(၁၆)
စာအမှတ်(၉)
ဟန်နီ
ဒီစာနဲ့ပဲ နှုတ်ဆက်ခဲ့ပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာကို မင်းသိဖို့ထက် ကိုယ်ပို့တဲ့ စာတွေဟာ မင်းအတွက် မြူမှုန်တစ်မှုန်လောက်ဖြစ်ဖြစ် အသုံးဝင်တယ်ဆိုတာနဲ့တင် ကိုယ် ကျေနပ်ပါတယ်။ သေချာတာကတော့ ကိုယ်မင်းကို သံယောဇဉ်တွေပိုနေမိပြီ။ ဟုတ်တယ် ဟန်နီ။ စာအမှတ်(၁) ပေးတုန်းကထက် အဆပေါင်းများစွာကွာခြားနေခဲ့ပြီ ဟန်နီ။ ဒါပေမဲ့ ကိုယ်ဘာဆက်လုပ်ရမလဲ မသိခင်မှာပဲ အဆုံးသတ်လိုက်တာကောင်းပါတယ်ကွာ။ Good Luck။
ဒါလင်
Hoa ရဲ့အခန်းရှေ့ကို ဓာတ်ပုံတွေသွားပေးတုန်း နောက်ဆုံးစာကို ဖတ်ခွင့်ရပါသည်။ ကျွန်တော့် ကင်မရာထဲက ဓာတ်ပုံတွေကိုတော့ Hoa က မယူတော့ဘဲ Facebook က တစ် ဆင့် tag လုပ်ခိုင်းသည်။
စာဖတ်အပြီး သူမကို လှမ်းပေးလိုက်တော့ ပဟေဠိအပြုံးကိုတွေ့ရသည်။
“နင် ငါ့ကို စိတ်ကောက်နေတာလား”
ဘုရား၊ ဘုရား။ သူမ ချော့နေပါလား။ ကျွန်တော်အ့ံသြမိတာအမှန်။
“ဘာကိုလဲ”
“ငါ… အခုတလော Va နဲ့ အရမ်းကပ်တာကိုလေ”
“ငါ… စိတ်မကောက်ပါဘူး၊ ဘာဆိုင်လဲ၊ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ့်ပဲလေ။ ငါ့မှာ စိတ်ဆိုးပိုင်ခွင့် လည်းမရှိပါဘူး Hoa”
“နင် လိမ်နေတယ် နောင်နောင်၊ ငါ ကောင်းကောင်းသိတယ်၊ ငါဘာလို့သူ့အနားကပ် တာလဲ နင်မသိချင်ဘူးလား”
ပုံမှန်မဟုတ်သော အပြုံးကိုထပ်ပြုံးပါသည်။
“ဟင့်အင်း၊ မသိချင်ဘူး၊ ငါလိမ်လည်းမလိမ်ဘူး၊ စာတွေပို့တာဘယ်သူလဲဆိုတဲ့ အဖြေကိုလည်း နင်သိပြီးပြီပဲလေ။ ကဲ… ငါသွားတော့မယ် Hoa”
ဘာဖြစ်လို့ပါလိမ့်။
အမြဲတမ်း သူမအနား စကားပြောခွင့်ရချင်နေသော ကျွန်တော့် စိတ်တွေဒီနေ့ကျမှ တမျိုးဖြစ်နေသည်။ ကျွန်တော်ကျောခိုင်းလိုက်၏။
“နောင်နောင်”
ပြန်လှည့်အကြည့်။
“တကယ်တော့ ငါ့ဆီကို စာတွေပို့တဲ့သူက နင်ဖြစ်နေတယ်ဆိုတာ ငါသိတယ်”
“ဘာ”
ကျွန်တော် အငိုက်မိပြီ။ ဘာပြန်ပြောရမလဲ။ ငြင်းရမလား။
“မငြင်းနဲ့ နောင်နောင်။ ငြင်းရင်တော့ နင့်ခြေသလုံးကို ငါလှန်ကြည့်ရလိမ့်မယ်။ အမာရွတ်တော့ တွေ့နိုင်ကောင်းပါရဲ့”
ကျွန်တော်ငြိမ်နေမိပါသည်။
“ဘာကြောင့်လဲ။ ဘာကြောင့်နင်ဖြစ်နေတာလဲ နောင်နောင်”
“ဟာ… ဒါ… ဒါ”
“အတန်းထဲမှာ ဆရာမေးတုန်းက မရဘူးပြောပြီး နင်ငါ့ဆီကို သတင်းရေးနည်း အတို ချုပ်တွေပို့ခဲ့တယ်။ စာတွေသေသေသပ်သပ်နဲ့ ငါ့ဆီရောက်လာအောင်နင်လုပ်ခဲ့တယ်။ အဲဒါ တွေဟာ ဘာကြောင့်လဲဆိုတာတော့ ငါ့ကိုသိခွင့်ပေးပါ”
