာလဲ၊ မင်းလုပ်နေတာတွေမှားနေပြီနော်၊ ငါ မင်းစော်နဲ့ဘာမှဖြစ်တာ မဟုတ်ဘူး”
“အေး မဖြစ်အောင်သတိပေးတာ”
“မင်း ငါ့ကိုသတိပေးစရာလည်းမလိုဘူး၊ တားဆီးပိတ်ပင်စရာလည်းမလိုဘူး၊ ဆောင်တော်ကူးဆိုင် က ငါ့ဖောက်သည်ဒီတော့ အဲဒီဆိုင်ကိုငါသွားတယ်၊ သူတို့အပ်တဲ့အလုပ်ကိုငါလုပ်တယ်၊ သူတို့နဲ့ရင်းနှီး တယ်၊ ငြိမ်းနဲ့လည်းရင်းနှီးတယ်၊ အဲဒါ အဆန်းတကြယ်ကိစ္စမဟုတ်ဘူး”
“ငြိမ်းက ငါ့ချစ်သူလေ”
“အဲဒါ ငါစိတ်မဝင်စားဘူး”
ကိုယ့်ရည်းစားက သူများလက်ထဲကိုပါသွားမှာကိုကြောက်နေတာလားလို့တွေးမိပြီး သူ့ကို ရယ်ချင် နေမိတာအမှန်ပင်။ အဲဒီလောက်တောင်အူတိုနေရင် ဂရုတစိုက်ချစ်ပြ၊ ကြင်နာပြပါလား။ အခုတော့ ရည်းစားကိုပြသနာရှာ၊ ရည်းစားနှင့်ပတ်သက်သည့်သူများကိုလည်းပြသနာရှာ မို့ကောင်းသည့်နည်းလမ်း တော့မဟုတ်။
ကျွန်တော်၏အေးစက်စက်ဖြေရှင်းမှုများကို သူသည်းမခံနိုင်တော့။
ကျွန်တော့်ကိုဆွဲထိုးမည်လုပ်ကာ ဆိုပြီး အင်္ကျီကိုလာဆောင့်ဆွဲတော့သည်။
“မင်းက ပြသနာပိုကြီးအောင်လုပ်တတ်တဲ့ကောင်ပဲ၊ ငါသည်းခံမှာမဟုတ်ဘူးနော်ဇင်လင်းမောင်၊ မင်း ငါ့အင်္ကျီကိုလွှတ်လိုက်ရင်ကောင်းမယ်”
သူဒေါသကိုဖြေလိုက်ပုံရသည်။ သက်ပြင်းရှည်တစ်ချက်ချပြီး ကျွန်တော့်အကျီင်္ကိုလွှတ်လိုက်ပါသည်။ ပဋိပက္ခတစ်စုံတစ်ခုဖြစ်လာလျှင် ကမူးရှူးထိုးဖြေရှင်းတတ်သည့်ကောင်ပဲ။ အဲဒါကြောင့်မို့ ငြိမ်းနှင့် ခဏခဏ ပြသနာတက်ရခြင်းဖြစ်မည်။
“မင်းဘာဖြစ်ချင်တာလဲ”
“ငြိမ်းနဲ့မပတ်သက်နဲ့”
“အော် ငါပြောပြီးပြီလေ၊ ငါ့ဖောက်သည်ဆီကိုငါသွားပတ်သက်ရတာဘာပြသနာရှိလို့တုန်း၊ ငြိမ်း လည်း ဖြစ်ချင်ဖြစ်မယ်၊ အခြားသူလည်းဖြစ်ချင်ဖြစ်မယ် ဘယ်သူဖြစ်ဖြစ် ငါ့ကိုအလုပ်အပ်ရင်သွား လုပ်ပေး ရမှာပဲ၊ အဲဒါ မင်းတားလို့မရဘူးလေ၊ ငါကမင်းစော်လည်းမဟုတ်ဘူးကွ ဇင်လင်းမောင်”
“မင်းငါ့နာမည်ကိုမခေါ်နဲ့”
“အိုကေ ကောင်းပြီလေ၊ ကဲ ငါသွားလို့ရပြီလား”
“နေဦး ငါပြောစရာရှိသေးတယ်၊ မင်း ငါပြောတဲ့စကားတွေကို ပြက်ချော်ချော်လုပ်မနေနဲ့၊ ငါ မင်း ကို အတည်သတိပေးနေတာ၊ ငြိမ်းဆီကိုနောက်နေ့ခြေဦးတောင်မလှည့်မိပါစေနဲ့၊ မင်း ဆေးရုံမရောက် ချင်ရင်ပေါ့”
“သွားဖြစ်အောင်ကိုသွားဦးမှာ ငါ့ဖောက်သည်လေ သူက”
“ဟာကွာ..”
