ရင်နှင့်အမျှ အပိုင်း (၁၅)

(၁၅)

စာအမှတ်(၈)
ကဲ…ဟန်နီ
ကိုယ်တို့ journalistic Styles ကို အဆုံးသတ်ရအောင်။ ကိုယ်တို့တွေရဲ့ သတင်းစာ မီဒီယာမှာရေးလေ့ရှိတဲ့ ရေးနည်း (ကနဦး) ကတော့ ကိုယ်ပို့ခဲ့တဲ့စာတွေ အတိုင်းပဲ။ အ ကြမ်းဖျင်းအားပေါ့လေ။ journalistic styles မှာ (၂) မျိုးရှိတယ်။
(၁) Reporting styles
(၂) Opinionlead styles
အဲဒီမှာ Reporting styles မှာ ခြောက်မျိုးရှိတယ်။ အဲဒါကတော့ Reportage, Feature , Report, News, Document, Interview တို့ပေါ့။
Opinion lead styles မှာတော့ (၂) မျိုးရှိတယ်။ အဲဒါတွေကတော့ Comment, Satiric ။ ဒါတွေက ကိုယ်မင်းကို ပေးခဲ့တဲ့ စာတွေရဲ့ အကြောင်းအရာ အကျဉ်းချုပ်ပေါ့။
မင်းအတွက် journalistic styles တွေဟာ အသုံးဝင်မယ်လို့ ထင်ပါတယ်။ ဒီတစ်ခါ ပရော်ဖက်ဆာကြီး စာမေးရင်တော့ ဖြေနိုင်မှာပေါ့။ ဖိုက် WH တို့၊ ၀ါကျတည်ဆောက်ပုံ မရှည်ရဘူးဆိုတာမျိုးတွေက ကိုယ်တို့ ရေးနေကျတွေမို့လို့ ပြောပြစရာမလိုတော့ဘူး ထင် ပါတယ်။ နောက် သတင်းထောက်တိုင်း သိတာမို့လို့ ဆက်မပြောတော့ပါဘူး။
ဒါလင်

“ဒါ နောက်ဆုံး စာလား Hoa”
သူမ ခေါင်းခါပြသည်။
“မသိဘူး” တဲ့။ ပြီးတော့ …
“နင့်ကို အဲဒါလာပေးဖတ်တာ… ပြီးရင်ပေး … သွားတော့မယ်” ဆိုပြီး ကျွန်တော့် လက်ထဲက စာကိုဆွဲယူထွက်သွားလေသည်။
ဒီနေ့ကတော့ training မရှိပါ။ Sight Seeing ခရီးစဉ်ဖြစ်သည်။ နယူးဒေလီရဲ့ အထင်ကရ နေရာတစ်ချို့ကို လိုက်ပို့ပေးမှာ ဖြစ်လေသည်။
လျှောက်လည်ဖို့အတွက် ‘Touristic Sites of Delhi’ ခေါင်းစဉ်တပ်ထားသော စာရွက်တွေရလေသည်။ အဲဒီ စာရွက်တွေထဲမှာ ကျွန်တော်တို့ လျှောက်လည်မယ့် နေရာ တွေရဲ့ သတင်းအချက် အလက်တွေကို စုစည်းပေးထားတာဖြစ်သည်။ ဥပမာ Red Fort ဆိုရင် ဓာတ်ပုံ၊ သမိုင်းကြောင်းတွေ ကို အကျဉ်းချုပ်ရေးပေးထား၏။
