ရင်နှင့်အမျှ အပိုင်း (၂၂)

(၂၂)

အဲဒါဟာ သမားရိုးကျပြဿနာတစ်ခုကြုံတွေ့နေကျ အကြောင်းအရာတစ်ခုဆိုပေ မယ့် ခါတိုင်းလို ငြိမ်သက်အေးချမ်းမသွားဘဲ ကျွန်တော့်ဘဝကို အပြောင်းအလဲကြီးတစ်ခု အသွင်ပြောင်းဖို့ အစပြုခဲ့ခြင်းဖြစ်ပါသည်။
အဲဒီအမျိုးသမီးရဲ့ အရှေ့မှာတည်ငြိမ်ဟန်ဆောင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ည ပင် ကောင်းကောင်းအိပ်မပျော်ခဲ့ပါ။ ကျွန်တော့် ပယောဂကြောင့် အထင်ကရခရီးလုပ်ငန်း တစ်ခု နာမည်ပျက်သွားရတော့မည်။ လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကျဆင်းရသည်။ အပြစ် မရှိတဲ့လူတစ်ယောက် အလုပ်ပြုတ်သွားရသည်တဲ့။ ဘုရား … ဘုရား။ ဒါပေမယ့် … ကျွန်တော်မှားယွင်းခဲ့တာမဟုတ်။ ဒါတွေအားလုံးအဲဒီအကြောင်းအရာအားလုံးဟာ အမှန်တ ရားပဲလေ။ ကျွန်တော့် အယ်ဒီတာကတောင် မင်းဘာတုန်လှုပ်စရာမှ မရှိတာပဲဆိုပြီး နှစ် သိမ့်သေးသည်။
ကျွန်တော် အယ်ဒီတာနဲ့ တိုင်ပင်ဖြစ်ပါသည်။ ကျွန်တော်ပြန်ပြောလိုက်တဲ့ စကား တွေကို သူကသဘောကျလို့နေလေသည်။
“ကောင်းတယ်၊ မင်းမှန်တာပဲ”
“ဒါပေမယ့် ဆရာ သူကတရားစွဲမယ် ဘာညာနဲ့…”
“ဟားဟား… ဘာအရေးလဲ။ ကိုယ့်ဘက်က အခိုင်အမာအချက်အလက်တွေရှိနေ တာပဲလေ။ ဘာကြောက်စရာလိုလဲ။ တကယ်ဆိုဘယ်လို ပြဿနာပဲ ဖြစ်ဖြစ်မင်းနဲ့မဆိုင် ဘူး။ အယ်ဒီတာပဲရှင်းပေးရမှာ။ မင်းဘာမှမပူနဲ့။ မင်းရှေ့မှာ ငါအပါအဝင် အယ်ဒီတာ တွေရှိတယ်။ ပြီးတော့ အဲဒီအမျိုးသမီးကတကယ်လည်းတရားမစွဲပါဘူး။ မင်းမယုံရင် စောင့် ကြည့်နေ…”
“ကျွန်တော့်ကြောင့် ထိခိုက်နစ်နာမှုတွေရှိတာတော့ စိတ်မကောင်းဘူးဗျာ”
“အာ… နောင်နောင်၊ မင်းလုပ်သက်နှစ်ချို့နေပြီ ။ ဒါတောင် မတွေးတတ်ဘူးလား။ မင်းနဲ့ဘာဆိုင်လဲ။ သူ့လုပ်ငန်းကြောင့်ပဋိပက္ခတွေ ဖြစ်သွားတဲ့ ခရီးသွားပြည်သူတေကို တွေးကြည့်စမ်း၊ သတင်းထောက်တွေက ဒါကိုသိရက်နဲ့ မရေးဘဲနေရင် နောက်ထပ် နောက် ထပ် အလိမ်ခံရမယ့်လူတွေ… လူတွေ၊ ပြီးတော့ သတင်းထောက်ကသတင်း ရေးရမှာပဲ လေ၊ မင်းရှေ့မှာရှိတဲ့သတင်းကို မင်းရေးတာဘာမှ မဆန်းဘူး။ ပူမနေနဲ့…”
