ရင်နှင့်အမျှ အပိုင်း (၂၃)

(၂၃)

ကျွန်တော့်ကားနဲ့ ဝင်တိုက်မိသူမှာ “မေမြသွယ်” မှန်းသိလိုက်ချိန်မှာတော့ သူမရဲ့ အငြိုးအတေးကြီးမားမှု တဇောက်ကန်းဆန်မှုတွေကိုအံ့သြမှင်တက်ခဲ့မိလေသည်။
သူမ ကျွန်တော့်ကားမှန်းသိပြီးတမင်ဖြတ်ပြေးတာ။
အဲဒါသေချာတယ်။ ကျွန်တော့်ကိုဒုက္ခရောက်အောင် သူမဘဝနဲ့ရင်းပြီး လုပ်ပစ်လိုက် တာ။ ဒါ သူမအတွက် တန်ပါရဲ့လား။
“ခင်ဗျားသိပ်ယုတ်မာတယ်။ ဒါတမင်လုပ်တာမှန်း ကျွန်တော်ကောင်းကောင်းကြီးသိ တယ်။ ကျွန်တော့်ဆီက လိုချင်တာဒါပဲလား။ ဒါကုန်ပြီလား။ ခင်ဗျားကျွန်တော့်ကို အချုပ် ထဲထည့်မယ်ပေါ့လေဟုတ်လား”
အဲဒီအမျိုးသမီးရဲ့ မျက်နှာမှာပြင်းထန်တဲ့ အကြည့်စူးစူးတွေကိုမြင်နေရသည်။ ကျွန် တော်လည်း သူ့လိုပဲ ဖြစ်နေပါလိမ့်မည်။
ကားအရှိန်ကသိပ်မပြင်းဘူးဆိုပေမယ့် ခွဲစိပ်ခန်းဝင်ရလောက်အောင်ဖြစ်သွားခဲ့ပါ သည်။ သူမခြေထောက်တစ်ဖက် ပြင်းထန်စွာထိခိုက်သွားခဲ့လေသည်။
ကားနဲ့တိုက်မိချင်းမှာပဲ ဆေးရုံကိုပို့ ခွဲစိတ်ခန်းဝင်၊ မေမြတ်သွယ်ရဲ့ အိမ်ကို အ ကြောင်းကြားနဲ့ ကျွန်တော်အလုပ် ရှုပ်သွားလေ၏။ ခွဲခန်းဝင်တုန်း ညီညီ့ကို ဖုန်းဆက်အ ကြောင်းကြားလိုက်တော့ ချက်ချင်းရောက်လာပေးသည်။ တစ်ညလုံးလည်းကောင်းကောင်း မအိပ်ရ။ ကိုယ့်ပယောဂကြောင့် တစ်ခုခုဖြစ်သွားရင်ဒုက္ခ။ ဒီကြားထဲစစ်လား၊ ဆေးလားမေး တာကိုလည်းခံရသည်။ အိမ်ကိုလည်းအလုပ်ကိစ္စအကြောင်းပြပြီး လိမ်ထားရသည်။
“ပြောတော့ လုပ်ငန်းရှင်တဲ့။ တော်တော် အောက်တန်းကျတဲ့မိန်းမ၊ ငါကတော့ သတင်းထောက်တွေ အားလုံးခေါ်ပြီးအမှန်ကိုပြောပြလိုက်ချင်တယ်”
ညီညီက ကျွန်တော့်အတွက် မခံမရပ်နိုင်ဖြစ်နေလေသည်။
“မပြောပါနဲ့ကွာ၊ သူသတိရလာအောင်အထိစောင့်ကြည့်လိုက်ပါ။ ဘာဆက်ဖြစ်မလဲ၊ သူဘာလိုချင်တာလဲ မေးရတာပေါ့”
သူမသတိရလာအောင်အထိစောင့်ရပါသည်။
ဘယ်ဘက်ခြေထောက် အဆစ်လွဲသွားသတဲ့လေ။
“ခြေထောက်မှာ အဆစ်လွဲသွားတာရယ်၊ တချို့နေရာအရိုးအက်သွားတာရယ် ကြောင့် ပကတိအကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်အတိုင်းအတာတစ်ခုအထိစောင့်ရမယ်”