ထုထည်ကြီးမား ခမ်းနားလှသည့် ၁၇ ရာစုကတည်းက အဆောက်အဦကြီး Red Fort ၏ အတွင်းထဲ အထိတော့ မဝင်ခဲ့တော့ပါ။ ကားလမ်းက အရမ်းကြပ်နေတာကြောင့် ပင်။ တစ်ခြားနေရာ တွေကိုတော့ နှံ့နှံ့စပ်စပ် ဝင်ရောက်လေ့လာခွင့်ရလေ၏။ ကျွန်တော်တို့ လည်ပတ်ခွင့်ရမည့်နေရာများ မှာ Red Fort ၊ India Gate စသည့် အထင်ကရနေရာ ခုနစ် နေရာခန့်ဖြစ်သည်။ နယူးဒေလီ၏ နှလုံး သား India Gate ၊ သမိုင်းဝင် Jama Masjid အဆောက်အဦ၊ Mahatama Gandhi ၏ မြေမြုပ်သဂြိုဟ်ရာ Raj Ghat ၊ အထင်ကရ ပုထိုးတော်ကြီး Akshardham Temple ၊ ဘဟာအီ သာသနာ ဝတ်ကျောင်းတော် Lotus Temple ၊ မျှော်စင် Qutub Minar စသည့် နေရာများပါဝင်လာသည်။ ဒီနေ့ ကတော့ နေသိပ်မပူလှပါ။ မိုးခပ်အုံ့အုံ့ ရာသီဥတုကြောင့် သွားလာရေးမှာအရင်နေ့တွေကထက် ပိုပြီး အဆင်ပြေလေသည်။
လမ်းတစ်လျှောက်လုံး သူမနဲ့ ကျွန်တော် ကောင်းကောင်းမွန်မွန် စကားမပြောဖြစ်ပါ။ သူမနဲ့ ကျွန်တော် စိမ်းကားမှုတွေ အခြေအနေတစ်ခုအထိ တင်းမာလာခဲ့ပြီဖြစ်သည်။ ဘာကြောင့်လဲ။ ဘယ်သူ့ကို ရမယ်ရှာရမလဲ။ ဒီအခြေအနေကို ရောက်လာအောင် ဘယ်လို အကြောင်းတရားက တွန်းပို့ပေးခဲ့တာလဲ။
Va?
သူမ ဒီနေ့ Va ကို အရမ်းကပ်လွန်းနေပါသည်။ ကျွန်တော်မြင်သာအောင် တမင်ကပ် နေတာလားတော့မသိပါ။ India Gate ကို ပတ်ကြည့်တော့လည်း အတူတူ၊ Red Fort သွားတော့လည်းအတူတူ၊ Old Dehil နားမှာ ကားအရမ်းကြပ်လွန်းတာကြောင့် ကားတန်းစီ နေတဲ့အချိန် လမ်းဆင်းလျှောက်တော့လည်း အတူတူ၊ ဘယ်နေရာသွာသွား အတူတူ။
ဓာတ်ပုံမရိုက်ရ ကန့်သတ်နယ်မြေတွေဆို ဓာတ်ပုံခိုးရိုက်တတ်တဲ့ သူမအကျင့်ကို ကျွန်တော်အလွတ်ရနေကာ သူမအတွက် ဓာတ်ပုံအချို့ကို ကျွန်တော် ကို်ယ်တိုင်ခိုးရိုက် တတ်ခဲ့ပြီ။ ကျွန်တော့်ကင်မရာထဲမှာ ကန့်သတ်နယ်မြေတစ်ချို့မှာ ဖလက်ရှ်ပိတ်ရိုက်ခဲ့ သော ဓာတ်ပုံတချို့တွေ သူမကိုပေးဖို့အသင့်။
“နင် ဘာဖြစ်နေတာလဲ”
စံပယ်တို့ သူဇာတို့က ကျွန်တော့်အပေါ် စိတ်မရှည်ချင်တော့။
“ဖြစ်ချင်ရင် ရအောင် အကောင်အထည်ဖော်ပေါ့။ ဘာတွေလာမှိုင်နေတာလဲ နောင် နောင် နင့်ကိုကြည့်ရတာ စိတ်မသက်သာလိုက်တာဟာ”