သူ့ဆီက လက်သီးပြင်းပြင်းတစ်ချက် ကျွန်တော့်မျက်နှာပေါ်ကိုကျလာသည်။ ကျွန်တော့ဒေါသများ ဟုန်းခနဲထသွားကာ သူ့ကိုပြန်ထိုးဖို့ရွယ်လိုက်သော်လည်း အချိန်မီဘရိတ်အုပ်နိုင်လိုက်သည်။ ကျွန်တော် ပြန်ထိုး၍မဖြစ်။ ငြိမ်း ကျွန်တော့်ကိုများငြိုငြင်သွားမလားဆိုသည့်အတွေးကဝင်လာလေသည်။ အဲဒီ ကောင်ကို ကျွန်တော် သိပ်ကိုဆွဲထိုးပစ်ချင်တာပေါ့။ ဒါပေမဲ့ ဘာလို့ အလျင်အမြန်ပြန်မထိုးဘဲ ဘ ရိတ်အုပ်မိတာပါလိမ့် ဟုတွေးမိရင်း စိတ်ထဲတွင်လည်း ကိုယ့်ကိုကိုယ်မတင်မကျဖြစ်နေမိလေသည်။
ပြန်မထိုးတာပဲကောင်းပါတယ်လေ။ သူ့ကို အသားနာတာထက်ပိုပြီးနာကျင်အောင်မလုပ်ဘူးလို့ ကျွန်တော့်ကိုကျွန်တော်အာမမခံနိုင်ပါ။ ကျွန်တော် ငြိမ်းကိုသေမလောက်ချစ်နေမိတာကို။
“ဒီမှာ သူငယ်ချင်း..”
ကျွန်တော် နှုတ်ခမ်းစကိုလက်ခုံနှင့်သုတ်ကာ သူ့ကိုလေပြေသွေးဖို့ပြင်သည်။
သူကတော့ သူ့ကိုပြန်မထိုးသည့် ကျွန်တော့်ကိုအံအားသင့်ပြီးကြည့်ကာ ကျွန်တော်ပြောမည့်စကားကို ကြောင်ပြီးနားထောင်နေလေ၏။
“မင်း ငြိမ်းကိုချစ်တယ်၊ ငြိမ်းကိုလက်လွှတ်မခံနိုင်ဘူးဆိုရင် သူနဲ့အဆင်ပြေအောင်နေပါ၊ သူ့ကိုအလို လိုက်ပါ၊ သူနဲ့ပတ်သက်တဲ့ အခြားသူတွေကိုပြသနာရှာရင် မင်းအတွက်ပိုပြီးငြိမ်းနဲ့ဝေးရလိမ့်မယ်၊ မိန်းက လေးတစ်ယောက်ကိုချစ်တယ်ဆိုတာ သူနဲ့ရန်ဖြစ်ပြသနာတက်နေဖို့မဟုတ်ဘူးလေ၊ သူနဲ့ အဆင်ပြေ အောင်နေဖို့၊ အေးအတူပူအမျှ ခံစားဖို့လို့ပဲငါထင်တယ်၊ မင်းလုပ်ရက်ကတက်တက်စင် အောင်မှား နေတယ်”
သူစက္ကန့်ပိုင်းလောက်ငြိမ်ပြီး ကျွန်တော်ကိုရန်ပြန်လုပ်လေသည်။
“မင်းငါ့ကိုဘာမှဆရာလုပ်စရာမလိုဘူး၊ ငါပြောတဲ့စကားကို မင်းသေအောင်မှတ်ထားလိုက်၊ ငြိမ်းနဲ့ လုံးဝမပတ်သက်ပါနဲ့၊ မင်းဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ ငါကောင်းကောင်းသိတယ်ဟေ့ ကောင်၊ လေပြေထပ်ထိုးဖို့လည်းစဉ်းစားမနေနဲ့၊ မင်းလစ်တော့၊ ဒီထက်ပိုပြီးခြေလှမ်းတိုးလာတယ်ဆိုရင်တော့ ဒီထက်ပိုနာမယ်မှတ်”