အကောင်းဆုံးကတော့ ဝှီးချဲနဲ့ အသွားအလာလုပ်ရမယ်တဲ့လေ။ ချိုင်းထောက်နဲ့ တော့ အဆင်မပြေဘူးတဲ့။
“ခန့်မှန်းခြေဘယ်လောက်အထိလဲဆရာ”
“သုံးလလောက်ပေါ့”
မနက်မိုးလင်းလို့မေမြတ်သွယ် သတိရတဲ့အထိ သူမအိမ်က ကောင်မလေးနှစ် ယောက်သာရောက် လာတာတွေ့ရပါသည်။ မိဘတွေ အဝေးရောက်နေတာထင်ပါရဲ့။ ကျွန်တော်ကတော့ တစ်နေရာမှာငုတ်တုတ်ထိုင်ရင်း မိုးစင်စင်လင်းသွားလေ။ ကုန်လိုက်တဲ့ ပိုက်ဆံတွေ သောက်သောက်လဲ။ ရှိစုမဲ့စုပိုက်ဆံလေးတွေကဘဏ်ထဲ ထည့်ထားတာမို့ ည ဖက်ထုတ်လို့မရနိုင်။
အဲဒီတော့ ရှိသမျှအသိမိတ်ဆွေတွေဆီ ဖုန်းဆက်ချေးငှား။ သွားယူဖို့ ညီညီ့ကို အကူ အညီတောင်းနဲ့ ဒုက္ခပင်လယ်ဝေလိုက်ရာတာ။ မေမြသွယ်ရဲ့ ကောင်းမှုပေါ့။ နောက်ဆုံး ကားရောင်းရတဲ့ အနေအထားကိုတောင် ရောက်ခြင်းမလှရောက်သွားနိုင်ပါသည်။ မေမြ သွယ်သတိရလာပြီလို့လည်းဆိုရော သူမရှိရာကိုအပြေးတစ်ပိုင်းရောက်သွားပြီးရန်တွေ့ဖြစ် သည်။
သူမမျက်နှာကအနိုင်ရသည့် ပုံစံဖြင့်။
“ရှင့်ကို ကျွန်မတရားစွဲမှာလည်းမဟုတ်ဘူး။ လျော်ကြေးတောင်းမှာလည်းမဟုတ် ဘူး။ အချုပ်ထဲလည်း မထည့်ပါဘူး”
“ခင်ဗျားဘာလိုချင်တာလဲ”
“ရှင့်ရဲ့ စိတ်ဆင်းရဲမှု”
“ဘာ”
ပိုးသတ်ဆေးနဲ့ တစ်ထောင်းထောင်းထနေသောကုတင်ပေါ်မှာ ခြေထောက်နှစ်ဖက် ကို ကျောက်ပတ်တီးစည်းထားလျက် ခေါင်းအုံးကိုမှီထိုင်နေသောအမျိုးသမီး။ ရောက်နေတဲ့ နေရာနဲ့ ရှိနေတဲ့မာန်မာနတွေ ဆန့်ကျင်ဘက်။ သူမ … ဒီအခန်းကျဉ်းလေးထဲကနေ ထွက် ခွာရခဲ့ရင်လည်း လူကောင်းပကတိအတိုင်းနေထိုင်သွားလာနိုင်ဦးမည်မဟုတ်။ ဒီအတွက်ကို တွေးမပူဘဲနဲ့ ကျွန်တော်စိတ်ဆင်းရဲမှုကိုပဲ မျှော်ကိုးပျော်ရွှင်နေသတဲ့လေ။
“ရှင့်ကြောင့် လူတစ်ယောက် ဆေးရုံပေါ်ရောက်ရတယ်။ ခဏတာဒုက္ခိတ ဘဝကို ရောက်ရတယ်။ အဆိုးဆုံးက ရှင် အဲဒီလူအနားမှာသုံးလလောက် ပုံမှန်လာကြည့်နေရ မယ်လေ…”
“ခင်ဗျားသိပ်ကလေးဆန်လွန်းတယ် မေမြသွယ်”
“ရှင် နောင်တရအောင်လုပ်ဖို့ အဓိကပဲ။ ကျွန်မရဲ့ ကျဆင်းသွားတဲ့ ဂုဏ်သိက္ခာအ တွက် လုပ်ရမှာပဲ”
