(၁၃)
နောက်တစ်နေ့ ဖယ်ရီပေါ်မှာ ညက ဖြစ်ပျက်ခဲ့သော သရဲအကြောင်းကို ပြောဖြစ်ကြ သည်။ Happy Hour ကို မလာတဲ့သူတွေကတော့ ကိုယ်တိုင်မမြင်ရလို့ မယုံဘူး။ ကင်မရာ ထဲမှာမြင်တဲ့ သူတွေကတော့ တကယ်ဟုတ်တယ်ပေါ့။
ပြောရင်း ပြောရင်း Tom ကင်မရာကို သတိထားမိသွားကြ၏။
“Tom ညက ပုံတွေခဏပြန်ပြ”
လာအိုက တစ်ယောက်က ဓာတ်ပုံပြန်ကြည့်ချင်သည်ဆိုကာ ကင်မရာကို ပြန် တောင်းတော့ Tom က သူ့လက်က ကိုင်ရက်သားနဲ့ ဓာတ်ပုံတွေကိုလှမ်းပြသည်။ သူများ လက်ထဲပေးမကိုင်။
“မင်းလိမ်တာ Tom ၊ ညက အဖြစ်အပျက်က ပုံမှန်မဟုတ်နိုင်ဘူး”
“ဟုတ်တယ်၊ ဘာသရဲမှ မရှိနိုင်ဘူး”
ပြောပြောဆိုဆိုနဲ့ Tom လက်ထဲက ကင်မရာကို ၀ိုင်းလုကြသည်။ တကယ်တော့ Tom အကြံ အဖန်လုပ်ထားတာဖြစ်သည်။
“ဟော ဒီကားပေါ်မှာလည်း သရဲရှိတယ်”
“ဘယ်နားမှာလဲ”
“သူဇာ့ ထိုင်ခုံနားမှာ”
“အမ်… အမလေး၊ လုပ်ပါဦး”
သူဇာက ထ ခုန်သည်။
Tom ၏ ကင်မရာနဲ့ ရိုက်လ်ိုက်တော့ ညက သရဲမ သူဇာ့ခုံနားလာပေါ်နေသည်။ တခြား ကင်မရာတွေနဲ့ ရိုက်ကြည့်တော့ ဘာသရဲမှမတွေ့။
“Tom”
Tom ကို ၀ိုင်းအော်လိုက်ပြီး သူ့ဘေးနားရောက်သွားကြသည်။ ပတ်ပတ်လည်ဝိုင်း ထားလိုက်၏။ Tom က မျက်နှာငယ်လေးနဲ့…
“ဟုတ်တယ်၊ ငါ့ကင်မရာ မန်မိုရီထဲမှာ ဆော့ဖ်ဝဲ ထည့်ထားတာ။ အဲဒါကြောင့် ဘယ်နေရာ ရိုက်ရိုက် သရဲပေါ်နေတာ။ အပြင်မှာ ဘာသရဲမှ မရှိဘူး…စတာ…ဟဲဟဲ”
လို့ပြောသည်။ အားလုံးက Tom ခေါင်း၊ ကျောကုန်း၊ ပခုံးတွေကို လက်သီးနဲ့ တဘုန်းဘုန်းထုသည်။
“ငါ့မှာတော့ တစ်ညလုံး ကြောက်လို့ အိပ်မပျော်ဘူး”
မနက်က ညီညီက လူတတ်ကြီးလုပ်ပြီး ပြောနေသေးသည်။ ဗုဒ္ဓဘာသာ အယူ အဆအရ သရဲဆိုတာ ကံနိမ့်မှတွေ့ရတယ်ဆိုတဲ့ အကြောင်း၊ ညက Happy Hour မှ သရဲတွေ့တယ်ဆိုတာ အားလုံး ကံနိမ့်နေတာဖြစ်နိုင်ကြောင်း ပြောဆိုနေချိန်မှာ Tom က ပြုံးနေလိမ့်မည်။
အဲဒီလိုမျိုး သရဲအစစ်ပဲတွေ့တွေ့၊ အတုပဲတွေ့တွေ့လန့်ဖျားဖျားတတ်ကြောင်း Hoa က လှမ်း ပြောသည်။
“သုံးလေးရက်လောက် လန့်နေတော့မှာ”တဲ့
Hoa လန့်တာများ တကယ်အလန့်ကောင်း။
သင်တန်းမှာ မနက်တစ်ချိန်ပြီးလို့ နေ့လည်ထမင်းစားချိန်မှာ လန့်တာဖြစ်သည်။ ထမင်းစားတော့ ဘူဖေးမို့ တန်းစီယူရပါသည်။