“အာ… Hoa ၊ နင်… ငါပို့တယ်ဆိုတာ ဘယ်လိုကြောင့် အတပ်ပြောနိုင်တာလဲ၊ တစ် ခုခုများမှားနေသလား”
ကျွန်တော် ငြင်းနေမိသည်။ ဒါပေမယ့် …. ။
“အတန်းထဲမှာ စာတွေသင်ရင်း၊ သင်ခန်းစာတွေလုပ်ရင်းနဲ့ ငါ့ဆီကို စာတွေ ဟန်မ ပျက်ရောက်အောင် နင် မချိုမြနဲ့ ဆက်သွယ်ခဲ့တယ်။ ဟိုတယ်ကို မချိုမြလာတဲ့နေ့ဟာ နင်နဲ့ သူ ပထမဆုံးလူချင်းတွေ့တာဆိုပေမယ့် နင့်တို့ အချင်းချင်း အရင်နေ့တွေကတည်းက အွန်လိုင်းမှာရော၊ ဖုန်းနဲ့ပါ အဆက်အသွယ်ရှိခဲ့တယ်”
ကျွန်တော် နှုတ်ဆိတ်နေမိသည်။
“မချိုမြမလာခင် ရှေ့ရက်တွေက နင့်အခန်းကို ငါလာတော့ နင်မချိုမြနဲ့ ဖုန်းပြောနေ တဲ့အကြောင်း ညီညီနဲ့ စကားပြောမိရာကနေ သံသယဝင်ခဲ့တယ်။ နင်မှန်းအတပ်သိတဲ့ အချက်က စာကြောင့်ပဲ။ ငါ့ဆီကို စာကိုးစောင်ရောက်တယ်။ နင်သတိထားမိလား ပထမဆုံး နံပါတ် (၁) စာဟာ တခြားစာတွေလို ကွန်ပျူတာနဲ့ ရိုက်ထားတာမဟုတ်ဘူး။ လက်ရေးနဲ့ ရေးထားတာ။ အဲဒါကို သတိထားမိသွားတာက စာအမှတ် (၄) ရောက်ပြီးတဲ့နောက်ပေါ့။ စာ (၄) ရောက်ပြီးတဲ့နောက် နင့်ကို ငါအတန်းထဲမှာ ယောကျ်ားလေး မိန်းကလေး ဘယ် နှစ်ယောက်ရှိလဲဆိုပြီး ဘောလ်ပင်နဲ့ စာရွက်မှာ ချရေးပြီး လူခွဲခိုင်းခဲ့တယ်လေ။ အဲဒီ မှာ နင့်လက်ရေးကို တွေ့ဖူးသွားပြီး စာနံပါတ် (၁) နဲ့တိုက်ကြည့်ခဲ့တော့ ချွတ်စွတ်တူနေခဲ့ တယ်”
မိုးချုပ်နေပြီ။
အတန်းဖော်တော်တော်များများက ဒီအချိန်ဆို Happy Hour အခန်းမှာရောက်နေ တာ သေချာပါသည်။ ကျွန်တော်ကတော့ သူမ စကားတွေကို စိတ်ဝင်တစားနားထောင်နေ မိပါသည်။
“သိသိချင်းအရမ်းအံ့သြသွားပြီး သေချာအောင် အမြဲစုံစမ်းနေခဲ့တယ်။ အဲဒီမှာပဲ မချိုမြနဲ့ နင်ဖုန်းပြောတတ်တာ။ ညဘက်ချက်တင်ထိုင်တာတွေကို ညီညီ့ဆီကနေတစ်ဆင့် သိလာတယ်။ မချိုမြ လာတဲ့နေ့က စျေးကိုလိုက်ရင်းသူနဲ့ စကားပြောရင်းကနေ စာတွေပို့ နေတာ မချိုမြဆိုတာကိုသိခဲ့ရတယ်။ ပထမတော့ သူလွှတ်ခနဲထွက်သွားတာ။ ငါကမနည်း အစ်အောက်မေးယူရတယ်။ အဲဒီမှာ ပိုသေချာသွားတယ်။ နောက်ပြီး စာတွေဖတ်ပြီးတိုင်း ဖတ်ပြီးတိုင်း နင့်မျက်နှာအမူအရာ တစ်မျိုးဖြစ်နေတာကိုလည်း သတိထားမိတယ်။ ငါ… နင်စာတွေ ပို့နေတာဟုတ်မဟုတ် လေ့လာဆန်းစစ်နေဆဲမှာ မထင်မှတ်ဘဲ Va ရဲ့ ခြေ သလုံးမှာ အမာရွတ်တွေ့လိုက်ရတယ်။ အဲဒီလိုတွေ့ပြီး နင် Va ကို နှုတ်ပိတ်ဖို့ကြိုးစား သေးတယ်လေ။ ငါက ဒီရက်ပိုင်းအတွင်း Va နဲ့ စကားမပြောဖို့ ကတိတောင်းခဲ့တာ နင်နှုတ် မပိတ်အောင်လို့ပဲ”