“ဟုတ်တယ်။ အခုချိန်မှာအဲဒီသတင်းကိုရေးမိတဲ့အတွက် ကျွန်တော်နောင်တရ တယ်။ ခင်ဗျားရဲ့ အငြိုးအတေးကြီးမားမှုအတွက်ပေါ့။ ဒါပေမယ့် အမှန်တရားဖြစ်တဲ့အ တွက် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူး မေမြသွယ်”
သူမလိုချင်တာ ကျွန်တော်နောင်တရမှုဆိုရင်တော့ ကျွန်တော်ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။ ဒါပေမဲ့ ကျွန်တော် မေမြသွယ်ကို ဘယ်တော့မှ အလျှော့ပေးသွားမည်မဟုတ်ပါ။
“သတင်းတစ်ပုဒ်အတွက် ရှင်ပေးဆပ်ရတာတန်ရဲ့လားဆိုတာ စောင့်ကြည့်ကြသေး တာပေါ့ သော်မင်းနောင်”
“ခင််ဗျားကရော ခြေထောက်နှစ်ဖက်ရင်းလိုက်ရတာ တန်လို့လား”
“ကျဆင်းသွားတဲ့ ကျွန်မရဲ့ ဂုဏ်သိက္ခာအတွက် တန်တယ်”
“အေး… အမှန်တရားအတွက် ကျွန်တော် ဘယ်လောက်ထိပေးဆပ်ရ ပေးဆပ်သွား မယ်၊ ခင်ဗျားကိုတော့ ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး။ ကျွန်တော့်ဘက်ကလည်း တန်တယ်လို့ယူဆတယ်”
အဖြစ်အပျက်က တရားမျှတစွာ ဖြစ်ပျက်ခဲ့သည်တော့မဟုတ်ပါ။
မေမြသွယ်ရဲ့ တစ်ဖက်သက်အစီအစဉ်တွေ၊ ထောင်ချောက်တွေကြားမှာ ကျွန်တော် လှလှပပကြီးခံလိုက်ရသည်။ ဒီအမျိုးသမီး ဘယ်လောက်ထိ ဒုက္ခပေးဦးမလဲ။ လုပ်ထားပေါ့။
သတင်းထောက်တစ်ယောက်နဲ့ သတင်းရင်းမြစ်တစ်ယောက်တို့ အခုလို ပတ်သက် ဆက်နွယ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာပါလဲ။
“ကောင်းပြီးလေ၊ ဒီလမ်းကို ကျွန်မတို့နှစ်ယောက်ဆက်လျှောက်ကြသေးတာပေါ့”
“တောက်”
ကျွန်တော် အခန်းထဲက ထွက်လာခဲ့သည်။
အခန်းရဲ့အပြင်ဘက်မှာ အမျိုးသမီးငယ်တစ်ဦးက ကျွန်တော်တို့ စကားပြောတာ တွေကို နားထောင်ခဲ့ပုံရသည်။ မေမြသွယ်နဲ့ တစ််ခုခုများ ပတ်သက်တယ်ထင်ပါရဲ့။
ကျွန်တော် အကြည့်လွှဲလိုက်ပြီး အပြင်ထွက်လာခဲ့၏။
“ကိုသော်မင်းနောင်”
သူမ ကျွန်တော့်နောက်လိုက်လာသည်။
“ကျွန်မက မေမြသွယ်ရဲ့ သူငယ်ချင်းပါ။ သူ့ကို်ယ်စားရှင့်ကိုတောင်းပန်ချင်လို့”
စိတ်ဝင်စားမိသွားသည်။
“ဗျာ ဘာကိုတောင်းပန်မှာလဲ”
“သူ့ လုပ်ရပ်တွေ အတွက်ပါ”
အဲဒီလို ကိုယ်စားတောင်းပန်လို့ရရောလား။