ကျွန်တော် မဲ့ပြလိုက်လေသည်။
အဲဒါကပဲ သူ့ကိုပိုပြီးဒေါသထွက်စေတယ်ထင်ပါရဲ့။
“ဟေ့ကောင်၊ မင်းသောက်ချိုးပြင်လိုက်စမ်း”
သူရှေ့တိုးလာကာ ကျွန်တော့်အင်္ကျီကိုထပ်ဆွဲပြန်သည်။ ဒီတစ်ခါတော့ ကယ်တင်ရှင်ပေါ်လာခဲ့လေ သည်။ ငြိမ်းပေါ့။
“ဇင်လင်းမောင်”
ငြိမ်းက ကျွန်တော်နှင့်သူ့အကြားကိုတိုးဝင်ပြီး သူ့ရင်ဘတ်ကိုတွန်းထုတ်ပစ်လိုက်သည်။
“ဘာလို့မဆိုင်တဲ့သူကို ပြသနာရှာရတာလဲ၊ သူနဲ့ဘာမှမဆိုင်ဘူး၊ ရှင်ယောင်္ကျားမဟုတ်ဘူးလား၊ ငြိမ်း နဲ့ဖြစ်တဲ့ကိစ္စ ငြိမ်းနဲ့ရှင်းလေ၊ ဘာဖြစ်နေတာလဲ၊ ဇော်ထင့်အပေါ်ရှင်တော်တော်လွန်နေပြီနော်”
“ဘာဖြစ်လဲ၊ မင်းကောင်ကိုငါဆွဲထိုးတယ်၊ မင်းဘာလုပ်ချင်လို့လဲ”
“တော်ကြပါတော့ဗျာ”
ဘေးပတ်ဝန်းကျင်ကလူများ တစ်စထက်တစ်စသတိထားမိကြပြီမို့ ကျွန်တော်ရှက်လာသည်။ အဲဒီ ပြသနာက ရှင်းလို့ပြီးတော့မှာမဟုတ်။ ဇင်လင်းမောင်ကလည်း ဒေါသထွက်ပြီးအကုန်ပတ်ရမ်းချင် နေတော့ အေးဆေးရှင်းပြလည်းနားလည်မယ်မထင်။
“ဘေးပတ်ဝန်းကျင်ကကြည့်နေတယ်၊ ဇင်လင်းမောင်၊ မင်းငါ့ကိုလည်းဆွဲထိုးပြီးပြီ ပြောချင်တာလည်း ပြောပြီးသွားပြီ၊ အေး ငါပြန်တော့မယ်”
“ငြိမ်းတောင်းပန်ပါတယ်ဇော်ထင်”
“ရတယ် ငြိမ်း ၊ ကျွန်တော်နားလည်ပါတယ်”
ကျွန်တော် ဇင်လင်းမောင်ကို အဓိပ္ပါယ်ပါသည့်မျက်ဝန်းနှင့်တစ်ချက်ကြည့်လိုက်သည်။
သူကောင်းကောင်းသဘောပေါက်မှာပါ။ ကျွန်တော့်အသားနာကျင်အောင်ဆွဲထိုးထားတဲ့ကောင်၊ တစ်ခါ လည်းမဟုတ်တော့ဘူး။ ဒီတော့ သူ့ကို ကျွန်တော် ဘယ်လိုမှကျေနပ်မှမဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းသိမှာပါ။ သူနှင့်ကျွန်တော် ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲတစ်ခုတွင် သူက ကမူးရှုးထိုးလုပ်တတ် သည့်သူ။ ကျွန်တော်ကတော သွေးအေးအေးနှင့် ရင်ဆိုင်မည်သူဖြစ်လိမ့်မည်။