သူဘယ်လိုပြောပြော ကျွန်တော်ကသတင်းရေးတဲ့ကာယကံရှင်မို့ စိတ်ထဲလေးလံလို့ နေလေသည်။ ထင်ထားတဲ့အတိုင်းပါပဲ။
နှစ်ရက် အကြာမှာတော့ သူမထံကဖုန်းကိုလက်ခံရလေသည်။
လေသံက ဖုန်းထဲမှာပိုမာနေပါသည်။
“ကျွန်မတို့ ခရီးသွားလုပ်ငန်းအတိုင်ခံရတဲ့ကိစ္စ၊ တခြားဂျာနယ်တစ်ခုမှာလည်း ပါလာ တာတွေ့တယ်။ ရှင့်လက်ချက်ပဲမလား”
ရန်လိုတဲ့စကားကြားရလိမ့်မယ်လို့ ထင်ထားခဲ့ပေမယ့် စွပ်စွဲချက်တစ်ခုဖြစ်နေတော့ ကျွန်တော် စိတ်ထဲပိုပြီး ခံစားရလေသည်။
“ရှင် သိပ်ယုတ်မာတဲ့ သိပ်အောက်တန်းကျတဲ့ သတင်းထောက်တစ်ယောက်ပဲ။ ဘယ်လိုအငြိုးအတေးနဲ့ အခုလိုဒုက္ခပေးရတာလဲ။ တစ်ခြားတိုက် သတင်းထောက်ကို ကျွန်မတို့အကြောင်းပြောပြီး သတင်းလိုက်ခိုင်း၊ ထည့်ခိုင်းလိုက်တယ်ပေါ့လေ”
ကျွန်တော်သည်းမခံချင်တော့ပါ။
“ခင်ဗျားမှားနေပြီ၊ အဲဒီသတင်းကိုသတင်းထောက်တွေ Follow up တစ်ပြိုင်တည်း လိုက်ထည့်နိုင်ကြတာပဲ။ ကျွန်တော်တို့ ဂျာနယ်ကသတင်းဦးလို့အရင်ပါသွားတာ။ မယုံရင် မန်နေဂျာအပါအဝင် တခြားခင်ဗျားခန့်ထားတဲ့ ဝန်ထမ်းတွေကို မေးကြည့်လိုက်ပါ။ ဒီတစ် ပတ်အတွင်း (…) ခရီးသွားလုပ်ငန်းရုံးခန်းထဲကိုရောက်လာတဲ့ သတင်းထောက်ဟာ ကျွန်တော်ပဲလား၊ တခြားမေးတဲ့သူမရှိဘူးလားလို့”
“ဦးဝင်းအောင် မရှိတော့ဘူးလေ။ ရှင့်ကို ပြောခဲ့ပြီးပြီပဲ။ တခြားဝန်ထမ်းတွေလည်း ကျွန်မကို ဘာမှမပြောဘူး”
မန်နေဂျာအသစ်ခန့်ထားပုံမရပါ။
“ခင်ဗျား ကျွန်တော့်ဆီကိုဖုန်းဆက်တာဒါပြောဖို့လား”
ကျွန်တော်လေသံမာနေပါလိမ့်မည်။
“သတင်းထောက်တွေ Follow up လိုက်ပြီးရေးတယ်ဆိုရင်၊ အဲဒီလိုရေးအောင် ရှင်ကပဲစခဲ့တာလေ”
“ဒါပဲလား။ ဖုန်းချလိုက်တော့မယ်”
“ကျွန်မပြောမယ့် အဓိကအကြောင်းအရာရှိသေးတယ်”
“ဟုတ်ကဲ့ ၊ ပြောပါ”
ကျွန်တော် ဖုန်းပြောနေသံကိုအယ်ဒီတာ ကြားသွားပုံရသည်။
အနားရောက်လာပြီးတုန့်ပြန်စကားသံတွေကိုလာနားထောင်ပါသည်။ ကျွန်တော် အင်မတန် ကံကောင်းပါသည်။ ကျွန်တော့်ရှေ့မှာအရာရာကိုကာကွယ်ပေးမည့် အယ်ဒီတာ ကောင်းတွေရှိသည်။