“သတင်းကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်မဘာမှ မပြောပါဘူး။ ကိုသော်မင်းနောင်ရဲ့ ဖက်ကလည်း ရှင်မှန်တယ်လို့ ထင်သလို မေ့ဖက်ကတွေးရင်လည်း သူမှန်တယ်ထင်မှာပဲ။ တကယ်လည်း ခရီးသွားလုပ်ငန်းတွေကြားထဲမှာ (……) လုပ်ငန်းဟာ နာမည်ကျသွားခဲ့တာ ပါ။ အဲဒါက အတွေ့အကြုံမရှိတဲ့မေရဲ့ လုပ်ကိုင်ပုံအစပျိုးမှုနဲ့ MD အလွှဲအပြောင်းအ ခိုက်မှာပေါ့။ မလုပ်တတ်မကိုင်တတ်ဖြစ်နေတဲ့အချိန် အတိုင်ခံရ။ အဲဒီအတိုင်ခံရတဲ့ ကိစ္စက လည်း ဂျာနယ်မှာပါလာတော့ … ရမ်းမိရမ်းရာလုပ်မိသွားတာ”
ကျွန်တော် ဘာမှပြန်မပြောမိ။
တစ်ချက််ပြုံးပြလိုက်သည်။
“မေ့ကို သည်းခံပေးပါ ကိုသော်မင်းနောင်၊ ကျွန်မတောင်းပန်ပါတယ်”
ဘယ်လောက်အတိုင်းအတာအထိ သည်းခံရမှာလဲ။
အခု … အမှားတစ်ခုကျူးလွန်မိသွားလို့ သူမ စိတ်တိုင်းကျရခဲ့ပြီမဟုတ်လား။ ကျွန် တော့်လိုမျိုး ပြဿနာ ဘယ်သတင်းထောက်က ရင်ဆိုင်ဖူးမလဲ။ အခုကိစ္စကို ကျွန်တော် နဲ့ ညီညီ နှစ်ယောက်ပဲသိပါသေးသည်။
ကျွန်တော်ရဲ့ စိတ်ဆင်းရဲမှုကိုလိုချင်တယ်လို့ပြောတဲ့ မေမြသွယ်ရဲ့ စကားကို ညီညီ မကြားလိုက်သေး။ ည ၁၀ နာရီဆို အဆောင်ပိတ်တာကြောင့်် ညကပြန်သွားသည်။ မိုးလင်း ရင် ရုံးမတက်ခင် ဝင်ခဲ့မည်တဲ့။
“ကျွန်တော်က ဘာကိုသည်းခံရမှာလဲ”
“တဇွတ်ထိုးလျှောက်လုပ်မိတဲ့ မေမြသွယ်ကိုပါ”
ကျွန်တော်ရယ်မိသည်။
“တကယ်တော့ မေဟာ မိဘဆွေမျိုးအသိုင်းအဝိုင်းမရှိတော့ အားကိုးရာမဲ့ပြီး အရွဲ့ တိုက်၊ လုပ်ချင််ရာလုပ်နေမိတော့တာပါ”
“ဘယ်လို”
“မေက ဆွေမျိုးအသိုင်းအဝိုင်းမရှိတဲ့ မိတဆိုး သမီးလေးပါ။ အလုပ််ဆိုတာလည်း ဘာမှသိတာမဟုတ်ဘူး။ အဖေဖြစ်သူရဲ့ လုပ်စာကိုထိုင်စားပြီး နေချင်သလိုနေလာခဲ့တာ။ ပြီးခဲ့တဲ့တစ်လကျော်လောက်က သူ့အဖေ ရုတ်တရက်ဆုံးပါးသွားတော့ သူ့မှာမလုပ်တတ် မကိုင်တတ်နဲ့ ကူကယ်ရာမဲ့ဖြစ်နေခဲ့တာပါ”
အဲဒါကတော့ သူ့ဘဝပေးကုသိုလ်ပေါ့။