“အော် သူ့ကိုတော့ ငြိမ်းပြောထားပေးပါ၊ ကျွန်တော်လည်း အမြဲတမ်းသည်းခံနေတတ်တဲ့သူမဟုတ်ဘူး ဆိုတာကို၊ အခုက ငြိမ်းကြောင့် ကျွန်တော် သည်းခံပေးလိုက်ပါ့မယ်”
“ဟေ့ကောင် သည်းမခံချင်တော့ရော မင်းက ဘာလုပ်ချင်လဲ လာလေ”
ရိုင်းရိုင်းနှိုင်းရပါလျှင် မာန်ဖီနေသည့်ခွေးတစ်ကောင်ကဲ့သို့ ကျွန်တော်ရှိရာကိုတဟုန်ထိုးပြေးလာချင်နေ လေသည်။ ငြိမ်းက သူ့အင်္ကျီကိုဆွဲကာ အတင်းတားထားသည်။
“ငါ မင်းကိုဘာမှမလုပ်ပါဘူး၊ ငါက လူကြီးလူကောင်းလေ၊ ပြီးတော့ လူလိမ္မာသားယဉ်ပါးတယ်ကွ”
“ခွေးသူတောင်းစား..”
သူ့ဆဲရေးသံကို ဂရုမစိုက်ဘဲ ပခုံးတွန့်ပြလိုက်လေသည်။
“ဇင်လင်းမောင်”
ငြိမ်းက သူ့ပါးပြင်းပေါ်သို့လက်အားပြင်းပြင်းနှင့်လွှဲရိုက်လိုက်တော့သည်။
“ငြိမ်းကို အရှက်ခွဲနေတဲ့ကောင် နင် သွား နင် ငါ့ရှေ့က ချက်ချင်းထွက်သွား”
ဇင်လင်းမောင်က ကျွန်တော်ကိုမဲလေလေ ငြိမ်းကသူ့အပေါ်ငြိုငြင်လေလေမို့ သူပါးရိုက်ခံရပြီးသည့် နောက် ခဏတာငြိမ်ကျသွားခဲ့သည်။ ကျွန်တော်ကတော့ သူတို့နှင့်ဆန့်ကျင်ဘက်နေရာဆီကိုလျှောက်ဖို့ ပြင်လိုက်တော့၏။ ငြိမ်းကသူ့ကိုထွက်သွားခိုင်းသော်လည်း သူက မထွက်သွားခဲ့။
“ပြေလည်အောင်ညှိလိုက်ပါ ငြိမ်း ကျွန်တော်သွားတော့မယ်”
သည်တစ်ကြိမ်တွင်တော့ ဇင်လင်းမောင်ထံမှ ဘာစကားမျှထွက်မလာတော့ချေ။
“မင်းပုံစံက ငါတို့အိမ်ရာထဲက သံကြိုးနဲ့ချည်ထားတဲ့ကောင်တွေလိုပဲကွ၊ အမြဲတမ်းမာန်ဖီနေတော့တာ ပဲ၊ မင်းကိုကြည့်ပြီး ငါပူလောင်လိုက်တာ ဇင်လင်းမောင်၊ ကဲ ငါသွားတော့မယ်”
“မင်း….”