ဒီနေ့ Hoa တစ်ယောက်ယောက်ကို ထမင်းစားခန်းထဲမှာ စောင့်နေပါသည်။ ခါတိုင်း ဆို ကျွန်တော်နဲ့ အတူတူသွားနေကျ။ စားနေကျ၊ ရှေ့ဆင့်နောက်ဆင့် တန်းစီနေကျ၊ ဒီနေ့တော့ ကျွန်တော့် လက်ထဲ ထမင်းပန်းကန်မှ ထမင်း၊ ဟင်းတွေ အသင့်ရောက်ရှိပြီး သည့်တိုင် သူမ တန်းမစီရသေး။ ထမင်းစားခန်းအဝင်ဝမှာ ထိုင်နေလေသည်။
သိပ်မကြာပါ။
Va ဝင်လာသည်။ ပြီးတော့ တန်းစီသည်။ သူမ လုပ်ငန်းစပြီ။ အပြေးအလွှားလေး သွားပြီး Va ရှေ့ကတန်းစီလိုက်သည်။ ပြီးတော့ Va ကို ရယ်ပြ၏။
“It’s Ok, It’s Ok”
တဲ့။ ဟိုကောင်က။ Lady First ပေါ့လေ။
“အား”
ဖြစ်ပြီ။ Va ဘောင်းဘီ နှစ်ဖက်စလုံးမှာ ဒိန်ချဉ်တွေ ဖွေးသွားသည်။ ဒါ…Hoa လက် ချက်ပေါ့။ တမင်မှောက်ပစ်လိုက်တာ။ ကျွန်တော်စိုက်ကြည့်နေတာ မြင်တာပေါ့။
“Sorry Va ၊ ညက သရဲအကြောင်းတွေးမိပြီး လန့်သွားလို့…”
သူမရဲ့ ဆောရီးက တကယ်ကို အကွက်ကျကျ ဆောရီးဖြစ်သည်။ ဘောင်းဘီ နှစ်ဖက်စလုံးကို ရေနဲ့ ဆေးချမှ ဖြစ်မည်။
“လာ… လာ ရေနဲ့ ဆေးပေးမယ်”
Va အော်ပြီး ကြောင်နေစဉ်မှာပဲ သူမက Va လက်ကို ဆတ်ခနဲဆွဲပြီး အခန်းအပြင်ကို ထွက်သွားသည်။ မြန်လိုက်လေခြင်း။ တကယ်… တရုတ်သိုင်းသမား တစ်ယောက် လှုပ်ရှားသည့် ပုံစံအတိုင်းပင်။
ကျွန်တော်လည်း ဘယ်ရမလဲ။ အမြန်နှုန်းနဲ့ လိုက်တာပေါ့။
“ဟေ့…ဟေ့”
“ဘာတုန်း”
“ဘယ်သွားမလို့လဲ”
“မတွေ့ဘူးလား၊ ဒီမှာ ရေသွားဆေးပေးမလို့”
“ငါဆေးပေးလိုက်မယ်လေ”
“မလိုဘူး၊ ငါ့ကြောင့်ဖြစ်တာ၊ ကိုယ့်ဖာသာကိုယ်ဆေးပေးမယ်”
Va ကဘာပြန်ပြောလို့ ပြောရမှန်းမသိ၊ ကျွန်တော့်ကို တစ်လှည့်၊ သူမကို တစ်လှည့် ကြည့်သည်။
သူမက ရေပိုက်ရှိရာသို့ ဆွဲခေါ်သွားသည်။
ကျွန်တော်ကလည်း ထပ်ကြပ်မကွာလိုက်သည်။ အခန်းရဲ့ အပြင်ဖက်မှာမြက်ခင်းရေ လောင်းသောပိုက်ရှိသည်။ သူမက ပိုက်ကို ဆတ်ခနဲဆွဲဖွင့်ကာ Va ရဲ့ဘောင်းဘီပေါ်ကို ဖျန်းလိုက်လေသည်။
“အား”
Va အော်သံ အကျယ်ကြီးထွက်လာသည်။
“ဘာဖြစ်လို့လဲ”
“ပူတယ်”
နေအပူရှိန်ကြောင့် ပိုက်ထဲကရေစထွက်ထွက်ချင်း ပူမှာပေါ့။ သူမက ဆောရီးလို့ ပြောပြီး ရေပိုက်ကို မြက်ခင်းပြင်ပေါ် ခဏချ၊ အေးတဲ့ရေထွက်လာပြီဆိုမှ ထပ်ဖျန်းပေး သည်။ Va က ဒိန်ချဉ် တွေပေသွားသော နေရာတွေကို ပွတ်ဆေး၏။ ဘောင်းဘီမှာ ပြောင် သွားတော့ သူမက…