(….) ခရီးသွားလုပ်ငန်းဆိုတာ အစဉ်အလာကြီးမားတဲ့ အထင်ကရလုပ်ငန်းတစ်ခုပဲ။ သူဌေးက ဒီလုပ်ငန်းတစ်ခုတည်းကို အမှီပြုပြီး ချမ်းသာတာတော့ မဟုတ်လောက်။ ပိုက်ဆံ ရှိတဲ့ လူတွေဆိုတာက ငွေကိုငွေနဲ့ရင်းရင်း တိုးပွားရင်းပဲမဟုတ်လား။ (…) ခရီးသွားလုပ်ငန်း အပြင် တခြားစည်းစိမ်ဥစ္စာတွေတော့ရှိဦးမှာပဲ။ မေမြသွယ်ဟာ အဲဒီလောက်အထိ သနား စရာမကောင်းသေးပါ။
“သူ့အဖေဆုံးတဲ့အချိန်နဲ့ ဦးဝင်းအောင် နှစ်လခွင့်ယူချိန်နဲ့ တိုက်ဆိုင်နေတယ်။ ဒီကြားထဲက ခရီးစဉ်တွေကို ကားသမားတွေ၊ တခြားဝန်ထမ်းတစ်ချို့တွေက ကြိုက်သလို၊ လည်သလိုလုပ်ပြီး လုပ်ငန်းအပေါ် သစ္စာဖောက်သွားကြ တာလေ။ ဟိုးအရင်ကတည်းက ချိတ်ထားတဲ့ ဟိုတယ်ကြီးတွေနဲ့ Package တွေကို ဖျက််၊ စား ရိတ်နည်း Guest house တွေ အစားထိုး၊ Customer တွေဆီကပိုတဲ့ ငွေအမောင့်ကို ခွဲယူကြတာပေါ့။ အဲဒီလူတချို့ ကိုလည်း အခုအရေးယူထားပါတယ်”
“ဆိုလိုချင််တာက ဆုံးသွားတဲ့ မေမြသွယ်ရဲ့ အဖေတစ်ယောက်ပဲ ဒီလုပ်ငန်းကို နားလည်တာ။ ဦးဆောင်ခဲ့တာပေါ့။ သူ့အဖေဆုံးသွားပြီးနောက်ပိုင်း နကန်းတစ််လုံးမှ မသိ တဲ့ မေမြသွယ်ဟာ MD ဖြစ်လာခဲ့တယ်။ အဲဒီအခိုက်အတန့်မှာ ဦးဝင်းအောင်ကလည်း ခွင့်ယူထားတော့ လုပ်ငန်းကမောက်ကမဖြစ်လာခဲ့တယ်။ ဦးဝင်းအောင် ပြန်ရောက် လာတဲ့ အခါမှာတော့ အတိုင်ခံရတာတွေဖြစ်ပျက််ပြီးပြီ၊ ဒါကို ပြန်လည်ထိန်းမတ်မယ့်အကြောင်းကို သူက ကျွန်တော်နဲ့ အင်တာဗျူးမှာဖြေခဲ့၊ ပြင်ဆင်ခဲ့တယ်။ အဲဒီလုပ်ရပ်ကို မေမြသွယ်က သူ့ဂုဏ်သိက္ခာထိပါးအောင်လုပ်ပါတယ်ဆိုပြီး ဦးဝင်းအောင်ကို အလုပ််ထုတ်ပစ်လိုက်တယ်။ ကျွန်တော့်ကို ပြဿနာရှာတယ်။ အဓိက အကြောင်းအရာက အဲဒါပဲမှလား”
သူမခေါင်းညိတ်သည်။
အဲဒါနဲ့ပဲ ကျွန်တော်ကသည်းခံရမှာတဲ့လား။ ခိုင်လုံတဲ့အကြောင်းပြချက်တော့ မဟုတ်ပါ။ စဉ်းစားချင့်ချိန််နိုင်စွမ်းရှိတဲ့ မိန်းမတစ်ယောက်က အခုလိုမျိုး မိုက်ရူးရဲဆန်တဲ့ အလုပ်ကို လုပ်ပါ့မလား။
မေမြသွယ်နဲ့ တွေ့ကြုံရသော ကျွန််တော့်အဖြစ်အပျက်မှာ သမားရိုးကျတွေ့ကြုံရ သော အဖြစ်အပျက်တစ်ခုမှသည် ကျွန်တော်ရဲ့ အနာဂတ်ကို ဖျက်ဆီးလာမည့် အဖြစ်အ ပျက်သို့ရောက်လာမယ်လို့ တကယ့်ကိုမတွေးမိပါ။ ကျွန်တော် သူမကို စက်ဆုပ်လာမိပါ သည်။
x x x x x