သူမကျေမချမ်းဖြစ်ကာ ကျွန်တော့ကိုထပ်ထိုးဖို့ပြင်ပြန်သည်။ သို့သော်လည်း ငြိမ်းမျက်နှာကိုတစ်ချက် ကြည့်ကာ အံကိုကြိတ်ထားတော့၏။
“ဆောရီး ဇော်ထင် ငြိမ်းထပ်တောင်းပန်ပါတယ်”
“ရတယ်ငြိမ်း”
ငြိမ်း၏စိတ်ထဲတွင် ကျွန်တော့်အပေါ်အားနာသနားသွားခြင်းက သူ့ကိုပြန်မထိုးလိုက်ရသောအဖြစ်အပျက် ထက်ပိုသာသွားပြီ။ ဒီအတွက် ကျွန်တော်ကျေနပ်ပါသည်။ ငြိမ်း၏စိတ်က ကျွန်တော့်ကိုသတိရ တမ်း တာနေသည်ကိုပဲ ကျွန်တော်လိုချင်နေခြင်းပါ။
“ငြိမ်း အဲဒီကောင်နဲ့ဖြတ်လိုက်ပါကွာ၊ ဖြတ်ဖြစ်အောင်ဖြတ်လိုက်ပါ၊ တစ်ကိုယ်ကောင်း အတ္တသမား ဇင်လင်းမောင်ရဲ့အချစ်က ငြိမ်းကိုပူလောင်စေပါတယ်၊ အဲဒီအစား သာယာအေးချမ်းစေမယ့် ဇော် ထင်ဆိုတဲ့ကောင်ရဲ့အချစ်ကိုပဲ ငြိမ်းခံယူလိုက်ပါတော့လားကွာ”
ကျွန်တော်စိတ်ကူးယဉ်နေမိခဲ့၏။ သူတို့နှစ်ယောက်ကြားမှာပြသနာတက်မည်ဟုထင်ထားခဲ့တာ။ ငြိမ်း က သူ့ကိုပြတ်တယ်လို့ပြောပြီးခဲ့ပြီပဲ။ အဲဒါကို ကျွန်တော်အတည်ထင်ထားခဲ့၏။
ကျွန်တော့်ကိုဆွဲထိုးလိုက်သည့် ဇင်လင်းမောင်ကို ငြိမ်းကပြသနာရှာမည်။ ထပ်ပြီးမပတ်သက်ဖို့ အကြိမ် ကြိမ်ပြောမည်။ အဲဒီနောက် ဇင်လင်းမောင်ကိုလမ်းခွဲခြင်းထက် ပိုပြီးမုန်းတီးနာကျင်သွားမည်။ အဲဒီ လိုမျိုး ကျွန်တော်ထင်ထားခဲ့တာပါ။ သို့သော်လည်း…လောကကြီးက ထင်ထားသလိုဖြစ်မလာခဲ့ပါ။ သေ ချာသလောက်ဖြစ်နေပြီဟု ခန့်မှန်းမိထားသောဇာတ်လမ်းတစ်ပုဒ်သည် တစ်စုံတစ်ခု၏ပယောဂကြောင့် တစ်ခါတစ်ရံတွင်အများမထင်သည့် ဇာတ်သိမ်းခန်းမျိုးဖြစ်သွားတတ်သည်မဟုတ်ပါလား။
ကျွန်တော်မျှော်လင့်ထားသေ အရာက ဝေးသည်ထက် ဝေးသွားခဲ့လေသည်။ အဲဒီအတွက် ကျွန်တော် ငြိမ်းကိုအပြစ်မတင်ချင်ပါ။ ဇင်လင်းမောင်ကိုလည်း ပို ပိုပြီးတော့သာ မုန်းတီးမိတော့သည်။ ကျွန်တော် ရင်ဆိုင်ကြုံတွေ့ရသည့် မနက်ဖြန်တို့သည်ထင်ထားသည် မျှော်မှန်းသည်တို့ထက် စိတ်လှုပ်ရှားစရာ ပိုကောင်းနေခဲ့ပြန်လေသည်။
>>>>>