ညီညီတို့တိုက်မှာတော့ အဲ့လိုမဟုတ်ပါ။
ကိုယ့်သတင်းကိုယ် တာဝန်ယူရတာဖြစ်သည်။ အယ်ဒီတာနှစ်ယောက်ကလည်း စီးရီးခွေမိတ်ဆက်ပွဲ၊ စာအုပ်မိတ်ဆက်ပွဲ၊ စားပွဲ၊ သောက်ပွဲတွေချည်း ဒိုင်ခံသွားနေကြတာ လို့ ညီညီခဏခဏပြောသည်။
“ရှင့်ကို ကျွန်မတရားစွဲရင် ခုခံချေပဖို့ အချက်အလက်တွေရှိတယ်လို့ ကျွန်မသိထား တယ်”
“ကျွန်တော် ကာကွယ်နိုင်သမျှပါ”
“ဦးဝင်းအောင်နဲ့ အင်တာဗျူးထားတဲ့ အသံံဖိုင်ရယ်၊ တိုင်စာတွေ အားလုံးနဲ့ ကာယ ကံရှင်တွေရှင့် ဖက်မှာရှိနေ တယ်ဆိုပြီးရှင်အေးအေးဆေးဆေးနေနိုင်တာပေါ့”
“ခင်ဗျားဆိုလိုချင်တာက”
ဒီအမျိုးသမီးဘာတွေ လုပ်ချင်နေတာလဲ။ ဘာလိုချင်တာပါလဲ။ စိတ်ထဲက ခန့်မှန်း နေမိသည်။
“ရှင့်ကိုတရားစွဲလို့ မရဘူးထားဦး၊ တခြားပုံစံနဲ့ ဒုက္ခပေးလို့ရတယ်။ အခုဖြစ်သွားတဲ့ ပြဿနာကို ကျွန်မ ဘယ်လိုမှ မကျေနပ်နိုင်ဘူး”
ခြိမ်းခြောက်နေတာဖြစ်သည်။
“သတင်းထောက်က သတင်းရေးတဲ့အလုပ်ကိုလုပ်ပါတယ်။ ခင်ဗျားတို့ လုပ်ငန်းနဲ့ ပတ်သက်ပြီး သတင်းဖြစ်ပေါ်လာတဲ့အတွက် အဲဒီသတင်းကိုရေးပါတယ်။ တစ်ဖက်သက် ချည်းမဖြစ်အောင် သုံးယောက်၊ လေးယောက်လောက်ကိုမေးပြီးရေးတယ်။ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ ဆန္ဒမပါဘူး။ အဲဒါပါပဲ”
“ဒါပေမဲ့ ကျွန်မနစ်နာတယ်။ မန်နေဂျင်းဒါရိုက်တာ (MD) ရာထူးကိုစပြီး တာဝန်ယူတဲ့အချိန်မှာ (…) ခရီး သွားလုပ်ငန်းနာမည် တစ်ရှိန်ထိုးကျဆင်းသွားပြီး ပြိုင်ဘက်လုပ်ငန်းတွေကြားထဲမှာ ပြော စရာတွေဖြစ်ကုန်တယ်”
“ကျွန်တော် တကယ်မရည်ရွယ်ပါဘူး”
ဖုန်းဆက်မပြောချင်တော့တဲ့ စိတ်ကိုတော်တော်လေး ထိန်းထားရသည်။ အလိုက် သင့်လေးပြောနေရသော စကားတွေကိုပြောင်းပြန်လှန်ပြီး စိတ်ရှိလက်ရှိ ပြန်ပြောပစ်လိုက် ချင်သည်။
ကျွန်တော့်အနားရောက်နေသော အယ်ဒီတာကတော့ ဖုန်းလက်ခံမပြောတော့ဖို့၊ သူ့ကိုဖုန်းခွက်ပေးဖို့ လက်ဟန်ခြေဟန်ပြသည်။ ဒါပေမဲ့ ဒီမိန်းမဘာဆက်ပြောမလဲ နား ထောင်ချင်ပါသေးသည်။