တယ်လဲဉာဏ်နီ ဉာဏ်နက်များတဲ့ မိန်းကလေး။
“Va ခြေထောက်မှာ အမာရွတ်တွေ့ပြီးတဲ့အထိ စာတွေပို့တာ နင်ဆိုတာ ငါသိပေ မယ့် ပိုသေချာအောင်စောင့်နေခဲ့တာ။ စာတွေပြီးတဲ့အထိ စောင့်နေခဲ့တာ။ အဲဒီ နောက်ပိုင်း မချိုမြနဲ့တွေ့ခဲ့တယ်။ Va အနီးကပ်နေလို့ နင့်မျက်နှာတစ်မျိုးဖြစ်နေတာကိုလည်း တွေ့ခဲ့ တယ်”
ကျွန်တော် ဘာဆက်လုပ်ရမလဲ။
“အမြဲတမ်း သံသယ မျက်လုံးနဲ့ ကြည့်နေလို့လားမသိဘူး။ နင်ရေးတဲ့စာ၊ နင်ပြောတဲ့ စကားတွေထဲမှာ နင်ဖြစ်ကြောင်း သက်သေပြနေသလိုပဲ။ ဥပမာ စာအမှတ် (၆) တုန်းက ဘာ Comment မှမပေးဘဲ တုံးတိကြီးရေးပေးလိုက်လို့ Comment နည်းနည်းလေးပဲ ဖြစ်ဖြစ် ဖတ်ချင်တယ်လို့ နင့်ရှေ့မှာပြောတော့ စာအမှတ် (၇) မှာ Comment နည်းနည်းပါ လာတယ်လေ။ အဲဒီလိုမျိုးပေါ့…”
Hoa ရယ်… တကယ်တော့… ငါနင့်ကို ရင်မဆိုင်ချင်သေးဘူး။ အဆင့်သင့် မဖြစ် သေးဘူး၊ ဘာကြောင့်လဲဆိုတာလဲ မသိဘူး။
“နင် မချိုမြကို ဘာမှသွားမမေးနဲ့နော်၊ သူနဲ့ ငါ ကတိထားထားတယ်”
မေးတော့ရော ဘာထူးမှာလဲ။
“နောင်နောင်၊ နင်ဆက်ငြင်းဦးမှာလား၊ စကားမပြောဘဲနဲ့ နင့်ခြေထောက်က အမာ ရွတ်ကို ပြလိုက်ရင်ကောင်းမယ်၊ ဒါမှမဟုတ် ဘာလို့ဒီလို လုပ်ရတာလဲဆိုတာဖြေ…”
“ငါ”
“နင် ဆက်မငြင်းနဲ့နော်”
“ကောင်းပြီလေ၊ ငါ မငြင်းတော့ပါဘူး၊ ဝန်ခံပါတယ်။ ဟုတ်တယ် ငါစာတွေပို့ခဲ့တယ်။ အဲဒါကိုလည်း ငါနဲ့ မချိုမြ နှစ်ယောက်တည်းပဲသိတယ်။ နံပါတ် (၁) စာကိုတော့ ဟိုတယ်က ဝန်ထမ်းကို တိတ်တဆိတ် အကူအညီတောင်းပြီးပေးခဲ့တာ ငါနင့်ကို စာတမ်းအတွက် တ ကယ်အကျိုးရှိစေချင်တဲ့ဆန္ဒနဲ့ ပို့ခဲ့တာပါ။ ဆရာစာမေးတုန်းက ငါမသိဘူး ဖြေခဲ့တာက အလွတ်မရတာ၊ အမနဲ့တိုင်ပင်ပြီးမှ ပြည့်ပြည့်စုံစုံသိတာပါ။ အဲဒါကြောင့်စာ (၂) ကျမှ စ ပြောတာလေ”
“နင်နဲ့ငါ အဆင်မပြေပဲနဲ့လေ”