“Va ဘောင်းဘီကို ဒူးအထိ…မ”
“အမ်… ဘာဖြစ်လို့လဲ”
“ခြေထောက်ဆေးလေ…”
ဘာမှပြန်မပြောရှာ။ သူမပြောတဲ့အတိုင်း လိုက်လုပ်သည်။ ဘောင်းဘီကို ဒူးအပေါ် အထိ အသာလေးခေါက်တင်သည်။ သူမ မျက်လုံးအစုံရော၊ ကျွန်တော့မျက်လုံးအစုံရော Va ခြေထောက်ဆီ ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
ညာဖက်ခြေထောက် ဘောင်းဘီကိုအရင်ခေါက်သည်။ ပြီးတော့… ဒူးအပေါ်ကိုဆွဲ တင်သည်။ ဘာမှမတွေ့။ ဘယ်ဖက်ခြေထောက်ဘောင်းဘီကို ခေါက်သည်။ ဒူးအပေါ်ကို ဆွဲအတင်…
“ဟာ”
နှစ်ယောက်သားပါးစပ်အဟောင်းသားဖြစ်သွားသည်။
Va ရဲ့ ဘယ်ဖက်ခြေထောက် ခြေသလုံးမှာ ကန့်လန့်ဖြတ် အမာရွတ်ကြီးတစ်ခု။ တကယ်ကို ထင်ထင်ရှားရှား။ ကျွန်တော်တို့ နှစ်ယောက်စိုက်ကြည့်နေတာကို တွေ့သွားပြီး မလုံမလဲဖြစ်သွားသည်။
“ဘာဖြစ်ကြတာလဲဟင်”
“ဟိုမှာ… အမာရွတ်”
“ဟုတ်တယ်လေ… အဲဒါ ဘာဖြစ်လို့လဲ”
“အမာရွတ်က နည်းနည်းလတ်နေသေးသလိုပဲ။ ဖြစ်တာ မကြာသေးဘူးထင်တယ် နော်၊ ချုပ်ထားတဲ့ ဒဏ်ရာထင်တယ်”
“ဟုတ်တယ် ဒီကိုမလာခင်က ရတာ”
သူမ လောင်းပေးသောရေကို ခြေထောက်ပေါ်လက်ဖြင့်ပွတ်ဆေးကာ မေးသမျှဖြေ နေသည်။ သူမ ကလည်းရိပ်မိမှာစိုး၍ထင်သည်။ သိပ်မမေး။
ခြေထောက်ဆေးပြီး အခန်းထဲပြန်ဝင် ထမင်းသွားစားသည်။ သူမနဲ့ ကျွန်တော် ဘေးချင်းယှဉ် ရက်အတူစားတာဖြစ်သည်။ သူမအတွက် ကြက်သားဖတ်တွေရွေးထည့် ပေးဖို့လဲ မစဉ်းစားမိတော့။ သူမရော… ကျွန်တော်ရော ကိုယ်စီတွေးနေသေည်။ ကျွန်တော် တို့နဲ့ မျက်နှာချင်းဆိုင်မှာ စားနေသော Va ကလည်း တွေးနေသလား မပြောတတ်။ ထမင်း ကိုသာ ငုံ့စားနေလေ၏။
ထမင်းစားပြီး အချိုတည်းချိန်မှာ ကျွန်တော်က Va ပခုံးကို လှမ်းဖက်ပြီး အပြင်ခေါ် ထုတ်ဖို့ကြိုးစားသည်။
“Va… ငါ မင်းကို ပြောစရာရှိတယ်၊ ခဏလေး”
ကျွန်တော်တို့နှစ်ယောက် အပြင်ထွက်မည်အပြု သူမ လိုက်လာသည်။
“Va”
သူမ လှမ်းခေါ်သည်။
“ခုနက ကိစ္စအတွက် တောင်းပန်ပါတယ်နော်၊ တကယ်ပါ”
“ဟာ… ရပါတယ် သူငယ်ချင်း”