သူမကြောင့် စိတ်မကောင်းဖြစ်မိတယ်ဆိုပေမယ့် အခုလို လျှောက်လည် ဓာတ်ပုံ ရိုက်ရတာ ကျွန်တော်ပျော်ပါသည်။ ခန်းနားထည်ဝါလှသော အဆောက်အဦကြီးတွေ၊ အထင်ကရနေရာတွေ…။ လူနေထူထပ်လှသော Old Dehli မြင်ကွင်း။ မကြာခဏ ကား ကြပ်တတ်သော၊ လမ်းပိတ်တတ်သော အိန္ဒိယ၏လမ်းများ။
ရန်ကုန်က ရှေ့နေချုပ်ရုံး၊ ဝန်ကြီးများရုံးကဲ့သို့သော အင်္ဂလိပ်ခေတ် အဆောက်အဦ ကြီးများ၊ အစိုးရရုံးစိုက် အဆောက်အဦကြီးများ ခမ်းနားလွန်းလှသည်။
နယူးဒေလီ အနီးတစ်ဝိုက် အထင်ကရနေရာတွေတော်တော်များများကိုဒီနေ့ ရောက် ဖြစ်ပါသည်။ အဲဒီနေရာတွေ အားလုံးကိုလည်း ခါတိုင်းလို သူမနဲသွားခွင့်မရပါ။ မြန်မာအဖွဲ့နဲ့ သွားရင်သွား၊ ဒါမှမဟုတ်တစ်ယောက်တည်း။ ရင်ထဲမှာတော့ အောင့်သက်သက် ဖြစ်မိပါ သည်။
ကျွန်တော့် ကင်မရာထဲမှာ သူမအတွက် ဓာတ်ပုံတချို့။
အထူးသဖြင့် ဓာတ်ပုံရိုက် ကန့်သတ်နယ်မြေတချို့ကို ကင်မရာ ဖလက်ရှ်ပိတ်ကာ ခိုးကြောင် ခိုးဝှက်ရိုက်ထားသော ဓာတ်ပုံတွေ။ အဲဒီ ဓာတ်ပုံတွေကြောင့် သူမနဲ့ ကျွန်တော် ကတောက်ကဆဖြစ်ခဲ့ဖူးသည်။ အချေအတင် စကားများဖူးသည်။
ဓာတ်ပုံခိုးရိုက်တာကို ကျွန်တော် မကြိုက်ပါ။ အထူးသဖြင့် သူများနိုင်ငံမှာဆို အခွင့် အရေးကိုပိုမယူချင်ပါ။ ဓာတ်ပုံရိုက်ကန့်သတ်နယ်မြေအတွင်းက ရရှိတဲ့ သတင်းဓာတ်ပုံတစ် ပုံဟာ ကျွန်တော်တို့ သတင်းသမားအတွက်အင်မတန် တန်ဖိုးရှိသလိုပဲ ကျွန်တော်တို့ နောက် တစ်ခါရောက်ရှိဖို့ အခွင့်အရေးနည်းပါးတဲ့ နေရာကဓာတ်ပုံဟာလည်း တန်ဖိုးကြီးလှ ပါသည်။ ဒီနေရာကို ဒီလိုပုံစံ၊ ဒီလူတွေ၊ ဒီလိုအခွင့်အရေးမျိုးနဲ့ နောက်တစ်ခါ ရောက်ရှိဖို့ မလွယ်လှပါ။
အဲဒီတော့ ဒီဓာတ်ပုံတွေကို သူမ တန်ဖိုးမထားဘဲနေပါ့မလား။ သူမ တန်ဖိုးထားတဲ့ အရာကို ကျွန်တော့်လက်ဝယ်ရှိရက်နဲ့ ဘာလို့မပေးနိုင်ရမှာလဲ။ ဟိုတယ်ပြန်ရောက်ရင် တော့ ပေးကိုပေးမှဖြစ်မည်။
သူမ ကျွန်တော့်ကို ဘယ်လိုပဲ လျစ်လျူရှုထားပါစေပေါ့။

X x x x x