“အဲဒီတော့ … ရှင့်ကို ကျွန်မကမ္ဘာမကျေပဲ”
“ခင်ဗျားဘက်က ဘယ်လိုပဲတုန့်ပြန်တုန့်ပြန် ကျွန်တော်မတတ်နိုင်ပါဘူး။ လုပ်ငန်း ရှင်ကြီးတစ်ယောက်နဲ့ သာမန်သတင်းထောက်တစ်ယောက်နဲ့ အင်အားအရမ်းကွာပါတယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကလည်း ဘယ်လို ဒုက္ခမျိုးပဲလာလာ၊ အတတ်နိုင်ဆုံး အမှန် တရားအတွက် ကာကွယ်ရင်ဆိုင်သွားမယ်”
အဲဒီလိုပြောပြီး ဖုန်းချပစ်လိုက်သည်။
အယ်ဒီတာတွေကတော့ နောက်တစ်ခါဖုန်းလာရင် ကျွန်တော်လက်ခံမပြောဖို့၊ သူတို့ ထဲကတစ်ယောက်ယောက်နဲ့ လွှဲပေးဖို့ ဖုန်းအော်ပရေတာကောင်မလေးကိုမှာသည်။
ကျွန်တော် ဘာဆက်လုပ်ရမလဲ။
သူမရဲ့ ခြိမ်းခြောက်မှုကိုကြောက်တာမျိုးမဟုတ်ပေမဲ့ ကျွန်တော့်ကြောင့် သူမအခု လိုမကျေမနပ်ဖြစ်နေတာကို စိတ်မကောင်းဖြစ်လှသည်။ သို့သော်လည်း ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ပါ။ ကျွန်တော့် ဘဝက လွန်လွန်ကျူးကျူးလုပ်တာမဟုတ်လို့ပဲ ကျွန်တော်ခံယူ ထားပါသည်။
နောက်ထပ် တစ်နာရီလောက်ကြာတော့ ညီညီ့ထံဖုန်းလာသည်။
ကျွန်တော့်လက်ကိုင်ဖုန်းဆီကို။
“နောင်နောင်၊ (…) ခရီးသွားလုပ်ငန်းက ဒေါ်မေမြသွယ်လား၊ သူမင်းအကြောင်း စုံ စမ်းနေတယ်။ မနေ့ကတည်းကပဲ။ မင်းသတင်းအတွက် မကျေနပ်ဘူးထင်တယ်။ အဲဒါ မင်းကိုသတိလှမ်းပေးတာ”
“ဟုတ်လား၊ အေး… ခုနကလည်း ငါ့ဆီဖုန်းဆက်သေးတယ်။ သတင်းကိုလုံးဝ မကျေနပ်နိုင်ဘူးတဲ့”
“အချက်အလက်တွေ မှန်နေတာပဲလေ။ ပြီးတော့ မင်းသတင်းကို ငါတို့တွေအားလုံး ဖတ်ရသလောက်ကတော့ သူ့အကျိုးစီးပွားပျက်ပြားဖို့အတွက် တမင်ရည်ရွယ်ပြီးရေးထား တာမှမဟုတ်ဘဲ။ အပေါင်းလက္ခဏာတောင် ဆန်နေသေးတယ်၊ မင်း သေချာမေးခဲ့တာမှ လား”
“အထွေထွေမန်နေဂျာ ရှိတယ်လေ။ သူပဲ ဖြေပေးမယ်ဆိုလို့ ငါသူ့ ကိုပဲမေးခဲ့တာ။ သူ့ကို လည်း အလုပ်ထုတ်ပစ်လိုက်ပြီတဲ့ကွာ”
“အား … ဒီအမျိုးသမီးတော်တော်ရက်စက်ပါလား”
အခုလောက်ဆို ကျွန်တော့်အကြောင်း သတင်းထောက်တွေကြားထဲမှာ ရေပန်းစား နေပြီထင်ပါရဲ့။ ဒေါ်မေမြသွယ်ဟာဘာလို့ ဒီလောက်အထိ အမြင်ကျဉ်းမြောင်းနေရတာပါ လဲ။