“အင်း…၊ တောင်းပန်တဲ့ အနေနဲ့ ငါနင့်ကို တစ်ခုခုပေးမယ်၊ ဒီမှာပဲ ခဏစောင့်၊ အတန်းထဲ သွားယူလိုက်မယ်။ ခဏလေးပဲစောင့်နော်၊ နောင်နောင် နင်က ငါ့နဲ့အဖော် လိုက်ခဲ့ပေးဦး”
တကယ်တော့ ပြောစရာရှိလို့ ကျွန်တော်ကိုအပြင် ခေါ်ထုတ်တာနေမှာ။ အတန်းထဲ ကိုရောက်တော့ သူမ လွယ်အိတ်ထဲက ဗီယက်နမ်ဝတ်စုံနဲ့ ကောင်မလေး အရုပ်တစ်ရုပ် ထုတ်လိုက်ပါသည်။ Va အတွက်ပေါ့။
“နောင်နောင်။ နင့်ဆီက ကတိတောင်းစရာရှိလို့”
“ဘာလဲ ၊ ပြောလေ”
“နင်… ဒီရက်ပိုင်းအတွင်း ငါမသိပဲနဲ့ Va ကို စကားမပြောဖို့…”
“ဘာ”
သူမဘာတွေကြံနေလဲ။
“Happy Hour မှာပဲဖြစ်ဖြစ်၊ အတန်းထဲမှာပဲဖြစ်ဖြစ် ငါ့ရှေ့မှာမဟုတ်ဘဲ သူနဲ့ ဘာ စကားမှ မပြောပါဘူးဆိုတဲ့ ကတိ ၊ သိပ်အကြာကြီး မဟုတ်ပါဘူး၊ ရက်ပိုင်းလေးပါ… နော်…”
“ဘာအတွက်လဲ Hoa ၊ ဘာကြောင့်လဲ”
“မကြာခင်သိရမှာပေါ့၊ ပေးနိုင်တယ်မှလား…”
ကျွန်တော်ဘာပြန်ပြောရမလဲ။ သေချာတာကတော့ သူမကို မလွန်ဆန်နိုင်ခဲ့ပါချေ။ ခေါင်းညိတ်မိရက်သားဖြစ်နေလေသည်။
သူမ ဘာအတွက် ဆက်လုပ်မလဲ စိတ်ဝင်တစားစောင့်ကြည့်နေရုံမှအပ…။
ညနေပြန်တော့ သူမနဲ့ ကျွန်တော် အရင်ကလို စကားမပြောဖြစ်ကြပါ။ ခါတိုင်းဆို နှစ်ယောက်သား ထွေရာလေးပါးပြောဖြစ်ကြသည်။ ဒီနေ့ကတော့ ကိုယ့်အတွေးနဲ့ကိုယ် တိတ်ဆိတ်လို့နေသည်။
ကားပေါ်ကအဆင်း ဟိုတယ်ထဲကို အဝင်ကျမှ သူမက ကျွန်တော့်ကို လှမ်းခေါ် ပါသည်။
“နောင်နောင်၊ နင်ဘာဖြစ်နေတာလဲ…”
“ငါလား ၊ ငါဘာမှ မဖြစ်ပါဘူး၊ ငါ…ငါ့ စိတ်ထဲမှာ…”
“နောင်နောင်…ဧည့်သည်တစ်ယောက် မင်းကိုလာစောင့်နေတယ်”
ဟိုတယ်ဧည့်ကောင်တာမှာ ကျွန်တော့်ဧည့်သည်ရောက်နေပါသည်။ တစ်ခြားသူ မဟုတ်။ အစ်မလို ချစ်ခင်ရင်းနှီးလှသော မချိုမြဖြစ်သည်။ မချိုမြက သူ့အိမ်က ပို့လိုက်တဲ့ အမှာပစ္စည်းတွေ လာယူတာဖြစ်သည်။ သူမနဲ့ မိတ်ဆက်ပေးဖြစ်သည်။
“ဒါ…ငါ့အစ်မလို ရင်းနှီးတဲ့သူ နာမည်က မချိုမြတဲ့။ သူက ဒီမှာ ကျောင်းတက်နေ တာ။ (…) တက္ကသိုလ်လေ။ သူ့အိမ်က ပစ္စည်းတွေထည့်ပေးလိုက်လို့လာယူတာ။
အစ်မ ပိန်ပြီး အိုစာသွားပါသည်။ မတွေ့ရတာ သုံးလေးနှစ်လောက်တောင်ရှိပြီပဲ။ အစ်မက ကျောင်းပြီးတာနဲ့ ဒီမှာပဲ သင့်တော်ရာ အလုပ်တစ်ခုလုပ်ဖို့ ဆုံးဖြတ်ထားသည်။ အိန္ဒိယမှာ အင်္ဂလိပ် ဘာသာစကားကို ရုံးသုံးဘာသာစကား အဖြစ်အသုံးပြုတာကို အစ်မက အင်မတန် သဘောကျသူ ဖြစ်သည်။