“ပုဂ္ဂိုလ်ရေးက ပုဂ္ဂိုလ်ရေးတစ်ပိုင်းပဲ Hoa၊ နင်က အတန်းဖော်အားလုံးရဲ့ရှေ့မှာ မသိကြောင်းပြောနေတာ ငါမမြင်ရက်ဘူး၊ ငါ့ရဲ့ စိတ်ရင်းကြောင့်ပဲဖြစ်ဖြစ် ရိုင်းပင်းကူညီတဲ့ မြန်မာတစ်ယောက်စိတ်ပဲဆိုဆို နင့်အပေါ် သေးသေးလေးပဲဖြစ်ဖြစ် ကူညီချင်စိတ်တွေ တ ဒင်္ဂဖြစ်ပေါ်လာပြီး ကူညီခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် Va ခြေထောက်မှာ အမာရွတ်တွေ့ တော့လည်း နင် Va ကိုပဲထင်ပါစေတော့ဆိုပြီး သူ့ကို ငါနှုတ်ပိတ်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် နင့်ကို ကတိပေးလိုက်ရလို့ Va နဲ့စကားမပြောဖြစ်ခဲ့ပါဘူး။ အဲဒါပါပဲ”
“နင် အဖြူသက်သက်ပို့ခဲ့တာလား ဒီ စာတွေကို”
“ပထမ စာတွေတုန်းကတော့ ဟုတ်တယ်၊ ဒါပေမဲ့ နောက်ပိုင်း နင့်အပေါ်မှာ အ ရောင်တွေပါလာတာ ငါဝန်ခံပါတယ်ဟာ။ အဲဒီအတွက်လည်း နင့်ကို ငါအနူးအညွတ် တောင်းပန်ပါတယ်။ ”
မတတ်နိုင်တော့။
ကျွန်တော့်အခြေအနေက ချောင်ပိတ်မိနေပြီ။
“နင့်ခြေထောက်က အမာရွတ်ကို ပြလို့ရမလား နောင်နောင်”
မထူးတော့ပြီမို့ ကျွန်တော် ခေါင်းညိတ်လိုက်ပါသည်။
ဘောင်းဘီကို ခေါက်တင်လိုက်၏။ အမာရွတ်ရှိနေရာကို သူမ စိုက်ကြည့်နေပါသည်။ ကျွန်တော် သူမကို ဘာဆက်ပြောရမလဲ။
“နင်အရူးပဲ နောင်နောင်၊ နင် ငါ့ကို လှည့်စားတယ်။ ပဟေဠိတွေလုပ်တယ်။ အဲဒီ ပဟေဠိကို ငါ ဖော်ပြီးတဲ့နောက် ငါဘာဆက်လုပ်ရမှာလဲ။ နင် ဘာဖြစ်စေချင်တာလဲ။ နင် ငါ့ကို အရူးလုပ်တာပဲ။ စာထဲမှာ ဘာတွေရေးခဲ့သလဲ။ အဲဒီစာတွေက နင်ရေးတာပဲလေ။ နင်ရေးတဲ့ စာတွေအပေါ် နင်ဘယ်လိုတာဝန်ယူမလဲ”
ကျွန်တော်… လက်ဝါးနှစ်ဖက်ကို မျက်နှာပေါ်အုပ်ကာ ခေါင်းပေါ်သပ်တင်လိုက်၏။ ရင်ခုန်နှုန်းတွေပိုမြန်နေသယောင်။
“ဟုတ်တယ် Hoa နင့်ကို ငါချစ်တယ်။ မြတ်မြတ်နိုးနိုးနဲ့ချစ်တာပါ။ နင့်ဆီက ဆန့် ကျင်ဘက်တုန့်ပြန်မှုတွေကို ပြန်ရမှာ ငါအရမ်းကြောက်နေမိခဲ့တယ်။ ငါ့ အချစ်က တဒင်္ဂဖြစ် တည်မှုပဲလို့ နင်ထင်မှာကိုလည်းကြောက်တယ် Hoa ။ ငါတို့ဟာ နိုင်ငံမတူဘူး။ ရေခြားမြေ ခြားမှာနေကြရတာ။ ဒါကို မဖြစ်နိုင်ဘူးဆိုပြီး နင်ငြင်းမှာကိုလည်း ငါစိုးရိမ်တယ်။ ဒီလို ဒွိဟ တွေကြားထဲမှာ နင့်ကို တိတ်တခိုးချစ်နေခဲ့တာပါ Hoa”
ကျွန်တော် သူမ မျက်နှာဆက်မကြည့်တော့ဘဲ လှည့်ထွက်လာမလို့ပြင်လိုက်၏။
“နောင်နောင်”
ကျွန်တော်လှည့်မကြည့်။ ဒါပေမယ့် သူမဘာပြောမလဲဆိုတာ နားစွင့်နေမိသည်။
“ငါကရော နင့်ကို ဘာလို့မချစ်နိုင်ရမှာလဲ” တဲ့။ အဲဒီခဏ… အဲဒီခဏမှာ…..
ကျွန်တော်တို့နှစ်ယောက်ရဲ့အကြည့်ဟာ ကမ္ဘာပေါ်မှာ အချုြိမိန်ဆုံးဖြစ်ပါလိမ့် မည်။
x x x x x