“ညီညီ… ငါအခုဖြစ်နေတဲ့ ပြဿနာကို Hoa ကိုပေးမသိနဲ့ဦးနော်။ သူစိတ်ပူနေမှာ စိုးလို့။ Facebook, G talk သုံးရင်း စကားစပ်မိလို့ ပြောမိမှာစိုးလို့”
“အေးပါကွာ… စိတ်ချ”
ကျွန်တော် ဘာပဲရင်ဆိုင်ကြုံတွေ့ရ Hoa နဲ့အတူ ဆွေးနွေးတိုင်ပင်ရမှာထက် Hoa စိတ်ပူမှာကို ကျွန်တော်မလိုလားပါ။
ဒီအကြောင်းသာ Hoa သိခဲ့ရင် ကျွန်တော့်ကိုစိတ်ပူမှာအသေအချာပင်။ ဟိုအမျိုး သမီးရဲ့ ခြိမ်းခြောက်စကားသံတွေကို ကျွန်တော်တောင်လန့်သလိုလိုခံစားရသည်။
တကယ်တော့ ဒေါ်မေမြသွယ် (မေမြသွယ်) ဟာ ကျွန်တော့်ကို ခြိမ်းခြောက်တာ တင်မဟုတ်၊ ဒုက္ခ ကောင်းကောင်းကြီးလည်းပေးခဲ့လေသည်။
အဲဒီနေ့မှာပဲ ကျွန်တော့်လက်ကိုင်ဖုန်းနံပါတ်ကို စုံစမ်းသိရှိသွားပုံရသည်။ ရုံးဆင်းခါ နီး ဖုန်းဆက်လာ၏။ မေမြသွယ်ပါလို့ဆိုလာတော့ ကျွန်တော့်ပါးစပ်အဟောင်းသားဖြစ်တဲ့ အထိအံ့သြသွားခဲ့သည်။
“ပြောပါ”
ဘာမှမဖြစ်သလိုလေသံဖြင့် ပြန်ပြောလိုက်၏။
“ရှင် ကျွန်မကိုမတောင်းပန်ဘူး၊ ဘာမှပြန်မလုပ်ပေးနိုင်ဘူးဆိုတာ သေချာလား”
“ဟုတ်ကဲ့ သေချာပါတယ်”
“ရှင်ကောင်းကောင်းကြီးနောင်တရစေရမယ်”
ဖုန်းချသွားသည်။
လုပ်ပေါ့။ မတတ်နိုင်တော့ဘူး။ ရုံးမှအိမ်အပြန် တစ်လမ်းလုံးအတွေးများနှင့် ပြည့် နှက်နေခဲ့၏။
ကျွန်တော့်ကို ဖေဖေက မြန်မာမီနီကားလေးဝယ်ပေးထားတာမို့ ရုံးကအပြန် ညီညီ့ကို ဝင်ခေါ်ပြီး နှစ်ယောက်အတူပြန်နေကျရက်တွေများပေမယ့် အဲဒီနေ့ကတော့ အတွေးတွေနဲ့ ညီညီ့ကိုခေါ်ဖို့မေ့နေခဲ့ပါ သည်။
ကားကိုအရှိန်မပြင်း၊ မနှေးမောင်းရင်းစဉ်းစားရင်းနဲ့ အတွေးတွေချဲ့လာတာ လမ်း ထိပ်ရောက်လို့ အိမ်ဖက်ကိုချိုးအကွေ့မှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကားရှေ့ဖြတ် ပြေးသွားသည်။
“ဟာတိုက်ပြီ”
ကျွန်တော်… တစ်ယောက်ယောက်ကိုကားနဲ့တိုက်မိပြီဆိုတဲ့ အသိဝင်ချိန်မှာတော့ အရာအားလုံးနောက်ကျခဲ့ပြီဖြစ်သည်။ တစ်ခဏအတွင်းလူတွေ အများကြီး ဝိုင်းအုံလာခဲ့၏။

x x x x x