“အပြင်သွားဖို့ရှိတယ်ဆိုရင် ငါလည်းလိုက်ချင်တယ်”
ဟိုတယ် အနီးတစ်ဝိုက်မှာရှိတဲ့ စျေးတစ်ခုခုမှာ ဝယ်ခြမ်းစရာလေးတွေရှိတာမို့ ကျွန်တော်လည်း မသွားတတ်မလာတတ်မို့ အစ်မကို လိုက်ပို့ပေးဖို့ပြောတော့ သူမကပါ လိုက်ချင်သည်တဲ့။
“လိုက်ခဲ့လေ။ အစ်မလည်း အဖော်ရတာပေါ့”
အစ်မက လှိုက်လှဲစွာခေါ်လိုက်ပါသည်။
“အဲဒါဆို ရေမချိုးတော့ဘူ။ အိတ်တွေထားပြီး ဒီအတိုင်းလိုက်ခဲ့မယ်”
အခန်းထဲကို ခဏပြန်ပြီး အစ်မကို ထည့်ပေးလိုက်တဲ့ ပစ္စည်းထုတ်ကိုသွားယူ၊ Hoa ကိုစောင့် ခေါ်ပြီး အစ်မ မချိုမြ စောင့်နေတဲ့ ဟိုတယ်ဧည့်ကောင်တာကို ပြန်လာသည်။
ကျွန်တော်တို့ တည်းခိုရာဟိုတယ် အနီးတဝိုက်မှာတော့ စျေးတစ်စျေးရှိသည်ဟု ဧည့်ကောင် တာကပြောပါသည်။ အဲဒီစျေးကို သွားချင်နေတာကြာပြီ။ အစ်မရောက်မှ သွားဖြစ်တာဖြစ်ပါသည်။ ဟိုတယ်ကနေ သုံးဘီးတုတ်တုတ်ငှားပြီး သွားရင်လွယ်လွယ် လေးတဲ့။
“ဒီကနေ အဲဒီကို ရူပီး ၁၀၀၊ ၁၅၀ လောက်ပဲပေးရမယ်။ လမ်းလျှောက်သွားရင် လည်းရတယ်။ နာရီဝက်အလွန်ဆုံးပေါ့”
Sector 6 စျေးဟု အလွယ်ခေါ်ကြပါသည်။
စာအုပ် အဟောင်းဆိုင် တစ်ချို့တွေ့ရပါသည်။ စျေးတွေလည်း သိပ်အကြီးကြီး တော့မဟုတ်။ ရူပီး ၂၀၀ လောက်ဆို ဝတ္ထုစာအုပ် မူရင်းတစ်အုပ်လောက်ဝယ်နိုင်သည်။
တကယ်တော့ ကျွန်တော်က အစ်မနဲ့ မတွေ့တာကြာပြီမို့ စကားလေးဘာလေး ပြောဖို့ ဒီစျေး ဖက်ထွက်ခဲ့တာဖြစ်သည်။ လမ်းတစ်လျှောက်လုံး ကျွန်တော်နဲ့ သေချာမပြော ဖြစ်ပဲ Hoa နဲ့သာ ပြောနေလ၏။ Hoa က အစ်မကို အလွတ်မပေး။ သိလိုသမျှ အကုန်မေး နေလေ၏။
ကျွန်တော်က တစ်ဆိုင်ဝင် တစ်ဆိိုင်ထွက်လျှောက်ကြည့်နေစဉ်မှာ သူမတို့နှစ် ယောက်ကတော့ စကားတစ်ပြောပြောနဲ့ အေးအေးဆေးဆေးပင်။ နောက်တော့ အစ်မ အားရက်ကိုမေးပြီး တစ်ခေါက်ထပ်ချိန်းရသည်။ တစ်ယောက်နဲ့ တစ်ယောက်အခုလို ဆုံဖို့ ဆိုတာ သူများနိုင်ငံမှာ မလွယ်လှပါ။ မိုးအတော်ချုပ်မှ အစ်မပြန်သွားပါသည်။ ကျွန်တော်တို့ နှစ်ယောက်က တုတ်တုတ်ဖြင့်ပင် ပြန်လာခဲ့ကြ၏။
x x x x x